17/02/2026
အင်္ဂလိပ်အက္ခရာ ABC ကို နေ့တိုင်းသုံးနေကြပေမယ့် ဒီစာလုံးလေးတွေက ဘယ်လိုဆင်းသက်လာတာဆိုတာ သိကြရဲ့လား? 🧐
တကယ်တော့ ABC ရဲ့ အစဦးပိုင်းက အခုမြင်နေရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။
ကဲ... ဒါဆိုရင် English alphabet တွေမှာ လျို့ဝှက်ချက်တွေရှိနေမလားဆိုတာ ကြည့်လိုက်ကြရအောင်။
✅ A
ကျွန်တော်တို့ A လိုပြောလိုက်ပေမယ့် ရှေးခေတ်ဘာသာစကားအရဆိုရင်တော့ နွား(နွားထီး) အဓိပ္ပာယ်ရှိနေပါလိမ့်မယ်။ 🤓☝🏻
A ဆိုတာ တကယ်တော့ "နွားထီး ဦးခေါင်း (an ox head)" 🐂 ပဲဖြစ်ပါတယ်။
English အက္ခရာတွေရဲ့အစ A ဟာ ရှေးခေတ် Phoenician အက္ခရာမှာ "Aleph" လို့ခေါ်ပါတယ်။ အရင်က A ဟာ အခုလို ပုံစံမဟုတ်ဘဲ နွားခေါင်းပုံစံ (ချိုနှစ်ချောင်းနဲ့) ရေးခဲ့တာပါပဲဖြစ်ပါတယ်။ အခုလက်ရှိ အကြီးစာလုံး A ကို ဇောက်ထိုးလှန်ကြည့်လိုက်ရင် နွားခေါင်းပုံစံ ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
a (အသေး): ဒါကတော့ အရင်တုန်းစာရေးတဲ့သူတွေက မြန်မြန်ရေးချင်တဲ့အခါ A အကြီးကို ဖောင်တိန်မကြွဘဲ ဝိုင်းဝိုင်းလေး ဆွဲလိုက်ရာကနေ အခုမြင်ရတဲ့ "a" ပုံစံ ဖြစ်လာတာပဲဖြစ်ပါတယ်။
✅ B
B ဆိုတဲ့ အက္ခရာက "အိမ်လေးတစ်လုံး" ဆိုရင် ယုံကြမလား
အက္ခရာ B ကတော့ ရှေးဟောင်း Semitic ဘာသာစကားမှာ "Beth" လို့ခေါ်ပြီး "အိမ်" လို့ အဓိပ္ပာယ်ရပါတယ်။ အစပိုင်းမှာ အိမ်ရဲ့ ကြမ်းပြင်ပုံစံ (အခန်းလေးတစ်ခန်း) လိုမျိုး လေးထောင့်ပုံစံ ရေးခဲ့တာပါ။ နောက်ပိုင်း ရောမခေတ်ရောက်မှ အဝိုင်းလေးတွေဖြစ်လာပြီး အခုမြင်ရတဲ့ ဗိုက်ကလေးနှစ်လုံးနဲ့ B ဖြစ်လာတာပါ။
b (အသေး): ဒါကတော့ တကယ့်ကိုစာရေးပျင်းတဲ့သူတွေကြောင့် ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။ B အကြီးကို ရေးတဲ့အခါ အပေါ်က အဝိုင်းလေးကို အချိန်ကုန်သက်သာအောင် ချန်လှပ်ပြီး အောက်ကဗိုက်တစ်လုံးတည်းကိုပဲ အမြန်ဆွဲလိုက်ရာကနေ "b" ဖြစ်လာခဲ့တာပါ။
✅ C
C ဆိုတာ "ကုလားအုတ်" (camel)
C ရဲ့ မူရင်းနာမည်က "Gimel" ဖြစ်ပြီး "ကုလားအုတ်" လို့ အဓိပ္ပာယ်ရပါတယ်။ (တချို့ကလည်း ကုလားအုတ်ရဲ့ လည်ပင်းပုံစံကနေ လာတာလို့ ဆိုကြတယ်)။
ထူးခြားတာတစ်ခုက C ဟာ အရင်က (G) အသံ ထွက်ခဲ့တာပါ။ ရောမလူမျိုးတွေက C ကို “k” ရော "g” အတွက်ပါ သုံးခဲ့ကြလို့ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှ C ရဲ့အတွင်းမှာ မျဉ်းတိုလေးတစ်ကြောင်း ထပ်တိုးပြီး G ဆိုတဲ့ စာလုံးအသစ်ကို တီထွင်လိုက်တာပါ။
c (အသေး): C ကတော့ အကြီးရော အသေးပါ ပုံစံတူပါတယ်။ မတူတာက အရွယ်အစားပဲ ဖြစ်ပါတယ်။ အသေးစာလုံး "c" ဟာ အကြီး C ကိုပဲ စက္ကူပေါ်မှာ နေရာအနည်းငယ်ပဲယူပြီး မြန်မြန်ရေးရာကနေ ဖြစ်လာတာပါ။
✅ D
D ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Daleth" လို့ခေါ်ပြီး "တံခါး" လို့ အဓိပ္ပာယ်ရပါတယ်။ D ကိုတော့ 2000 BCE ဝနိးကျင်မှာ Egypt အရုပ်စာတွေကနေစတင်ဖြစ်ပေါ်လာတယ်လို့ ပြောကြပါတယ်။ ငါး ဒါမှမဟုတ် တံခါးပေါက် ဆိုတဲ့ အဓိပ္ပာယ်နဲ့ Egypt အရုပ်စာတွေမှာ သုံးနှုန်းခဲ့ကြပါတယ်။ 800 BCE ဝန်းကျင်လောက်ရောက်တဲ့အခါမှာတော့ Greek လူမျိုးတွေက ‘daleth’ ဆိုပြီး စကားလုံးမွေးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ ‘delta’ (Δ) ဆိုပြီးအသုံးပြုခဲ့ပါတယ်။ 600 BCE လောက်ရောက်တဲ့အခါမှာတော့ ယခု Italy နိုင်ငံမှာ ရှိတဲ့ Tuscany region လို့ခေါ်တဲ့နေရာမှာ နေထိုင်ခဲ့ကြတဲ့ etruscans လို့ခေါ်တဲ့ ရှေးဟောင်း အီတလီလူမျိုးတွေက greek လူမျိုးတွေမွေးစားလိုက်တဲ့ delta ဆိုတဲ့ စကားလုံးကို မျဉ်းကွေးလေးနဲ့ရေးပြီးတော့ ပြန်မွေးစားလိုက်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Latin alphabet တွေက တစ်ဆင့်ကျွန်တော်မြင်နေကျ D ပုံစံအဖြစ် တစ်ဖြည်းဖြည်းပြောင်းလဲလာတယ်လို့ပြောလို့ရပါတယ်။
d (အသေး): ဒါကတော့ ရှေးတုန်းကစာကိုအမြန်ရေးကြရာကနေ တြိဂံပုံကို အပေါ်ကညှောင့်လေး ထွက်လာပြီး အခုမြင်ရတဲ့ "d" လေးဖြစ်လာတာပါ။
✅ E
1500 BCE လောက်မှာ ရှေးခေတ် egyptian တွေက human figure ရဲ့ symbol အဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ "ပြတင်းပေါက်" ဒါမှမဟုတ် "ဝမ်းသာအားရ လက်မြှောက်နေတဲ့လူ" လို့ အဓိပ္ပာယ်ဖွင့်ကြပါတယ်။ မူလ E ရဲ့ပုံစံမှာ တော့လက်နှစ်ဖက်မြှောက်ထားတဲ့ လူပုံစံဖြစ်ပေမယ့် Greek လူမျိုးတွေက အဲဒီပုံစံကို ဘေးတိုက်လှည့်လိုက်ပြီး "epsilon" ဆိုတဲ့ အသံထွက်နဲ့ ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ 600 BCE လောက်မှာတော့ Romans တွေက Latin အက္ခရာအဖြစ် ပြောင်းလဲယူခဲ့ရာကနေ အခုမြင်ရတဲ့ E ပုံစံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။
e (အသေး): ဒါကတော့ Middle ages လောက်မှာ စာကိုမြန်မြန်ရေးချင်တဲ့အခါ ထောင့်ချိုးတွေကို ဝိုင်းပစ်လိုက်ရာကနေ အခုမြင်ရတဲ့ "e" ဝိုင်းဝိုင်းလေး ဖြစ်လာတာပါ။
✅ F
F ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Waw" လို့ခေါ်ပြီး "ချိတ်" (Hook) သို့မဟုတ် "တိုင်ငုတ်" လို့ အဓိပ္ပာယ်ရပါတယ်။ အစကတော့ Y ပုံသဏ္ဌာန်နဲ့ ဆင်တူပါတယ်။ နောက်ပိုင်းမှာ Greek လူမျိုးတွေက အဲဒီပုံစံကို မွေးစားခဲ့ပြီး Digamma (Ϝ) အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာ Etruscans တွေကတစ်ဆင့် Latin (Roman) alphabet ထဲကို ရောက်ရှိလာပြီး /f/ အသံအတွက် အခုမြင်ရတဲ့ F ပုံစံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။
