13/03/2026
"ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၈) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်"
ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ
#ကိုဖုန်းမော် #ကိုစိုးနိုင်
Official Page of the University Council-YTU
13/03/2026
"ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၈) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်"
ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ
#ကိုဖုန်းမော် #ကိုစိုးနိုင်
13/03/2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org
အမျိုးသားညီညွတ်ရေးအစိုးရက ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၈) နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာ
(၂၀၂၆ ခုနှစ်၊ မတ်လ (၁၃) ရက်)
ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့သည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့တောင်းဆိုရင်း အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကျောင်းသားများဖြစ်ကြသော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ မြင့်မြတ်စွာ ကျဆုံးခဲ့ရသည့် (၃၈) နှစ်မြောက် ဝမ်းနည်းဖွယ်ရာနေ့ ဖြစ်ပါသည်။
၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ စွန့်လွှတ် စွန့်စားမှုသည် ကျောင်းသားပြည်သူတရပ်လုံး၏ နိုင်ငံရေးစိတ်ဓာတ်များကို နိုးကြားစေကာ မြန်မာ့ ဒီမိုကရေစီသမိုင်း၏ အထင်ကရမှတ်တိုင် ဖြစ်သော ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပေါ်ပေါက် လာစေရန် အစပျိုးပေးခဲ့သည့် တွန်းအားတစ်ရပ်ဖြစ်ခဲ့ပြီး ယင်းနေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကာ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးအင်အားစုများနှင့် ဒီမိုကရေစီအင်အားစု များက အစဉ်တစိုက် အောက်မေ့ ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြပါသည်။
ထိုစဉ်က ကျောင်းသားထု၏ သတ္တိနှင့် စည်းလုံးညီညွတ်မှုသည် ဒီမိုကရေစီခရီးကြမ်းအတွက် အုတ်မြစ်ကောင်းများဖြစ်စေရုံသာမက နောင်လာနောက်သား Generation Z ကျောင်းသား လူငယ်များအထိ အာဏာရှင် တော်လှန်ရေးစိတ်ဓာတ်ကို လက်ဆင့်ကမ်းနိုင်ခဲ့သည်မှာ ဂုဏ်ယူ ဖွယ်ရာ ဖြစ်ပါသည်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကဲ့သို့ အမိမြေနှင့် နိုင်ငံကို ချစ်မြတ်နိုးကြသော၊ မတရားမှုကို ခေါင်းငုံ့မခံသော ကျောင်းသားလူငယ်များသည် နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှသည် ယနေ့ နွေဦးတော်လှန်ရေး ကာလတိုင်အောင် တော်လှန်ရေးတပ်ဦးမှ မားမားမတ်မတ် ရပ်တည်၍ အာဏာရှင်စနစ်ဟူသမျှကို နည်းလမ်းပေါင်းစုံဖြင့် ရဲဝံ့စွာ ဆန့်ကျင်တော်လှန်နေကြစဲ ဖြစ်ပါသည်။
လွန်ခဲ့သော ၃၈ နှစ်က ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ မျှော်မှန်းခဲ့သည့် တရားမျှတမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများသည် ယနေ့တိုင် ပြည့်ဝစွာ အကောင်အထည် မဖော်နိုင်သေးဘဲ အကြမ်းဖက်စစ်အုပ်သည် တိုင်းပြည် အချုပ်အခြာအာဏာကို လက်နက်အားကိုး ဖြင့် ဗိုလ်ကျလုယူကာ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ရက်ရက်စက်စက် ဖိနှိပ်ညှင်းပန်း သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန် လျက် တိုင်းပြည်ကို ဒုက္ခနွံထဲသို့ ဆွဲသွင်းနေစဲဖြစ်သည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပါသည်။ စစ်အာဏာရှင်များသည် ပြဿနာများကို လက်နက်အားကိုးဖြင့် ဖြေရှင်းကာ ပြည်သူလူထုအပေါ် လူမဆန်စွာ သတ်ဖြတ်ခြင်း၊ ဖိနှိပ်ခြင်းများ ကျူးလွန်နေသော်လည်း ပြည်သူတို့၏ ခုခံတော်လှန်မှု သည် ကြံ့ကြံ့ခံနိုင်စွမ်းရှိစွာဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ချီတက်လျက် ရှိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ အပါအဝင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတွင် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြ သော ကျောင်းသားအာဇာနည်များ၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားရဲဘော်များ နှင့် နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံးကို လေးနက်စွာ ဂုဏ်ပြုဦးညွတ်အပ်ပါသည်။
