26/02/2026
စိတ်ခံစားမှု တည်ငြိမ်တာဟာ တကယ်ပဲ
အချစ်ခံရတဲ့ ရလဒ်လား....
"စိတ်လက်ပေါ့ပါး" မှု ရှိတဲ့ မိသားစုဘဝဆိုတာ ဘယ်လိုမျိုးလဲ...
စိုးရိမ်ပူပန်မှုမရှိ၊ စိတ်မရှည် မလောတာ မရှိဘဲ
စကား ကောင်းကောင်းပြောခြင်းလား...
တစ်နေ့က သူငယ်ချင်းမိသားစု၊ ကလေးတွေနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ကျွန်မတို့ မိတ်ဆုံစားပွဲ လုပ်ကြတယ်။
တအောင့်နေတော့ ကျွန်မတို့ မှာထားတဲ့ အစားအစာတွေ ရောက်လာပါတယ်။ ကျွန်မသူငယ်ချင်းရဲ့ ခင်ပွန်းက ဝမ်ထန်ခေါက်ဆွဲ မှာပြီး ကလေးနှစ်ယောက်က စပါဂက်တီ (အီတလီခေါက်ဆွဲ) မှာတယ်။
လေးနှစ်အရွယ် သားလေးက သူ့အဖေကို "စပါဂက်တီကို တူနဲ့စားချင်တယ်" လို့ ပြောတယ်။
အဖေက "စပါဂက်တီက ခက်ရင်းနဲ့ဆို ရတယ်" ပြောတယ်။
သားက "ဖေဖေ့လိုပဲ တူနဲ့ စားချင်တယ်။ သား တူသုံးတတ်တယ်" ပြောတယ်။
အမေက "သား စမ်းကြည့်လို့ ရတယ်" ပြောတယ်။
အဖေက သားကို တူတစ်စုံပေးလိုက်တယ်။ လူတွေအားလုံး ငြိမ်ငြိမ်သက်သက်နဲ့ စားသောက်နေကြတယ်။
အဲဒီမှာ သားရဲ့ တူက ရုတ်တရက် ကြမ်းပြင်ပေါ် ကျသွားတယ်။ သူက ကုန်းကောက်ပြီး ကိုယ်အမတ်မှာ စပါဂက်တီပန်းကန်ကို မတော်တဆ တိုက်မိသွားတယ်။
အနီရောင်ဆော့စ်တွေ အဖေ့အင်္ကျီဖြူပေါ် စွန်းထင်းသွားတယ်။ တဆက်တည်းမှာပဲ ခြောက်နှစ်အရွယ် သမီးလေးရဲ့ “အိုး... မောင်လေးက သတိလက်လွတ်ဖြစ်ပြန်ပြီ” ပြောတယ်။
အဲဒီအချိန်မှာ ကျွန်မက “အိုး… သွားပြီ.. သွားပြီ... ကလေးတော့ အော်ခံထိ ရိုက်ခံထိတော့မယ် တွေးတယ်။
သူ့အဖေ တစ်ကိုယ်လုံးနီးပါး စပါဂက်တီတွေ ပေနေတယ်။ မုန်တိုင်းတစ်ခု တိုက်တော့မယ်လို့ ကျွန်မတွေးလိုက်တယ်။
ကျွန်မနဲ့ ကျွန်မခင်ပွန်း အပြန်အလှန် ကြည့်မိကြတယ်။ အနေရခက်တဲ့ အခြေအနေတစ်ခု ဖြစ်တော့မယ် ထင်ကြတယ်။
ဒါပေမဲ့ ကျွန်မတို့ တွေးထင်တာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ကျွန်မသူငယ်ချင်းရဲ့ မိသားစုတစ်စုလုံးက တည်တည်ငြိမ်ငြိမ်ပဲ။
သားက အဖေ့ကို “ဖေဖေ ဆောရီးနော် .. သားမထိခိုက်ပါဘူး” ပြောတယ်။ အမေက အဖေ့ကို တစ်ရှူးတစ်ရွက် ကမ်းပေးလိုက်တယ်။