f (အသေး): ဒါကတော့ အလယ်ခေတ်က လက်ရေးဆက် (Cursive) ရေးသားတဲ့စတိုင်တွေကနေတစ်ဆင့် အပေါ်ပိုင်းကွေးညွတ်ပြီး အလယ်မှာ မျဉ်းတိုလေးပါတဲ့ အခုမြင်ရတဲ့ "f" ပုံစံ ဖြစ်လာတာပါ။
✅ G
G ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Gimel" လို့ခေါ်ပြီး "ကုလားအုတ်" လို့ အဓိပ္ပာယ်ရပါတယ်။ ကုလားအုတ်ရဲ့ လည်ပင်းနဲ့ ခေါင်းပုံစံကို ယူထားတာပါ။ အစတုန်းကတော့ C နဲ့ G ဟာ ပုံစံတူတူပါပဲ။ ဒါပေမယ့် 230 BCEဝန်းကျင်မှာ Spurius Carvilius Ruga လို့ခေါ်တဲ့ ရောမလူမျိုးတစ်ယောက်က အသံထွက်ကွဲပြားစေဖို့အတွက် C ရဲ့ အောက်ခြေမှာ မျဉ်းတိုလေးတစ်ကြောင်း ထည့်လိုက်ရာကနေ G ဆိုတဲ့ အက္ခရာအသစ် ဖြစ်ပေါ်လာတာပါ။
✅ H
'H' အက္ခရာဟာ ရှေးဟောင်း Semitic ဘာသာစကားရဲ့ "ခြံစည်းရိုး" သင်္ကေတကနေ စတင်ခဲ့တာပါ။ ဂရိဘာသာမှာ အစပိုင်းက /h/ အသံထွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သရအသံ ဖြစ်သွားပါတယ်။ Romans တွေကတော့ 'H' ပုံစံကို /h/ အသံအတွက် ပြန်လည်အသုံးပြုခဲ့ကြပါတယ်။ Romance languages (လက်တင်မှဆင်းသက်လာသော ဘာသာစကားများ) တော်တော်များများမှာ 'H' အသံဟာ ပျောက်ကွယ် (အသံတိတ်) သွားခဲ့ပေမဲ့ အင်္ဂလိပ်စာမှာတော့ အသံထွက်အဖြစ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ အချို့စကားလုံးတွေမှာတော့ (ဥပမာ - hour, honest) အသံတိတ်အဖြစ် ရှိနေဆဲဖြစ်သလို၊ စာလုံးပေါင်းသတ်ပုံ အလေ့အထတွေကြောင့်လည်း ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။
H (အသေး): 'h' အသေးပုံစံကတော့ အလယ်ခေတ် လက်ရေးမူတွေမှာ ပိုမိုမြန်ဆန်စွာ ရေးသားနိုင်ဖို့အတွက် အကြီးရဲ့ တောင့်တင်းတဲ့ပုံစံကနေ အကွေးအဝိုက်လေးတွေ ထည့်သွင်းရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
✅ I
'I' အက္ခရာရဲ့ သမိုင်းကြောင်းဟာ ရှေးဟောင်း Phoenician language ရဲ့ "လက်" (Hand) ကို ကိုယ်စားပြုတဲ့ အရုပ်စာကနေ စတင်ခဲ့တာပါ။ Greek တွေဆီ ရောက်တဲ့အခါမှာတော့ /i/ သရအသံအတွက် 'iota' အဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Romans တွေဆီကတစ်ဆင့် အင်္ဂလိပ်အက္ခရာ 'I' ဖြစ်လာခဲ့ပါတယ်။
'i' (အသေးစာလုံး): အပေါ်က အစက် ပါတဲ့ 'i' အသေးပုံစံဟာ 11th century လေညက်မှာ တခြားသော အက္ခရာတွေ (ဥပမာ - n သို့မဟုတ် m) ရဲ့ အချောင်းတွေနဲ့ မရောထွေးစေဖို့အတွက် ထည့်သွင်းရာကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
အမြန်ရေးတဲ့ လက်ရေးမူတွေထဲက တခြားဒေါင်လိုက်မျဉ်းတွေနဲ့ မမှားစေဖို့အတွက် 'i' ပေါ်မှာ အစက် (Tittle လို့ခေါ်သည်) ကို ထည့်သွင်းခဲ့ကြကြောင်း Reddit ဆွေးနွေးမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
