Nature Base Education Myanmar

Directions

Nature Base Education Myanmar Herbal products

သင်ယူလေ့လာတတ်သော ကလေးဖြစ်လာနိုင်စေရန် ပြုစုပျိုးထောင်ခြင်း (ဖွံ့ဖြိုးတိုးတက်မှုနဲ့ တာဝန်ယူတတ်မှုရှိစေဖို့ ) 🙋‍♀️🙆‍♂️မကြာ...
03/06/2025

သင်ယူလေ့လာတတ်သော ကလေးဖြစ်လာနိုင်စေရန် ပြုစုပျိုးထောင်ခြင်း (ဖွံ့ဖြိုးတိုးတက်မှုနဲ့ တာဝန်ယူတတ်မှုရှိစေဖို့ ) 🙋‍♀️🙆‍♂️

မကြာသေးခင်က ကျောင်းတစ်ကျောင်းမှာ သဘာဝအခြေပြုလေ့လာရေးသင်တန်းတွေကို ကျောင်းတွေမှာ သင်ပြပေးဖြစ်နေပါတယ်။ ပုံမှန်ကျောင်းသားဟောင်းတွေကိုလည်း တွေ့ရသလို စိတ်အားထက်သန်ပြီး လေ့လာသင်ယူမှုအားကောင်းတဲ့ ကျောင်းသားအသစ်လေးတွေလည်း ပါဝင်လာပါတယ်။ ကျောင်းသားအများစုကတော့ သဘာဝအခြေပြုလက်တွေ့သင်ခန်းစာတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့နဲ့လေ့လာရတာကို စိတ်လှုပ်ရှားပြီးကြိုက်ကြပါတယ်။ သဘာဝအခြေပြုလေ့လာရေးဆိုတာကတော့ တက်ကြွစွာ ချိတ်ဆက်ပါဝင်နိုင်ဖို့အပြင် အသင်းအဖွဲ့အလိုက်လုပ်ဆောင်ချက်တွေနဲ့အတူ ပြင်ပကမ္ဘာရဲ့လက်တွေ့အတွေ့အကြုံတွေကိုရရှိစေနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်သင်နေကျ ကျောင်းသားတွေထဲကမှ ကွဲထွက်နေတဲ့ ကျောင်းသူလေးတစ်ယောက်လည်းရှိပါသေးတယ်။ သင်တန်းမှာ လက်တွေ့လုပ်ရမယ့် အချိန်တွေဆိုတိုင်း သူကတော့ ရုပ်ပိုင်းဆိုင်ရာ လက်တွေ့ခက်ခဲတဲ့ လုပ်ဆောင်မှုတွေမှာ “သမီးက မိန်းကလေးလေ ဒါတွေမလိုအပ်ဘူး၊ သမီးက မင်းသမီးလေးလိုပဲနေရင်ရပြီ အချိန်တန်ရင် ချမ်းသာတဲ့သူနဲ့ လက်ထပ်လိုက်ရင် ဒီလိုအလုပ်တွေလုပ်စရာမလိုဘူး” ဆိုပြီး အမြဲပြောလေ့ရှိပါတယ်။

သူ့ရဲ့စိတ်ထဲမှာတော့ မင်းသမီးတစ်ယောက်ရဲ့ဘဝက သက်တောင့်သက်သာဖြစ်ပြီး ဇိမ်ခံပစ္စည်းတွေအစုံအလင်နဲ့ ဒီလိုခက်ခဲတဲ့အလုပ်တွေကို လုပ်ပေးမယ့်တခြားသူတွေရှိမှာပဲ ဆိုပြီးထင်နေမှာပေါ့။

သူ့အနေနဲ့ထင်ရင်လည်း မမှားနိုင်ပါဘူးလေ။ ချမ်းသာတဲ့လူနဲ့လက်ထပ်ပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေနိုင်မှာပါ။

