State High School No.6 Botataung

State High School No.6 Botataung

Share

Basic Education High School (BEHS) No.6 Botataung အခြေခံပညာ အထက်တန်း​ကျောင်း အမှတ် ၆ ဗိုလ်တ​ထောင်

10/10/2025

အောင်သင်း ဘာကြောင့် ဘယ်လို
အလုပ်ပြုတ်ခဲ့လဲ?
~~~~~~~~~~~~~~~~~~~~~~~~
အောင်မြိုင်သင်း (ဆရာအောင်သင်း၏သား)ရေးသည်။

အပိုင်း (၁)

ဒီစာဟာ ကျွန်တော် မရေးချင်ဆုံးစာပါ။ ဒါပေမဲ့ ဒါဟာ သူ့ကို သိပ်ချစ်တဲ့၊ သူ့ကို သိပ်တန်ဖိုးထားတဲ့သူတွေအတွက် သိသင့် တယ် သိချင်ကြမယ်ထင်လို့ ပြန်ပြောပြမိတာပါဗျာ။ နားလည်နိုင်ကြလိမ့်မယ်ထင်ပါရဲ့။

၁၉၇၈ ခုနှစ်ရဲ့ ညတည ၁၀ နာရီခွဲလောက်မှာ ကျွန်တော်တို့ အိမ်ရှေ့မှာ လေးဘီးကားလေးတစင်း လာရပ်ပါတယ်။

“ဒေါ်တင်ကြိုင်ရေ… ဒေါ်တင်ကြိုင်ရေ.. လာကူပါဦးဗျ..” ဆိုတဲ့ ကျွန်တော်တို့ရင်းနှီးနေတဲ့ ဖေဖေ့အချစ်ဆုံးသူငယ်ချင်း ဦး လေး ကိုထွန်းမြင့် (တက္ကသိုလ်မင်းမော်) ရဲ့ အသံကို ကြားရပါတယ်။ (အဲဒီ့ခေတ်ရဲ့ ည ၁၀ နာရီခွဲဆိုတာ တိတ်ဆိတ်လွန်း လှပါတယ်။)

အမေလည်း ဘာဖြစ်မှန်းမသိဘဲ ထိတ်ဟန့်ဖြစ်ပြီး အိမ်ပြင် ပြေးထွက်သွားပါတယ်။ ခဏနေတော့ အမေရယ် ဦးလေး ကို ထွန်းမြင့်ရယ် ဇက်ကျိုးကျနေအောင်မူးနေတဲ့ အဖေ့ကို တွဲခေါ်လာပြီး မီးမှိန်မှိန်ရှိနေတဲ့ အိမ်ရှေ့ဧည့်ခန်းက ပက်လက် ကု လားထိုင်မှာ ထိုင်ခိုင်းလိုက်ပါတယ်။ အမေက အဖေ့ကပ်ရက်ဘေးက ခွေးခြေခုံလေးပေါ်မှာထိုင်ပြီး အဖေ့ကို ဖေးထားပါ တယ်။ ကျွန်တော်တို့ မောင်နှမ ၃ ယောက်က အိမ်အလည်ခန်းကနေ အဖေ့ကို အံသြစွာလှမ်းကြည့်နေကြပါတယ်။ ဒီလိုမျိုး အဖေ တခါမှဖြစ်တာ မတွေ့ဖူးခဲ့လို့ပါ။ စိတ်ထဲမှာ ကြောက်သလိုလို ရှိပါတယ်။ အဖေ့ပါးစပ်က ဗလုံးပထွေးနဲ့ ဘာမှန်းမသိတဲ့ စကားတွေ ဆက်ပြောနေပါတယ်။

အမေက “ကိုအောင်သင်း.. ရှင်ဘာဖြစ်လာတာလဲ၊ ဘယ်လိုဖြစ်တာလဲ” ဆိုတာ အကြိမ်ကြိမ်မေးတော့မှ၊ အဖေ့ပါးစပ်က လျှာလေး အာလေးကြီးနဲ့ “မတင်ကြိုင်ရေ၊ ကျုပ်တော့ အလုပ်ပြုတ်ခဲ့ပြီ မတင်ကြိုင်ရယ်၊ ကျုပ် အလုပ်ပြုတ်ခဲ့ပြီဗျ..” ဆိုပြီး တခါထဲ ဆက်တိုက်ချုံးပွဲချ ငိုပါတော့တယ်။

ခင်ဗျားတို့ ယောက်ျားကြီးတယောက် ရိူက်ကြီးတငင်ငိုတာ မြင်ဖူးလား။ မြင်ဖူးခဲ့ရင် ဘယ်လောက် စိတ်ထိခိုက်စရာကောင်း တယ်ဆိုတာဟာ ကျွန်တော်ရေးပြနိုင်တဲ့ စကားလုံးထက်ကျော်လွန်ပြီး စိတ်ထိခိုက်စရာ ကောင်းလှတယ်ဆိုတာလောက်ပဲ ပြောပြပါရစေတော့ဗျာ။

ကျွန်တော်တို့အတွက်တော့ အားကိုးယုံကြည်ရဆုံး အခိုင်မာဆုံး ကမ္ဘာမြေ သွက်သွက်ခါအောင် လှုပ်ရမ်းသွားသလိုပါပဲ။ ခို ကိုးရာမဲ့ဖြစ်ပြီး ကျွန်တော် စငိုပါတယ်။ (ကျွန်တော့် အသက် ၁၂ ပါ။) ပြီးတော့ အမ ကျွန်တော့်အကို ၃ ယောက်လုံး ငိုပါ တယ်။

