29/08/2022
ဒီကာလမှာ online ကနေ ပညာသင်ယူနေသူတွေ ၊ ဆက်လက်သင်ယူဖို့ ကြိုးစားသူတွေ များလာတာနဲ့အမျှ course / school တစ်ခုကို ဘယ်လို ရွေးချယ်သင့်တယ်ဆိုတာကို သိသလောက်ပြန်လည်မျှဝေလိုက်ပါတယ်။ တစ်ပုံချင်းစီထောက်ပြီးတော့လည်း ဖတ်သွားလို့ရပါတယ်။
၁။ သင်တန်းတက်ဖို့ရည်ရွယ်ချက်
အရင်ဆုံးအနေနဲ့ ကိုယ်သင်တန်းတက်ချင်တဲ့ ရည်ရွယ်ချက်ကို သိဖို့လိုအပ်ပါမယ်။
- (ပြည်တွင်း / ပြည်ပ) အလုပ်လျှောက်ဖို့အတွက်လား
- လက်ရှိအလုပ်ကို ပိုအထောက်အကူပြုဖို့လား
- တက္ကသိုလ် ပညာရေးအနေနဲ့ တက်မှာလား
- ဗဟုသုတအနေနဲ့ သိချင်ရုံလား စသည်ဖြင့် ဆုံးဖြတ်ဖို့လိုပါလိမ့်မယ်။ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီးတော့ တက်သင့်တဲ့ သင်တန်းအမျိုးအစားတွေလည်း ကွာခြားသွားပါလိမ့်မယ်။
၂။ ရည်ရွယ်ချက်အလိုက် ဘယ်လိုသင်တန်းတက်မလဲ
အလုပ်လျှောက်ဖို့အတွက်ဆိုရင်တော့ ဘာသာရပ်အလိုက် ဒါမှမဟုတ် လုပ်ငန်းခွင်အလိုက် နာမည်ရှိပြီးသား အဖွဲ့အစည်းတွေကနေပေးတဲ့ သင်တန်း ၊ certification exam တွေကို စဉ်းစားသင့်ပြီး ၊ လက်ရှိအလုပ်ကို ပိုအထောက်အကူပြုဖို့ဆိုရင်တော့ ခုနက သင်တန်းတွေ အပြင် မိမိလေ့လာလိုတဲ့ ပညာရပ်မှာ နာမည်ရထားတဲ့ ကျွမ်းကျင်ပညာရှင်တွေဆီက သင်တန်းတွေကို ရွေးဖို့ စဉ်းစားသင့်ပါတယ်။ အလုပ်လျှောက်ဖို့ဆိုတဲ့ နေရာမှာ ပြည်တွင်းမှာ အလုပ်လျှောက်မှာလား ၊ ပြည်ပမှာအလုပ်လျှောက်မှာလားဆိုတာကိုပါ ထည့်ပြီးစဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။ ပြည်တွင်းမှာ လျှောက်ဖို့စဉ်းစားတာဆိုရင်တော့ ပြည်တွင်းကသင်တန်းတွေကို စဉ်းစားသင့်ပါတယ်။ ဘာလို့လဲဆိုရင်တော့ အလုပ်လျှောက်တဲ့အခါမှာ အလုပ်ခန့်မည့်သူက သင်တက်ရောက်ထားတဲ့ သင်တန်းကို ကြားဖူးသူ ရင်းနှီးကျွမ်းဝင်သူ ဒါမှမဟုတ် တက်ရောက်ခဲ့ဖူးသူဖြစ်နေရင် အလုပ်ရနိုင်ဖို့အခွင့်အရေးက ပိုများနိုင်လို့ပါပဲ။ ပြည်ပမှာ အလုပ်လျှောက်ဖို့စဉ်းစားတယ်ဆိုရင်တော့ ဘာသာရပ်အလိုက် နိုင်ငံတကာအသိအမှတ်ပြု certification တွေ ဒါမှမဟုတ် ကမ္ဘာ့နာမည်ကြီးအဖွဲ့အစည်း ၊ ကုမ္ပဏီတွေက ပေးတဲ့ certification တွေကို စဉ်းစားသင့်ပါတယ်။ တက္ကသိုလ်ပညာရေးအနေနဲ့ တက်ဖို့ စဉ်းစားရင်တော့ နိုင်ငံတကာတက္ကသိုလ်တွေကနေပေးတဲ့ online bachelor degree တွေကို စဉ်းစားသင့်ပါတယ်။ ဗဟုသုတအနေနဲ့ သိချင်ရုံပဲဆိုရင်တော့ အများကြီးစဉ်းစားဖို့မလိုပါဘူး။
