10/10/2023
ကလေးငယ်များ နှင့် Online Learning
************************************
Online learning ဟာ ဒီကနေ့ခေတ်မှာ ပညာသင်ယူသူတိုင်း မဖြစ်မနေရင်းနှီးကျွမ်းဝင်ရတော့မယ့် သင်ယူမှုပုံစံတစ်မျိုးဖြစ်လာပါပြီ။
အခြေအနေအကြောင်းအမျိုးမျိုးကြောင့် Primary Level ကစလို့ Online Learning Environment ထဲကိုဝင်ရောက်လို့လာရပါတော့တယ်။
Online Learning လိုဆိုရာမှာ Online Class တက်ခြင်းက ကျောင်းသားအများစုရွေးချယ်ကြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒါဆိုရင် အသက် (၅) နှစ်ဝန်းကျင် ကလေးငယ်လေးတွေ Online Class ကို တက်ရောက်ကြရတဲ့အခါမှာ မိဘတွေအနေနဲ့ ဘယ်လိုကူညီပံ့ပိုးမှုတွေ ပေးကြရမလဲဆိုတာ သိထားဖို့လိုလာပါတယ်။
အမှန်တော့ မူလတန်းအရွယ်ကလေးတွေဟာ ကျောင်းသွားပြီး သူငယ်ချင်းတွေနဲ့အတူတူ ဆော့ကစားရင်း ပြောဆိုဆက်သွယ်မှုတွေလုပ်ရင်း စာကိုပျော်ပျော်ရွှင်ရွှင် လှုပ်လှုပ်ရှားရှား သင်ယူကြရမယ့်အရွယ်ဖြစ်ပါတယ်။
သို့သော် အခြေအနေအကြောင်းကြောင်းကြောင့် အိမ်မှာပဲနေပြီး Online Class ပဲ တက်မယ်လို့ ရွေးချယ်လိုက်ရရင် အထက်ပါ အခြေအနေကို တစ်ထပ်တည်းမရနိုင်ရင်တောင် အလားတူ အခြေအနေရဖို ကြိုးစားပေးကြရမှာဖြစ်ပါတယ်။
ကလေးတွေ ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့ ပညာသင်ယူဖိုအခြေအနေကို ဦးဆောင်ဖန်တီးပေးရမှာက ကျောင်းဖြစ်ပါတယ်။
ဒီတော့ ပထမဦးဆုံး မိဘတွေဘက်က စဉ်းစားရမယ့်အရာက ကျောင်းရွေးချယ်မှုပါပဲ။
📚ဘယ်လိုသင်ရိုးနဲ့သင်သလဲ။
💁ဘယ်လိုဆရာ၊ဆရာမတွေသင်မှာလဲ။
အဲ့ဒီအချက်နှစ်ချက်ကအဓိကကျပါတယ်။
သင်ရိုးအပေါ်လိုက်ပြီး သင်ကြားမှုနည်းစနစ် အပြောင်းအလဲရှိနိုင်ပါတယ်။
သင်ကြားမှုနည်းစနစ်ကို သင်မယ့်ဆရာ၊ဆရာမတွေက အကောင်အထည်ဖော်ပေးပါတယ်။
ဒါကြောင့် ပညာရေးဆိုင်ရာ အခြေခံဖလော်ဆော်ဖီတွေကို သင်ယူတတ်ကျွမ်း နားလည်ထားတဲ့ ဆရာ၊ဆရာမတွေဖြစ်ရပါမယ်။
ပညာရေးစိတ်ပညာကိုနားလည်ထားသူတွေဖြစ်ရပါမယ်။ ကလေးငယ်တွေရဲ့ ရှေးဦးဖွံဖြိုးတိုးတက်မှုတွေ အကြောင်း သိထားတဲ့ ဆရာဆရာမတွေဖြစ်ဖို့လိုပါတယ်။
အဲ့ဒီနောက်မှာ ပျော်ရွှင်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကို Online ကနေတောင် ဖန်တီးပေးနိုင်တဲ့ သင်ကြားပေးသူတွေဖြစ်ရပါမယ်။
(ပညာရေးဘွဲ့ရ၊ ပညာရေးဆိုင်ရာ ဒီပလိုမာရ၊ သင်တန်းဆင်းလက်မှတ်ရ၊ Online Teaching Training ရ၊ ECCD လက်မှတ်ရ စသည်ဖြင့်) ဒီလိုအချက်ကလေးတွေကို မိဘများအနေနဲ့ ကျောင်းရွေးချယ်တဲ့ နေရာမှာ ထည့်သွင်းစဉ်းစားပေးသင့်ပါတယ်။
ကျောင်းရွေးချယ်ပြီးပြီ ၊ အပ်လည်းအပ်ပြီးပြီဆိုရင်တော့ မိမိတိုရဲ့ အိမ်မှာ ကလေးတွေကို Online Class တက်ဖို့ နေရာထိုင်ခင်းကို ရွေးချယ်ပြင်ဆင်ပေးရပါတော့မယ်။
✅ကလေးအတွက် သက်တောင့်သက်သာထိုင်ပြီးသင်ယူနိုင်ရမယ်။
✅အလင်းရောင်ကောင်းကောင်းရမယ့်နေရာဖြစ်ရမယ်။
✅ဆရာ၊ဆရာမတွေဖက်ကနေကလေးကို ကောင်းစွာမြင်နိုင်ဖို့လည်း ပြင်ဆင်ပေးထားရပါမယ်။
✅ဆူညံသံတွေနဲ့ ဝေးတဲ့နေရာဖြစ်သင့်ပါတယ်။