အားကိုးအယုံကြည်ရဆုံး၊ အခိုင်မာဆုံးလို့ ယုံကြည်ထားတဲ့အဖေက ချုံးပွဲချငိုတဲ့နောက်တော့ သူ့ကို မှီခိုနေတဲ့ကလေးတွေ လန့်ပြီး ခိုကိုးရာမဲ့ ဆက်ပြီးငိုတာ ဆန်းသလားဗျာ။ ကျွန်တော်တို့ မိသားစုရဲ့ ကမ္ဘာပျက်တဲ့ညအစပါ။

ဦးလေးကိုထွန်းမြင့်က အမေ့ကို ဆက်ပြီးရှင်းပြနေပေမဲ့ ဘာတွေမှန်းသေချာနားမလည်ခဲ့ပါ။ သိပ်သတ္တိကောင်းတဲ့အမေဟာ (နောက်မှပြန်စဉ်းစားမိတာနော်) “ကိုအောင်သင်းရယ်… ကျွန်မတို့အစက ပြန်စကြတာပေါ့၊ ဘာကြောက်စရာလိုသလဲ၊ ဘာ မှ စိတ်ဓာတ်မကျနဲ့..” စကားတွေတွင်တွင်ပြောပြီး. မျက်ရည်စတွေနဲ့ အဖေ့ကို သူ့ရင်ခွင်ထဲမှာပွေ့ထားပါတယ်။ အဖေ အ ရမ်းမူးလို့ငြိမ်သွားပြီး ခဏကြာတော့မှ ဦးလေးကိုထွန်းမြင့်က နှုတ်ဆက်ပြီး လာခဲ့တဲ့ လေးဘီးကားလေးနဲ့ ပြန်သွားပါတယ်။

အမေကတော့ အဖေ့ကိုပွေ့လျက်ပါ။
±±±±±±±±±

အပိုင်း (၂)

ကျွန်တော် နောင်တချိန်မှာ နားလည်နိုင်ခဲ့ပါတယ်။ သူကျခဲ့တဲ့မျက်ရည်ဟာ သူအချစ်ဆုံး တက္ကသိုလ်ကျောင်းဆရာဘဝကို စွန့်လွှတ်လိုက်ရခြင်းနဲ့ သူ့ကို မှီခိုနေတဲ့ကလေး ၃ ယောက်အတွက် ယူကျုံးမရဖြစ်ခြင်းတို့ ရောယှက်ပြီး အရမ်းစိတ်ထိခိုက်သွားခဲ့တာဖြစ်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။ အဲ့ဒီ့နောက်ပိုင်း ၁ လလောက်ထိ အိမ်ရှေ့ဧည့်ခန်းမှာ ငူငူကြီး ထိုင်နေ တတ်တဲ့ အဖေ့ကိုမြင်ရပါတယ်။ မိသားစု ၅ ယောက်နေတဲ့အိမ်ကလေးဟာ လပိုင်းအတန်ကြာထိ ရယ်မောသံတွေ တိတ် ဆိတ်သွားပါတယ်။ အပြင်ကနေ ပြေးလွှားဆော့ပြီးပြန်လာတတ်တဲ့ကျွန်တော်ဟာ အိမ်အဝက အဖေ့ကိုမြင်ရင် သနားသ လိုလို အားနာသလိုလို ဖြစ်ခဲ့ဖူးတာကို မှတ်မိပါတယ်။

သူသိပ်ချစ်တဲ့ နေ့တိုင်း သူကျောင်းအပြန်မှာ အိမ်ကိုလိုက်လာတဲ့ သူ့တပည့်တွေလည်း အဲဒီနေ့ကစပြီး ပျောက်သွားပါတော့ တယ်။ တကယ်ပျောက်သွားတာပါဗျာ။ တယောက်မှကို မလာကြတော့တာ။ (လာနေကျ တပည့် ၂ ယောက်ကနေ ၇ ယောက်လောက်အထိ ရှိပါတယ်။ ကျမ်းပြုဖို့ ဖေဖေ့ဆီကို အကူညီတောင်းနေကြသူတွေပါ။ အမေက ညနေဆို အဲဒီကလေး တွေအတွက် ထမင်းတဇလုံကြီးနယ်ပြီး အမြဲကျွေးတာကို မှတ်မိပါတယ်။)

ကျွန်တော်က အဲဒီ့ သူတပည့်အထဲက ဦးလေး တယောက်ကို အရမ်းချစ်တော့ “အဖေ ဒီနေ့ ဦလေး ကို–တို့လာမှာလားဟင်..” လို့ ရက်တော်တော်ကြာကြာထိ မေးဖြစ်ပါတယ်။ အဖေဆီကတော့ “မလာဘူးသားရဲ့ .. သူတို့လည်း မအားကြလို့နေမှာပေါ့ လူလေးရယ်” ဆိုတဲ့၏အဖြေကို ပုံမှန်ရခဲ့ပါတယ်။