အာဇာနည်သူရဲကောင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင် ခေတ်အဆက်ဆက် အသက်စွန့် ခဲ့ကြသည့် အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်မှုများကို အစဉ်အမြဲ အောက်မေ့သတိရ လေးစားဂုဏ်ယူကာ တော်လှန်ရေးသစ္စာကို စောင့်သိရိုသေလျက် ပြည်သူလူထုတရပ်လုံး မျှော်လင့် တောင့်တလျက်ရှိသည့် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အောင်မြင်စွာ ထူထောင်နိုင်ရန် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တော်လှန်ရေးအင်အားစုများ အားလုံး နှင့်အတူ တွဲလက်ညီညီ ဖြင့် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးလေးနက်နက် သန္နိဋ္ဌာန်ပြုရင်း ဤသဝဏ်လွှာ ကို ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
13/03/2026
ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၃၈ နှစ်ပြည့်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်
======= ======= ======= =======
12/03/2026
စက်မှုတက္ကသိုလ်၏ သွေးစွန်းနေ့ရက်များ
၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ ညသန်းခေါင်အချိန်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ပင်မဆောင်ရှေ့၌ တရွှီးရွှီးဖြတ်သန်းနေသော သေနတ်ကျည် မီးတန်းများနှင့် မျက်ရည်ယို ဗုံးမီးခိုးများဖြင့် ပိတ်မှောင်မွန်းကျပ်နေပြီး အော်သံဟစ်သံများဖြင့်ဆူညံနေသည်။
နေ၀င်းစစ်တပ်သည် အင်းစိန်လမ်းမပေါ်နေရာယူပြီး BPI ဂိတ်မှကျောင်း၀န်းအတွင်းသို့ မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများဖြင့် မရပ်မနားပစ်ခတ်နေရာမှ ကျည်အစစ်အသုံးပြုထားသည့် သေနတ်များဖြင့် စစ်မြေပြင်သဖွယ် ကျောင်းသားများထံသို့ တရစပ်စတင်ပစ်ခတ်လာသည်။
ကျောင်းသားအများစုသည် ပင်မဆောင်အောက်သို့ ပြေး၀င်ကာ စုစည်းမိကြသော်လည်း မောင်မောင်(အမည်လွှဲ)မှာမူ ကျောင်းရှေ့ပန်းခြံ (ယခု Green Forest Area-Buffer Zone) ထဲတွင် ကျန်ရစ်နေခဲ့သည်။
မောင်မောင်တယောက် ဝမ်းလျားမှောက်သွားနေရာမှ ရေပန်းအဝိုင်းပတ်လမ်း အပြင်ဘက်ထောင့်ရှိ စိန်ပန်းပင်ကို အကာအကွယ်ယူ၍ ထိုင်ချလိုက်သည်။
မောင်မောင်၏ မျက်နှာတခုလုံးတွင် မျက်ရည်များ၊ ချွေးများဖြင့် စိုရွှဲမွန်းကျပ်၍ မောဟိုက်နေပြီး နေ၀င်းစစ်တပ်မှ ထိုးခွင်းထားသော မီးသတ်ပိုက်များ၏ အရှိန်ကြောင့် တစ်ကိုယ်လုံး စုတ်ပြတ်ပေလူးနေသည်။
ထိုအချိန်တွင် သူကျောမှီထားသော စိန်ပန်းပင်ကို တဖောင်းဖောင်းလာမှန်နေသော ကျည်ဆံများကို ခံစားလိုက်ရသည်။ သူ့ကို ပစ်မှတ်ထားနေကြပြီဟု မောင်မောင်သတိပြုမိပြီး ထိုင်နေသောမြောင်းဖုံးအောက်မှရေမြောင်းထဲသို့ဆင်း၍ အကာအကွယ်ယူရန် စဉ်းစားလိုက်သည်။
သို့သော်လည်း အခြေအနေက မပေးပါ။ ကျောင်းခြံစည်းရိုးဘက် လှမ်းကြည့်လိုက်သောအခါ နေ၀င်းလက်ပါးစေတပ်သားများ ခြံစည်းရိုးကို ကျော်၍ ၀င်လာနေသည်ကို မြင်လိုက်ရသည်။
မောင်မောင်အဖို့ အသက်ကိုဉာဏ်စောင့်ဆိုသလို ဒီနေရာမှခွာမှဖြစ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ငယ်ရွယ်မှု၊ သန်မာမှုနှင့် လျှင်မြန်ဖြတ်လတ်မှု အားလုံးကို အသုံးချလျှက် ကွန်ကရစ်လမ်းကို ခြေဖျားဖြင့် တစ်ချက်ထောက်ကာ ပန်းခြံအဝိုင်းထဲသို့ ဒိုင်ပင်ပစ်၀င်လိုက်သည်။
ယင်းသို့ လေထဲတွင် အလျားလိုက် ရှိစဉ်မှာပင် ၎င်း၏နောက်ကျောဘက်မှ ပူကနဲဖြစ်သွားပြီး ရင်ထဲမှာစူးအောင့်သောဝေဒနာ ခံစားလျှက် မျက်ခင်းပြင်ပေါ်သို့ပစ်ကျသွားသည်။
သူ့ကို ကျည်ဆံမှန်ပြီဟု သိလိုက်ရသည်။ ဘုရားသခင်ကို အာရုံံပြုလိုက်ပြီး ရင်ဘက်သို့ပွတ်သတ်ကြည့်ရာ ဒဏ်ရာမရှိ၊ ရင်သို့ပွင့်မထွက်ခဲ့သည်ကို သတိထားမိပြီး သို့ဆိုလျှင်မသေနိုင်သေးဟု တွေးကာ လေးဘက်ထောက်လိုက်သည်။
