12/06/2022
လူတိုင်းသိထားသင့်တဲ့ Q (၅)လုံးအကြောင်း
=================================
လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို
သာမန်အားဖြင့် (IQ) နဲ့တိုင်းထွာလေ့ရှိပါတယ်။
အပြည့်အစုံကတော့ Intelligence Quotient (IQ)လို့ ခေါ်ပါတယ်။ လူတစ်ဦးရဲ့ ဉာဏ်ရည်ထက်မြက်မှုကို
စနစ်တ ကျတိုင်းထွာပြီး ရလာတဲ့အဖြေ Quotient
ကို ရည်ညွှန်းပြီးသတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
လွယ်လွယ်ပြောရရင် ဉာဏ်ရည်ထက်မြက်သူကို
တော်တဲ့သူလို့သတ်မှတ်ကြတယ်။ IQ မြင့်တဲ့သူဟာ
တော်တယ်။ IQ နိမ့်တဲ့သူဟာ ညံ့တယ်လို့ပဲ ယူဆကြ
ပါတယ်။ နိုင်ငံခြားမှာတော့ IQ ကို စနစ်တကျတိုင်း
ထွာမှုတွေလုပ်ကြတယ်။
မြန်မာပြည်မှာတော့ ကျွန်တော်သိသလောက် စနစ်တကျ လုပ်ထားတာမရှိပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ IQ ဟာ ပျမ်းမျှခြင်း (၈၀) နဲ့ (၁၂၀) အကြားရှိကြပါတယ်။
(၁၂၀) ထက်များရင် သိပ်ထူးချွန်တယ်လို့ သတ်မှတ်
ပြီး (၈၀) ထက်နည်းရင်တော့ ဉာဏ်ရည်နိမ့်တယ်လို့
ပြောလေ့ရှိကြပါတယ်။"IQ" ဟာဗီဇအပေါ်အခြေခံတယ်။
တစ်နည်းပြောရရင် မိဘမျိုးရိုးအပေါ် မူတည်ပါတယ်။
IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်ကအစပြုပြီး အသက် (၁၁) နှစ်နဲ့ (၁၂) နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိတော့တာ တွေ့ရပါတယ်။
တစ်နည်းပြောရင် IQ ဟာ မွေးရာပါအရည်အချင်း
တစ်ရပ် ဖြစ်ပါတယ်။ IQ ကိုတစ်ဖက်က "Mental
Intelligence" ဉာဏ်ရည်ထက်မြက်မှုလို့ ဆိုကြတယ်။
သမားရိုးကျပညာ ရေးစနစ်ဟာ IQ ကိုသာ အာရုံ
စိုက်တာတွေ့ရတယ်။ ကျောင်းစာမှာတော်ဖို့ မိဘ
တွေရော၊ ဆရာ၊ ဆရာမတွေပါ တိုက်တွန်းကြတယ်။
စာတော်ခြင်းတစ်ခုတည်းကိုသာ အလေးထားကြ
တယ်။ ဒါကြောင့်လည်း အားကစားမလုပ်ဖို့၊ အနု
ပညာမလိုက်စားဖို့၊ ပေါင်းသင်းဆက်ဆံမှုမှာ အာရုံ
မစိုက်ဖို့တိုက်တွန်းပြီး စာတော်ခြင်းဆိုတဲ့ တစ်လမ်း
သွားဖွံ့ဖြိုးမှုကို အားပေးခဲ့ကြပါတယ်။
အခုခေတ်မှာတော့ဉာဏ်ရည်ထက်မြက်မှုကို (၅)မျိုးရှိတယ်လို့ လက်ခံလာကြပါပီ။ လူတစ်ယောက်ဟာ အောင်မြင်တဲ့သူ
ဖြစ်ဖို့ ဒီဉာဏ်ရည်ထက်မြက်မှု (၅)မျိုးကို ပြုစုဖို့လိုအပ်တယ်လို့ လက်ခံလာခဲ့ကြပါတယ်။
(1) ပထမဆုံးဉာဏ်ရည်ထက်မြက်မှုကတော့
"Physical Intelligence (PQ)" ဖြစ်ပါတယ်။
ရုတ်တရက် ကြည့်ရင် (PI) ဖြစ်သင့်တယ်လို့
ထင်ကြမှာပါပဲ။ ဒါပေမယ့်စောစောက ကျွန်တော်
တင်ပြခဲ့သလို Quotient ဆိုတဲ့ရလဒ်အဖြေကို ရည်
ညွှန်းတာပါ။
PQ ကအမှန်တော့ ကျန်းမာရေးနဲ့ဆိုင်ပါတယ်...
လူတစ်ယောက်ဟာ ကျန်းမာဖို့လိုအပ်တယ်။
မကျန်းမာရင်ကျန်တာဘာမျှလုပ်လို့ရမှာ မဟုတ်ပါဘူး။
ဒါကြောင့် ကျွန်တော်က လူငယ်တွေအနေနဲ့ PQ
ကို အာရုံစိုက်စေချင်တယ်။ မိဘတွေအတွက်လည်း
စဉ်းစားသင့်ပါတယ်။ ကလေးတွေကို အားကစား
လုပ်ဖို့ အားပေးရပါမယ်။ ကျောင်းတွေမှာလည်း အား
ကစားကို ထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့ အရေး
ကြီးလှပါတယ်။
တစ်ချိန်တုန်းက အားကစားကို အားမပေးခဲ့ဘူး။
မလိုအပ်တဲ့ စိုးရိမ်မှုတွေကြောင့် အားကစားလုပ်တာ တွေကို အဟန့်အတားပြုခဲ့ကြတယ်။
ဒါကြောင့်ကျွန်တော်ကတော့ လူငယ်တွေအတွက် အားကစားမြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးရမယ်။
တစ်ခါက ကျွန်တော်တင်ပြခဲ့ဖူးပါတယ်.....
အားကစားလုပ်ခြင်းဟာ ကာယဖွံ့ဖြိုးမှုသာမက ပြိုင်ဘက်ကိုလေးစားမှု၊ အရှုံးအနိုင်ကို မှန်ကန်တဲ့ တုံ့ပြန်နိုင်မှု၊ နားလည်မူ့စတဲ့ ရနိုင်တဲ့အကျိုးတရားတွေဟာ ရေတွက်လို့မကုန်နိုင်ပါဘူး။
အားကစားလို့ပြောတဲ့နေရာမှာလည်း ငွေကုန်ကြေး
ကျများတဲ့ အားကစားမျိုးကိုသာမဟုတ်ဘဲ လူတိုင်း
လက်လှမ်းမီတဲ့ အားကစားတွေ အများကြီးရှိပါတယ်။
(2) ဒုတိယဉာဏ်ရည်ထက်မြက်မှုက စောစောက
အထက်မှာပြောခဲ့တဲ့ အသေးစိတ်တင်ပြပြီးဖြစ်တဲ့ "Mental Intelligence (IQ)"ဖြစ်ပါတယ်။
(3) တတိယဉာဏ်ရည်ထက်မြက်မှုက
" Emotional Intelligence (EQ)" ဖြစ်ပါတယ်။
EQကမိမိအကြောင်း၊ မိမိရဲ့ခံစားမှု၊ မိမိရဲ့စိတ်ကို
သိသလိုမိမိနဲ့ထိတွေ့ဆက်ဆံနေတဲ့သူတွေအကြောင်းကိုလည်း သိအောင်ကြိုးစားပေးနိုင်ခြင်းလည်း ဖြစ်ပါတယ်။ EQ မြင့်မားတဲ့သူဟာ #ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဖြစ်ပါတယ်။
အကောင်းဆုံးသာဓကက ဆရာကြီး Gandhi ဖြစ်ပါ
တယ်။ သူကသူ့ရဲ့တပည့်တွေနဲ့အတူ ဘူတာရုံတစ်ခု
က ထွက်တော့မယ့်ရထားကို အမီလိုက်ရင်း စီးလာ
တဲ့ဖိနပ်တစ်ဖက် ကျွတ်ကျခဲ့တယ်။ ဖိနပ်ကျွတ်တာ
ကိုသိသိချင်း ဆရာကြီးက ကျန်တဲ့တစ်ဖက်ကိုယူပြီးကျသွားတဲ့ဖိနပ်နဲ့ အနီးဆုံးရောက်အောင် ပစ်လိုက်တယ်။
သူ့ရဲ့လုပ်ရပ်ကို တပည့်တွေက ဘာကြောင့်ဒီလို လုပ်လိုက်တာလဲလို့ပြောတော့ အခုဆိုရင်ကောက်ရတဲ့သူက ဖိနပ်တစ်ရန်အပြည့်ရပြီလို့ပြန်ပြောခဲ့ပါတယ်။ IQ မြင့်မားတဲ့သူတွေတိုင်း EQ
မမြင့်ကြပါဘူး။ IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူတွေလည်း
အများကြီးရှိတာတွေ့ရတယ်။။ မိမိရဲ့ခံစားမှုတွေ
သာရှေ့တန်းတင်ပြီး တစ်ဖက်သားရဲ့အကြောင်း
ထည့်မတွက်တတ်တဲ့သူတွေ အများကြီးရှိနေတာ
ဝမ်းနည်းစရာတွေ့ရပါတယ်။ တစ်ခုတော့ရှိပါတယ်။
IQ ဟာ မွေးရာပါဖြစ်ပေမယ့် EQ ကတော့ပြုစုလို့ရ
တဲ့ အရည်အချင်းတစ်ရပ် ဖြစ်တယ်။ ဘဝမှာအောင်
မြင်ဖို့ IQ တစ်ခုတည်းအားကိုးလို့မဖြစ်ဘူး။ EQ ရှိမှ
ပြည့်စုံမှာ။ တစ်ဖက်က တော့ EQ သာရှိပြီး IQ နိမ့်
နေ ရင်လည်း အဆင်မပြေပြန်ဘူး။
(4) စတုတ္ထဉာဏ်ရည်ထက်မြက်မှုက
ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်ပါတယ်။
တစ်နည်းပြောရရင် "Spiritual Intelligence (SQ)"
ဖြစ်ပါတယ်။
အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ SQ အထူးလိုအပ်နေ တယ်လို့ ကျွန်တော်ထင်တယ်။ ယုံကြည်ကိုးကွယ်မှုဟာ မိမိတစ်ဦးချင်းနဲ့ ဆိုင်တယ်။ မိမိရဲ့ယုံကြည်ကိုးကွယ်မှုကိုမြတ်နိုးဖို့လိုအပ်သလို တစ်ဖက်သားရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားဖို့ လိုပါတယ်နော်။
ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှ သိမ်မွေ့
တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တယ်။
ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့သွန်သင်ဆုံးမမှုတွေကို ယုံယုံကြည်ကြည်နဲ့ လိုက်နာကျင့်သုံးနေသလို အခြားဘာသာဝင်တစ်ဦးရဲ့ ယုံကြည်ကိုးကွယ်မှုကိုလည်း အသိအမှတ်ပြုရပါမယ်။
မိမိဘာသာ ကောင်းတယ်။ တခြားဘာသာ
မကောင်းဘူးဆိုတဲ့ အတွေးအခေါ်တွေ မရှိရပါဘူး။ အစွန်းတရားတွေကို ရှောင်ရှားဖို့ သိပ်လိုအပ်နေပါတယ်။
အခုလိုပြောတာကို လက်မခံတဲ့သူတွေရှိမှာ သေချာ
ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ "မြင့်မြတ်တဲ့
အတွေးအခေါ်၊ အယူအဆတွေ" လူတွေမှာရှိကြတယ်။ ရှိနိုင်တယ်လို့ ယူဆမိပါတယ်။
(5) နောက်ဆုံးဉာဏ်ရည်ထက်မြက်မှုက မျက်မှောက်ခေတ် (၂၁) ရာစုမှာပိုပြီး အရေးကြီးလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တွေကြောင့် ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံလာကြတယ်။
ပူးပေါင်းဆက်ဆံမှု ဆိုတာကို လက်ခံလာကြတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံခြားသားတွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေ မြန်မာပြည်မှာ တည်ထောင်လာကြတယ်။အခုလိုလုပ်ငန်းတွေလုပ်ဖို့ စီစဉ်တဲ့အခါမြန်မာတိုင်းရင်းသားတွေကို ရှာဖွေကြတယ်။ အကူအညီတောင်းကြတယ်။ ဒီလိုပဲ မြန်မာပိုင်ကုမ္ပဏီတွေကလည်း နိုင်ငံခြားဝန်ထမ်းတွေကို ရွေးချယ်ခန့် ထားလာတာ တွေ့တယ်။
အခုလို ဆောင်ရွက်တာက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အခြေအနေကို သိအောင်ရယ်၊ ပြည်တွင်းအခြေအနေတွေ နားလည်သဘောပေါက်အောင်. . . .
"Cultural Intelligence (CQ)"လို့ခေါ်တဲ့
ယဉ်ကျေးမှုနဲ့ ပတ်သက် တဲ့ဉာဏ်ရည်ထက်မြက်မှုကိုပြုစုဖို့ဆိုတာပဲ ဖြစ်ပါတယ်။
ယဉ်ကျေးမှုမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ (CQ)
ဟာအလွန်အရေးကြီးပါတယ်။ (CQ) မြင့်မားတဲ့သူ
ဟာ မိမိရဲ့ယဉ်ကျေးမှုကိုမြတ်နိုးသလို တစ်ဖက်သားရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုပါတယ်။
ဥပမာ. . .လက်နဲ့ထမင်းစားတဲ့ ကျွန်တော်တို့ မြန်မာတွေ
အနေနဲ့ တူနဲ့စားတဲ့ တရုတ်လူမျိုး၊ ဇွန်း၊ ခရင်းသုံး
တဲ့ အနောက်တိုင်းရင်းသားတွေရဲ့ အလေ့အထကို
ဂရုစိုက်ရမယ်။
(CQ) မြင့်မားတဲ့သူဟာ ယဉ်ကျေးမှုမတူညီတဲ့ အခြေအနေ
မှာ လိုက်လျောညီထွေစွာလှုပ်ရှားနိုင်သူဖြစ်ပါတယ်။ ဝင်ဆံ့တယ်။ နားလည်တယ်။ အသိအမှတ်ပြုတယ်။
ဉာဏ်ရည်ထက်မြက်မှုတစ်ရပ်ကို အကျဉ်းချုံး
တင်ပြရရင် "PQ, IQ, EQ, SQ နဲ့ CQ"တို့ဖြစ်တယ်။
ဒီဉာဏ်ရည်ထက်မြက်မှု (၅)မျိုးဟာလူတစ်ယောက်
အတွက် အလွန်အရေးပါလှပါတယ်။ PQ မြင့်မားမှု
ဟာ အသက်ရှင်သန်ရေးနဲ့ပတ်သက်ပြီး IQ ဟာ သင်
ယူ၊ ခံယူမှုနဲ့ဆိုင်ပါတယ်။ EQ ကတော့ မေတ္တာ တရား
နဲ့ဆိုင်ပြီး SQ ကတော့ လူတစ်ဦးရဲ့လေးနက်တဲ့ အမွေ
အနှစ်နဲ့ ဆိုင်တယ်။ CQ ကတော့ မတူညီ မှုကို အားယူ
နိုင်တဲ့ အားပဲဖြစ်ပါတယ်။
ကျွန်တော်ကတော့ အခွင့်အရေးရတိုင်း လူငယ်
တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေလိုပါတယ်။
အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့်
လည်း အခွင့်အရေးရတိုင်း ဟောပြောပွဲတွေလုပ်ပေးတယ်၊ စာတွေရေးတယ်။
အမှန်တော့ လူငယ်တွေသာမက လူလတ်၊ လူကြီးအားလုံး ဉာဏ်ရည်ထက် မြက်မှု ငါးရပ်ကို ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်လို့။
ထူးချွန်အောင်မြင်သူများ ဖြစ်ကြပါစေ. . .
Credit to
Sir Dr.Aung Tun Thet