(အခု ဒီစာကို သူတို့ဖတ်မိနိုင်ပါတယ်။ အကုန်လုံး သက်ရှိ ထင်ရှားရှိကြပါသေးတယ်။) အိမ်ကို အရင်က ဝင်ထွက်နေတဲ့သူ တယောက်မှ မလာကြတော့တာကိုတော့ ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်။ (သူ့ရင်ထဲမှာ ဘယ်လောက်ထိ စိတ် နာသွားသလဲဆိုတာ အလျဉ်းသင့်ရင် ရေးပါဦးမယ်။)

ကျွန်တော်တို့အိမ်ရဲ့စီးပွားရေးဟာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတယ်။ အဖေ့ရဲ့ဝင်ငွေ လုံးဝမရှိတော့ပါ။ အမေ့ရဲ့ အလယ် တန်းပြ ဆရာမလစာ ၂၅၀ လောက်ထဲနဲ့ ရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တော့တဲ့အချိန်မှာ အမေက သူ့အတန်းက စာညံ့တဲ့ က လေးတွေကို အင်္ဂလိပ်စာနဲ့ သင်္ချာသင်ချင်ရင် အိမ်မှာ ကျူရှင်ဖွင့်ထားတယ်ဆိုတဲ့အကြောင်း စ ကြေညာပါတယ်။

(အမေက စိန့်ဂျွန်း ယောက်ျားလေးကျောင်းမှာ ၆ တန်း G ရဲ့ အတန်းပိုင်ဆရာမပါ။ သမိုင်းသင်ပါတယ်။ တကယ့် ဆိုးပေ့ ဆိုတဲ့ ကျောင်းသား၊ စာအညံ့ဆုံးကျောင်းသားတွေချည်းပါပဲ။ ဒါပေမဲ့ အမေ့ကို အရမ်းချစ်ကြတယ်ဆိုတာကိုတော့ မှတ်မိပါ တယ်။)

ရှိတဲ့ ရွှေငွေလေးထုခွဲပြီး ကျွန်တော်တို့အိမ်ဧည့်ခန်းကို ကျုရှင်ခန်းလုပ်၊ စာသင်ခုံတွေထည့်လိုက်ပါတယ်။ အဖေက အင်္ဂလိပ် စာသင်ပြီး အဲဒီနှစ်မှာ ၁၀ တန်းအောင်တဲ့ ကျွန်တော့်အမက သင်္ချာသင်ပါတယ်။

(သိပ်သနားစရာကောင်းတဲ့ ကျွန်တော့်အမပါ။ သူ့ရဲ့ တက္ကသိုလ်ကျောင်းသူဘဝဟာ ရင်မောခြင်းတွေနဲ့ ပြည့်နေခဲ့မှာ သိပ် သေချာပါတယ်။ သူ့ရဲ့တက္ကသိုလ်သက်တမ်းဟာ ကျွန်တော်တို့အိမ်ရဲ့စီးပွားရေးကို ပေးဆပ်လိုက်ရတာမို့ပါ။ ကြုံမှ ကျွန် တော် သူ့အကြောင်းလည်း ပြောပြပါ့မယ်။)

တက္ကသိုလ်ဆရာတယောက်က ရုတ်တရက် ၆-၇-၈ တန်းတွေရဲ့ စာအညံ့ဆုံးသူတွေကို စာသင်ရတဲ့အခါ အဆင်မပြေမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ သူသိပ်စိတ်ပျက်သွားတဲ့မျက်နှာမျိုးတွေကို အကြိမ်ကြိမ် မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆရာစိတ်နဲ့ ပညာမတတ်တဲ့ ကလေးတွေကို သနားခြင်း၊ စာနာခြင်း၊ စိုးရိမ် ခြင်းစိတ်တွေဟာ အဲ့ဒီ့ အချိန်ကစပြီး အာရုံစိုက်မိလာစေတယ်လို့ ကျွန်တော်ထင်ပါတယ်။
±±±±±±±±±

အပိုင်း (၃)

သူ့အကြောင်းကို ဆက်မရေးခင် အလုပ်ပြုတ်တဲ့အကြောင်းကို သိပ်စိတ်ဝင်စားနေလို့ လာမေးသူတွေ အရမ်းများနေပါတယ်။ အဲ့ဒီ့အကြောင်း အရင်ပြောပြပါမယ်။