✅ J
J ဆိုတာ တကယ်တော့ အက္ခရာတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး I ကနေ ဆင်းသက်လာတာပါ။ အစကတော့ J ဆိုတာ သီးသန့်မရှိဘဲ I ကိုပဲ "ဂျ" အသံရော "အိုင်" အသံရော သုံးခဲ့ကြပါတယ်။ ၁၆ ရာစုလောက်မှာမှ Gian Giorgio Trissino ဆိုတဲ့ အီတလီလူမျိုးတစ်ယောက်က အသံနှစ်ခုကို ခွဲခြားဖို့အတွက် I ရဲ့ အောက်ခြေကို အမြီးလေးကွေးလိုက်ပြီး J ကို တီထွင်ခဲ့တာပါ။ ရှိတ်စပီးယား သက်ရှိထင်ရှားရှိစဉ်က အင်္ဂလိပ်အက္ခရာမှာ 'J' မပါဝင်သေးပါဘူး။ ဒါကြောင့် "Juliet" လို နာမည်မျိုးကိုတောင် "Iuliet" လို့သာ ရေးသားခဲ့ကြပါတယ်။
j (အသေး): ဒါကတော့ i အသေးကိုပဲ အောက်ကိုအမြီးလေး ထပ်ဆွဲချလိုက်ရာကနေ အခုမြင်ရတဲ့ "j" ပုံစံ ဖြစ်လာတာပါ။
✅K
'K' အက္ခရာရဲ့ သမိုင်းကြောင်းဟာ Semitic စာပေတွေမှာ "လက်ဝါး" (kaph) ကို ကိုယ်စားပြုတဲ့ ရှေးဟောင်းသင်္ကေတကနေ စတင်ခဲ့တာပါ။ ဂရိလူမျိုးတွေက kappa အဖြစ် မွေးစားခဲ့ပြီးနောက် Romans တွေဆီ ရောက်ရှိခဲ့ပါတယ်။ (Romans တွေဟာ 'C' ကို ပိုသုံးတာကြောင့် 'K' ကို အသုံးနည်းခဲ့ပါတယ်)။ အင်္ဂလိပ်စာမှာတော့ 'C' နဲ့ အသံထွက်ချင်း မရောထွေးစေဖို့ 'K' ကို ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာခဲ့ကြပါတယ်။
k (အသေး): ဒါကတော့ လက်ရေးဆက်ရေးတဲ့အခါ K အကြီးရဲ့ အပေါ်ပိုင်းကို ဝိုင်းလိုက်ပြီး အောက်က မျဉ်းလေးကို အကွေးလေးလုပ်ရာကနေ အခုမြင်ရတဲ့ "k" ပုံစံ ဖြစ်လာတာပါ။
✅ L
L ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Lamedh" လို့ ခေါ်ပြီး "နွားမောင်းတံ" (Ox Goad) လို့ အဓိပ္ပာယ်ရပါတယ်။ ရှေးဟောင်း Egypt အရုပ်စာတွေမှာတော့ တိရစ္ဆာန်တွေကို ထိန်းကျောင်းတဲ့ တုတ်ကွေးလေးပုံစံနဲ့ ဘီစီ ၁၅၀၀ ဝန်းကျင်ကတည်းက သုံးနှုန်းခဲ့ကြတာပါ။
အဲ့ဒီနောက် 800 BC ဝန်းကျင်မှာ Greek လူမျိုးတွေက အဲ့ဒီပုံစံကို မွေးစားပြီး "Lambda" လို့ ခေါ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Romans တွေက အောက်ခြေမျဉ်းကို တစ်ဖက်တည်း အပြားလိုက် ပြောင်းလဲဆွဲလိုက်ရာကနေ အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ အကြီး "L" ပုံစံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။
l (အသေး): ဒါကတော့ နောက်ပိုင်းခေတ်တွေမှာ အမြန်ရေးသားရာကနေ ပြောင်းလဲလာရင်း ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၊ အခုဆိုရင် တစ်ကမ္ဘာလုံး အသုံးပြုနေတဲ့ စာရေးသားစနစ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လာတာပါ။
✅M
M ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Mem" လို့ခေါ်ပြီး "ရေ" (Water) လို့ အဓိပ္ပာယ်ရပါတယ်။ အစကတော့ ရေလှိုင်းလေးတွေ ဖြတ်သန်းနေတဲ့ ပုံစံမျိုး ရေးဆွဲခဲ့ကြပါတယ်။ လူမျိုးတွေက အဲဒီရေလှိုင်းပုံစံကို မွေးစားပြီး "mu" လို့ ခေါ်ခဲ့ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လှိုင်းတွန့်လေးတွေကို ပိုပြီး ထောင့်ချိုးကျကျ ရေးဆွဲလာရာကနေ အခုမြင်ရတဲ့ M ပုံစံ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ လက်ရေးမူတွေကနေတစ်ဆင့် အဆင့်ဆင့်ပြောင်းလဲလာပြီး ယနေ့ကျွန်တော်တို့ အသုံးပြုနေတဲ့ /m/ အသံထွက် "M" ပုံစံ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။
m (အသေး): ဒါကတော့ စာကိုလက်ရေးဆက် ရေးကြရာကနေ ထောင့်ချိုးတွေကို ဝိုင်းပစ်လိုက်ပြီး အကွေးလေးနှစ်ခု ဖြစ်လာ ပြီးတော့ အခုမြင်ရတဲ့ "m" ပုံစံ ဖြစ်လာတာပါ။
✅ N
N ဆိုတဲ့ အက္ခရာဟာ ရှေးဟောင်း Egypt အရုပ်စာ (Hieroglyph) တွေကနေ စတင်ဆင်းသက်လာတာဖြစ်ပြီး မူလက "ရေလှိုင်း" ဒါမှမဟုတ် "မြွေ" ပုံသဏ္ဌာန်ကို ကိုယ်စားပြုခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Semitic လူမျိုးတွေက ၎င်းကို "Nun" (ငါး လို့ အဓိပ္ပာယ်ရပါတယ်) လို့ အမည်ပေးပြီး အသုံးပြုခဲ့ကြပါတယ်။
Greek လူမျိုးတွေက အဲ့ဒီပုံစံကို မွေးစားပြီး "Nu" လို့ ခေါ်ဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Romans တွေက အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ အကြီး "N" ပုံစံဖြစ်အောင် အချောသတ် စံသတ်မှတ်ခဲ့ကြတာပါ။
n (အသေး): ဒါကတော့ m အသေးလိုပဲ လက်ရေးဆက်ရေးရာကနေ ထောင့်ချိုးကို ဝိုင်းလိုက်ပြီး အကွေးတစ်ခုတည်းအဖြစ် အခုမြင်ရတဲ့ "n" ပုံစံ ဖြစ်လာတာပါ။
✅ O
O ဆိုတဲ့ အက္ခရာဟာ ရှေးဟောင်း Egypt အရုပ်စာတွေထဲက "မျက်လုံး" (Eye) ကို ကိုယ်စားပြုတဲ့ ပုံသဏ္ဌာန်ကနေ ဆင်းသက်လာတာပါ။ အဲ့ဒီနောက်မှာတော့ Semitic လူမျိုးတွေက ၎င်းကို "Ayin" (မျက်လုံးလို့ပဲ အဓိပ္ပာယ်ရပါတယ်) လို့ သတ်မှတ်လိုက်ပြီး ဗျည်းအသံတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။
ဂရိ (Greek) လူမျိုးတွေဆီ ရောက်တဲ့အခါမှာတော့ ၎င်းကို "Omicron" လို့ အမည်ပြောင်းပြီး သရအသံ (Vowel) တစ်ခုအနေနဲ့ စတင်အသုံးပြုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Romans တွေက အခုမြင်ရတဲ့ ဝိုင်းစက်တဲ့ အင်္ဂလိပ်အက္ခရာ "O" ပုံစံဖြစ်အောင် စံသတ်မှတ်ခဲ့ကြတာပါ။ ရိုးရှင်းတဲ့ အဝိုင်းပုံစံ ဖြစ်တာကြောင့် အချိန်ကြာလာပေမယ့် ပုံစံမပျက်ဘဲ အခုမြင်ရတဲ့ O အဖြစ် တည်ရှိနေတာပါ။
o (အသေး): ဒါကတော့ O အကြီးကိုပဲ အရွယ်အစား သေးသေးလေး ရေးဆွဲရာကနေ အခုမြင်ရတဲ့ "o" ဖြစ်လာတာပါ။
✅ P
P ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Pe" လို့ခေါ်ပြီး "ပါးစပ်" (Mouth) လို့ အဓိပ္ပာယ်ရပါတယ်။ အစကတော့ ပါးစပ်ပုံစံ အကွေးလေး ဖြစ်ပါတယ်။ Greek လူမျိုးတွေက အဲဒီပုံစံကို မွေးစားပြီး "pi" လို့ ခေါ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Romans တွေက အပေါ်ပိုင်းကို ဝိုင်းလိုက်ပြီး အောက်ခြေအထိ မပိတ်ဘဲ ရေးဆွဲရာကနေ အခုမြင်ရတဲ့ P ပုံစံ ဖြစ် လာတာပဲ ဖြစ်ပါတယ်။
p (အသေး): ဒါကတော့ စာရေးတဲ့သူတွေက အမြန်ရေးတဲ့အခါ စာလုံးဝိုင်းရဲ့ မျဉ်းကို အောက်ကို ဆွဲချလိုက်ရာကနေ အခုမြင်ရတဲ့ "p" ပုံစံ ဖြစ်လာတာပါ။
✅ Q
Q ဆိုတာ ရှေးခေတ် Phoenician ဘာသာစကားမှာ "Qoph" လို့ခေါ်ပြီး "မျောက်" ဒါမှမဟုတ် "အပ်နဖား" လို့ အဓိပ္ပာယ်ရပါတယ်။အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက အသုံးပြုခဲ့ကြပြီး၊ အဲ့ဒီကမှတစ်ဆင့် Etruscan နဲ့ Roman လူမျိုးတွေဆီ ရောက်ရှိလာခဲ့တာပါ။နောက်ပိုင်း ပြင်သစ်စာရဲ့ လွှမ်းမိုးမှုကြောင့် ရှေးဟောင်းအင်္ဂလိပ်စာ ရေးထုံးဖြစ်တဲ့ "cw" အစား "QU" လို့ ပြောင်းလဲအသုံးပြုလာခဲ့ကြတာပါ။ ဒါကြောင့်လည်း အခုခေတ်မှာ ချွင်းချက်အချို့ကလွဲလို့ "Q" ဆိုတဲ့ အက္ခရာဟာ /kw/ အသံထွက်ဖို့အတွက် "U" နဲ့ အမြဲတွဲနေရတာ ဖြစ်ပါတယ်။
✅ R
R ဆိုတဲ့ အက္ခရာဟာ Phoenician သင်္ကေတ "Resh" ကနေ ဆင်းသက်လာတာဖြစ်ပြီး ၎င်းရဲ့ အဓိပ္ပာယ်က "ခေါင်း" (Head) လို့ ရပါတယ်။ အဲ့ဒီခေတ်က ပုံသဏ္ဌာန်ဟာ လူတစ်ယောက်ရဲ့ ဘေးတစောင်း ခေါင်းပုံစံမျိုး ရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို "Rho" အဖြစ် အသုံးပြုခဲ့ကြပြီး ပုံစံကိုလည်း တစ်ဖက်သို့ လှည့်လိုက်ကြပါတယ်။
Romans တွေဆီ ရောက်တဲ့အခါမှာတော့ ၎င်းကို "P" အက္ခရာနဲ့ မမှားသွားစေဖို့အတွက် အောက်ခြေမှာ မျဉ်းစောင်းလေးတစ်ကြောင်း ထပ်ဖြည့်လိုက်ရာကနေ အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ အကြီး "R" ပုံစံ ဖြစ်လာခဲ့တာပါ။ P ရဲ့ သမိုင်းကြောင်းဟာ လူခေါင်းပုံ အရုပ်စာကနေ Phoenician မျဉ်းဖြောင့်သင်္ကေတ၊ အဲ့ဒီကနေတစ်ဆင့် Greek Rho နဲ့ နောက်ဆုံးမှာတော့ Latin R ဆိုပြီး ဖြစ်လာခဲ့တာပါ။ ပုံနှိပ်စနစ်တွေ မပေါ်ပေါက်ခင်ကဆိုရင် r rotunda လို့ခေါ်တဲ့ လက်ရေးမူ ကွဲပြားချက်တွေတောင် ရှိခဲ့ပါသေးတယ်။
✅ S
S ဆိုတဲ့ အက္ခရာဟာ ရှေးဟောင်း Semitic နဲ့ Egypt သင်္ကေတတွေဖြစ်တဲ့ "သွား" (Tooth) ဒါမှမဟုတ် "တောင်ကုန်း" (Hill) ဆိုတဲ့ အဓိပ္ပာယ်တွေကနေ ဆင်းသက်လာတာပါ။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို Sigma အဖြစ် အသွင်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။