တစ်ချိန်ထဲမှာပင် သူ၏ ဘယ်ဘက်မျက်၀န်းတောင့်ဆီမှ ကျောင်းသားတစ်ယောက် ကားခနဲ ကွန်ကရစ်လမ်းပေါ်သို့လဲကျသွားသည်ကို မြင်လိုက်ရသည်။ မထနိုင်တော့။ အခြေအနေ ဆိုးပုံရသည်။ ၎င်းသည်ကား ကိုဖုန်းမော်ဖြစ်သည်။
ထို့နောက် ငါတို့ကို သေနတ်မှန်ပြီဟေ့ဟု အသံကုန်ဟစ်လျှက် မောင်မောင်သည် ပင်မဆောင်ဘက်သို့ လေးဘက်တွား ပြေးလာခဲ့သည်။ ပင်မဆောင်အောက်မှ ကျောင်းသားတချို့ပြေးဆင်းလာပြီး တချို့က သူ့ကိုဆွဲ၍ တချို့က ကိုဖုန်းမော်ကို ပြေးဆွဲကြသည်။
မောင်မောင့်ကို ပင်မဆောင် နာရီကြီးအောက်တွင် ထိုင်နေစေပြီး ကိုဖုန်းမော်ကိုမူ အလယ်ရှိ ကြယ်ဖြူကြီးရှိရာ ကြမ်းပြင်တွင် ချလိုက်ကြသည်။
ပင်မဆောင်တခုလုံးတွင် "ငါတို့ကျောင်းသားတွေ သေကုန်ပြီ" ဟုဆိုကာ ကျောင်းသားများ၏ ငိုယိုသံ၊အော်ဟစ်သံတို့ဖြင့် ဆူညံပွက်လောရိုက်နေသည်။ နံရံကို ခေါင်းဖြင့် ပြေးဆောင့်ကြသူများ၊ ငိုယိုလျှက် နံရံများ၊ တိုင်များကို လက်သီးဖြင့် ထိုး၊ ခြေဖြင့်ကျောက်သူများဖြင့် ဆောက်တည်ရာမရ ဆူညံ့ပွက်လောရိုက်နေသည်။
မောင်မောင်သည် ထိုင်နေသည့်နေရာမှ ကိုဖုန်းမော်ရှိရာသို့ လှမ်းကြည့်လိုက်ရာ ကိုဖုန်းမော်သည် တစ်ကိုယ်လုံးသွေးများ ပေလူးလျှက် မလှုပ်မရှား ငြိမ်သက်နေလေသည်။ ကိုဖုန်းမော်၏ ခန္ဓာကိုယ်မှ ဒဏ်ရာကိုပင် ရှာဖို့မလွယ်သည့် အခြေအနေဖြစ်သည်။
ကိုဖုန်းမော်ကို လှမ်းကြည့်နေရင်း ကိုယ်တိုင်လည်း သေနတ်ကျည်ကြောင့် နာကျင်နေသဖြင့် ကျည်ဆံမှန်ထားသောနေရာကို လက်ဖြင့် လိုက်လံစမ်းနေခဲ့သည်။
အနားမှ ကျောင်းသားတစ်ယောက် က ကူ၍ စမ်းကြည့်ပြီး " မတွေ့ဘူး ရှပ်မှန်တာ ဖြစ်မယ်" ဟု ဆိုသော်လည်း မောင်မောင်က " မဟုတ်ဘူး ကျည်ဆံက ငါ့ရင်ထဲမှာ၊ အောင့်နေတယ်" ဟုပြောလိုက်ရာ ထိုကျောင်းသားကပင် ထပ်မံစမ်းသပ်လိုက်ရာ လက်ညှိုးတစ်ချောင်းလုံး နစ်၀င်သွားသည်။
၎င်းသည် 'အား' ကနဲ အော်ကာ နေရာမှ ထွက်ပြေးသွားသည်။ မောင်မောင်လည်း မိမိအင်္ကျီစကို လိပ်၍ ကိုယ်တိုင်ပင် ဒဏ်ရာရှိရာနေရာသို့ ဖိထားရသည်။
ထိုအချိန် ဆရာများအနားသို့ရောက်လာပြီး ဒဏ်ရာရ ကျောင်းသားများကိုစစ်ဆေးသည်။ ကိုဖုန်းမော်မှာ သုံးချက်မှန်သည်။ ဒဏ်ရာပြင်းသည်။ အသက်ငွေ့ငွေ့သာရှုတော့ကြောင်း တွေ့ရှိရသည်။
" ငါ့တို့ကျောင်းသားတွေ အသေမခံနိုင်ဘူး။ ဆေးရုံ ပို့ရမယ်။ " ဟု ဆရာများက ပြောကာ ကိုဖုန်းမော်ကို Electrical မှ ဆရာဦးစိန်အေးနှင့် အခြား ဆရာတစ်ဦးကထမ်းသည်။ (ဦးစိန်အေးသည် ၁၉၈၈ ခုနှစ်အတွင်းမှာပဲ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လှည်းတန်းတွင် ကျဆုံးသည်။)
ရူပဗေဒ ဌာနမှူး ဦးသာလှိုင်နှင့် စက်မှုမှ ဆရာဦးအက်စ်ကျော်အေးတို့က ရင်၀တွင် သေနတ်မှန်ထားသည့် မောင်မောင့်ကို ထမ်းလျှက် ကျောင်းပြင်ပသို့ ထိုးထွက်ကြရာ နေဝင်းစစ်သားများက အပြင်းအထန် ဝိုင်းရိုက်ကြသည်။
" ကျနော်တို့ဆရာတွေပါ။ ကျောင်းသားတွေကို ဆေးရုံပို့ချင်လို့ပါ။" ဟုပြောပြီး တစ်ခဏအကြာ စစ်ကားတစ်စီးဖြင့် တင်ပေးလိုက်သည်။
မကြာမီ ခဝဲခြံမှတ်တိုင် အရောက်တွင် ဆရာများထံမှ " ဒီကလေး အသက်မရှုတော့ဘူးပဲ။ " ဟု ငိုကြွေးသံကို မောင်မောင်ကြားလိုက်ရသည်။ ကိုဖုန်းမော် ဘ၀တပါးသို့ ကူးပြောင်းသွားခဲ့ပြီ။
📍ကျွန်တော်က RIT တက်မှာ - ဖုန်းမော်
ကိုဖုန်းမော်တယောက် အိမ်ပြန်ရောက်တိုင်း သူတက်ရတဲ့သင်တန်းတွေအကြောင်းကို ကြွားလို့မဆုံးပင်။ တက်ကြွလှုပ်ရှားတတ်သူဖြစ်လို့ လူငယ် လုပ်အားပေးတွေကိုလည်း မကြာခဏ သွားသည်။
ဟိုသင်တန်းတက်၊ ဒီသင်တန်းတက်နှင့် ကျောင်းခန်းထဲတောင် ရောက်ရဲ့လားဟု မိသားစုကမေးလျှင် "ကျွန်တော်က အင်ဂျင်နီယာတက္ကသိုလ် RIT တက်မှာ၊ ကြည့်နေ" ဟု ပြန်ပြောတတ်သည်။
ဒီလိုနှင့် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ကနေ ဒုတိယနှစ်လည်းအောင်ပြီးရော လိုင်းခွဲတော့ ကိုဖုန်းမော်တစ်ယောက် စက်မှုတက္ကသိုလ်ကို ဓါတုအင်ဂျင်နီယာလိုင်းဖြင့် ၀င်ခဲ့သည်။
ကိုဖုန်းမော် ပဉ္စမနှစ်တက်ရောက်နေစဉ် ၁၉၈၆/၈၇ လောက်တွင် တိုင်းပြည်အခြေအနေသည် ပို၍ရှုပ်ထွေးလာခဲ့သည်။
တရားမ၀င်ငွေကြေး ကြေညာသည့်ကိစ္စကစပြီး လူထုအတွင်း မငြိမ်မသက်ဖြစ်နေကြသည်။ လူတိုင်းနီးပါး ဒုက္ခရောက်ကြသည်။ ဈေးတွေမှာလည်း လူတွေမရှိ။ လမ်းတွေပေါ်လည်း လူတွေပျောက်။ ဘယ်သူ့ကိုကြည့်ကြည့် ညိုးငယ်ငေးမှိုင်နေကြသည်။ လျှပ်စစ်မီးတွေ ခဏခဏပျက်သည်။ အခက်အခဲအကြပ်အတည်းအစုံပင်ဖြစ်သည်။