ဒါပေမဲ့ ကျွန်တော့အမြင်မှာတော့ ဒါဟာ သူငယ်စဥ် ကတည်းက ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်က အခုသူ့ထင်မြင်ချက်တွေအပေါ် အများကြီးသက်ရောက်နေတယ်လို့ ထင်မိပါတယ်။ သူ့ရဲ့မိဘတွေက သူ့အတွက် ဒီလိုအလုပ်တွေဟာ မိန်းကလေးဖြစ်လို့ လုပ်စရာမလိုဘူးလို့ သင်ပြပေးခဲ့ရင် သူဟာ တစ်ချိန်မှာ တကယ့်လူတွေရဲ့ လက်တွေ့ဘဝ ပတ်ဝန်းကျင်အမှန်ကို ရောက်လာတဲ့အခါ ဒီအရာတွေဟာ သူ့အတွက် တကယ့်စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့ဟာ နေ့စဥ်နဲ့အမျှ ပြိုင်ဆိုင်မှုတွေရှိနေတဲ့ ပြင်းထန်ကြမ်းကြုတ်ပြီး အပြောင်းအလဲတွေမြန်ဆန်နေတဲ့ ကမ္ဘာကြီးမှာ နေထိုင်နေကြရတာဖြစ်ပါတယ်။

မိဘတွေ၊ ဆရာတွေအနေနဲ့ နောင်မျိုးဆက်အတွက် ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တတ်စေဖို့ သင်ကြားပေးခြင်းက တကယ့်ကိုမှ အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ဘဝရဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်ဖို့က ဘဝမှာအောင်မြင်ဖို့အတွက် အဓိကအချက်ပဲဖြစ်ပါတယ်။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေကို ငယ်ငယ်ကတည်းကစိုးရိမ်တကြီးနဲ့ အမြဲကာကွယ်ပေးနေတတ်တယ်ဆိုရင်တော့ တစ်ချိန်မှာသူတို့တွေဟာ တကယ့်လက်တွေ့ဘဝရဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရာမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

စိတ်ကြီးဝင်ခြင်း

ကျွန်တော်ရုံဝန်ထမ်းဘဝတုန်းက တွေ့ခဲ့ရတဲ့မိတ်ဆွေတစ်ယောက်ကိုတောင် အမှတ်ရမိပါတယ်။ သူက ငယ်ငယ်ကတည်းက တကယ်ကိုတော်ပြီး အလားအလာကောင်းရှိတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုဆိုပေမဲ့လည်း သူက ကျွန်တော်တွေ့ဖူးသမျှထဲမှာ စိတ်လုံခြုံမှု အနည်းဆုံးလူဆိုရင်လည်း မမှားနိုင်ပါဘူး။

သူနဲ့ကျွန်တော်ဟာ မိတ်ဆွေကောင်းတွေဖြစ်ခဲ့ကြပါတယ်။ တစ်ရက်မှာ ကျွန်တော်သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူဟာဒီလောက်တော်ရဲ့သားနဲ့ ဘာကြောင့်ကိုယ့်ကိုယ်ကို စိတ်လုံခြုံမှု မခံစားရသလဲလို့ မေးလိုက်တဲ့အခါ သူ့အဖြေက ကျွန်တော်ကို အံ့အားသင့်စေခဲ့ပါတယ်။

“ငယ်ငယ်ကတည်းက အမေက ငါ့ကိုတအားချစ်တဲ့အထဲမှာပါတယ်။ သူကငါ့ကိုချစ်တော့ ငါဘာလုပ်လုပ် အမှားလို့ကိုမထင်ခဲ့ဘူး။ သူက ငါ့ဘက်ကအမြဲကာကွယ်ပေးတယ် အမှားလုပ်ခဲ့မိရင်တောင် အမြဲရှေ့က အကြောင်းပြချက်ပေးပြီး ငါ့အမှားမဟုတ်ဘူး ဆိုပြီးပဲ ပြောခဲ့တယ်။ ဆိုတော့ ငါငယ်ငယ်ကတည်းက ငါလုပ်တာတွေဟာ အမြဲမှန်တယ်လို့ပဲထင်နေခဲ့တာပေါ့။ တကယ့်လက်တွေ့ဘဝလည်း ရောက်လာကော အလွဲအလွဲအချော်ချော်တွေ ဖြစ်လာတယ်။ တကယ့်လက်တွေ့လည်းဘဝမှာ လူတွေက မင်းကို အမြဲတမ်းမှန်တယ်လို့ ပြောမှာမဟုတ်ဘူး။ ပါမောက္ခတွေက မင်းရဲ့အကြောင်းပြချက်တွေကိုလည်း လက်မခံဘူး။ တဖြည်းဖြည်းနဲ့ ငါခံနိုင်ရည်ရှိတာထက်ပိုပြီး စိတ်ပျက်မှုတွေနဲ့ ပြဿနာတွေအများကြီးကြုံတွေ့ခဲ့ရတယ်။ ငါ့ကိုယ်ငါပျောက်ဆုံးလာပြီး ငါဘယ်သူလဲဆိုတာတောင်မှ မသိတော့ဘူး”