အဖေက ဒေါသတကြီး ပေါက်ကွဲတာမျိုး မရှိ၊
အမေ့ကိုလည်း အပြစ်မတင်၊
ကလေးကိုလည်း ဆူတာ ရိုက်တာ မလုပ်ဘူး။
ကမ်းပေးတဲ့ တစ်ရှူးကိုယူပြီး အင်္ကျီကို သုတ်ရင်း “သား ဘာမှမဖြစ်ရင် ရပြီ... နောက်တစ်ခါ သတိထားနော်” ပဲ ပြောတယ်။
သားက ထိုင်ချပြီး စပါဂက်တီကို ကိုယ်တိုင် သန့်ရှင်းရေးလုပ်တယ်။
အဲဒီနောက် အမေက သူ့ကို သန့်စင်ခန်းထဲ လက်ဆေးဖို့ ခေါ်သွားတယ်။
သမီးက အဖေ့ကို ကြည့်ပြီး “ဟားဟား.. ဖေဖေ့အင်္ကျီက စပါဂက်တီ စားရတာ ကြိုက်တယ်” လို့ ပြောတယ်။
သမီးအပြောကို အဖေက လိုက်ရယ်ပြီး “ဖေဖေ့အင်္ကျီက စပါဂက်တီကျွေးလို့ မောင်လေးကို ကျေးဇူးတင်ရမှာပေါ့... ဟားဟား” လို့ ပြောတယ်။
အဲဒီအချိန်ကျမှ စိတ်ခံစားမှု တည်ငြိမ်တဲ့ မိဘတွေကသာ တည်ငြိမ်အေးဆေးတဲ့ ကလေးတွေကို ပြုစုပျိုးထောင်နိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။
🔹
အဝတ်အစား ပေရင် လျှော်လိုက်ရုံပါပဲ။
ရေဖိတ်သွားရင် သုတ်လိုက်ရုံပါပဲ။
လဲကျပြီး အနာတရဖြစ်ရင် ပြန်ထရပ်နိုင်ဖို့ပါပဲ။
ကလေးတွေက သူတို့ရဲ့ အောင်မြင်မှုထက် သူတို့ရဲ့ အမှားတွေကနေ ပိုသင်ယူနိုင်ကြတယ်။
ကလေးတွေကို အမှားလုပ်ခွင့် ပေးပါ။
ကလေးတွေကို ချို့ယွင်းချက်ရှိခွင့် ပေးပါ။
ကလေးတွေကို ပြဿနာဖြေရှင်းနိုင်စွမ်း ရှိအောင် သင်ယူနိုင်တဲ့ အခွင့်အရေး ပေးပါ။
ကလေးတွေကို ရုတ်တရက် ဖြစ်လာတဲ့ အခြေအနေကို ကိုင်တွယ်နိုင်စွမ်း ပေးပါ။
အခက်အခဲတွေနဲ့ ရင်ဆိုင်တဲ့အခါ စိတ်မလော၊ စိတ်မတိုပါနဲ့။
အရေးမကြီးတဲ့ ကိစ္စအသေးအမွှားမှာ မငြိပါနဲ့။
ကျွန်မသူငယ်ချင်းရဲ့ ကလေးနှစ်ယောက်က ဘာလို့ အမြဲတမ်း မိမိကိုယ်ကို ယုံကြည်မှုရှိပြီး သူတို့ မျက်လုံးတွေက လက်နေတာလဲဆိုတာ အဲဒီနေ့မှာ ကျွန်မ ကောင်းကောင်း နားလည်သွားပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ရဲရင့်တဲ့ ကလေးတစ်ယောက်က ချမ်းသာတဲ့၊ ပညာတတ်တဲ့ မိသားစုက လာတာ မဟုတ်ဘဲ “နူးညံ့ပြီး ချစ်ခင်ကြင်နာတဲ့” မိသားစု ပတ်ဝန်းကျင်မျိုးကနေ လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
🔹