ဤကဲ့သို့ စနစ်ဆိုးအောက် ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်ညတွင် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်သည် အာဏာရှင်နေ၀င်း၏ လက်ချက်ဖြင့် တက္ကသိုလ်မြေအတွင်း ကျဆုံးခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မတ်လ (၁၄) ရက်နေ့လည် (၁) နာရီသတင်းတွင် မြန်မာ့အသံက ကြေညာရာတွင် ကိုဖုန်းမော်တစ်ယောက် ရန်ဖြစ်ရင်း ဆူးချွန်နှင့်အထိုးခံရသည်ဟု လိမ်လည်ဖတ်ကြားသွားသည်။
ဆေးရုံကြီးသို့ လိုက်ပါစုံစမ်းကြသော်လည်း ကိုဖုန်းမော် သေဆုံးသည် ဟုတ်မှန်ကြောင်းသာဆိုပြီး အလောင်းကိုကြည့်ခွင့်မပေးချေ။
ကိုဖုန်းမော်၏ အိမ်ရှေ့တွင် လူများ ရုတ်ရုတ်သဲသဲနှင့် ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌနှင့် ရပ်ကွက်လူကြီးတွေ၊ ထောက်လှမ်းရေးတွေ ရောက်လာခဲ့ကြသည်။ ည (၁၀) နာရီကျော်သည်အထိ အဆိုပါပုဂ္ဂိုလ်များ မပြန်ကြ။ မီးကလည်းပျက်နေသေးသဖြင့် လူအားလုံးသည် ဘက်ထရီမီးရောင်အောက်တွင် တဦးနှင့်တဦး မည်သူမှန်းပင် သဲသဲကွဲကွဲမရှိကြပေ။
မတ်လ (၁၅) ရက်တွင် ကိုဖုန်းမော်၏ သူငယ်ချင်းများ ရောက်ရှိလာပြီး ဖြစ်စဉ်ကို ပြောပြကြကာ ကိုဖုန်းမော်၏ အလောင်းကို ထောက်လှမ်းရေးလက်မှ ရအောင်ယူမည်ဟု ဆုံးဖြတ်ကြသည်။
ရန်ကုန်ဆေးရုံကြီး၏ တာ၀န်ကျဆရာ၀န်ကြီးမှ ထောက်လှမ်းရေးများမသိအောင် အလောင်းကို ပြသခဲ့ပြီး သင်္ဂြိုလ်သည့်နေ့ အလောင်းလာယူပါဟု မှာလိုက်သည်။
အသုဘအိမ်ရှေ့တွင် တဲထိုး၊ ခုံချပြီး ဘုတ်ပြားထောင်ကာ "မောင်ဖုန်းမော် (၂၃) နှစ် (RIT) ပဉ္စမနှစ်ကျောင်းသား ၁၃.၃.၁၉၈၈ ရက်နေ့တွင် ရုတ်တရက် ကွယ်လွန်သည် " ဟုရေးလိုက်သည်။
များမကြာမီတွင် ကမာရွတ်မြို့နယ်ရုံးက တဲထိုးထားတာတွေ၊ ထိုင်ခုံနေရာချထားတာတွေ သိမ်းပေးပါ၊ အသုဘအိမ်နဲ့တူအောင် မပြင်ဆင်ပါနဲ့ဟု ဖိအားပေးသည်။ တဖန် ကွယ်လွန်သူအမည် ဘုတ်ပြားထောင်ထားသည်ကို သိမ်းပေးရန် ထပ်ပြောပြန်သည်။
ကိုဖုန်းမော်၏ နာရေးကြေငြာကို သတင်းစာထဲတွင် ထည့်ပေးရန် နေ၀င်းက အစောပိုင်းတွင် ငြင်းဆိုနေခဲ့ပြီး မတ်လ ၁၆ ရက်နေ့တွင် ခွင့်ပြုပေးလိုက်သော်လည်း "ရုတ်တရက်" ဆိုသည့်စာလုံးကို ဖြုတ်ခိုင်းခဲ့သည်။
ကိုဖုန်းမော်ကို သင်္ဂြိုလ်မည့်ရက် မတ်လ ၁၇ ရက်နေ့တွင် နေအိမ်၌ သံဃာများကို မနက်စောစောပင့်ဖိတ်ပြီး သပိတ်သွတ် ဆွမ်းကပ်တရားနာဖို့ ပြင်ဆင်နေကြသည်။ ထိုအချိန်တွင် နေ၀င်းက မိသားစု၀င်များကို တွေ့ချင်တယ်၊ ဆွမ်းကပ်အမီ ပြန်ပို့ပေးမယ်ဟုဆိုသဖြင့် အတင်းအကြပ် လာရောက်ခေါ်ဆောင်သွားသည်။ ထို့နောက် ၅၁ လမ်း ရဲစခန်းတွင် သော့ခတ်ပိတ်လှောင်ထားခဲ့သည်။
မနက် (၆) နာရီခွဲတွင် ဂျပန်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားပြီး အလောင်းလိုက်ကြည့်ရန်နှင့် အစိုးရကသာ ဈာပနပြုလုပ်ပေးမည်ဟုဆိုကာ ကားပေါ်မှ အတင်းအဓမ္မဆွဲချခဲ့ကြသည်။
မနက် (၈) နာရီတွင် ကိုဖုန်းမော်၏အလောင်းကို အားလုံး၏ဆန္ဒနှင့်ဆန့်ကျင်စွာ မီးသင်္ဂြိုဟ်စက်ထဲသို့ အတင်းအကြပ် ထည့်လိုက်ကြတော့သည်။
ကိုဖုန်းမော်၏ ဈာပနကို ပို့ဆောင်ဖို့ ကြံတောသုသာန်မှာ လူ ၂၀၀၀ လောက် ရောက်နေခဲ့ကြသည်။ ထို့အပြင် တက္ကသိုလ် ဓမ္မာရုံတွင်လည်း ကျောင်းသားအများအပြား စောင့်နေခဲ့ကြသည်။ အင်းစိန် လမ်းမပေါ်တွင်လည်း ဈာပနလိုက်ပါပို့ဆောင်မည့်သူ အများအပြား။
သို့သော် ကိုဖုန်းမော်၏ ဈာပနာကား နေဝင်း၏တိုက်ရိုက်အမိန့်ဖြင့် အတင်းအကြပ် သတင်းဖုံးစီစဉ်ခြင်းကို ခံလိုက်ရနှင့်ပြီးဖြစ်သည်။
📍 ကိုစိုးနိုင်၏ နောက်ဆုံးနေ့ရက်များ
ကျောင်းသား ကိုဖုန်းမော်နှင့် ကိုမောင်မောင်(အမည်လွှဲ) တို့ကို တင်ဆောင်လာသည့်ကား ဆေးရုံသို့ ရောက်၍ အရေးပေါ်ခန်းမရှေ့ ရပ်လျှင်ရပ်ချင်း အသင့်စောင့်နေသော အင်္ကျီဖြူ ကော်လံကတုံးဝတ်ထားသည့် ထောက်လှမ်းရေးများ ချဉ်းကပ်လာပြီး ကားပေါ်မှ ကိုဖုန်းမော်၏ သက်မဲ့ ခန္ဓာကိုယ်ကို ဆွဲချသွားကာ မောင်မောင့်ကိုလည်း အောက်သို့ ဆင်းခိုင်းသည်။ အတူပါလာသော ဆရာများကိုမူ အခြားတစ်နေရာသို့ ခေါ်ဆောင်သွားကြသည်။