ကျွန်တော်သူနဲ့စကားပြောပြီးချိန်မှာ ခဏလောက်ငြိမ်သက်သွားခဲ့တယ်။ သူပြောခဲ့တဲ့ အကြောင်းအရာတွေက တကယ်ကိုမှ အရေးကြီးတဲ့အမှန်တရားတွေပါပဲ။ မိဘတွေရဲ့မှန်ကန်တဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ လမ်းပြမှုသာမကောင်းခဲ့ရင် လူတစ်ယောက်ဟာ ဘယ်လိုပဲမွေးရာပါတော်တဲ့သူဖြစ်ပါစေ ဘဝရဲ့ကြမ်းတမ်းခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လွဲချော်မှုတွေဖြစ်တတ်ပြီး ကိုယ့်ကိုယ်ကိုပျောက်ဆုံးနိုင်ပါတယ်။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ကျရှုံးမှုတွေကနေ အမြဲတမ်းစိုးရိမ်တကြီးနဲ့ ကာကွယ်ပေးနေခဲ့ရင် ဒီကျရှုံးမှုတွေကနေ သင်ယူနိုင်ဖို့၊ ရင့်ကျက်ဖို့၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိဖို့နဲ့ ကိုယ့်ကိုယ်ကိုရှာဖွေတွေ့ရှိနိုင်ဖို့ကို အဟန့်အတား ဖြစ်လာနိုင်စေပါတယ်။

ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အရေးကြီးတဲ့အမှန်တရား

မိဘအများစုဟာ ကိုယ့်ရဲ့သားသမီးတွေကို ငယ်စဉ်ကတည်း ကျန်းမာစေဖို့နဲ့ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ သေချာကိုပြုစုပျိုးထောင်ကြပါတယ်။ သို့ပေမယ့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိဉာဉ်ရေးရာ ရင့်ကျက်မှုရှိစေဖို့ကလည်း ညီတူညီမျှအရေးကြီးပါတယ်။

ယနေ့ခေတ်မှာ တန်ဖိုးနဲ့ သီလကို ကွဲကွဲပြားပြားသိလာစေဖို့ ကလေးတွေကို ငယ်ငယ်ကတည်းက သေချာလမ်းပြပေးဖို့လည်း လိုပါတယ်။ အမှားကိုပြုပြင်ပေးပြီး သူတို့ရဲ့အားနည်းချက်တွေကို နားလည်စေခြင်းကသာ တာဝန်ယူမှုနဲ့ ရင့်ကျက်မှုကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။

လက်တွေ့မှာ ကျွန်တော်တို့ရဲ့ ကလေးတွေကို ခက်ခဲမှုနဲ့ ကျရှုံးမှုတွေကနေ ကာကွယ်ပေးနေမယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က ကလေးတွေကို ဖျက်ဆီးနေတာပါပဲ။ သူတို့တွေအနေနဲ့ ဝေဖန်မှုတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ယူနိုင်ဖို့လိုအပ်သလို အဲ့ဒီကနေမှ လမ်းကြောင်းမှန်ကို ရောက်အောင် ပြန်လည် တည့်မတ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ သူတို့ကို နောင်တစ်ချိန်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာစေချင်ရင် ဘဝရဲ့စိန်ခေါ်မှုတွေကို ယုံကြည်ချက်ရှိရှိ ခံနိုင်ရည်ရှိရှိ၊ နှိမ့်ချသောစိတ်ထားနဲ့ အသင့်ဖြစ်နေနိုင်ဖို့ ကျွန်တော်တို့က လမ်းညွှန်ပေးရမှာ ဖြစ်ပါတယ်။