အဲဒီနောက် ဖခင်ဖြစ်သူက ဝန်ထမ်းကို ကလေးသုံး ပလတ်စတစ်ပန်းကန်တွေ တောင်းလိုက်တယ်။ အစ်မဖြစ်သူက သူ့ခေါက်ဆွဲတချို့ကို သူ့မောင်လေးအတွက် မျှပေးရင်း "အိမ်ပြန်ရောက်ရင် ခုနက ဝယ်ထားတဲ့ မုန့်တွေ မမကိုလည်း ကျွေးရမယ်နော်" ပြောတယ်။
သားက ပန်းကန်ကို လှမ်းယူပြီး "ဖေဖေ... သား တူနဲ့ ထပ်သုံးကြည့်ချင်တယ်" ပြောတယ်။
ဒီတစ်ခါတော့ သူက ပန်းကန်ကို လက်တစ်ဖက်နဲ့ကိုင်ပြီး တူနဲ့ ခေါက်ဆွဲစားဖို့ သတိရသွားတယ်။ သူ ပေပေပွပွ စားနေပေမယ့် သူငယ်ချင်းမိသားစုက ကြောင်ရုပ်လေးလို ပေနေတဲ့ သားကို ကြည့်ပြီး ရယ်ကြတယ်။
အိမ်ပြန်လမ်းမှာ ယောက်ျားက သူငယ်ချင်းရဲ့ နဂိုမိသားစုကလည်း အဲလိုပဲ ချစ်ခင်ကြင်နာတတ်ကြတာလားလို့ ကျွန်မကို မေးတယ်။
သူငယ်ချင်းက ကျွန်မရဲ့အလယ်တန်းတုန်းက သူငယ်ချင်းပါ။ ခြေထောက်မှာ အညိုအမည်း စွဲတဲ့ ဒဏ်ရာနဲ့ သူ ကျောင်းလာတက်တာကို ကျွန်မမြင်ဖူးတယ်။
B ပဲ ရတဲ့ အမှတ်စာရင်းကို သူပြင်တာလည်း ကျွန်မမြင်ဖူးတယ်။
ကျောင်းဆင်းရင် အိမ်မပြန်ဘဲ ကျွန်မတို့ အိမ်မှာ နေ့လယ်ကနေ ညအထိ သူနေနေတတ်တာကိုလည်း ကျွန်မမြင်ဖူးတယ်။
သူ့မိဘတွေ ရန်ဖြစ်တတ်ကြလို့ အိမ်ပြန်ရောက်ရင် သူအဆူခံထိ၊ ရိုက်နှက်ခံရမှာမို့ပါ။
အခုမှ သူငယ်ချင်းဟာ အနာကျင်ဆုံး သူ့ အတွေ့အကြုံတွေကို သူ့ ကလေးဆီ မဆင့်ကမ်းခဲ့ဘူး၊
သူ အမုန်းဆုံး အုပ်ထိန်းမှုနည်းလမ်းကို ဆက်မထိန်းသိမ်းထားခဲ့ဘူး၊
သူအမုန်းဆုံး လူကြီးမျိုး သူဖြစ်မလာခဲ့ဘူး ဆိုတာကို ကျွန်မ တွေ့လိုက်တယ်။
အိမ်တိုင်းက လုံခြုံတဲ့ခိုလှုံရာ မဟုတ်ဘူးလို့ သူငယ်ချင်း ပြောဖူးတာကို ကျွန်မ အမှတ်ရလိုက်တယ်။
ဒါပေမဲ့ ကံကောင်းထောက်စွာနဲ့ စိတ်ခံစားမှု တည်ငြိမ်တဲ့ လူတစ်ယောက်နဲ့ သူဆုံခဲ့ပြီး သူကိုယ်တိုင်လည်း အဲဒီလိုလူမျိုး ဖြစ်လာခဲ့တယ်။
တစ်နေ့ထက် တစ်နေ့ တိုးတက် ကောင်းမွန်တဲ့ မိသားစုတစ်စုရဲ့ နောက်ကွယ်မှာ စိတ်ခံစားမှု တည်ငြိမ်တဲ့ မိဘ ရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။
စိတ်ခံစားမှု တည်ငြိမ်တာဟာ
အချစ်ခံရတဲ့ ရလဒ်လို့ လူတွေပြောကြတယ်...
ဒါကို ကျွန်မ ယုံကြည်ပါတယ်။
နိုင်းနိုင်းစနေ
--- ဘာသာပြန် မျှဝေပါတယ်
💌
#နိုင်းနိုင်းစနေ