ချစ်နော်
ချစ်နော် -
နှင်း နှင့် ခွါညို
သဇင် ဆိုလျှင်
ရင်ဖိုအောင် ချစ်
ရင်နှစ် ပိတောက်
ရွှေရောင်တောက်တော့
လှပကြော့ဆုံး
မောင့်သည်းတုံး ။
ချစ်နော် -
မိုးလယ်အာကာ
ရောင်နီလာပေါ့
အနက်လျော့ချိန်
မှိန်မှိန်ပြာပြာ
ဗွေအာကာမှာ
လေလာအေးသက်
ချမ်းတုန်လျှက်
မပျက်ခံစား
အချစ်ပွါး ။
ချစ်နော် -
လျှပ်ချည်လက် တော့
တေးနော့သံကျူး
စောင်းညင်းထူးပြီ
ပဥ္စသီခ
လက်ကွက်လှမို့
ချိုမြထံတျာ
မိုးအာကာမှာ
လေလာပျံ့ပျူး
သံချိုမြူးသို့
ထူးလှသံစုံ
ရွှေရင်ခုန်သည်
ဥုံ ဒေဝစ္ဆရာ
ချစ်ပါရစေ
နတ်မယ်ဆွေ ။
ချစ်နော် -
ကိုယ့် ကိုယ်ပင်လျှင်
ချစ်စေချင်၏
ဘဝင်ငြိမ်းကြ
မိဘနှစ်ပါး
ဆွေမျိုးများနှင့်
သားချင်း သင်္ဂဟ
တူမျှမေတ္တာ
ချစ်ကမ္ဘာမှသည်
ပြည်ရွာတလွှား
အချစ်ကိုပွါး
ဝေနေယျ များ
အချစ်ကိုထား
သူ့အပေါ်ပို့ငြား
အချစ်တွေများ
မုန်းမာန်မျက်ငြိုး
ပျိုးမထား ။
ချစ်နော် -
မိမိမှလျှင်
ဝဠာခွင်၌
အသင်လူသား
အချစ်ထားလျှင်
ပွါးများစည်ပင်
အားသည်လျင်စွာ
ကြီးထွားလာလျှက်
ပြည်ရွာကောင်းကျိုး
အမျိုးမျိုးကို
လိုအင်ခဏ
စွမ်းဆောင်ပြသည်
ကြီးမည်ဘုန်းကံ
ရှိန်ဝါတည်း ။ ။
ရွှေစင်အက္ခရာ
၂၀၂၅ စက်တင်ဘာ ၂၄
အာစရိယ ပူဇော်ပွဲ သြဝါဒ စကား
ရွှေစင်အက္ခရာ
ဦးမောင်မောင်ချို ( မဟာဝိဇ္ဇာ )
ပညာသင်နှစ်တစ်ခုရဲ့ အဆုံးသတ်အချိန်တွေကို
မာကျူရီ ဖြတ်သန်းနေတဲ့ရက်များထဲက တစ်ခု ။
မနေ့က ၂၀၂၆ ဖေဖော်ဝါရီလ ၂၄ အင်္ဂါနေ့
အပြီးသတ် မှာကြားမှုတွေလုပ်ရင်း နှင့် မြေးတို့ကို 11 နှင့် 12 ၂ နှစ်တာလုံး သင်ကြားခဲ့မှုတွေ ယနေ့ပြီးဆုံးပြီ လို့ နှုတ်ဆက်နေချိန်မှာ မြေးယောက်ျားလေး နှစ်ယောက် ကျိတ်ပြီးငိုကြတယ်။ နောင်တော့ သူတို့မျက်ရည်တွေ ပါးပြင်ပေါ်ကို ဗြောင်ပဲစီးကျခွင့်ပြုလိုက်ကြတယ်။
ငိုတာဟာ ဟန်ဆောင်စရာမဟုတ် ၊ဖုန်းကွယ်စရာ မဟုတ်၊ အဘိုးရဲ့ နှုတ်ဆက်သံက သူတို့ရဲ့ ချစ်ခြင်းမေတ္တာတံခါးကို ခေါက်လိုက်မိသလိုပါပဲ ။
ကလေး နှစ်ယောက်ကို နှစ်သိမ့်နေချိန် ကျွန်တော်ကိုယ်တိုင် တော်တော်ခံစားနေမိပါတယ် ။
အချစ်ဟာ နှလုံးသားတစ်ခုရဲ့ နုပျိုသန်စွမ်းမှု ပြယုဂ်ပါ ။ ခံစားတတ်မှုဟာ ရိုးသားခြင်းနှင့်လည်းတိုက်ရိုက်အချိုးကျပါတယ် ။
တကယ်တော့ အချစ်ဆိုတာ နှလုံးသားထဲမှာထည့်ထားတဲ့ အရာတစ်ခုအပေါ်မှာထားရှိတဲ့ ထိမိတဲ့ မေတ္တာတရားပဲ ။
အချစ်ကို မှုန်ဝါးသွားစေတာက ကိလေသာ ဖိုမစိတ်ပေါ့ ။ အချစ်ဆိုတဲ့အရာဟာ အလွန်သန့်စင်လှပါတယ်။
ရယူလိုခြင်းလုံးဝ ကင်းပြီး ကျား ၊မ ၊ဆင်းရဲ ၊ချမ်းသာ၊ လူ ၊တိရစ္ဆာန် ၊လုံးဝမခွဲဘဲ ထားရှိနှိုင်တဲ့ အလှပဆုံးစိတ်ပဲ။
သည်စိတ်သာမရှိလျှင် လောကကြီး ဆိတ်သုဥ်းပျောက်ကွယ် သွားနှိုင်ပါတယ် ။
သည်နေ့ဆို အမိမဲ့သွားတဲ့ ကလေးတွေ ကိုယ့်အချစ်ဆုံး ချားချား ( charcoal ) နေမကောင်းတာ သွားပြီး ပရိတ်ရွတ်ပေးခဲ့တယ် ။
သည် အချစ် တွေနှင့် သံသရာမှာပျော်ပျော်ကြီးခရီးသွားရပါဦးမယ် ။
မင်္ဂလာပါနှုတ်ဆက်ပြီးတော့ ဘေးက ကလေးတွေက အဘိုး ကို သူတို့ကဖက်ချင်လို့တဲ့ ဆိုပြီး သူတို့ ကိုယ်စားပြောပေးကြတယ် ။
ရတာပေါ့ကွ လို့ဆိုပြီး သူတို့ဆီသွားပြီး ဖက်ထားပေးလိုက်တယ် ။ သူတို့လည်းဖက် ကိုယ်လည်းဖက်ပေါ့ ။
တစ်ယောက်ဆို လက်တွေအေးစက်နေတာပဲ။
သားလေး လက်တွေအေးလိုက်တာဆိုတော့ ငိုရင်းနှင့် ဘာပြောလဲ ဆိုတော့ ဆရာကြီး ကျန်းမာရေး ကို ဂရုစိုက်ပါနော် တဲ့ ။
ကျွန်တော့် ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲငိုရင်း သူတို့ အခန်းထဲက ထွက်လာခဲ့ရပါတော့တယ် ။ ။
ရွှေစင်အက္ခရာ
၂၀၂၆ ဖေဖေါ်ဝါရီ ၂၅
ပန်းစထရော်ဘယ်ရီ
ပန်းစထရော်ဘယ်ရီ
နွေလက်တံသည်
စက်နာရီတစ်ခုလို
ကမ္ဘာကိုလှည့်ပတ်
တစ်ပတ်ပြည့်လေပြီ ။
ပန်းစထရော်ဘယ်ရီ
နှင်းဆီရောင်အသား
စကားလုံးရှာမရတဲ့ဣန္ဒြေ
စိုပြည်စွာပနံရ
နွေအလှနှင့်တော့အံကျ ။
ပန်းစထရော်ဘယ်ရီ
တောင်လေတွေမြူးခဲ့ပြီ
နေရီရီမှာ
ရွှေခြည်တွေတလက်လက်
ဥသြသံ လွင့်ပျံဂယက်
ယောက်ယက်ခတ်တဲ့စိတ်
ကျောင်းပိတ်တော့မယ်ဒေဝီ ။
ပန်းစထရော်ဘယ်ရီ
ဧရာဝတီမြစ်ဘေး
ကို အပြေးလာခဲ့မယ်
စိန်ပန်းတွေအပေါ်မှာ
ကံ့ကော်တွေအပေါ်မှာ
ပိတောက်တွေအပေါ်မှာ
ငုဝါတွေအပေါ်မှာ
အကြင်နာ စာနာရိပ်
နားခိုကာအိပ်ပါတော့
ချွေးသိပ်ပါရစေ
ချစ်သောနွေ ။ ။
ကျောင်းကြီးပိတ်ချိန်ကိုဂုဏ်ပြုလျှက် -
ရွှေစင်အက္ခရာ
၁၂ ၊ ဖေဖေါ်ဝါရီ ၊ ၂၀၂၆
နေရောင်အောက်မှာ
ရွှေတောင်ပေါက်သည့်ပမာ -
ဘာဏုရာဇာ
ရှေ့ပြုဗ္ဗာ
ပေါ်လာစက်ဝိုင်း
လှိုင်းတွေဖြာ ၊
ကျွန်းကြီးဤမြေ
စိုပြည်စွာ
နှင်းတွေယိုဖိတ်
တောင်ထိပ်သာ
ကြယ်ပြောင်တောက်ဆဲ
ဗွေအာကာ
ပြာရောင် ဖြူ မှောင်
ဝါရောင်ဖြာ
မေရုမြင်းမိုရ်
စိန်ကတ္တီပါ ။
တိမ်ပိုးပန်းချီ
စုံညီစွာ
နေခြည်လင်းလက်
ထွက်ပြူလာ ၊
စိန်ကတ္တီပါ
ကြယ်မပျောက်
အံ့ဖွယ်ရွှေတောင်
ပေါ်၍ပေါက် ၊
မိုးထိအမ္ဗုန်
ထိုး၍ဖေါက်
ရွှေတွေ ရွှေတွေ
ကျုံး၍ကောက်
တောင်းတွေ တောင်းတွေ
ပြည့်လျှံမောက်
မကုန်နိုင်ဘဲ
အံ့ချီးလောက် ။
ခွါညို ပေါက် လဲ သရဖီ
ရွှေတောင်ပတ်လည်
သင်းပျံ့စည်၊
တို့ များစိတ်ဘဝင်
အေးမြသည် ၊
လင်းလက်နေခြည်
အောက်မှာတည်
ရွှေတုံး စိန်တုံး
ကောက်စို့ညီ ၊
ရွှေတောင်တက်မည်
ချစ်မြေးတို့
အဘိုးဟစ်အော်
ခေါ်ပါလို့ ၊
ရွှေတောင်ထိပ်မှာ
ရပ်ပါလို့ ၊
မိုးထက်ဝဠာ
ကြည့်ပါလို့ ၊
လှပတေးသီ
ကျူးကြစို့ ။ ။
ရွှေစင်အက္ခရာ
၂၀၂၆ ၊ ဇန္နဝါရီ ၊ ၃၀
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Yangon