ကလေးလိုနေထိုင်တတ်ပြီး လူကြီးတစ်ယောက်လိုပြုမှုတတ်စေရန်

ကလေးတွေကို စိန်ခေါ်မှုတွေကို ရင်ဆိုင်တတ်ဖို့ပြောနေရင်း တခြားဖက်မှာလည်း သူတို့ကို ငယ်ရွယ်နေစဉ်မှာ ကလေးတွေလိုပဲ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်တတ်စေဖို့ကလည်း အရေးကြီးပါတယ်။ ကလေးတွေမှာ သဘာဝအလျှောက် ကလေးသဘာဝ စိတ်ကြီးတတ်ကြပါတယ်။ သူတို့ဖြစ်ချင်တာ လိုချင်တာကို ရအောင်ယူချင် ဖြစ်ချင်လေ့ရှိပါတယ်။

ကြီးပြင်းလာချိန်မှာ ကမ္ဘာကြီးဟာ သူတို့ရဲ့လိုအင်တွေအကုန်လုံးကို တကယ့်လက်တွေ့ဘဝထဲ ဖြည့်စွမ်းပေးနေမှာ မဟုတ်ဘူး ဆိုတာကို သင်ယူရပါလိမ့်မယ်။ ဒီလိုလက်တွေ့ပြောင်းလဲမှုတွေကို ရင်ဆိုင်ဖို့ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိနိုင်စေဖို့၊ စွန့်စားတတ်စေဖို့ ဘေးကင်းလုံခြုံပြီး ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်တဲ့ ပတ်ဝန်းကျင်ကလည်း လိုအပ်ပါတယ်။

လူကြီးတွေလိုပါပဲ ကလေးတွေကို ရွေးချယ်တတ်တဲ့ အခွင့်အရေးတွေပေးပြီး သူတို့ကိုလည်း လေးစားစွာ ပြုမှုဆက်ဆံပေးခြင်းကလည်း အရေးကြီးပါတယ်။ ကလေးဘဝမှာ ကောင်းမွန်လွတ်လပ်စွာ ပျော်ရွှင်တတ်စေဖို့နဲ့ တာဝန်ယူမှုရှိတတ်နိုင်စေဖို့ သင်ကြားပေးခြင်းကလည်း ညီမျှစွာရှိသင့်ပါတယ်။

လူတွေဟာ စကားလုံးတွေနဲ့ ပြောပြနေရုံနဲ့ နားမထောင်တတ်ကြပါဘူး။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူတို့ရဲ့လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေကနေတဆင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကနေ သာ ပိုပြီး လေ့လာကြပါတယ်။

သင်ယူတတ်မြောက်လွယ်သောကလေးများအား ပြုစုပျိုးထောင်စေနိုင်ဖို့အချက်များ

၁။ သူတို့နဲ့အတူ နှစ်ဦးတည်း သီးသန့်အချိန်ပေးပါ။

ကလေးတွေကို အကြောင်းအရာတစ်ခုခု သင်ပြပေးဖို့ ၊ ပုံသွင်းပေးဖို့ ၊ တည့်မတ်ပေးဖို့ အကောင်းဆုံး အချိန်ကတော့ သူတို့စိတ်ငြိမ်းချမ်းပြီး အေးဆေးဖြစ်နေတဲ့ အချိန်မှသာ ဒီလိုအကြောင်းအရာတွေကို ပြောပြဖို့ အကောင်းဆုံး အချိန်ပဲဖြစ်ပါတယ်။ သင့်ကလေးကို ချစ်မြတ်နိုးပြီး အကောင်းဆုံး ဖြစ်စေချင်ကြောင်းကိုလဲ သူတို့သိရှိပါစေ။

ဥပမာအနေနဲ့
“သမီးရေ မနေ့ကဖြစ်ခဲ့တဲ့အကြောင်းလေး မေမေတို့အတူစကားပြောကြရအောင်။ သားက ဒီထက်ပိုကောင်းတဲ့ အရာတွေကိုလည်း လုပ်နိုင်ပါတယ်။ မေမေတို့ သားကို ယုံပါတယ်” စသဖြင့် ပြောဆိုပြုမူတာမျိုးတွေ ပြုလုပ်ပေးပါ။