တာဝန်ကျ ဆရာဝန်ကြီးက စစ်ဆေးပြီးနောက် ကိုဖုန်းမော် အသက်မရှိတော့ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် ကိုမောင်မောင်အား စစ်ဆေးရန် ရောက်လာစဉ် ထောက်လှမ်းရေးများက ၎င်းကို ပေးမဖြေဘဲ စက်မှုတက္ကသိုလ်မှ ကျောင်းသားများ ကြို့ကုန်းရပ်ကွက် အရပ်သားများနှင့် ရန်ဖြစ်၍ ဒဏ်ရာ ရလာခြင်းဖြစ်ကြောင်း အတင်းဝင်ရောက် လိမ်လည်ပြောဆိုကြသည်။ မောင်မောင်၏ ကျောပြင်တွင် ရရှိလာသောဒဏ်ရာမှာ အရပ်သားများက အချွန်ဖြင့် ထိုးသဖြင့် ရရှိလာသောဒဏ်ရာဟု ထောက်လှမ်းရေးများက လီဆယ်ပြောကြသည်။
ဆရာဝန်ကြီးက ကျောမှဒဏ်ရာကို ဆေးထည့်နေစဉ် မောင်မောင်က ဤဒဏ်ရာမှာ အချွန်ဖြင့်ထိုး၍ ရသော ဒဏ်ရာမဟုတ်ကြောင်း၊ သေနတ်ဖြင့် အပစ်ခံရသောကြောင့် ရသောဒဏ်ရာဖြစ်ကြောင်း၊ ရင်ဘတ်ထဲတွင် ကျည်ဆံရှိကြောင်းနှင့် ဓာတ်မှန်ရိုက်ကြည့်ပါရန် လျှို့ဝှက်စွာတီးတိုးပြောဆိုလိုက်သည်။ ထို့နောက် ဆရာဝန်ကြီးက ဓာတ်မှန်ရိုက်ကြည့်ရာ ကျောင်းသားဖြစ်သူ၏ အသည်းထဲတွင် ကျည်ဆံကို တွေ့ရှိခဲ့သည်။
ယင်းသို့ အရေးပေါ်ဌာနတွင် ရှိနေစဉ် နံနက် ၃ နာရီခွဲ အချိန်လောက်တွင် ဒဏ်ရာရ ကျောင်းသားတစ်ယောက် ငြီးငြူလျှက် ရောက်ရှိလာသည်။ ၎င်းကား ကိုစိုးနိုင်ဖြစ်သည်။ ကိုစိုးနိုင်သည် အရေးပေါ်အခြေအနေဖြစ်သဖြင့် ချက်ချင်းပင် ခွဲခန်းအတွင်းသို့ သွင်း၍ ခွဲစိတ်မှုပြု လုပ်ခဲ့ပြီး နံက် ၅ နာရီ လောက်တွင် ခွဲခန်းမှ ပြန်ထွက်လာသည်။
၎င်းတို့နှစ်ဦးအား လူနာဆောင် အမှတ် ၉ ကုတင်အမှတ် ၂ နှင့် ၃ တို့တွင် နေရာချပေးခဲ့သည်။ ဆေးရုံရှိ သူနာပြု ဆရာမများသည် ကျောင်းသားများ ဒဏ်ရာရလာသည်ဟု ကြားသည်နှင့် သားသမီးရင်းချာသဖွယ် လာရောက်ပြုစုပေးကြသည်။
နံက်မိုးလင်းချိန်တွင် ကိုစိုးနိုင် သတိရလာပြီး လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ ကျည်ဆံသည် ကိုစိုးနိုင်၏အူများကို ဖြတ်သန်းသွားသဖြင့် ထိုအပိုင်းများကို ဖြတ်ထုတ်ကာ အူများပြန်ဆက်ထားရကြောင်း သူနာပြုများက ပြောပြကြသည်။
ညက တာဝန်ကျခဲ့သော တာဝန်ခံဆရာဝန်ကြီး ဒေါက်တာကြည်စိုးနှင့် ဒေါက်တာ ဂျယ်ရမီသာထွန်းတို့ လာရောက်၍ ဒဏ်ရာရ ကျောင်းသားများ၏အခြေအနေကို စစ်ဆေးနေစဉ် လူနာဆောင်အတွင်းသို့ ရဲများ အမြောက်အများ ဝင်ရောက်လာသည်။
ဒဏ်ရာရ ကျောင်းသားများသည် နိုင်ငံရေးပြစ်မှုရှိသူများဖြစ်၍ ဆေးရုံအောက်ထပ်ရှိ အချုပ်ဆောင် (Guard Ward)သို့ ပြောင်းရွှေ့ရန် ဆရာဝန်ကြီးများကို ဖိအားပေးရာ ဆရာဝန်ကြီးများနှင့် ရဲများအကြီးအကျယ် ပြသနာဖြစ်ကြတော့သည်။
ဆရာဝန်ကြီးများက ကျောင်းသားများ၏ အသက်အန္တရာယ်မှာ လွန်စွာ စိုးရိမ်ရကြောင်း၊ အသက်ရှင်ရန် အခွင့်အရေးပင် အလွန်နည်းကြောင်း၊ မည်သို့မှ ထွက်ပြေးရန် မဖြစ်နိုင်သည့် လူနာများဖြစ်သည့်အပြင် ဂရုတစိုက်ကြပ်မတ်ကုသရန် လိုအပ်ကြောင်းနှင့် အချုပ်ဆောင်သို့ ပို့ရန် မည်သို့မျှ ခွင့်မပြုနိုင်ကြောင်း အပြင်းအထန် တုန့်ပြန်သည်။
နောက်ဆုံးတွင် ကိုစိုးနိုင်တို့ နှစ်ဦးအား မူလခုတင်မှာပင် သံကြိုးများခတ်လျှက် ဆက်လက်ထားရှိရန်နှင့် ကျောင်းသားများ ထွက်ပြေးလွတ်မြောက်သွားခြင်း မရှိစေရန် ဆရာဝန်ကြီးမှ တာဝန်ယူရန် သဘောတူလိုက်ရသည်။
ထို့နောက် အသင့်ပါလာသော သံကြိုးများဖြင့် ကိုစိုးနိုင်တို့နှစ်ဦး၏ ခြေထောက်များကို ခုတင်တိုင်များဖြင့် ချည်နှောင်လျှက် သော့ခတ်လိုက်ကြသည်။
ကိုစိုးနိုင်မှာ အနည်းငယ်သက်သာလာသော်လည်း မောင်မောင်မှာမူ အသည်းတဖြေးဖြေး ရောင်လာကာ ရင်ဘတ်မှာ မို့မောက်လာပြီး အသက်ရှုရန်ပင် အလွန်ခက်လာလေသည်။ အသက်ရှင်ချင်စိတ် ကုန်ခမ်းလာ၍ မြန်မြန်သေနိုင်ပါတော့ဟု နှုတ်ခမ်းများကို ခဲလျှက် အသက်မရှူပဲ အကြိမ်ကြိမ်အောင့်၍ ကြိုးစားသော်လည်း နှုတ်ခမ်းများ ပေါက်ပြဲလျှက် သွေးစိမ်းရှင်ရှင် ထွက်ခြင်းသာ အဖတ်တင်သည်။ မောင်မောင့်မဖို့အစားအသောက် လုံးဝ မစားရပဲ အချိုရည်များသွင်း၍ ၄၃ ရက်တိတိ နေခဲ့ရသည်။
