08/06/2024
ကျေးဇူးတင်စကား ပြောတတ်စေချင်
-------------------------------------------------------
တွတ်တီးတွတ်တာ တီတီတာတာ စကားလေးတွေ ပြောတတ်ခါစအရွယ်ဟာ ကလေးတစ်ယောက်အတွက် ချစ်စရာအကောင်းဆုံး အချိန်ပါ။
သားသားမီးမီးတို့ ပြောသမျှ ဆိုသမျှ ဖေဖေမေမေတို့ကလည်း ကြားလို့မဝနိုင်၊ ကျေနပ်လို့ မဆုံးနိုင်အောင်ပါပဲ။
ကလေးတို့ရဲ့ နှုတ်ထွက်စကားလေးတွေ အမြဲချစ်စရာကောင်းနေအောင် သင်ကြားပေးဖို့ကတော့ မိဘတွေရဲ့ တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။
စကားပြောတတ်ခါစအရွယ်မှာ သင်ကြားပေးရမယ့် အရာတွေက အများကြီးပါ။ အခေါ်အဝေါ်တွေ၊ အသုံးအနှုန်းတွေ၊ စကားလုံး အသစ်တွေ သင်ကြားပေးရသလို မပြောသင့်တာတွေ မပြောမိအောင်၊ ပြောသင့်တာတွေ ပြောဖြစ်အောင်လည်း လေ့ကျင့်ပေးရပါသေးတယ်။
အော်မပြောဖို့၊ လူကြီးစကားပြောနေရင် ဖြတ်မပြောဖို့၊ ရိုင်းစိုင်းတဲ့စကားတွေ မသုံးဖို့၊ မဆဲဖို့ စည်းကမ်းတွေ ထုတ်ရပါတယ်။ နှုတ်ဆက်စကား ဖွယ်ဖွယ်ရာရာ ပြောတတ်ဖို့၊ တောင်းပန်စကား ရဲရဲဝံ့ဝံ့ပြောတတ်ဖို့၊ ကျေးဇူးတင်စကား မမေ့မလျော့ပြောတတ်ဖို့ စသဖြင့် ယဉ်ယဉ်ကျေးကျေး စကားတွေ ဆိုတတ်ဖို့ကိုလည်း သတိတရ သင်ပေးရပါသေးတယ်။
တကယ်တော့ ကျေးဇူးတင်စကားကို ယဉ်ကျေးဖို့ပြောတယ်ဆိုတာမျိုးထက် ကျေးဇူးတရားကို တကယ် တန်ဖိုးထားပြီး ပြောတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကျေးဇူးတင်စကားတောင် မပြောတတ်တဲ့ ကလေးကတော့ ကျေးဇူးတင်ရကောင်းမှန်း ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။
ကျေးဇူးတင်တယ်ဆိုတာ သူများက တစ်ခုခုလုပ်ပေးတာကို အသိအမှတ်ပြုတဲ့သဘောပါ။ သူလုပ်ပေးတဲ့ တစ်ခုခုက ကိုယ်လိုချင်တဲ့အတိုင်း မဟုတ်ခဲ့ရင်တောင် ကိုယ့်အတွက်လုပ်ပေးတာ ဖြစ်တဲ့အတွက် ကျေးဇူးတင်ရပါမယ်။
ကိုယ့်အကူအညီကို အသိအမှတ်ပြုခံရတာ ဘယ်လောက် ကြည်နူးစရာကောင်းကြောင်း ကလေး နားလည်ခံစားတတ်အောင် ရှင်းပြပေးပါ။ မသိချင်ယောင် ဆောင်ခံရရင်၊ လျစ်လျူရှုခံရရင်၊ ဝမ်းနည်း ကြေကွဲစရာကောင်းတဲ့အကြောင်းလည်း ကလေးကို ပြောပြရပါမယ်။
ကလေးအသက် တစ်နှစ်ခွဲလောက်ကစပြီး ကျေးဇူးတင်စကား စသင်ပေးလို့ရပါပြီ။ အမိန့်ပေးပြီး အတင်းစေခိုင်းတာထက်စာရင်၊ မိဘကိုယ်တိုင် လုပ်ပြတာက အထိရောက်ဆုံး သင်ကြားနည်းပါပဲ။ ကလေးတွေက အသုံးအနှုန်းတစ်ခုကို ခဏခဏ ကြားနေရမှ မှတ်မိပြီး ပြန်သုံးတတ်တာပါ။ ဖေဖေမေမေတွေကိုယ်တိုင် ကျေးဇူးတင်စကားပြောတဲ့ အလေ့အထ လုပ်သင့်ပါတယ်။
ကလေးကိုလည်း အကျင့်ပါသွားအောင် အမြဲ သတိတရ ပြောခိုင်းရပါမယ်။
❤ မူကြိုကပြန်ရင် ဆရာမကို ကျေးဇူးတင်စကား ပြောခိုင်းပါ။
❤အိမ်လည်သွားရင်လည်း အိမ်ရှင်ကို ကျေးဇူးတင်စကား ပြောခိုင်းပါ။
❤ကလေးထိန်းမမကိုလည်း ကျေးဇူးတင်စကား ပြောခိုင်းပါ။
❤ဘိုးဘိုးဘွားဘွားက တစ်ခုခု လုပ်ပေးတိုင်းလည်း ကျေးဇူးတင်စကား ပြောခိုင်းပါ။
❤တက္ကစီမောင်းသူ၊ အရောင်းဝန်ထမ်း၊ စားပွဲထိုး၊ ဂိတ်စောင့်၊ ထမင်းချက် စသဖြင့် တစ်နေ့တာ ပတ်သက်ရတဲ့သူတွေထဲမှာ ကျေးဇူးတင်စကား ပြောသင့်သူတွေ အများကြီးပါ။
❤Pretend play တွေ ကစားတဲ့အခါမှာလည်း ကျေးဇူးတင်စကား ပြောတဲ့အကျင့်လုပ်ပါ။
❤ညအိပ်ခါနီး မိသားစု စုဝေးပြီး ကျေးဇူးတင်စရာတွေ ပြန်ပြောတာမျိုးကလည်း အလေ့အကျင့် ကောင်းပါပဲ။
❤ကျေးဇူးတင်တဲ့ အထိမ်းအမှတ်စာလေးတွေ၊ ပို့စ်ကဒ်လေးတွေ လုပ်ပြီးပို့တဲ့ အကျင့်မျိုးကိုလည်း ကလေးနဲ့အတူတူ လုပ်ကြည့်ပါ။
❤ ကလေးက စာမရေးတတ်သေးခင်မှာ ပုံလေးတွေ၊ အသည်းပုံလေးတွေဆွဲပြီး ကျေးဇူးတင်ခိုင်းလို့ ရပါတယ်။
မိဘတွေကလည်း ကလေးကို ကျေးဇူးတင်စကား ပြန်ပြောပေးဖို့ လိုပါတယ်။
ကလေးက
●အိမ်အလုပ်တွေ ကူလုပ်ပေးတဲ့အခါ၊
●အငယ်လေးတွေကို ထိန်းပေးတဲ့အခါ၊
●အဆင်မပြေတာ တစ်ခုခုကို နားလည်သိတတ်ပေးတဲ့ အခါမျိုးတွေမှာ
ကလေးကို အသိအမှတ်ပြု ကျေးဇူးတင်စကား ပြန်ပြောသင့်ပါတယ်။
ကျေးဇူးတင်စကား သင်တဲ့အခါ ကလေးရဲ့ အသက်အရွယ်အလိုက် အဆင့်တက်ပြီး ပြောခိုင်းရပါမယ်။
➡️ ပထမဆုံး ကျေးဇူးတင်ပါတယ်လို့ ပြောတတ်အောင် သင်ပေးပါ။
➡️နောက်တစ်ဆင့်ကတော့ နာမည်တပ်ပြီး ပြောခိုင်းပါ ('မမကို ကျေးဇူးတင်ပါတယ်')။
➡️အကြောင်းပြချက်ပါ ထည့်ပြောနိုင်ရင်တော့ အကောင်းဆုံးပါပဲ ('သားသား ဘောလုံးကို ကောက်ပေးလို့ မမကို ကျေးဇူးတင်ပါတယ်')။
➡️ကျေးဇူးတင်စကား ပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး၊ ပီပီသသ လေးလေးနက်နက် ပြောခိုင်းရပါမယ်။ ➡️ရှက်ကိုးရှက်ကန်း ဗလုံးဗထွေး မပြောချင် ပြောချင် ပြောတာမျိုး မဖြစ်စေရပါဘူး။
➡️ ချိုချိုသာသာ ရွှင်ရွှင်ပြပြ ပြောတတ်ရင်တော့ အဆင်ပြေဆုံးပါပဲ။
ဘယ်အချိန်တွေမှာ ကျေးဇူးတင်စကား ပြောရမလဲ ဆိုတာလည်း လမ်းညွှန်ပေးသင့်ပါတယ်။
■တစ်ယောက်ယောက်က ကူညီတဲ့အခါ၊
■အခွင့်အရေးတစ်ခုခု ပေးတဲ့အခါ၊
■လက်ဆောင်ပေးတဲ့အခါ၊
■အကြံပေးတဲ့အခါ၊
■ ကိုယ့်ခံစားမှုတွေကို မျှဝေခံစားပေးတဲ့အခါ၊
■ကိုယ့်အပြစ်တွေကို စိတ်ရှည်သည်းခံ ခွင့်လွှတ်ပေးတဲ့အခါ၊■ ချီးကျူးပေးတဲ့အခါ၊
■အကောင်းမြင်ပေးတဲ့အခါ၊
■ ကြင်ကြင်နာနာ ဂရုစိုက်ပေးတဲ့အခါတွေမှာ ပြောသင့်ပါတယ်။
ကျေးဇူးတင်စကားက ကလေးရဲ့ ရင့်ကျက်မှုနဲ့၊ ယဉ်ကျေးမှုကို ရောင်ပြန်ဟပ်ပါတယ်။
ကျေးဇူးတင်စကား ပြောလေ့ရှိတဲ့ ကလေးတွေက ကျေးဇူးသိတတ်ပါတယ်။
သူများကို လေးစားတတ်ပါတယ်။
အသိအမှတ်ပြုတတ်ပါတယ်။
ဒါကြောင့် သူများရဲ့ အကူအညီကိုလည်း ပိုရလေ့ရှိပါတယ်။
ဒီနေ့ကစပြီး သားသားမီးမီးတို့ကို ကျေးဇူးတင်တတ်အောင်၊ ကျေးဇူးတင်စကား ပြောတတ်အောင် လေ့ကျင့်ပေးကြပါစို့နော်။
ဒေါက်တာမေမွန်
7 Oct 2021