၂။ တာဝန်သိတတ်ဖို့ သင်ကြားပေးပါ။

အောင်မြင်မှုဖြစ်စေ ကျရှုံးမှုဖြစ်စေ သူတို့ရဲ့လုပ်ရပ်တွေကနေ တာဝန်သိတတ်မှုရှိစေဖို့ သင့်ကလေးကို သင်ကြားပေးပါ။ အမှားတွေ လုပ်မိတတ်သလို အဲ့ဒီ့ကနေ သင်ယူပြီး ရင့်ကျက်ကြီးပြင်းလာမှုကို သူတို့နားလည်နိုင်အောင် ကူညီပေးရပါမယ်။

၃။ သူတို့ရဲ့အမြင်ကို လေးစားပါ

ကလေးတွေကို ဆုံးဖြတ်ချက် ချတတ်‌စေဖို့ ခွင့်ပြုပေးသင့်တဲ့ အပြင် သူတို့ရဲ့အမြင်ကိုလည်း လက်ခံနားထောင်ပေးပါ။ သင်က သူတို့ရဲ့အမြင်ကို အမြဲတမ်း သဘောမတူနိုင်ဘူး ဆိုရင်တောင် သူတို့ရဲ့အမြင်ကို လေးစားစွာ လက်ခံနားထောင်ပေးခြင်းက သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ စဥ်းစား တွေးခေါ်နိုင်စွမ်းတွေကို မြှင့်တင်ပေးရာ ရောက်ပါတယ်။

၄။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးကို ကမ်းလှမ်းပါ။

သင်က သင့်ကလေးကို အမှန်ကို ထောက်ပြဖို့ လိုအပ်လာပြီဆိုရင် သူတို့ ဘာအမှားလုပ်ထားသလဲ၊ ဘာ့ကြောင့်လဲ ဆိုတာကို တိတိကျကျ ပြောပြပါ။ နောက်တကြိမ်မှာ ပိုကောင်းမွန်စေဖို့ (သို့မဟုတ်) အခြားဖြေရှင်းနည်းတွေကို ထုတ်လာနိုင်အောင် အားပေးပါ။

၅။သူတို့ရဲ့သင်ယူစရာ ဥပမာဖြစ်နေပါစေ

ကလေးတွေဟာ သူတို့မိဘတွေဆီက အမြဲတမ်း လေ့လာသင်ယူနေသူတွေပါ။ ဝေဖန်မှုတွေကနေ ကိုယ့်ကိုယ်ကို ဆန်းစစ်တတ်အောင် ၊ အမှားကို ဝန်ခံတတ်အောင် ၊အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်တတ်အောင် ပြသပေးပါ။ သင့်ဆီက ဒီလိုအပြုအမူတွေကို ကလေးတွေက အမြဲတမ်း လေ့လာနေမှာ ဖြစ်ပါတယ်။

သင်ယူတတ်မြောက်လွယ်မယ့် ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ မလိုအပ်တဲ့ထိခိုက်မှုတွေကို ကာကွယ်ပေးခြင်းနဲ့ ဘဝရဲ့စိန်ခေါ်မှုတွေကို အနိုင်မခံ အရှုံးမပေးတတ်အောင် ပြင်ဆင် ပေးခြင်းတို့ မျှတစွာ လိုအပ်ပါတယ်။

သူတို့ကို ချစ်ခြင်းမေတ္တာ၊ ကောင်းမွန်တဲ့ လမ်းညွှန်ပြသမှုနဲ့ အမှန်တရားဆိုတာကို သေချာ သိမြင်အောင် လေ့ကျင့်ပေးထားမှ သူတို့ကြီးပြင်းလာတဲ့အခါမှာ ဘဝရဲ့စိန်ခေါ်မှုတွေကို ယုံကြည်မှုရှိရှိ ကြံ့ကြံ့ခံနိုင်ပြီး ရဲရင့်စွာ ရင်ဆိုင်တတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ရင်သွေးငယ်တွေကို ဘဝမှာ အောင်မြင်ဖို့ သီးသန့်တစ်ခုတည်း ပျိုးထောင်တာ မဟုတ်ဘဲ ဂရုဏာတရားပြည့်ဝပြီး၊ တာဝန်သိတတ်ကာ စည်းစနစ်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်စေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။







တရားပြည့်ဝပြီး၊ တာဝန်သိတတ်ကာ စည်းစနစ်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်စေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nature Base Education Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category