Romans တွေဆီ ရောက်တဲ့အခါမှာတော့ မူလက ထောင့်ချိုးပုံစံရှိတဲ့ Sigma ကို အခုမြင်ရတဲ့ "S" ပုံစံအတိုင်း ပိုပြီး ဝိုင်းစက်သွားအောင် ပြောင်းလဲခဲ့ကြပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ Roman လက်ရေးမူတွေနဲ့ အလယ်ခေတ် စာမူတွေမှာ အခုခေတ် "s" နဲ့အတူ "Long s" (ſ) လို့ခေါ်တဲ့ အပေါ်ကို ရှည်ရှည်လေးဆွဲထားတဲ့ ပုံစံကိုပါ တွဲဖက်အသုံးပြုခဲ့ကြတာပါ။ ဒါပေမဲ့ ၁၈ ရာစုနှောင်းပိုင်းမှာတော့ John Bell လိုမျိုး ပုံနှိပ်လုပ်ငန်းရှင်တွေက စာဖတ်သူတွေ ရှင်းရှင်းလင်းလင်း မြင်သာစေဖို့အတွက် "Long s" နေရာမှာ အခုမြင်ရတဲ့ "S" ပုံစံနဲ့ပဲ အစားထိုး စံသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
s (အသေး): ဒါကတော့ S အကြီးကိုပဲ လက်ရေးဆက်ရေးရာကနေ ပိုပြီး သေးသေးကွေးကွေးလေးဖြစ်သွားတဲ့ အခုမြင်ရတဲ့ "s" ပုံစံ ဖြစ်လာတာပါ။
✅ T
T ဆိုတဲ့ အက္ခရာဟာ Semitic ဘာသာစကားမှာ "Taw" လို့ ခေါ်ပြီး "အမှတ်အသား" (Mark) လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီတုန်းက ပုံသဏ္ဌာန်ဟာ ကြက်ခြေခတ် ဒါမှမဟုတ် "X" ပုံစံမျိုး ရှိခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို "Tau" ($Τ, τ$) အဖြစ် အသွင်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။
အဲ့ဒီကမှတစ်ဆင့် Romans တွေက Latin အက္ခရာအဖြစ် အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ အကြီး "T" ပုံစံဖြစ်အောင် ပြောင်းလဲခဲ့ကြတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက "T" အက္ခရာဟာ သူ့ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ပုံသဏ္ဌာန်ရော၊ အသံထွက် (Voiceless sound) ရော အပြောင်းလဲမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အခုခေတ် အင်္ဂလိပ်စာအထိ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။
t (အသေး): ဒါကတော့ f အသေးနဲ့ မမှားသွားအောင် အောက်ခြေကို အကွေးလေးလုပ်ပြီး ရေးဆွဲရာကနေ အခုမြင်ရတဲ့ "t" ပုံစံ ဖြစ်လာတာပါ။
✅ U, V, W, Y
U, V, W, Y တို့၏ တူညီသော မူလအစ
စိတ်ဝင်စားဖို့ကောင်းတာက အခုခေတ်မှာ ကျွန်တော်တို့ သီးခြားစီ အသုံးပြုနေတဲ့ U, V, W နဲ့ Y ဆိုတဲ့ အက္ခရာ လေးလုံးစလုံးဟာ ရှေးဟောင်း Semitic အက္ခရာတစ်ခုတည်းဖြစ်တဲ့ "Waw" ကနေ ဆင်းသက်လာတာပါ။ "Waw" ဆိုတာ "ချိတ်" (Hook) လို့ အဓိပ္ပာယ်ရပြီး မူလက /w/ အသံကို ကိုယ်စားပြုခဲ့ပါတယ်။
ဒီအက္ခရာတွေရဲ့ သမိုင်းကြောင်းဟာ တစ်ခုနဲ့တစ်ခု ရောယှက်နေပြီး ဘာသာစကားအမျိုးမျိုး (ဥပမာ - Greek, Latin နဲ့ Old English) က မွေးစားအသုံးပြုရာကနေ အခုလို ကွဲပြားသွားခဲ့တာဖြစ်ပါတယ် -
• Greek: သူတို့က "Waw" ကို အခြေခံပြီး "Upsilon" ($\Upsilon$) အဖြစ် ပြောင်းလဲခဲ့ရာကနေ နောက်ပိုင်းမှာ Y ပေါ်လာခဲ့ပါတယ်။