၃။ Instructor-Led vs Self-Paced
Online သင်တန်းတွေတက်တဲ့အခါမှာလည်း Zoom လိုမျိုး video call software နဲ့ ဆရာက တိုက်ရိုက်သင်ကြားပေးတဲ့ Instructor-Led ဒါမှမဟုတ် ပြင်ဆင်ထားပြီးသား video ကိုမိမိကြိုက်တဲ့အချိန်ဝင်ကြည့်လို့ရတဲ့ Self-paced သင်တန်းလား ဆိုပြီး ၂ မျိုး အဓိက ရွေးချယ်စရာတွေ့မှာပါ။ ပြည်တွင်းမှာတော့ Instructor-Led သင်တန်းတွေအများဆုံးတွေ့ရမှာဖြစ်ပြီး နိုင်ငံတကာ online course တွေကတော့ Pre-recorded self-paced တွေများတာကို တွေ့ရမှာပါ။ (၂) မျိုးလုံးမှာတော့ သူ့ကောင်းကျိုးနဲ့သူရှိပါတယ်။ ဆရာနဲ့တိုက်ရိုက်သင်ကြားရတဲ့သင်တန်းတွေမှာဆိုရင်
- ကိုယ်မေးချင်တာတွေအလွယ်တကူမေးလို့ရတယ်
- အတူတက်တဲ့ သင်တန်းသားတွေနဲ့ သိကျွမ်းခွင့်ရတယ်
- အချိန်သတ်သတ်မှတ်မှတ်နဲ့ တက်ဖြစ်စေတယ်
- ပြည်တွင်းသင်တန်းဆိုရင်တော့ နိုင်ငံတကာ နဲ့ မတူတဲ့ ပြည်တွင်းလုပ်ထုံးလုပ်နည်းတွေသိရနိုင်တယ်
Self-paced course တွေဆိုရင်တော့
- ကိုယ်ကြိုက်တဲ့အချိန်ကိုယ်တက်လို့ရတယ်
- အချိန်ပေးနိုင်ရင် မြန်မြန်သင်တန်းပြီးနိုင်တယ်
- Instructor-Led နဲ့ ယှဉ်ရင် ပိုဈေးသက်သာလေ့ရှိတယ်
တကယ်လို့သင်ဟာ အချိန်စီမံခန့်ခွဲမှုကောင်းတဲ့သူဖြစ်ပြီး ၊ အချိန်လည်းရှိတယ် သင်တန်းကိုလည်းမြန်မြန်ပြီးချင်တယ်ဆိုရင်တော့ self-paced course တက်တာအဆင်ပြေနိုင်မှာပါ။ တကယ်လို့ သင်က မေးချင်တာတွေအလွယ်တကူမေးလို့ရတဲ့ သင်တန်းမျိုး ၊ အသိအကျွမ်းမိတ်ဆွေတိုးနိုင်တဲ့ သင်တန်းမျိုးလိုချင်တယ်ဆိုရင်တော့ Instructor-Led သင်တန်းတွေကို စဉ်းစားသင့်ပါတယ်။
၄။ ရရှိမယ့် ဘွဲ့လက်မှတ်အမျိုးအစား
အချို့သောအလုပ်အကိုင် ၊ ပညာရပ်တွေဟာ certification ရှိခြင်း ၊ မရှိခြင်းထက် အမှန်တကယ် လုပ်နိုင်စွမ်းရှိမရှိကို ကြည့်ကြပါတယ်။ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာ နဲ့ နည်းပညာနဲ့ဆက်နွယ်နေတဲ့ အလုပ်အကိုင် ၊ ပညာရပ်တွေမှာ certificate ထက် သင်ဘာလုပ်နိုင်သလဲဆိုတာကို အဓိကကြည့်ကြပါတယ်။ Certificate ဆိုတဲ့ နေရာမှာလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့သော online course တွေက သင်ယူမှုပြီးမြောက်ခြင်းအတွက် Certificate of Completion ကိုပေးပါတယ်။ အခမဲ့သင်တန်းအများစုဟာ certificate of completion ကိုသာပေးပါတယ်။ အချို့သင်တန်းတွေကတော့ online မှာ ဒါမှမဟုတ် အပြင်မှာ စာမေးပွဲပြန်ဖြေရတာ ၊ assignment ထပ်ရတာတွေ လုပ်ရပြီး professional certificate ဒါမှမဟုတ် nano-degree ပေးပါတယ်။
အလုပ်လျှောက်ဖို့ အတွက် တက်တာဆိုရင်တော့ သင်တန်းမရွေးချယ်ခင်မှာ ကိုယ်ရမယ့် certificate က အလုပ်ရဖို့ အထောက်အကူပြုမှာလားဆိုတာကို ရှာဖွေလေ့လာကြည့်သင့်ပါတယ်။ တက္ကသိုလ်ပညာရေးတစ်ခုအနေနဲ့ သင်လိုတာဆိုရင်တော့ online ကနေပဲ နိုင်ငံတကာတက္ကသိုလ်တွေက ပေးတဲ့ Bachelor Course တွေကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒီနေရာမှာတော့ နိုင်ငံတကာတက္ကသိုလ်တွေက သူတို့ရဲ့ ကိုယ်ပိုင် platform ကနေ တစ်ဆင့် သင်ကြားပေးတာလည်းရှိသလို ၊ Coursera လိုမျိုး website တွေကနေတစ်ဆင့်သင်ကြားပေးတာတွေလည်းရှိပါတယ်။ Bachelor program တွေကတော့ UOPeople လိုမျိုး ငွေကြေးသက်သာတဲ့ course တွေရှိသလို တက္ကသိုလ်အလိုက် ဒေါ်လာသောင်းဂဏန်းပေးရတဲ့ course တွေလည်းရှိပါတယ်။
၅။ သင်ရိုးညွှန်းတမ်း နဲ့ သင်ကြားမှုပုံစံ
သင်ရိုးညွှန်းတမ်းက သင်တန်းရွေးတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အရေးအကြီးဆုံးအချက်တစ်ခုပဲဖြစ်ပါတယ်။ ဘာသာရပ် ၊ အလုပ်အကိုင်ပေါ်လိုက်ပြီး သင်မယ့်အကြောင်းအရာတွေက ကိုယ်သင်ချင်တာတွေ ပါမပါ ၊ လုပ်ငန်းခွင်မှာ လိုအပ်တဲ့အရာတွေပါမပါဆိုတာကို သေသေချာချာကြည့်ဖို့လိုအပ်ပါတယ်။ ပညာရပ်အစိတ်အပိုင်းတစ်ခုတည်းကိုပဲ အထူးပြုတဲ့ သင်တန်းမျိုးတွေဆိုကိစ္စမရှိပေမယ့် သင်တန်းကြီးတွေဆိုရင် ဘာတွေသင်မှာလဲဆိုတာကို သေသေချာချာသိဖို့ပိုလိုအပ်ပါတယ်။ ဥပမာ သင့်အနေနဲ့ PowerBI Software ကို သင်ချင်တာကြောင့် PowerBI သင်တန်းတက်တာ ရွေးချယ်ရလွယ်ကူပေမယ့် ၊ Data Analytics ဘာသာရပ်ကြီးတစ်ခုအနေနဲ့တက်မယ်ဆိုရင် PowerBI ရော သင်မှာလား ၊ Tableau ပဲ သင်မှာလား စသည်ဖြင့် curriculum ကို သေသေချာချာ ကြည့်ဖို့လိုအပ်ပါတယ်။