တောင်ငူဆောင်မှာ ဆရာဦးအောင်သင်းရဲ့အခန်းဟာ ကျောင်းသားတွေ တရုန်းရုန်းနဲ့ အမြဲရှိနေတဲ့အခန်းလို့ ဆိုစမှတ် ရှိ ကြပါတယ်။ ဟုတ်လောက်ပါတယ်။ သူက သူ့ကျောင်းသားတွေနဲ့လည်း သူငယ်ချင်းလိုပဲ ပေါင်းတာ။ သူနဲ့ အနီးကပ်နေခဲ့ဖူးတဲ့ တပည့်တိုင်းလိုလို သိပါတယ်။ သူစာသင်တဲ့အတန်းတိုင်း ကျောင်းသားတွေ ပြည့်နေခဲ့တာဟာ။ ကျန်တဲ့သူတွေအတွက် အတော်မျက်မုန်းကျိုးစရာ ဖြစ်နေခဲ့ဟန်တူပါတယ်။ သူကတော့ လူတိုင်းကို သူ့စိတ်လိုပဲ သဘောထားလေ့ရှိတဲ့အတွက် သိခဲ့ဟန်မတူပါ။

(အဲဒီ့အတွက်ကြောင့်လည်း သူအကြိမ်ကြိမ် ဒုက္ခရောက်ခဲ့ဖူးပါတယ်။ ဆုံးသာသွားရော မှတ်ဟန်မတူပါ။ လူတိုင်းကို သူ့လို ရိုးသားတယ်လို့ပဲ ထင်လေ့ရှိပါတယ်။ သူ့တပည့်တွေရဲ့ အလိမ်ခံရတာလည်း အကြိမ်ကြိမ်ပါ။)

သူ့တပည့်တွေ ကျောင်းသားလေးတွေကို သိပ်ထွန်းပေါက်စေချင်တာ သူ့ရဲ့ စိတ်ရင်းအမှန်ပါ။ ကလေးတယောက်မေးတဲ့ မေးခွန်းကို သူလေးစားစွာ အာရုံစိုက်နားထောင်ပြီးမှ စိတ်ကျေနပ်စရာဖြစ်လောက်မယ့်အဖြေ၊ သူမသိခဲ့ရင်တောင်မှ ဖြစ် နိုင်ခြေရှိခြင်း၊ မရှိခြင်းတို့ကို အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းပြတတ်ပါတယ်။ ဒါ ဆရာအောင်သင်းပါပဲ။

စခဲ့တဲ့ ဇာတ်လမ်းကတော့ နံရံကပ်စာစောင်က စတယ်လို့ပဲဆိုရပါမယ်။ မြန်မာစာကျောင်းသားတွေရဲ့ နံရံကပ်စာစောင်ကို သူက အောင်မြင်စေချင်လွန်းလို့ ကိုယ်တိုင်ဦးစီးတယ်လို့သိရပါတယ်။ ကလေးတွေပေးတဲ့ ကဗျာတွေ၊ စာတို အပိုင်းအစ လေးတွေကို ကိုယ်တိုင်ဦးစီးပေး၊ တည်းဖြတ်ပေးပြီး အရမ်းအားထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုယ်တိုင်က ပန်းချီဆွဲတတ်တော့ (သူ ပန်းချီကို ကောင်းစွာဆွဲတတ်ပါတယ်) ကလေးတွေလိုတဲ့ ရုပ်ပုံတွေ၊ မဆွဲတတ်တဲ့ ရုပ်ပုံတွေကို ကိုယ်တိုင်ဝင်ဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။ နံရံကပ်စာစောင်ပြတဲ့အချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေ တ ဝုန်ဝုန်းနဲ့ အအောင်မြင်ဆုံး နံရံကပ်စာစောင် ဖြစ်သွားပါသတဲ့။ သို့သော် နံရံကပ်စာစောင်မဖွင့်မီ ကလေးတယောက်က “ဆရာ ဖားပုံမဆွဲတတ်လို့ ဆွဲပေးပါ” ဆိုပြီး အဖေ့အခန်းထဲအထိ လာအကူညီတောင်းတော့ အဖေက ဖားပုံလေးတပုံ ဆွဲ ပေးလိုက်ပါသတဲ့။ ဆေးယူတဲ့အချိန်မှာ ဆေးအနက်စက်ကလေးတစက်က ဖားပုံလေးရဲ့ ဘေးမှာကျသွားပါသတဲ့။ အဖေက ပုံဆွဲပေးပြီး၊ အဲ့ဒီ့ ကျောင်းသားကို ဒီဆေးစက်ကလေးဖျက်လိုက်ဦးဆိုတော့ ဟိုကလေးကလည်း “ဟုတ်ကဲ့ဆရာ” ဆိုပြီး အချိန်မရလို့ မဖျက်ဘဲ နံရံမှာကပ်လိုက်ပါသတဲ့။ အဲ့ဒီ့ပြစ်မှုကတော့ ဆရာဦးအောင်သင်းက မြန်မာနိုင်ငံကြီး အမှောင်ကျနေပြီ ဆိုပြီး နိမိတ်ပြခဲ့တာမဟုတ်လားဆိုတဲ့ ပြစ်မှုတစ် ဖြစ်သွားခဲ့ပါတယ်။