နောင်ရက်များတွင် သူငယ်ချင်းများ ရောက်ရှိလာကြပြီး စက်မှုတက္ကသိုလ်ကျောင်းသားများ သေနတ်ပစ်ခံရသည့်ကိစ္စ နေ၀င်းမှ သတင်းထိမ်ချန်ထားကြောင်း၊ စက်မှုတက္ကသိုလ် ကျောင်းသားများ ဆန္ဒထုတ်ဖော်ကြသဖြင့် အများအပြား အဖမ်းခံရကြောင်း၊ အဖြစ်မှန်ကို ရန်ကုန်တက္ကသိုလ်နှင့် RC 2 တို့သို့ သွားရောက်ရှင်းပြကြသဖြင့် ရန်ကုန်တက္ကသိုလ်နှင့် RC 2 တို့မှ ကျောင်းသားများလည်း အရေးဆိုမှုတွင် ပါဝင်လာကြောင်း ပြောပြကြသည်။ သို့သော် မတ်လ ၁၆ ရက်နေ့တွင်မူ တံတားဖြူမှ တံတားနီအဖြစ် ကြေကွဲဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။
ကိုစိုးနိုင်မှာမူကား တနေ့တခြား သက်သာလာသည်။ လာရောက်သတင်းမေးကြသူတိုင်းကို သူ့ထက် ဘေးက ကျောင်းသားကိုသာ ဂရုစိုက်ပါရန် ပြောရှာသည်။ နောက် သုံးရက်လောက်အကြာတွင် ကိုစိုးနိုင်တို့နှစ်ဦး၏ မိဘများ ရောက်ရှိလာသည်။
မောင်မောင့်အဖို့ ဓာတ်မှန်မကြာခဏ ရိုက်ရခြင်းသည် ဒုက္ခတစ်ခုပင်ဖြစ်သည်။ ကုတင်ပေါ်တွင်လှဲ၍လည်း ရိုက်ရသည်၊ အဆိုးဆုံးမှာ မတ်တတ်ရပ်၍ ရိုက်ရသောအချိန်များပင်။ နာကျင်မှုဒဏ်ကြောင့် မကြာခဏ ပျော့ခွေ၍ လဲကျသည် ၊ စိတ်ကိုတင်း၍ မတ်တပ်ရပ်ပြန်သော်လည်း ခြေထောက်များက မခံနိုင်၍ ဆတ်ဆတ်တုန်နေသည်။
ထိုမျှ ဒုက္ခရောက်နေချိန်တွင် ခြေထောက်တွင် ချည်ထားသော သံကြိုးကြီးများသည် လွန်စွာအေးစက်၍ လေးလံလှပြန်သည်။
ရဲများက ကိုစိုးနိုင်တို့၏ ခြေထောက်မှ သံကြိုးများကို အခြားသူများ မမြင်စေရန် စောင်ဖြင့်အုပ်ထားသည်။ မောင်မောင်ကမူ စိတ်ရှုပ်လွန်းသဖြင့် ထိုစောင်ကို မကြာမကြာ ကန်ချ၍ အခြားသူများမြင်စေသည်။
ကိုစိုးနိုင်မူကား လွန်စွာ နှလုံးအေးသူပင်၊ ဒဏ်ရာသက်သာသည့်အလျှောက် တပြုံးပြုံးနှင့် ဧည့်ခံနေလေသည်။ ခြေထောက်နှင့်ကုတင်ကို သံချိန်းကြိုးကြီးနှင့် ချည်ထားသည်ကိုလည်း စိတ်ဆိုးဟန်မပြ။အလျဉ်းသင့်သလို နားကြပ်ကလေးနှင့် သီချင်းနားထောင်နေသေးသည်။
မတ်လ နောက်ဆုံးပတ်တွင် ဦးနေ၀င်းလွှတ်လိုက်သည့် စုံစမ်းရေးကော်မရှင်မှ ပုဂ္ဂိုလ်များရောက်လာသည်။ ကိုစိုးနိုင်တို့အား ဖြစ်ပျက်ပုံ အလုံးစုံကို မေးမြန်း၍ မှတ်တမ်းတင်ကြသည်။
ကော်မရှင်လူကြီးများ၏ အစီရင်ခံစာထဲတွင် ဖြစ်စဉ်ကို လက်တွေ့နှင့် အနီးစပ်ဆုံး ခြုံငုံသုံးသပ်၍ တင်ပြခဲ့သော်လည်း ဗိုလ်နေ၀င်းက ၎င်းဖွဲ့စည်းပေးထားသည့် ကော်မရှင်ကိုပင် မသိကျိုးကျွံပြုလိုက်သည်။
မောင်မောင်သည် တဖြည်းဖြည်းနှင့် သက်သာလာသော်လည်း ကိုစိုးနိုင်မူကား ရောဂါဖောက်လာသဖြင့် မတ်လ ၂၉ ရက်နေ့တွင် ခွဲခန်းဝင်ရပြန်လေသည်။ သို့ရာတွင် သက်သာမလာခဲ့ချေ။
တာဝန်ခံ ခွဲစိတ်သမားတော်ကြီး ဒေါက်တာဦးကြည်စိုးမှ ချက်ချင်းပင် အူများကို ခွဲစိတ်ဖြတ်တောက်၍ ပြန်ဆက်ပေးခဲ့ပါသော်လည်း ဝမ်းဗိုက်ထဲတွင် ပြန့်နှံ့နေခဲ့သော အစာဟောင်းများမှ သွေးထဲသို့ စိမ့်ဝင်လျှက် သွေးအဆိပ်သင့်ခဲ့ရလေသည်။
ကိုစိုးနိုင်မှာ တဖြေးဖြေး ပို၍ အခြေအနေဆိုးလာသည်။ ဧပြီလ ၄ ရက်နေ့တွင် ဆရာဝန်ကြီးမှ နောက်တကြိမ် ထပ်မံခွဲစိတ်ခဲ့သည်။ ထိုနေ့ညနေ သတိရလာသောအချိန်တွင်မူ ကိုစိုးနိုင်မှာ လှုပ်လှုပ်ရွရွနှင့် မငြိမ်မသက်ဖြစ်လာကာ ထိန်းချုပ်မှု ကင်းမဲ့လာတော့သည်။
၁၉၈၈၊ ဧပြီလ ၅ ရက်နေ့ နံက် ၆ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီး၏ Ward 9 ထဲမှ ကျယ်လောင်သည့် သီချင်းသံတစ်ခု ထွက်ပေါ်လာသည်။ " ရဲရဲတောက် ဒို့ဗမာတွေ သတ္တိခဲတွေ . . " ဆိုသည့် အသံ။
အသံကြားရာဆီကို ဆရာဝန်တွေနဲ့ သူနာပြုတွေ အပြေးရောက်လာကြသည်။ သီဆိုနေသူသည်ကား ကုတင်အမှတ် ၁ မှ ကိုစိုးနိုင်ဖြစ်သည်။
ကိုစိုးနိုင်ကို သူ၏ဖခင် ဦးကျော်ရီနဲ့ သူငယ်ချင်းတစ်ယောက်က ဝိုင်းဖက်ပြီး ချုပ်ထားလေသည်။ သူဟာ အလွန်သန်မာစွာပင် ကုတင်ပေါ်က ရုန်းထနေဆဲဖြစ်သည်။ နှစ်ယောက်နှင့် မနိုင်သဖြင့် ၄ ယောက်ခန့် ဝိုင်းထိန်းနေကြရသည်။
ကိုစိုးနိုင်သည် သတိကင်းလွတ်နေခဲ့ပြီ။ အတင်းရုန်းထလိုက်၊ သီချင်းတွေ အကျယ်ကြီးအော်ဆိုလိုက်နှင့် တည်ငြိမ်မှု ကင်းမဲ့နေခဲ့ပါပြီ။
ဆရာဝန်ကြီး ဦးကြည်စိုးနဲ့ ဆရာဂျယ်ရမီသာထွန်းတို့ ရောက်ရှိလာကြသည်။ ဆရာဝန်ကြီးက ရဲတွေကို ကိုစိုးနိုင်ရဲ့ ခြေထောက်က သံကြိုးအား ဖြုတ်ခိုင်းသည်။ ကိုစိုးနိုင် တည်ငြိမ်မှုရစေရန် ဆေးများသွင်းပေးနေကြသည်။