✅လိုအပ်တဲ့ စာရေးကိရိယာတွေကိုလည်း လက်လှမ်းမီတဲ့နေရာ မှာ ထားပေးထားရပါမယ်။
✅Online Class ဖြစ်တာမို့ power supply အတွက်လည်း အနီးအနားမှာ ရနိုင်ဖို စီစဉ်ပေးထားရင် အကောင်းဆုံးဖြစ်ပါတယ်။
သင်နေစဉ် မိဘများရဲ့ ကူညီပံ့ပိုးမှု
~~~~~~~~~~~~~~~~~~
Online class အတွေ့အကြုံမရှိသေးတဲ့ ကလေးငယ်လေးတွေဆိုရင် အနည်းဆုံး ပထမတစ်ပတ်တော့ မေမေ (သို့) အုပ်ထိန်းသူတစ်ဦးဦးက အနားမှာ ထိုင်ပေးပြီး လိုအပ်တာကို ကူညီပေးရပါမယ်။
Zoom အသုံးပြုပုံကိုလည်း ကြိုတင်လေ့လာထားသင့်ပါတယ်။
ကလေးငယ်လေးတွေဆိုရင် ပထမစစချင်းမှာ ဆရာမတွေဖက်က လုပ်ခိုင်းတဲ့အရာလေးတွေကို သိပ်မလုပ်တတ်ကြပါဘူး။ သူတိုကျင့်သားမရသေးတော့ ဘေးနားက မေမေက ဘာလုပ်ခိုင်းတာ ဘာကိုမေးနေတာ စသည်ဖြင့် ကူညီပြောပြပေးမှ အဆင်ပြေပါတယ်။
ဒါပေမယ့် ဒီလိုကူညီတာဟာ အမြဲတမ်းတော့ မဖြစ်ရပါဘူး။ နောက်ပိုင်းမှာ ကလေးက ကိုယ့်ကိုယ်ကိုယ်အားကိုးလုပ်ဆောင်တတ်လာအောင် ဆရာမနဲ့အတူတူ ဝိုင်းဝန်းလေ့ကျင့်ပေးရမှာမျိုးဖြစ်ပါတယ်။
တချို့မေမေတွေက စိတ်စောတတ်တော့ ဆရာမကမေးခွန်းလေးတွေမေးတဲ့အခါ ကလေးက စဉ်းစားနေတုန်းရှိသေးတယ် ဟိုဟာဖြေလိုက်လေ ဒီလိုပြောလိုက်လေ စသည်ဖြင့် ဝင်ဝင်ဖြေတာမျိုးရှိပါတယ်။ အဲ့လိုမလုပ်မိဖို့သတိထားရပါလိမ့်မယ်။ ကလေးကအရမ်းခက်ခဲနေရင်တော့ လမ်းကြောင်းပေးလို့ရပါတယ်။ တိုက်ရိုက်ဖြေပေးတာမျိုးကျတော့ မသင့်တော်ပါဘူး။
ဆရာမက စာရေးခိုင်း၊ စာဆိုခိုင်းလို ကလေးက လိုက်မရေးဘူး လိုက်မလုပ်ဘူးဆိုရင်တော့ ဘေးကနေ ရေးအောင် ဆိုအောင် ပြောပေး၊သတိပေးပေး ရပါမယ်။
မိမိကလေးရဲ့ Online Class တက်ရောက်ခြင်းနဲ့ပတ်သက်တဲ့ သဘောသဘာဝကို တစ်ပတ်လောက်ဆို မိဘက နားလည်လာပါလိမ့်မယ်။
ဆိုလိုတာက မိမိကလေးဟာ
👍ဒီတိုင်းလွှတ်ထားလို့ရနိုင်တဲ့ ကလေးလား။
🧐အနီးကပ်ကို ကြပ်မတ်မှရမယ့်ကလေးမျိုးလား။
🤗မသိမသာစောင့်ကြည့်ပေးရမယ့်ကလေးလား။ ဆိုတာမျိုးကို သိလာပါလိမ့်မယ်။
အဲ့ဒီအခါကျရင် ကိုယ့်ကလေးရဲ့ သဘောသဘာဝအတိုင်း ဆက်လက်ထိန်းညှိလုပ်ဆောင်ပေးရုံပါပဲ။
နောက်ဆုံးအပိုင်းကတော့ Online Class တက်အပြီး အိမ်စာပေးလိုက်တာမျိုး ၊ အိမ်မှာ လေ့ကျင့်ခိုင်းတာမျိုးကို အချိန်ပေးလုပ်ဆောင်ပေးဖို့လိုပါတယ်။
Online Class ဆိုတာ အချိန်အတိုင်းအတာတစ်ခုအထိပဲ တက်ရောက်နိုင်တာဖြစ်လို့ (တစ်နေကုန်တက်လို့လည်း မသင့်လျော်ပါ။)
ကျောင်းမှာတက်ရသလို တစ်နေကုန်ဆရာမနဲ့ ထိတွေ့လေ့ကျင့်နေရတာ မဟုတ်ပါဘူး။
ဒီတော့ အိမ်မှာ မေမေနဲ့ လေ့ကျင့်ဖို့လိုပါတယ်။
တက်တဲ့အချိန်ပြီးတာနဲ့ စာကိုလှည့်မကြည့်တော့ဘူး ပြန်မလေ့ကျင့်ဘူးဆိုရင် အချိန်ကြာလာတဲ့အခါ စာတွေမေ့ကုန်တာ မလိုက်နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် Online Class ထားလိုက်ရုံနဲ့ စိတ်ချလက်ချ သင်ယူတတ်မြောက်ပြီလို့ မယူဆထားပဲ မိမိတို့ရဲ့ ကလေးနဲ့ အတူတူ ပြန်လည်လေ့ကျင့်ပေးတဲ့အချိန်လေးပေးဖို့ တိုက်တွန်းလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
မေတ္တာဖြင့်
Trust Education
04/10/2023