ဒုတိယပြစ်မှုကတော့ ကလေးတွေရေးထားတဲ့ ကဗျာတပုဒ်ရဲ့ ရှေ့ဆုံးစာလုံးတွေချည်းပဲဖတ်ရင် ၇ ရက် ဇူလိုင် ဖြစ်နေပါ သတဲ့။ အဲ့ဒီ့ ပြစ်မှု ၂ ခုကို ဆရာအချင်းချင်း ဝိုင်းကြပ်ပြီး အရောက်ပို့လိုက်ကြတာပါပဲခင်ဗျား။

(ကျွန်တော် အဲ့ဒီ့ဆရာတော်တော်များများရဲ့ နာမည်တွေ အခုထိမှတ်မိပါသေးတယ်။ ဘဝမှာ ဘာမှလည်း ဖြစ်မသွားရှာကြ တော့ပါ၊ သင်ခန်းစာယူစရာကောင်းလှပါတယ်။)

နောက်ဆုံး အကြီးဆုံးပြစ်မှုကတော့ ဒီကိစ္စအတွက် အထူးစုံစမ်းစစ်ဆေးဖို့ ပညာရေးဒုဝန်ကြီးက ခေါ်ပြီးစစ်တဲ့အချိန်မှာ ကျန်တဲ့ဆရာတွေ (အကုန်လုံး အဖေ့ထက်ကြီးတဲ့ ရာထူးတွေနဲ့ပါ) လည်းရှိပါသတဲ့။ စားပွဲ ဟိုဘက်ထိပ် ဒီဘက်ထိပ် ဝန်ကြီး နဲ့ သူတို့ တရားခံလို့ယူဆထားတဲ့ ဦးအောင်သင်းနဲ့ စကားပြောကြပါသတဲ့။

ဦးအောင်သင်း “ဒါဟာ ခင်ဗျား အဓိပ္ပာယ်ရှိရှိလုပ်တာ မဟုတ်လား” ဆိုပြီး ငါ့ကို ဒါပဲ အမှုစစ်သလို စစ်လာတော့၊ ကြာတော့ ငါလည်း အရမ်းဒေါသထွက်လာပြီး ထ မတ်တပ်ရပ်၊ စားပွဲကို လက်ဝါးနဲ့ ရိုက်လိုက်ပါသတဲ့။ ပြောလိုက်တဲ့စကားကတော့ “ဒီမှာ ဝန်ကြီး ကျုပ်အောင်သင်းက ယောက်ျားဗျ၊ ယောက်ျားစကားပဲ ပြောတယ်၊ ဒါတွေကို ကျုပ် တကယ် သိဘူးဆိုတာ အ မှန်ပဲ၊ မတော်တဆဖြစ်ခဲ့တယ်ဆိုတာလည်း အမှန်ပဲ၊ ကြိုက်သလို လုပ်လိုက်ကြတော့” လို့ ဆိုပြီး ထတွယ်ပစ်လိုက်ပါသတဲ့။

“ငါ့ကွာ.. ရယ်ရတာ ပြောဦးမယ်၊ အာ့လို ငါက မတ်တပ်ထပြီး ဒေါသတကြီးပြောလိုက်တဲ့အချိန်မှာ ဝန်ကြီးကလည်း သူ့ကို ဒီလိုမျိုးပြောခဲ့ဖူးတာ တယောက်မှရှိခဲ့ဖူးပုံမရတော့ ပါစပ်အဟောင်းသားကြီးဖြစ်သွားတာကိုးကွ..” တဲ့။ ဘေးက ဆရာကြီး တွေကလည်း “ဦးအောင်သင်း.. ဦးအောင်သင်း ဒီလိုမပြောရဘူးလေဆိုပြီး ငါ့ကို အတင်းဝင်တားကြပါလေရော၊ ငါလည်း ပြောပြီး ငုတ်ကနဲ ပြန်ထိုင်ချလိုက်ပါရောတဲ့။

ဝန်ကြီးလည်း ဘာပြောရမှန်းမသိ၊ အကုန်လုံး ကြောင်စီစီတွေဖြစ်ပြီး ငြိမ်ကုန်ကြရောတဲ့..။ ခဏနေတော့ ဦးအောင်သင်း ပြန်နိုင်ပါပြီဆိုတော့ ငါလည်း လွယ်အိတ်ကလေးယူပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ပြန်ထွက်လာရင်း ငါတော့ ပြုတ်ပြီ ဆိုတာ သိလိုက်ပါရဲ့ကွာတဲ။ ရယ်ရင်းနဲ့ ကျွန်တော့်ကို ဆရာအောင်သင်းဆိုပြီး ဖြစ်လာတဲ့အချိန်မှာမှ ပြန်ပြောပြခဲ့တာပါ ခင် ဗျား။ အဲ့ဒီ့နောက် ၅ ရက်လောက်အကြာမှာ “Dismiss” ဆိုတဲ့ အော်ဒါထွက်ပြီး အာမထိ လျှာမထိပြုတ်ခဲ့တာပဲ လူလေးရေတဲ့။

ထွန်းမြင့် (တက္ကသိုလ် မင်းမော်) ကတော့ ငါ့ကို “ခင်ဗျား အသနားခံစာတင်ကြည့်ပါ့လား၊ ပင်စင်လေး ဘာလေး ရလိုရငြား” ဆိုပြီး အကြံပေးသေးတယ်ကွ၊ ငါလည်း. “ရီးတောင် မတင်ဘူးကွာ” ဆြိုပီးနေလိုက်တာ မြန်မာစာဌာနနဲ့ ရေစက်ကုန်သွားတာ ခုထိပဲတဲ့။ ၁၉၉၀ နောက်ပိုင်း ကျွန်တော်လူလားမြောက်ပြီးမှ အဖေပြောပြခဲ့တာလေးပါ။

-အောင်မြိုင်သင်း

မိုးမခ၊ ဇွန်၊ ၂၀၁၅

08/10/2025

ကျွန်တော်နှင့် ဆရာ

အလုပ်တွင် နေ့တိုင်းစကားတော်တော်ပြောရသည်။ ပြောရပေမပေါ့ ကျွန်တော့်အလုပ်က ဟိုတယ် Receptionist ပေပဲ။ အလုပ်စဝင်သည့် နေ့လယ် ၃နာရီမှ အလုပ်ပြီးသည့် ည ၁၁ အထိ အင်္ဂလိပ်စကားတွေပြောနေရသည်။ အဖြူနှင့်ပြောရသည်၊ အမည်းနှင့်ပြောရသည်၊ လက်တင်အမေရိကန်တွေနှင့်ပြောရသည်၊အချို့သော Asian တွေနှင့်ပြောရသည်။ ကြာတော့ မောလာသည်၊ မမောတောင် အင်္ဂလိပ်လိုပြောချင်စိတ်နည်းလာသည်။ တခါတရံ ဧည့်သည်တစ်ယောက် ကိုယ့်ရှေ့မှာလာရပ်လျှင်မမြင်ချင်ယောင်ဆောင်ချင်စိတ်ပင်ပေါက်မိသည်။သို့သော် အလုပ်ဆိုတော့ရှောင်လွဲလို့မရ၊ တာဝန်ကတာဝန်ဖြစ်သည်။ ဟိုတယ်ကလည်း နေ့စဥ်လူပြည့်သည်၊ တခါတလေ over sold ပင်ဖြစ်သေးသည်။ ထိုသို့နိုင်ငံခြားသားတွေ အတောမသတ်ဝင်ကြထွက်ကြ၊ပြောကြဆိုကြဆိုတော့ ငယ်ဘဝကိုသတိရမိသည်။အင်္ဂလိပ်စကားပြော အလွန်ဝါသနာပါသော ကျွန်တော့်ဆရာ Mr.Sidney ခေါ် ဦးကျော်တင့်ကိုသတိရမိသည်။ ဆရာ့စကားသံကိုနားထဲမှာကြားယောင်လာသည်။အထူးသဖြင့် ကျွန်တော့်အတွက် မချေးစဖူးသူတပါးထံပိုက်ဆံချေးခဲ့သော ဆရာ့ အသံ

........

"ဘာလိုချင်လို့လဲဆရာ "

ပြည်မြို့၊ စျေးကြီး အနီး တွင်ဖွင့်လှစ်ထားသော မိတ်ဆက် တရုတ်စားသောက်ဆိုင်ကား အောင်မြင်သောစားသောက်ဆိုင်တစ်ခုဖြစ်သည်။ ထိုစားသောက်ဆိုင်တွင် လူစည်ကားနေချိန်တွင်ကျွန်တော်နှင့်ဆရာ ဦးကျော်တင့်ဆိုင်ထဲသို့ရောက်သွားသည်။ ကောင်တာတွင်ထိုင်နေသည်က တရုတ်လူမျိုး အသက် အစိတ်ခန့် လူထွားကြီးတစ်ယောက် ၊ ထိုလူဝကြီးအမည်က အောင်ကြီး။ အောင်ကြီးသည် ကျွန်တော့်ဆရာကိုမြင်သည်နှင့်ရိုရိုသေသေမေးလိုက်ခြင်းဖြစ်သည်။ ဆရာက အင်္ဂလိပ်စာနှင်စကားသင်သောဆရာဆိုတာတစ်မြို့လုံးကသိသည့်အပြင် အောင်ကြီးတို့မောင်နှမတွေကို အိမ်တိုင်ယာရောက် ကိုးတန်း ဆယ်တန်း အင်္ဂလိပ်စာများသင်ကြားပေးဖူး၍ ဤသို့လေးလေးစားစားမေးလိုက်ခြင်းဖြစ်သည်။ အရက်သေစာလုံးဝမသောက်စားတတ်သူဖြစ်၍ သူ့စားသောက်ဆိုင်သို့ သောက်ရန်စားရန်ရောက်လာတာမဟုတ်မှန်းသူသိသည်။ ကျွန်တော်ကဆရာ့နောက်မှာ ခပ်မဆိတ်ရပ်နေသည်။ ဆရာသည် အောင်ကြီးကိုကြည့်ပြီးအလွန်အားနာဟန်နှင့်

" ဒီလိုကွာ အောင်ကြီး ဆရာ အသုံးလိုလို့ ငွေသုံးရာလောက် ခနလှည့်ချင်လို့ ၊ လကုန်လို့ သင်တန်းကြေးလေးတွေရရင်ဆရာပြန်ဆပ်...."