မောင်မောင့်မှာမူ အခြေအနေကို ငေးကြည့်ရင်း ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အားငယ်ခြင်း၊ နားမလည်ခြင်းများဖြင့်ဆောက်တည်ရာမရ ဖြစ်နေလေသည်။ ဆေးရုံပေါ်မှာ ရဲဘော်ရဲဘက်အဖြစ် ၂၃ ရက်ကြာ အတူတူတက်ရောက်ခဲ့ကြသည့် သူငယ်ချင်းနှစ်ဦး၏ သံယောဇဉ်ကား ခိုင်မာနေပြီဖြစ်သည်။
၂၃ ရက်တာ ကာလတစ်လျှောက်လုံး မောင်မောင် လုံးဝမသက်သာခဲ့ဘဲ ကိုစိုးနိုင်သည်သာ သက်သာခဲ့ပြီး သတင်းလာမေးသူတိုင်းကိုလည်း တဖက်က ကျောင်းသားကိုသာ ဂရုစိုက်ပေးပါဟု တဖွဖွ ပြောရှာသူဖြစ်သည်။ ယခုတော့ သူဟာ အသိကင်းမဲ့သူ ဖြစ်နေပြီ။
သူစွဲလမ်းခဲ့ရာ " ရဲရဲတောက် " သီချင်းနှင့် " မောင်မောင့်ကို ဂရုစိုက်ကြပါ " ဆိုတာတွေကိုပဲ အော်ဟစ်ရင်း ရုန်းကန်နေလေသည်။ လွန်စွာ သွေးပျက်ချောက်ခြားဘွယ် နေ့တနေ့ပင်ဖြစ်သည်။
ဤသို့ဖြင့် နေ့ခင်းဘက်သို့ ရောက်လာသောအခါ ကိုစိုးနိုင်၏ အသံသည် တိမ်ဝင်လာသည်။ ဖခင် ဦးကျော်ရီသည်ကား နီရဲမို့အစ်နေသည့် မျက်နှာဖြင့် ဘေးတွင်ထိုင်လျက်။
ကိုစိုးနိုင်၏ကုတင်ကို လိုက်ကာများဖြင့် ကာလိုက်သည်။ အားလုံးလည်း အခြေအနေကို ရိပ်စားမိသည့်အလျှောက် သူငယ်ချင်းအတွက် ဝမ်းနည်း အားငယ်မှုတွေနဲ့ ငိုကြွေးနေကြသည်။
ညနေ ၅ နာရီထိုးခါနီးအချိန်တွင် ကိုစိုးနိုင်၏ ကုတင်ဆီမှ မိသားစုများ၏ ကျယ်လောင်စွာ ငိုရှိုက်လိုက်သံသည် အားလုံးကို တုန်လှုပ်စေလေတော့သည်။
အသက် ၂၃ နှစ်အရွယ်၊ စက်မှုတက္ကသိုလ်၊ ပဉ္စမနှစ်(Mining) ကျောင်းသားငယ် ကိုစိုးနိုင်သည် သူချစ်တဲ့တက္ကသိုလ်၊ သူချစ်တဲ့သူငယ်ချင်းများနဲ့ သူချစ်တဲ့ အမိမြန်မာပြည်ကြီးကို ၁၉၈၈၊ ဧပြီလ (၅) ရက်နေ့တွင် စွန့်ခွာသွားရှာလေသည်။
📍 တရားမျှတမှုကို မမြင်လိုက်ရရှာသည့် မိသားစုတစ်ခု
၁၉၈၈ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ ကိုစိုးနိုင် ကွယ်လွန်ပြီး နောက်တစ်နေ့တွင်ပင် စျာပနကို စစ်ထောက်လှမ်းရေးများက ဦးဆောင်ပြီး လျှို့ဝှက်စွာ စီစဉ်လိုက်ကြသည်။
ကိုစိုးနိုင်၏ ဖခင်နှင့် ဆေးရုံတက်စဉ်ကာလက အရင်းနှီးဆုံးသူများသာ လိုက်ပါပို့ဆောင်ခွင့်ရခဲ့ကြသည်။
ထိုညနေတွင်ပင် ဖခင်ဖြစ်သူ ဦးကျော်ရီ ပုသိမ်သို့ ပြန်မည်ပြုရာ စစ်ထောက်လှမ်းရေးများက ဆယ်တန်းစာမေးပွဲများ ဖြေနေချိန်ဖြစ်သဖြင့် သတင်းပေါက်ကြားသွားလျှင် ကျောင်းသားများ ဆူပူကြမည်ကို စိုးရိမ်သည်ဟု ဆိုကာ မပြန်ရန် တားဆီးသည်။
ဦးကျော်ရီက ခင်ဗျားတို့ကို မယုံကြောင်းနှင့် အိမ်မပြန်စေလျှင် ညီမဖြစ်သူ၏ အိမ်တွင် သွားရောက် နေထိုင်မည်ဟုဆိုကာ ပုသိမ်သို့ တိတ်တဆိတ်ပြန်လာခဲ့သည်။
ဆယ်တန်းစာမေးပွဲများပြီးမှ ကိုစိုးနိုင်အတွက် ရက်လည်ဆွမ်းသွတ်ခွင့်ခဲ့ရသည်။
ကိုစိုးနိုင်၏ စိတ်ဖြင့်ပင် ဆယ်တန်းကျောင်းသား အငယ်ဆုံးညီဖြစ်သူမှာ သွက်သွက်ခါအောင် ရူးသွပ်သွားခဲ့ရသည်။
ဖခင်ဦးကျော်ရီမှာမူ သားစိတ်ဖြင့် တစ်နှစ်ခန့် အကြာတွင် ကွယ်လွန်ခဲ့ရတော့သည်။
မိခင်ဖြစ်သူသည်လည်း စိတ်ဒဏ်ရာများစွာဖြင့် နေထိုင်လာရင်း ၂၀၁၆ ခုနှစ်တွင် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့သည်။
ကိုစိုးနိုင်တို့ မိသားစုသည် ၎င်းတို့အတွက် တရားမျှတမှုကို သက်ရှိထင်ရှားရှိနေချိန်အတွင်း မမြင်တွေ့ သွားခဲ့ရပေ။
(ကိုစိုးနိုင်၏ မိခင်ထံ ကိုစိုးနိုင်နှင့်ပတ်သက်သည့် ဂုဏ်ပြုလွှာကို သွားရောက်ပေးအပ်ခဲ့စဉ် လွမ်းတသသဖြင့် ကြည့်ရှုနေသည့် မိခင်ဖြစ်သူ၏ မှတ်တမ်းကို Comment တွင် ကြည့်နိုင်ပါသည်)
(ကိုစိုးနိုင်၏ မိခင်ထံ ကိုစိုးနိုင်နှင့်ပတ်သက်သည့် ဂုဏ်ပြုလွှာကို ကျောင်းသားဟောင်းများ သွားရောက်ပေးအပ်ခဲ့စဉ် လွန်ခဲ့သော နှစ်များက ပုံကို Comment တွင် ကြည့်နိုင်ပါသည်)
30/11/2025
သမားရိုးကျ ရုံးစာ အရေးအသားမဟုတ်ဘဲ
ရိုးရှင်းတဲ့ သတင်းစကားလေးပဲ ပေးပို့ပါရစေ။
" အရာအားလုံး မနေ့ တနေ့ကလိုပါပဲ "
13/03/2025
CRPH ၏ သဝဏ်လွှာ
13/03/2025
NUCC ၏သဝဏ်လွှာ
ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ပေးပို့သော သဝဏ်လွှာ
ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၃)ရက်