သင်ကြားမှုပုံစံဆိုတဲ့နေရာမှာ လက်တွေ့ project တွေပါမှာလား ၊ video တွေနဲ့ အဓိက သင်မှာလား ၊ စာများများဖတ်ရမှာလား ၊ assignment ထပ်ရမှာလား ၊ group discussion တွေပါမှာလား စသည်ဖြင့် ဘယ်လိုပုံစံနဲ့သင်မှာလဲဆိုတာကို စုံစမ်းကြည့်သင့်ပါတယ်။
၆။ သင်တန်းကြေး
သင်ကြားပေးတဲ့ အဖွဲ့အစည်း ၊ သင်ရိုးညွှန်းတမ်း ၊ သင်ကြားမှုပုံစံ ၊ ပေးအပ်တဲ့လက်မှတ်နဲ့ ဘာသာရပ်ပေါ်လိုက်ပြီး သင်တန်းကြေးတွေက အခမဲ့ကနေ ဒေါ်လာသောင်းချီပြီးကုန်ကျတဲ့သင်တန်းတွေပါရှိပါတယ်။ သင်တန်းကြေးပေးရတဲ့ပုံစံတွေလည်းကွာခြားမှုရှိပါတယ်။ LinkedIn Learning, SkillShare စတဲ့ platform တွေဟာ subscription plan နဲ့ လအလိုက် ဒါမှမဟုတ် နှစ်အလိုက် သင်တန်းကြေးပေးရပြီး သင်တန်းကြေးပေးပြီးရင် သင်ခန်းစာပေါင်းများစွာထဲက မိမိစိတ်ကြိုက် သင်တန်းကို ဝင်တက်လို့ရပါတယ်။ Coursera ဆိုရင်တော့ ပေးတဲ့ certificate အမျိုးအစားပေါ်မှာမူတည်ပြီး subscription plan နဲ့ သင်တန်းတွေလည်းရှိသလို Course တစ်ခုချင်းအလိုက် သင်တန်းကြေးပေးသွင်းရတာတွေလည်းရှိပါတယ်။ ဒါ့အပြင် အခမဲ့ သင်လို့ရပြီး Certification လိုချင်တယ်ဆိုမှ သင်တန်းကြေးပေးလို့ရတယ် သင်တန်းတွေလည်းရှိပါတယ်။ အလားတူပဲ သင်ကြားရေးကို အခမဲ့ပေးပြီး Certification လိုချင်တဲ့အခါမှ စာမေးပွဲကြေးသွင်းပြီး စာမေးပွဲဖြေရတဲ့ သင်တန်းတွေလည်းရှိပါတယ်။ ဥပမာအားဖြင့် Meta (Facebook) ရဲ့ Professional Blueprint Certification exam တွေဟာ စာမေးပွဲကြေးသွင်းပြီး စာမေးပွဲဖြေဆိုပြီးမှ Certificate ရရှိတာဖြစ်ပါတယ်။
အခမဲ့သင်တန်းတွေဟာတော့ များသောအားဖြင့် အဖွဲ့အစည်းတစ်ခုခုရဲ့ထောက်ပံ့မှုနဲ့ အခမဲ့သင်ကြားပေးတာ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုခုက မိမိထုတ်လုပ်ထားတဲ့ ဝန်ဆောင်မှုတစ်ခုခုကို အသုံးပြုသူပိုများလာစေချင်လို့ သင်ပေးတာမျိုးတွေများပါတယ်။ ဥပမာ Google ရဲ့ Google Ads Certification တွေဟာ Google ရဲ့ Ads platform အသုံးပြုနည်းကို အဓိကထားသင်ကြားပေးတဲ့ အခမဲ့ certification တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော online course တွေဟာ financial aid ပြန်လည်လျှောက်ထားလို့ရပါတယ်။