" ဆရာ့စကားမဆုံးခင် အောင်ကြီးက ကပျာကယာလက်ကာပြ၍

" မဟုတ်တာပဲဆရာ ယူသွားပါ ၊ ဆပ်ချင်တဲ့အချိန်မှပြန်ဆပ်ပါ၊ မဆပ်လည်းရပါတယ်"

ဆရာသည်အဘယ့်ကြောင့်ငွေသုံးရာ ချေးရသည်ကို ရှည်ရှည်ဝေးဝေးရှင်းမပြတော့ပဲ မိတ်ဆက်စားသောက်ဆိုင်ထဲမှထွက်လာခဲ့ကြပါသည်။ ဆရာဘာလို့ငွေချေးလည်း ကျွန်တော်သိသည်။ အချိန်က ၁၉၈၉ ခု ၊ကျွန်တော့်အသက် ၂၁နှစ်။ ဆရာ့ဆီမှာကျွန်တော်အင်္ဂလိပ် သဒ္ဒါ နှင့် speaking သင်နေသည်။ သဒ္ဒါသင်ခန်းစာက အတော်ခရီးပေါက်ခဲ့ပြီ၊အင်္ဂလိပ်စကားပြောအတွက် ဆရာနှင့်ကျွန်တော် ဆင်စုရပ်ရှိ မောင်ငွေလက်ဖက်ရည်ဆိုင်တွင်နေ့တိုင်းလေ့ကျင့်ကြသည်။ဆရာနှင့်အင်္ဂလိပ်လိုအပြောလေ့ကျင့်ကြ၍အတော် တိုးတက်လာလျှင် ဆရာသည်သူ့မိတ်ဆွေများဖြစ်သော ဆရာဦးဇော်ထွန်း၊ဦးသိန်းဟန်၊ ဦးတင်မောင်(B.A)၊ကိုရာဆင် စသော အင်္ဂလိပ်စကားပြောသူများထံကျွန်တော်ကိုခေါ်သွားကာ မိတ်ဆက်ပေးပြီး အင်္ဂလိပ်လို ပြောခိုင်းပါသည်။အမှန်တော့ သူ့တပည့်၏အရည်အချင်းကိုဂုဏ်ယူကာ မိတ်ဆွေများအား လိုက်ပြီးကြွားချင်းဖြစ်ဟန်တူသည်။ နောက်ဆုံး၌ဆရာကအကြံပေးသည်။

"မြန်မာအချင်းချင်း ပြောတာတော့မင်း အတော်ဟုတ်နေပြီ၊ဒါပေမယ့် အင်္ဂလိပ်၊အမေရိကန်အစစ်တွေနဲ့ပြောကြည့်မှ တကယ် အကျိုးရှိတာကွ၊အဲ့ဒါမှ သူတို့ American Accent တို့ British Accentတို့ ကို မင်း ဖမ်းနိုင်မှာ အဲ့ဒိတော့ကွာ နိုင်ငံခြားသားမြင်ရင် အင်္ဂလိပ်လိုလိုက်သာပြောပေတော့။ ငါလည်း အမေရိကန်တွေနဲ့ ပြောချင်တယ် မပြောရတာကြာပြီ၊တွေ့ရင် မိတ်ဆက်ပြီးငါ့ဆီခေါ်ခဲ့ကွာ"

ထိုစဥ်က ပြည်မြို့တွင် နိုင်ငံခြားသားကိုတွေ့ရဖို့လည်းအတော်ခဲယဥ်းပါသည်။ တစ်ခါတစ်ရံမှသာတိုးရစ်ကရောက်လာတတ်သည်။ တိုးရစ်ဂိုဒ်ပါမလာ သောကျောပိုးအိပ်လွယ်ခရီးသည်များမှ ကျွန်တော်တို့ကပ်ဝံ့သည်။ ထိုနေ့က အမေရိကန်တိုးရစ်တစ်ယောက်နှင့်ဆရာတွေ့လာသည်။ ထိုအမေရိကန်နှင့်ဆရာသည်စကားအလွန်ပြောချင်သည်၊ ကျွန်တော့်ကိုလည်း ပြောစေချင်သည်။ ထို့ကြောင့် အမေရိကန်တိုးရစ်နှင့်ဆရာချိန်းလာခဲ့သည်။တိုးရစ်က ပြည်မြို့အထွက်မှ ဘုရားကြီးစေတီ စသောရှေးဟောင်းဘုရားတွေဘက်သွားကြည့်ချင်သည်ဆိုသဖြင့် ဆရာကလိုက်ပို့မည်ဟုကတိခံလာခဲ့သည်။ သို့သော် ကားခလိုသည်။လိုင်းကားစီးလျှင်ပင်လိုင်းကားခကုန်မည်။တိုးရစ်ကထမင်းစားချင်သည်ဆိုလျှင်မကျွေး၍မကောင်းသဖြင့် တခုခုဝယ်ကျွေးဖို့ငွေလိုသည်။ ဆရာ့မှာလောလောဆယ်ငွေမရှိ၊ ကျွန်တော့်မှာလည်းကျောင်းသားမို့ငွေမရှိ။ ထို့ကြောင့်ဆရာက အောင်ကြီးထံမှငွေသုံးရာသွားရောက်ချေးယူခြင်းဖြစ်သည်။

ထိုနေ့က ကျွန်တော်တို့ဆရာတပည့်အမေရိကန်တိုးရစ်နှင့်အင်္ဂလိပ်စကားတွေတဝကြီးပြောလိုက်ရသည်။ ထမင်းစားကြတော့တိုးရစ် က ခေါက်ဆွဲကြော်တစ်ပွဲမှာ​စားသည်။ ထိုခေါက်ဆွဲဖိုး ငွေ ၂၀၀ ကိုဆရာက အတင်းထုတ်ရှင်းသည်။ ပညာလိုချင်လို့ သူနဲ့အတူသွားတာ၊ ငါတို့က ကပ်စားချင်လို့ သူ့နောက်လိုက်နေတာလို့ အထင်မခံနိုင်ဘူးကွ၊ အဲ့ဒါကြောင့်ငွေရှင်းတာဟုဆရာကပြောသေးသည်။ဆရာနှင့်ကျွန်တော်ကတော့ပိုက်ဆံ အပိုမရှိတော့သဖြင့် ရေနွေးကြမ်းအဝသောက်ပြီးကိစ္စပြီးလိုက်ရသည်။တိုးရစ်ကိုတော့စားပြီးပြီဟုညာပြောလိုက်သည်။

ထို့နေ့ကအဖြစ်အပျက်ကလေးသည် ကျွန်တော့်စိတ်ထဲမှာစွဲနေသည်။ ယခုအခါ အင်္ဂလိပ်စကားပြောရလွန်းသဖြင့် နိုင်ငံခြားသားမြင်လျှင် တဖက်သို့လှည့်နေမိသည့်အခြေသို့ရောက်သည့်တိုင် တစ်ခါက အင်္ဂလိပ်လိုပြောချင်လွန်းသဖြင့် တိုးရစ်များကိုလိုက်ရှာရသည့်ဘဝကိုအမှတ်ရမိသည်။ ကျွန်တော်သိသလောက်ဆရာသည်သူ့ဘဝတွင်မည်သူနှင့်မျှငွေရေးကြေးရေးအရှုပ်အရှင်းမရှိ၊ မည်သူ့ထံမှလည်းငွေချေးသည်ဟုမကြားစဖူးပေ။ ကျွန်တော်နှင့်ကျမှ အောင်ကြီးထံမှငွေ သုံးရာချေးခဲ့ခြင်းဖြစ်သည်။ ဆရာ့အင်္ဂလိပ်စာကလည်း ဆရာမောင်သာနိုးတို့၊ ဦးခင်မောင်လတ်၊ဒေါ်ခင်မျိုးချစ်တို့ ထက်မသာလျင်နေမည် မလျော့သောအရည်အချင်း ရှိသူဖြစ်သဖြင့် ထိုနေ့က ငွေချေး၍ တိုးရစ်နောက်သို့မရမက လိုက်၍စကားပြောခဲ့ခြင်းမှာ သူ့ဝါသနာ ဆိုတာထက် တပည့်ဖြစ်သူကျွန်တော်၏အကျိုးအတွက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တစိမ့်စိမ့်တွေးမိမှဆရာ့ကျေးဇူးကို အမှတ်ရလာကာ ကွယ်လွန်သွားပြီဖြစ်သောကျွန်တော့်ဆရာ ဦးကျော်တင့်(ပြည်) အား သီတင်းကျွတ်လပြည့်နေ့တွင် မှတ်တမ်းရေးထိုး ကန်တော့လိုက်ရပါကြောင်း။

သရဝဏ်(ပြည်)

၇.၁၀.၂၀၂၅

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Anawrahta Road, Between Bo Aung Kyaw And Thein Phyu Roads, Botataung Township, Rangoon
Yangon
11182