• Latin (Roman): Romans တွေက အဲ့ဒီပုံစံကိုပဲ V အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီတုန်းက "V" ဟာ ဗျည်းအသံရော၊ သရအသံ (U) အတွက်ပါ အတူတူ သုံးခဲ့တာပါ။ နောက်ပိုင်းမှသာ U နဲ့ V ကို သရနဲ့ ဗျည်း ခွဲခြားသတ်မှတ်ခဲ့ကြပြီး၊ W ကတော့ "Double U" (U နှစ်လုံးတွဲ) အနေနဲ့ အင်္ဂလိပ်စာမှာ သီးခြားပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။
✅ X
X ဆိုတဲ့ အက္ခရာဟာ Phoenician ဘာသာစကားမှာ "Samekh" လို့ ခေါ်ပြီး "ငါး" (Fish) လို့ အဓိပ္ပာယ်ရတဲ့ အက္ခရာကနေ ဆင်းသက်လာတာပါ။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို "Chi" ($\text{X}$) အဖြစ် မွေးစားခဲ့ကြပြီး /k/ ဒါမှမဟုတ် /ks/ အသံထွက်တွေအတွက် အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီကမှတစ်ဆင့် Romans တွေက သူတို့ရဲ့ အက္ခရာစနစ်ထဲကို ထည့်သွင်းလိုက်ရာကနေ အခုမြင်ရတဲ့ အင်္ဂလိပ်အက္ခရာ "X" ဖြစ်လာခဲ့တာပါ။
"X" ရဲ့ ခရီးစဉ်ဟာ အသံထွက်ပြောင်းလဲမှုတွေသာမက အသုံးချပုံတွေမှာလည်း တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ် -
သင်္ချာပညာ: အာရပ် (Arabic) ဘာသာစကားရဲ့ လွှမ်းမိုးမှုနဲ့အတူ သင်္ချာမှာ "မသိကိန်း" (Unknown) အဖြစ် စတင်အသုံးပြုခဲ့ကြပါတယ်။
ဘာသာရေး: ခရစ်ယာန်ဘာသာမှာ အတိုကောက်သင်္ကေတတစ်ခုအဖြစ် အသုံးပြုခဲ့ကြလို့ "Xmas" ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ ပေါ်ပေါက်လာခဲ့တာပါ။
✅ Z
Z ဆိုတဲ့ အက္ခရာဟာ Semitic ဘာသာစကားမှာ "Zayin" လို့ ခေါ်ပြီး "လက်နက်" (Weapon) လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Greek လူမျိုးတွေက ၎င်းကို "Zeta" အဖြစ် မွေးစားခဲ့ကြပြီး Etruscan လူမျိုးတွေဆီကို ဆက်လက် ပျံ့နှံ့သွားခဲ့ပါတယ်။
ထူးဆန်းတာတစ်ခုက Romans တွေဟာ သူတို့ရဲ့ Latin အက္ခရာစနစ်ထဲကနေ "Z" ကို အစောပိုင်းမှာ ဖယ်ထုတ်ပစ်ခဲ့တာပါ။ အကြောင်းရင်းကတော့ အဲ့ဒီခေတ်မှာ "Z" ရဲ့ အသံထွက်က ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဂရိဘာသာစကားကနေ ဆင်းသက်လာတဲ့ စကားလုံး (Loanwords) တွေကို ရေးသားဖို့အတွက် "Z" ကို အက္ခရာစဉ်ရဲ့ အဆုံးမှာ ပြန်လည် ထည့်သွင်းခဲ့ကြပါတယ်။ အဲ့ဒီနောက် ပြင်သစ်နဲ့ ဂျာမန်ဘာသာစကားတွေမှာ အသုံးများလာပြီး နောက်ဆုံးမှာ အင်္ဂလိပ်စာဆီ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ "Z" ရဲ့ အသံထွက်ဟာ ဒေသအလိုက် ကွဲပြားနေတာပါပဲ။ အမေရိကန် အင်္ဂလိပ်စာမှာ "Zee" လို့ ထွက်ကြပြီး၊ ဗြိတိသျှ အင်္ဂလိပ်စာမှာတော့ "Zed" လို့ ထွက်ကြတာ ဖြစ်ပါတယ်။
With Love...
Tr. Philip Phyo