၁။ ရန်ကုန် စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကို ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် နေဝင်းဦးဆောင်သည့် အကြမ်းဖက်စစ်တပ်မှ တက္ကသိုလ်ပရဝဏ်အတွင်း၌ပင် ရက်စက်စွာ ပစ်သတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၇) နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် လူငယ်များ၊ ကျောင်းသား/သူများ ကဲ့သို့သော အနာဂတ်မျိုးဆက်များအပေါ် စစ်အာဏာရှင်များ အနေဖြင့် လူမဆန်စွာ ဖိနှိပ်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ရသော လူငယ်များ၊ ကျောင်းသား/သူများ အတွက် အထူးဝမ်းနည်း ကြေကွဲရကြောင်းကို ယနေ့အခမ်းအနားတွင် လေးနက်စွာ ပြောကြားလိုပါသည်။
၂။ ခေတ်အဆက်ဆက်တွင် တိုင်းပြည်၏အချုပ်အခြာအာဏာ၊ တန်းတူညီမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို စစ်လက်နက်အားကိုး၍ ဗိုလ်ကျခြယ်လှယ်ရန် စဥ်ဆက်မပြတ် ကြိုးစားခဲ့ ကြသည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များကို အန်တုရင်ဆိုင် တွန်းလှန်တော်လှန်ရင်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ဖြင့် ပြည့်စုံသော တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ရဲဘော် လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ၏ ရဲရင့်သည့် သတ္တိ၊ တိုင်းပြည်အပေါ် ထားရှိသည့် စိတ်စေတနာတို့သည် ယနေ့တိုင် တည်ရှိနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြရပါသည်။
၃။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် စစ်အာဏာရှင်စနစ်နှင့် မည်သို့သော အာဏာရှင်စနစ်မဆို အပြီးသတ်ချုပ်ငြိမ်းနိုင်ရေးအတွက်လည်းကောင်း၊ ပြည်သူတရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံပြီး နိုင်ငံသားအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန် အသိအမှတ်ပြုလေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဥ်တွဲနေထိုင်နိုင်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအား တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။
၄။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းစေခြင်းနှင့် တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် ခေတ်အဆက်ဆက် ပေးဆပ်အနစ်နာခံခဲ့ရသော ပြည်ထောင်စုသားများ၊ လူငယ်များ၊ ကျောင်းသား/သူများ၏ ပေးဆပ်မှုကို အလေးအနက်ထား မှတ်ကျောက်တင်လျက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ် အစိတ်အပိုင်း (၁) ရှိ ပြဋ္ဌာန်းချက်များပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များ၊ စံတန်ဖိုးများကို နိုင်ငံရေးလမ်းပြမြေပုံပါ လမ်းညွှန်ချက်များအတိုင်း မလွဲမသွေအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သံန္နိ ဋ္ဌာန်ပြု ပြောကြားလိုပါသည်။
တော်လှန်ရေးသစ္စာဖြင့်
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
13/03/2025
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏သဝဏ်လွှာ
13/03/2025
ယာယီသမ္မတ ဒူဝါလရှီးလ၏ သဝဏ်လွှာ
13/03/2025
တော်လှန်ရေး အဖွဲ့အစည်းများအားလုံး တစိတ်တဝမ်းတည်း ဟန်ချက်ညီညီ ဆောင်ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်း
" ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း နှစ်ပတ်လည်နေ့များကို ၄င်းတို့ အသက်ပေးသွားခဲ့ရသည့် မိခင်တက္ကသိုလ်မြေတွင် လွတ်လပ်ပြီး အနှစ်သာရ ပြည့်ဝစွာ အမြန်ဆုံးပြန်လည်ကျင်းပခွင့်ရရှိရေးသည် မိမိတို့၏ တခုတည်းသောစိတ်ဆန္ဒ ဖြစ်ပါသည်။ ယင်းအခြေအနေမှာ ကိုဖုန်းမော်၊ ကိုစိုးနိုင်အပါအ၀င် ပေးဆပ်ခဲ့ကြသော ပြည်သူများစွာအတွက် တရားမျှတမှုကို ရယူပေးပြီး ပြည်သူတရပ်လုံး လိုလားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်မည်မှသာ ဖြစ်ပေါ်နိုင်မည်ဖြစ်သဖြင့် အကြမ်းဖက်စစ်အာဏာရှင် ယန္တရားတခုလုံး အမြစ်ပြတ်နိဂုံးချုပ်ရေး တော်လှန်ရေး အဖွဲ့အစည်းများအားလုံး တစိတ်တဝမ်းတည်း ဟန်ချက်ညီညီ ဆောင်ရွက်ကြပါရန် လေးလေးနက်နက် ထပ်မံတိုက်တွန်းလိုက်ပါသည်။ "
31/12/2024
" ပြန်ဆုံကြရမည့်နေ့ရက်သို့
တရက်တိုး၍ နီးစပ်လာပါပြီ "
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |