24/06/2022
https://m.facebook.com/story.php?story_fbid=527860599131064&id=119992309917897
အချောင်မစားလိုသော တိရစ္ဆာန်များ၊ အဓိပ္ပာယ်ရှိသောအလုပ် နှင့် စာမလုပ်ချင်သော ကလေးများ အကြောင်း
ခုနှစ် ၁၉၆၀ လောက်မှာ တိရစ္ဆာန်စိတ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ Glen Jensen ဆိုတဲ့ လူတစ်ယောက်က ကြွက်တွေနဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ ကျွန်တော်တို့ ခွေးကလေးတွေကို လက်ပေး၊ ထိုင်၊ ခေါ်ရင်လာလို့ တစ်ခုခုခိုင်းပြီးတိုင်း treat လေးတွေ ကျွေးသလိုပဲ သူကလည်း ကြွက်တွေကို အလုပ်တာဝန်တစ်ခုလုပ်ပြီးတိုင်း အစာခြောက် pellet တစ်ခုဆုချတယ်။ သူခိုင်းတဲ့ တာဝန်တွေက အင်မတန်ရိုးရှင်းတဲ့ ခလုတ်လေးတစ်ခုကို နှိပ်ခိုင်းတာမျိုးသာဖြစ်တယ်။ အဲတော့ ခလုတ်ကို တစ်ကြိမ်နှိပ်ရင် အစာ pellet တစ်ခုရတယ်လို့ သိသွားတဲ့ ကြွက်က အစာစားချင်တိုင်း ခလုတ်ကို သွားနှိပ်တော့တယ်။ အဲနောက်ပိုင်းမှာ ဒီအတိုင်း ခလုတ်ကို တကူးတကသွားနှိပ်စရာမလိုဘဲ စားချင်သလောက် အလကားစားလို့ရတဲ့ အမျိုးအစားတူတူပဲ ဖြစ်တဲ့ food pellet တွေကို ခွက်တစ်ခွက်နဲ့ ကြွက်ရဲ့ လှောင်အိမ်ထဲမှာ ထည့်ပေးထားလိုက်တယ်။ သူသိချင်တာက ဒီကြွက်ဟာ အလကားရတဲ့ အစာကို ပိုစားမလား၊ ခလုတ်သွားနှိပ်ပြီးမှ ရလာတဲ့ အစာကို ပိုစားမလားဆိုတာဖြစ်တယ်။ သူ့ရဲ့ စမ်းသပ်တွေရှိချက်တွေအရ ကြွက်တွေဟာ အချိန်မှန် အလကားစားရတဲ့ အစာထက်၊ အလုပ်တာဝန်တစ်ခုခုကို လုပ်ဆောင်ပြီး ရရှိတဲ့ အမျိုးအစားတူညီတဲ့ အစာကို ပိုပြီးစားတာတွေခဲ့ရတယ်။ ဒါနဲ့ပဲ သူကဒီလိုမျိုး ကိုယ်လုပ်တဲ့ အလုပ်ကြောင့်ရရှိတဲ့ အစာကို တိရစ္ဆာန်တွေဟာ ပိုနှစ်သက်ပါတယ်ဆိုတဲ့ psychological concept တစ်ခုကို “contrafreeloading” လို့ နာမည်ပေးခဲ့တယ်။ တောရိုင်းတိရစ္ဆာန်တွေဖြစ်တဲ့ ကျားတို့ ခြင်္သေ့တို့ဆိုရင်လည်း ကိုယ်တိုင်လိုက်ဖမ်းယူရရှိတဲ့ သားကောင်ကို လတ်လတ်ဆပ်ဆပ် အသားစိမ်းထက် ပိုကြိုက်ကြတယ်။ တခြားအိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေးတို့၊ ကြောင်တို့ဆိုရင်လည်း အလုပ်တစ်ခုခုလုပ်လို့ သခင်ကဆုချတာမျိုး၊ အရုပ်ထဲက အစာကို ရအောင်ဖွင့်နိုင်ရင် စားရတာမျိုးတွေကို ဒီအတိုင်း အလကားစားရတဲ့ အစာထက် အမျိုးအစားတူရင်တောင် ပိုကြိုက်တတ်ကြတာကို တွေ့ရပါတယ်။
ဒီတော့ အစာစားရတာချင်းတူတူ ကိုယ်ကြိုးစားလို့ ကိုယ့်လုပ်အားကြောင့်ရတဲ့ အစာကို ပိုနှစ်သက်တယ်ဆိုတာ လူတွေမှာရော ပိုက်ဆံ financial reward အနေနဲ့ စဥ်းစားမယ်ဆိုရင် မှန်မယ်ထင်ပါသလား။ လူတွေအနေနဲ့ တိရစ္ဆာန်တွေလို ကိုယ့်လုပ်အားကြောင့်ရတဲ့ ပိုက်ဆံကို အချောင်ရတဲ့ ပိုက်ဆံထက် ပိုပြီး လိုချင်မယ်လို့ ထင်ပါသလား။ တချို့ကလည်း ဒီစာကို ဖတ်နေရင်းနဲ့ ပိုက်ဆံပဲကွာ ရတာ အကုန်ယူမှာပေါ့လို့ တွေးကောင်းတွေးနေပါလိမ်ံ့မယ်။ လက်တွေ့ဘဝမှာတော့ အလကားရတဲ့ ပိုက်ဆံဆိုတာ ထီပေါက်တာကလွဲရင် မရှိသလောက်ရှားတာ ဆိုတော့ သုတေသနပညာရှင်တချို့က မေးခွန်းကို ပြောင်းမေးလိုက်တယ်။ ပိုက်ဆံရတာချင်းတူတူ၊ လုပ်ရတာချင်းတူတူကိုမှ ဘယ်လိုအလုပ်တွေကို လူတွေပိုလုပ်ချင်မလဲ စဥ်းစားကြည့်ကြတယ်။ Duke University မှ Professor Dan Ariely နဲ့ တခြား တက္ကသိုလ်က ပညာရှင်တွေပေါင်းပြီး ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အဓိပ္ပာယ်ရှိချင်းမရှိချင်းက အလုပ်လုပ်ချင်စိတ်အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ သူတို့ စမ်းသပ်ကြည့်ကြတယ်။
သူတို့ရဲ့ စမ်းသပ်မှုက အင်မတန်ရိုးရှင်းတယ်။ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို စာရွက်တွေပေါ်မှာ ဖြေရှင်းစရာ word puzzle တွေပေးထားတယ်။ ပထမတစ်ရွက်ကို ဖြေရှင်းပြီး အဖြေလွှာကို အပ်ရင် $0.55 ရတယ်။ နောက်တစ်ခုဆက်ယူပြီးဖြေရှင်းတိုင်း $0.05 လျော့ပြီး ရရှိတယ်။ ဒီတော့ ၁၂ ခုမြောက်မှာ ဖြေရှင်းသူဟာ ဘာပိုက်ဆံမှ မရရှိတော့ဘူး။ အနည်းဆုံး ၁၁ ခုဖြေရှင်းသူတိုင်း $3.3 ရရှိနိုင်တယ်။ ဒီနေရာမှာ သုတေသနပြုလုပ်သူတွေက လာဖြေသူတွေကို ၃ ဖွဲ့ခွဲပြီး ဆက်ဆံတယ်။ ပထမအဖွဲ့မှာက ဖြေသူကို အဖြေစာရွက်ပေါ်မှာ နာမည်ရေးခိုင်းတယ်၊ ပြီးရင် သူ့ရဲ့ အဖြေကို သုတေသနပြုသူတစ်ယောက်က သေချာကြည့်ပြီး ကောင်းစွာမှန်ကန်အောင်လုပ်ထားကြောင်း အသိအမှတ်ပြုပြောဆိုတယ်။ နောက်တစ်ဖွဲ့မှာက ဖြေတဲ့သူက နာမည်မတပ်ရဘူး၊ ဒီ့အပြင် အဖြေစာရွက်ကို လက်ခံတဲ့ သုတေသနသမားက လုံးဝမကြည့် ဘာမှ အသိအမှတ်မပြုဘဲ စာရွက်ပုံထဲ ထည့်လိုက်တယ်။ တတိယအဖွဲ့မှာ ဖြေတဲ့သူကို နာမည်မတပ်ခိုင်း၊ အသိအမှတ်မပြုတဲ့ အပြင်၊ ဖြေပြီးပြီးချင်း ရှေ့မှာတင် အဖြေလွှာကို စာရွက်ဖြတ်စက်ထဲထည့်လိုက်တယ်။ အကယ်၍ ပိုက်ဆံပဲရသမျှအကုန်ယူမှာပေါ့ဆိုတာက မှန်နေမယ်ဆိုရင် ဒီသုံးဖွဲ့မှာ သူတို့ တစ်ခုပြီးတစ်ခု ယူဖြေရှင်းတဲ့ puzzle အရေအတွက်က ကွာစရာမရှိသင့်ပါဘူး။
တကယ်တမ်းမှာတော့ ပျမ်းမျှအားဖြင့် ယူပြီးဖြေတဲ့ မေးခွန်းအရေအတွက်မှာ ပထမအဖွဲ့က ၉.၀၃ နဲ့ တတိယအဖွဲ့က ၆.၃၄ ဖြစ်နေတယ်။ ဒီတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းနည်းနည်းနားလည်သူတွေအနေနဲ့ အသိအမှတ်အပြုခံရသူတွေနဲ့ နှိုင်းယှဥ်ရင် အလုပ်ရဲ့တန်ဖိုးကို လုံးဝရှေ့မှာတင်ဖျက်စီးခံရသူတွေက မြန်မြန်စိတ်ပျက်သွားမယ်ဆိုတာမှန်းနိုင်ကြမှာပါ။ ဒါပေမယ့် လျစ်လျူရှုခံရတဲ့ ဒုတိယအဖွဲ့ကရော မေးခွန်းဘယ်နှခုပျမ်းမျှဖြေမယ်လို့ထင်ပါသလဲ။ ပထမအဖွဲ့နဲ့ ပိုနီးမလား၊ တတိယအဖွဲ့နဲ့ ပိုနီးမလား။ တကယ်တမ်း ဒုတိယအဖွဲ့ရဲ့ ပျမ်းမျှယူဖြေတဲ့ မေးခွန်းအရေအတွက်က ၆.၇၇ ဖြစ်တယ်ဆိုတော့ တတိယအဖွဲ့နဲ့ ပိုနီးပါတယ်။ ဒီတော့ လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုအလုပ်ရလဒ်ကို လျစ်လျူရှုလိုက်ခြင်းက သူ့အလုပ်ရဲ့ ရလဒ်တွေကို ဖျက်ဆီးပစ်လိုက်တာနဲ့ သက်ရောက်မှုခြင်းအရမ်းနီးစပ်နေတာ တွေ့ရပါတယ်။ ဒီတော့ နှစ်ရှည်လများလုပ်နေရတဲ့ တကယ့်အလုပ်ခွင်တွေမှာ ပိုက်ဆံရတာချင်းတူတူ ကိုယ့်အလုပ်ရဲ့ အဓိပ္ပာယ်ရှိမှုကို သိရှိခွင့်ရတဲ့၊ အသိအမှတ်ပြုခံရတဲ့ အလုပ်သမားတွေနဲ့ ကိုယ့်အလုပ်ရဲ့ အဓိပ္ပာယ်ကို မခံစားရတဲ့၊ လျစ်လျူရှုခံရတဲ့ အလုပ်သမားတွေနဲ့ ဘယ်လိုကွာခြားသွားမယ်ထင်ပါသလဲ။
ဒီတော့ စာဖတ်သူတွေထဲမှာ အပေါ်က မေးခွန်းလွှာတွေယူဖြေတဲ့ ကျောင်းသူကျောင်းသားတွေကို ပိုက်ဆံသာအများကြီးတိုးပေးလိုက်ရင် သူတို့ ဘာပဲဖြစ်ဖြစ် လျစ်လျူရှုခံရလည်း ခံရ၊ အဖြေလွှာကို စာရွက်ဖြတ်စက်ထဲ ထည့်ရုံမကလို့ မီးရှို့ပစ်ပစ် သူတို့ ရအောင်ဖြေကြမှာပဲလို့ တွေးနေသူတွေရှိမှာပါ။ ဒါကတော့ လူတွေရဲ့ လောဘကို အသုံးချပြီး အဓိပ္ပာယ်မရှိတဲ့ အလုပ်၊ တန်ဖိုးမရှိတဲ့ အလုပ်တွေကို ပိုက်ဆံသာလုံလောက်အောင်ပေးရင် လူတွေလုပ်မှာပဲဆိုတဲ့ အတွေးအခေါ်မျိုးဖြစ်တယ်။ တကယ်တမ်းက အလုပ်ရဲ့ အဓိပ္ပာယ်နဲ့ အကျိုးကျေးဇူးကို မစဥ်းစားခိုင်းတော့ပဲ ဒီကရမယ့် ပိုက်ဆံအများကြီးကို ဘယ်လိုသုံးဖြုံးမလဲဆိုတဲ့ အတွေးတွေနဲ့ distract လုပ်လိုက်တာပါပဲ။ ဒါပေမယ့် ဒီ approach ရဲ့ ပြဿနာက မူးယစ်ဆေးဝါးသုံးခိုင်းသလိုပဲ တစ်ခေါက်ထက်တစ်ခေါက် လိုအပ်တဲ့ dosage က ပိုပိုမြင့်လာတတ်တယ်။ သူများတွေက ကိုယ်ပေးသလိုလိုက်ပေးရင် ကိုယ့်လူတွေ လွယ်လွယ်နဲ့ သူများဆီကို ရောက်သွားနိုင်ပါတယ်။ ဒီတော့ အလုပ်ကို အဓိပ္ပာယ်ရှိအောင်၊ အသိအမှတ်ပြုခြင်းတွေရှိအောင် ဖန်တီးပေးတာက ပိုမလုပ်သင့်ဘူးလား။ ဒီလိုလုပ်ပေးလိုက်လို့ လစာတိုးမပေးရတော့ဘူး ပြောတာမဟုတ်ဘူးနော်။ လစာတွေ၊ ဘောနပ်စ်တွေကို distraction အနေနဲ့ သုံးတာထက် အသိအမှတ်ပြုခြင်းရဲ့ အစိတ်အပိုင်းတွေ၊ အဓိပ္ပာယ်ရှိခြင်းရဲ့ အကြိုးဆက်တွေအဖြစ် အသုံးပြုတာပိုထိရောက်တယ်လို့ ပြောချင်တာပါ။
ဒီနောက်ပိုင်း ကလေးတွေကို စာသင်ဖြစ်တော့ စာမှာစိတ်မဝင်စားတဲ့ ကလေးတွေ၊ ကျောင်းကို မတက်ချင်တဲ့ ကလေးတွေ အများကြီးတွေ့လာရတယ်။ စာမလုပ်ချင်တဲ့ ပြဿနာက ကလေးတွေ လူငယ်တွေတော်တော်များများမှာ ဖြစ်နေတဲ့ ပြဿနာဖြစ်တယ်။ ဒီပြဿနာရဲ့ အရင်းအမြစ်က ကလေးတွေရဲ့ စူးစမ်းလိုစိတ်တွေ၊ ထူးချွန်မှုတွေကို ကောင်းစွာအသိအမှတ်မပြုဘဲ လျစ်လျူရှုတတ်တဲ့ မိဘတွေကြောင့် အများကြီးဖြစ်နိုင်ပါတယ်။ ဆိုးတဲ့၊ ထိမ်းရခက်တဲ့ ကလေးတွေကို distraction တွေသုံးပြီး ရေတိုစီမံဖို့ ကြိုးစားမှုတွေကြောင့်လည်း ကလေးတွေက ကြာလေ ပိုကြီးတဲ့ distraction တွေကို လိုလာတဲ့ စာမကြိုးစားချင်သူတွေဖြစ်လာကြတယ်။ တချို့ကလေးတွေကြတော့ လူတွေတော်တယ်လို့ သာမန်သတ်မှတ်တဲ့ တော်ခြင်းမှာ မတော်ဘဲ တခြားလူသိပ်မသိတဲ့ ဂီတ၊ အားကစား စတာတွေမှာ တော်နေတတ်တာကို မိဘတွေက မရိပ်မိဘဲ ဒီကလေးအရမ်းညံ့ပါလားဆိုပြီး အထင်နဲ့ ဆက်ဆံခြင်းခံရတာလည်း ဖြစ်နိုင်ပါတယ်။
သေချာတာကတော့ တိရစ္ဆာန်တော်တော်များများမှာ ကိုယ့်လုပ်အားကနေရတဲ့ ဆုလာဘ်ကို တန်ဖိုးထားတတ်တဲ့ ဗီဇပါလာတတ်ကြတယ်။ ဒီတော့ စာမေးပွဲမှာ အမှတ်ကောင်းရင် မုန့်ဖိုး ၁ သိန်းရမယ်တို့၊ ဂိမ်းအသစ်ဝယ်ပေးမယ်တို့ဆိုတဲ့ distraction တွေကို ရှောင်သင့်ပါတယ်။ သင်ယူလေ့လာခြင်းရဲ့ inherent joy ကို အရင်ဆုံး ငယ်စဥ်ကတည်းက ချစ်မြတ်နိုးတတ်အောင် သင်ကြားပေးသင့်ပါတယ်။ ဒီ inherent joy of learning ကို အရင်ဆုံးရတဲ့ ဆုလာဘ် ဖြစ်စေသင့်ပါတယ်။ ပြီးရင် မိဘတွေ မောင်နှမတွေ သူငယ်ချင်းတွေနဲ့ အတူတကွ သင်ယူလေ့လာရင်း တစ်ယောက်ကြိုးစားမှုကို တစ်ယောက် အသိအမှတ်ပြုတတ်တဲ့ အကျင့်တွေ၊ တစ်ခုခုမှာ ထူးချွန်တော တော်တာကို သေချာ ချီးကျူးတန်ဖိုးထားတတ်တဲ့ အလေ့အကျင့်တွေ လေ့ကျင့်သင့်ပါတယ်။ ကိုယ့်ကြိုးစားအားထုတ်မှု လုပ်အားနဲ့ ကိုယ်ရရှိတဲ့ အသိအမှတ်ပြုခံရမှု၊ ပျော်ရွှင်မှုတွေကို အလေးပေးပြီး မုန့်ဖိုးပေးတာ၊ တခြားပစ္စည်းဝယ်ပေးတာတွေကို အဓိကတွန်းအားပေးမဖြစ်စေသင့်ပါဘူး။ ဂိမ်းတစ်ခုဝယ်ပေးရင်တောင်မှ ဒီဂိမ်းက ဘယ်လို ဥာဏ်ရည်တိုးတက်မှုကို အထောက်အကူပြုလို့ ဝယ်ပေးတာဖြစ်ကြောင်း၊ စည်းကမ်းအနေနဲ့ တစ်နေ့ ဘယ်လောက်ပဲဆော့ရမလဲ သေချာချမှတ်ပေးသင့်ပါတယ်။ ကျွန်တော်တို့တွေ အချောင်မစားလိုတဲ့ ကြွက်ကလေးတွေကို စကတည်းက ခလုတ်နှိပ်ရင် ချိစ်ကြွေးမယ်လို့ condition လုပ်မပေးသင့်ပါဘူး။ ဒီအတိုင်း pellet နဲ့ သူ့တာဝန်သူအရင်ကြေပါစေ။ ကလေးတွေလည်း ဒီအတိုင်းပါပဲ။
Photo credit.