21/02/2025
‼️စိတ်ကျန်းမာရေးဆိုတာ ကိုယ့်ရဲ့ ဘဝကို တစ်ချိန်မဟုတ် တစ်ချိန်မှာ တံခါးလာခေါက်မဲ့ အရာပါ။ ဒါပေမဲ့လည်း လူတော်တော်များများက စိတ်ကျန်းမာရေးလို့ ပြောလိုက်ရင် မသိကျေးကျွံပြုတုန်း၊ စိတ်မကျန်းမာတဲ့သူတွေကို ကဲ့ရဲ့အပြစ်တင် လှောင်ပြောင်နေကြတုန်းပါ။ စိတ်ကျန်းမာရေး အခြေအနေတွေကို ကမ္ဘာနဲ့အဝန်းမှာ ခံစားရင်ဆိုင်နေကြရပေမဲ့လည်း စိတ်မကျန်းမာသူတွေကို Stigmatized လုပ်နေကြတုန်း ဖြစ်ပါတယ်။
📌 Stigma ဆိုတာ ဘာလဲ ?
Stigma ဆိုတာကတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထင်သေးရှုံ့ချတာ၊ ခွဲခြားဆက်ဆံတာ၊ မကောင်းတဲ့ အတွေးအမြင်၊ အပြုအမူတွေကို ခေါ်ပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ Stigma တွေ အများကြီး ရှ်ိကြပါတယ်။ စိတ်ကျန်းမာရေး အခြေအနေတစ်ခုခုနဲ့ ရင်ဆိုင်နေရတဲ့သူတွေကို
"အပိုတွေ လုပ်မနေပါနဲ့။ ဒရမ်မာတွေ မချိုးပါနဲ့"
"ငါလည်းဖြစ်ဖူးတာပဲ၊ အဲ့လောက် အဖြစ်မသည်းပါနဲ့"
"အကောင်းမြင်စိတ်ထားစမ်းပါ"
"စိတ်ဓာတ်ကျစရာ ဘာရှိလို့လဲ"
"နင့်ထက်ပိုဆ်ိုးတဲ့သူတွေတောင်ရှိသေးတာပဲ"
"ဆေးတွေသောက်နေရတာဆိုတော့ အခြေနေတော်တော်ဆိုးနေတာပဲ"
"နင့်အနေအထားကြီးနဲ့ ဖြစ်သင့်လို့လား" စသဖြင့် စိတ်မကျန်းမာသူတွေကို မျိုးစုံ stigmatized လုပ်ကြပါတယ်။
📌 ခုလို stigmaတွေ ရှိနေခြင်းဟာ နိုင်ငံရဲ့ ပညာရေး နိမ့်ပါးမှု၊ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာနည်းပါးမှုတွေနဲ့ ဆိုင်သလို တစ်ကိုယ်ရည် တကာယ ပြုစုပျိုးထောင်ခံခဲ့ရမှုတွေ၊ ငယ်ဘဝရဲ့ စိတ်ဒဏ်ရာတွေ၊ ချစ်ခြင်းမေတ္တာ ကောင်းစွာ မရခဲ့မှုတွေ၊ ပစ်ပယ်ထားခံရခြင်းတွေနဲ့လည်း သက်ဆိုင်ပါတယ်။
‼️ တကယ်တော့ စိတ်ကျန်းမာရေးဆိုတာ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ အတူတူပါပဲ။ ခန္ဓာရှိလို့ ဝေဒနာရှိသလိုပဲ စိတ်မှာလည်း ဝေဒနာဆိုတာ ရှိတတ်ပါတယ်။ ဒါပေမဲ့ လူတွေက ခန္ဓာကိုယ်မှာ ရောဂါရရင်တော့ အပြစ်မတင်တတ်ကြပေမဲ့ စိတ်မှာ ရောဂါဖြစ်ရင်တော့ နှာခေါင်းရှုံ့ကြပါတယ်။
✔️ Flu season မှာ တုပ်ကွေးဖြစ်ကြသလိုပေါ့။ ကိုယ်ခံအားပေါ်မူတည်ပြီး တုပ်ကွေးဖြစ်ချင် ဖြစ်မယ်။ မဖြစ်ချင် မဖြစ်ဘူးပေါ့။ မဖြစ်အောင် ကာကွယ်ဆေးထိုးထားပေမဲ့လည်း တုပ်ကွေး ဖြစ်သွားတဲ့ လူတွေ ရှိတာပဲ။ လူတစ်ကိုယ် ခံနိုင်ရည်တစ်မျိုးမို့ ဘယ်သူကမှ နင်ကာကွယ်ဆေးထိုးထားရက်နဲ့ တုပ်ကွေး ဖြစ်ရကောင်းလားလို့ အပြစ်မတင်ကြဘူး။ ဒါပေမဲ့ လူတစ်ယောက် စိတ်ဓာတ်ကျကြည့်၊ စိတ်မကျန်းမာကြည့်ပါလား အပြစ်တင်ဖ်ို့၊ stigmatized လုပ်ဖို့ အသင့်ပါပဲ။
✔️ စိတ်မကျန်မာဘူးဆိုတာ ရူးသွားမှ မဟုတ်ဘူး။ နေ့စဉ်လူမှုဘဝရဲ့ အခက်အခဲတွေအကြား စိတ်ပင်ပန်းနိုင်တယ်၊ ခြေကုန်လက်ပန်းကျနိုင်တယ်။ အကြောင်းအမျိုးမျိုးကြောင့်နဲ့ စိတ်ဓာတ်ဆိုတာလည်း ကျနိုင်တယ်။ လူတိုင်းမှာ သူ့ဘဝနဲ့သူ ကိုယ်မသိတဲ့ battle ပေါင်းစုံရှိပါတယ်။ စိတ်နေမကောင်းဘူးဆိုတာ လူတိုင်းမှာ ခံစားရနိုင်တယ်။ ခံစားခွင့်လည်း အပြည့်အဝရှိတယ်။
‼️ ဒါပေမဲ့ လူ့ပတ်ဝန်းကျင်က stigmaတွေကြောင့် တကယ့်တကယ် စိတ်မကျန်းမာသူတွေဟာ အကူအညီတွေ ရယူဖို့အတွက် တွန့်ဆုတ်လာကြတယ်။ သူတို့အဆင်မပြေတာကို အဆင်မပြေလို့ reach out လုပ်ချင်ပေမဲ့ လှောင်ရယ်ခံရမှာပဲ၊ ခွဲခြားဆက်ဆံခံရမှာပဲဆိုတဲ့ အတွေးဝင်လာပြီး အကူညီတောင်းဖို့ကို လက်တွန့်သွားကြပါတယ်။ နောက်ပြီး အထင်သေးခံရမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ခံစားနေရတဲ့ စိတ်အခြေအနေဟာ ပိုဆိုးစေလာနိုင်ပြီး အဆုံးထိ တွန်းပို့သလို ဖြစ်နေတတ်ပါတယ်။
‼️ ဒါကြောင့် မိမိကိုယ်တိုင်ကနေ စတင်ပြီး စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့ Stigmaတွေကို ဖယ်ဖျောက်ပစ်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး မိမိကစလို့ မိမိရဲ့ ပတ်ဝန်းကျင်ကိုပါ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာပေးဖို့ လိုပါတယ်။ လူမကျန်းမာသလိုပဲ စိတ်မကျန်းမာဘူးဆိုတာကလည်း ဖြစ်တတ်တယ်၊ သဘာဝပဲလို့ လက်ခံပေးဖို့ လိုပါတယ်။
✔️ ကျွန်မတို့ ဆရာပြောဖူးသလိုပေါ့။
"အရိုးဆရာဝန်လည်း အရိုးကျိုးနိုင်သလို
နှလုံးဆရာဝန်လည်း နှလုံးဖောက်နိုင်ပါတယ်။
စိတ်ဆရာဝန်လည်း စိတ်မကျန်းမာတာမျိုးဖြစ်နိုင်ပါတယ်" တဲ့။
‼️ ဒါကြောင့် ဘယ်လိုအနေအထားမှာ စိတ်ကျန်းမာသင့်တယ်၊ ငါ့အနေအထားနဲ့ စိတ်မကျန်းမာတာ မဖြစ်သင့်ဘူးဆိုတဲ့ self-stigmaတွေလည်း မလုပ်ဘဲ၊ သူများကိုလည်း မလုပ်ဘဲ မှန်ကန်တဲ့ စိတ်ကျန်းမာရေး အသိပညာတွေကို ရရှိနိုင်ဖို့က အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာ ရောဂါဖြစ်ရင် ကုသလို့ ရသလို စိတ်နေမကောင်းတဲ့အခါလည်း ကုသလို့ ရနိုင်တဲ့အတွက် စိတ်ကျန်းမာရေးကို normalize လုပ်ပြီး လိုအပ်တဲ့ ကုသမှုတွေ၊ အကူညီတွေ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။
▪️ မိတ်ဆွေတ်ို့ရဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကို ကျွန်မတို့ရဲ့ Hepta Mental Health Clinic မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့အတူ ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။
▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။
▪️ လူကိုယ်တိုင် လာရောက်ဆွေးနွေးဖို့အတွက် ခက်ခဲနေသူများအတွက်လည်း Online Consultation လုပ်ပေးတဲ့အပြင် Online မှစိတ်ပိုင်းဆိုင်ရာ စစ်ဆေးလွှာဖြေဆိုခြင်း နှင့် ကိုလည်း Page Messenger မှတဆင့် ဆက်သွယ်ပြီး ဝန်ဆောင်မှုများရယူနိုင်ပါတယ်။
21/02/2025
🌬️ အသက်ရှူရတဲ့ အလုပ်ဟာ ကျွန်မတို့ သက်ရှိတွေ အားလုံးအတွက် အသက်မသေဆုံးခင် အချိန်ထိ လုပ်နေရမယ့် အလုပ်တစ်ခုဖြစ်ပါတယ်။
🌬️ကျွန်မတို့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်ကို အသက်ရှူလိုက်တဲ့ လေကနေတစ်ဆင့်ရပါတယ်။ ဒီအောက်စီဂျင်တွေကို သဘာ၀တရားကြီးက အလကား ပေးထားပြီးသားပါ။ ဒါပေမယ့် ကျွန်မတို့တွေ အသက်ရှုဖို့ မေ့နေတတ်ကြပါတယ်။ အသက်ရှူနေရင်းမှကို ရှူနေလို့ ရှူနေမှန်းမသိ မေ့လျော့နေတတ်ကြပါတယ် ။
🌿 နေ့စဥ်နဲ့အမျှ ဘ၀ကို ဖြတ်သန်းရုန်းကန်ရမှုတွေ၊ နာကျင်၀မ်းနည်းမှုတွေ၊ အလိုရမ္မက်တွေ၊ ဒေါသတွေ၊ ပြိုင်ဆိုင်မှုတွေကြားမှာ လူတွေဟာ အသက်ကို ၀အောင်ရှူဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ့်အတွက်ကိုယ် အသက်ရှူရင်း သူတစ်ပါးကြောင့်နဲ့ အသက်ရှူကျပ်မှန်းမသိ ကျပ်နေတတ်ကြပါတယ်။
🌿 စိတ်ဖိစီးမှုတွေများလာတဲ့အခါ၊ စိုးရိမ်တုန်လှုပ်မှုတွေနဲ့ ကြုံလာတဲ့အခါမှာ ပိုပြီး သိသာပါတယ်။ အသက်ကို ၀အောင်မရှူဘူး၊ ပူပန်တဲ့ စိတ်ကြောင့် အသက်ကို မြန်မြန်ရှူမိတယ်၊ ဒါမှမဟုတ်လည်း အသက်ကို အောင့်ပြီး ရှူမိတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့လုပ်ရမှာက အသက်ရှူခြင်းအပေါ်ကိုပဲ အာရုံစိုက်လိုက်ဖို့လိုတာပါ။
🌿 အသက်ကို ပြည့်ပြည့်၀၀ရှူသွင်းတာဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ထဲက အတွင်းကလီစာတွေဆီကို အောက်စီဂျင်တွေ ပိုရောက်စေတယ်။ Cortisol Levelကို လျော့ကျစေတဲ့အတွက် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် အသက်ကို ၀အောင်ရှူသွင်းဖို့အတွက် မမေ့ပါနဲ့။
📌 အသက်ရှူလေ့ကျင့်ခန်းလုပ်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒီနေ့ မျှဝေပေးမဲ့ နည်းကတော့ 4-7-8 Deep Breathing Exerciseဖြစ်ပါတယ်။
🌬️ ပထမဆုံး မျက်လုံးလေးမှိတ်၊ သက်တောင့်သက်သာ ရှိတဲ့ အနေအထားမှာထိုင်ပြီး အသက်ကို ဖြည်းဖြည်းချင်း စရှူလိုက်ပါ။ ပထမဦးဆုံး ရှူသွင်းလိုက်တဲ့လေကို ၄စက္ကန့်လောက်ကြာအောင် ရှူသွင်းလိုက်ပါ။ ပြီးရင် ၇စက္ကန့်လောက် အောင့်ထားလိုက်ပါ။ ပြီးမှ ၈စက္ကန့်လောက်ကြာအောင် ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပါ။
🌬️ အသက်ကို ရှူသွင်းတဲ့အချိန်မှာ ရှူသွင်းလိုက်တဲ့လေဟာ ကိုယ့်ရဲ့ နှာခေါင်းကနေတစ်ဆင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်၀င်သွားတယ်၊ အဆုတ်တစ်ခုလုံးကို သန့်ရှင်းတဲ့အောက်ဆီဂျင်တွေ ၀င်သွားတယ်လို့ ခံစားကြည့်ပါ ။
🌬️ တောင့်တင်းနေတာတွေရှိလား၊ စိုးရိမ်ပူပန်နေတာတွေရှိလား၊ အတွေးတွေများနေလား စောင့်ကြည့်ပါ။ ဒီခံစားချက်တွေကို မဝေဖန်ပါနဲ့၊ အတွေးတွေကိုလည်း အပြစ်မတင်ပါနဲ့။ ဒီတိုင်းလေးပဲ ထားလိုက်ပါ။ အသက်ကိုပဲ ပုံမှန်ဆက်ရှူနေပါ။
🌿 အသက်တစ်ခါရှူသွင်းလိုက်တဲ့အခါတိုင်း ကိုယ့်ရဲ့ ဘ၀ဟာ ပုံစံအသစ်ဖြစ်သွားတယ်လို့ ပုံဖော်စိတ်ကူးကြည့်ပါ။ အသက်ရှူထုတ်တဲ့အခါ ကိုယ့်ရဲ့ စိုးရိမ်ပူပန်တွေဟာ ရှူထုတ်လိုက်တဲ့ လေနဲ့အတူ ပါသွားပြီလို့ ခံစားကြည့်ပါ။ လေးလံနေတဲ့အရာတွေအားလုံးကို ဖြည်းဖြည်းချင်း လွှတ်ချလိုက်ပါ။
ဒီလေ့ကျင့်ခန်းကို နေ့တိုင်း အချိန်ပေးပြီး လုပ်ကြည့်ပါ။ အထူးသဖြင့်တော့ စိတ်ဖိစီးမှုများတဲ့အချိန်တွေ၊ စိုးရိမ်ပူပန်တဲ့အချိန်တွေမှာ စိတ်တည်ငြိမ်မှုရစေဖို့အတွက် မဖြစ်မနေ လုပ်ရမယ့်အရာဖြစ်ပါတယ်။
🌬️ ကိုယ့်အတွက်ကိုယ် အသက်ရှူဖို့မမေ့ပါနဲ့။ အခုဒီစာလေးကို ဖတ်ပြီးတဲ့အချိန်မှာတောင် အသက်ကို၀အောင် မရှူရသေးရင် တစ်၀ကြီး ရှူသွင်းလိုက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုပေးလိုက်ပါ။
▪️ မိတ်ဆွေတ်ို့ရဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကို ကျွန်မတို့ရဲ့ Hepta Mental Health Clinic မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့အတူ ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။
▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။
▪️ လူကိုယ်တိုင် လာရောက်ဆွေးနွေးဖို့အတွက် ခက်ခဲနေသူများအတွက်လည်း Online Consultation လုပ်ပေးတဲ့အပြင် Online မှစိတ်ပိုင်းဆိုင်ရာ စစ်ဆေးလွှာဖြေဆိုခြင်း နှင့် ကိုလည်း Page Messenger မှတဆင့် ဆက်သွယ်ပြီး ဝန်ဆောင်မှုများရယူနိုင်ပါတယ်။
21/02/2025
နေရာတကာ အားနာတတ်ခြင်းက ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ နောက်ပြီး အားနာခြင်းကို ယဉ်ကျေးမှု တစ်ရပ်လို စွဲမြဲနေတဲ့ မြန်မာနိုင်ငံမှာ အားနာခြင်းကြောင့် စိတ်အားလူအား ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။
▪️ အားနာလို့ ကိုယ်အဆင်မပြေလည်း ကူညီလိုက်တယ်...
▪️ အားနာလို့ ကိုယ့်မှာ မရှိပေမဲ့လည်း ချေးငှါးပေးလိုက်တယ်...
▪️ မကူညီရင် လူတွေငြိုငြင်မှာစိုးလို့၊ ကိုယ့်ကို မခေါ်မှာ ကြောက်လို့ ကိုယ်အဆင်မပြေတဲ့ကြားထဲက ကူညီပေးလိုက်ရတယ်...ဆိုတာမျိုးတွေ ကြုံဖူးကြမှာပေါ့။
‼️ဒီလိုမျိုး နေရာတကာ အားနာခြင်း၊ လိုက်လျောပေးတတ်ခြင်းက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို အထောက်အကူ မပြုစေတဲ့အပြင် ကြာလာရင် မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေကို ရရှိစေလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ နေရာတကာ အားနာတတ်တဲ့ အကျင့်ကို ပြင်ဖို့လိုပြီး ကျန်းမာတဲ့ နယ်နိမိတ်စည်း (Healthy Boundary)တွေကို ချဖို့ လိုအပ်ပါတယ်။
‼️ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့၊ စိတ်ကျန်းမာရေးကို ဂရုစိုက် စောင့်ရှောက်နိုင်ဖို့၊ ဆက်ဆံရေးတွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် Healthy Boundaryတွေကို ချမှတ်ထားရမှာ ဖြစ်ပါတယ်။
📌 Healthy Boundary တွေကို ဘယ်လိုချမလဲ??
▪️ "No" လို့ ငြင်းဖို့ ဝန်မလေးပါနဲ့
လူတော်တော်များများက ငြင်းခံရမှာ ကြောက်သလို၊ ကိုယ်ကစပြီး ငြင်းရမှာကိုလည်း အားနာတတ်ကြပါတယ်။ အဆင်မပြေလည်း ခေါင်းညိတ်လိုက်ကြတာများတယ်။ တစ်ခါတလေဆိုရင် ပြဿနာမရှိပေမဲ့ ခဏခဏဖြစ်လာတဲ့အခါ ကိုယ့်မှာ ပင်ပန်းပြီး ဝန်ပိစေလာပါတယ်။ ဒါက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်အဆင်မပြေဘူး၊ မကူညီပေးနိုင်ဘူးဆိုရင် ငြင်းပါ။ ယဉ်ကျေးစွာနဲ့ ငြင်းပိုင်ခွင့် ရှိပါတယ်။ ဒါဟာ မိမိရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြစ်ပါတယ်။
▪️ ကိုယ်ကြိုက်တဲ့အရာ၊ မကြိုက်တဲ့အရာတွေကို ရှင်းရှင်းလင်းလင်း ပြောဆိုထားပါ
ကိုယ့်ကို ဘယ်လိုပြောတာမကြိုက်ဘူး၊ ကိုယ့်မှာ အထိခိုက်မခံနိုင်တဲ့ core valueတွေက ဘာလဲဆိုတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါ။ ဒါမှသာ ပွင့်လင်းမြင်သာမှုရှိပြီး တစ်ဖက်သူကလည်း ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။
▪️ Boundary ချမှတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို အမြဲ ပြန်စဉ်းစားပါ
Boundary ချတဲ့အခါ ဆက်ဆံရေးတွေမှာ အနည်းနဲ့အများဆိုသလိုတော့ အထင်လွဲတာ၊ စိတ်ကွက်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီအခါကျ ကိုယ်ချမှတ်ထားတဲ့ boundaryတွေအပေါ် ကိုယ့်ကိုယ်ကိုယ် guilty ပြန်ဖြစ်တတ်ပါတယ်။ "ငါ ဒီလို boundary ချလိုက်တာ မှားသွားလား" လို့ ပြန်တွေးတတ်ပါတယ်။
ဒီလိုဖြစ်တဲ့အခါ boundary ချမှတ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကို ပြန်စဉ်းစားပါ။ ကိုယ့်ရဲ့ အချိန်တွေ၊ လူအား စိတ်အားတွေကို ကာကွယ်ဖ်ို့၊ ပိုပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့ ဒီလို healthy boundary တွေ ချမှတ်ခဲ့တာကြောင့်မိုလို့ တစ်ချို့တလေဆီက အထင်လွဲမှု၊ အမြင်စောင်းမှုတွေကို let go လုပ်နိုင်ဖို့ လိုပါတယ်။
▪️ Respect ရှိပါစေ
ကိုယ်တိုင်ချမှတ်ထားတဲ့ ကိုယ့်ရဲ့ boundary တွေအပေါ် လေးစားမှု ရှိဖို့ လိုပါတယ်။ ထို့နည်းတူ သူတစ်ပါး ချမှတ်ထားတဲ့ boundaryတွေကိုလည်း လေးစားမှု ထားဖို့ လိုပါတယ်။ ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းတွေကို ကိုယ်ကစပြီး မချိုးဖောက်ဖို့ လိုသလို သူတစ်ပါးက လာကျူးကျော်တာကိုလည်း လက်မခံဖို့ လိုပါတယ်။
📌 တကယ်တော့ Boundary ချမှတ်တယ်ဆိုတာ မချစ်လို့၊ မခင်လို့၊ မကြည်ဖြူလို့ ချမှတ်ခြင်း မဟုတ်ဘဲ လူတိုင်းလူတိုင်းရဲ့ ကိုယ်ပိုင်အချိန်နဲ့ စိတ်အင်အား လူအင်အားတွေကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ ကိုယ်စီ ဘဝတွေရဲ့ ကိုယ်ပိုင် အချိန်နဲ့ တန်ဖိုးထားမှုတွေကို ရိုသေလေးစားကြရင်း အချင်းချင်း ကျန်းမာစွာ ပတ်သက်ဆက်ဆံနိုင်ကြဖို့ ဖြစ်ပါတယ်။
▪️မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။
▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။
21/02/2025
✔️ Self-esteemဆိုတာကတော့ မိမိိကိုယ်မိမိ လေးစားတန်ဖိုးထားမှုကို ခေါ်တာဖြစ်ပါတယ်။ မိမိကိုယ်မိမိ ဘယ်လို မြင်လဲ၊ ဘယ်လိုလက်ခံထားလဲ၊ အခြားသူတွေအပေါ်ရော ဘယ်လို ဆက်ဆံသလဲဆိုတာတွေဟာ self-esteemဖြစ်ပါတယ်။
✔️ Self-esteemဟာ လူတိုင်းမှာ လိုအပ်ပြီးတော့ အထူးသဖြင့် စတင်ဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးငယ်အရွယ်တွေမှာကတည်းက လေ့ကျင့်တည်ဆောက်ပေးဖို့ ပိုပြီး လိုအပ်ပါတယ်။
📌 ကလေးတစ်ယောက် self-esteem တည်ဆောက်နိုင်ဖို့ဆိုတာက ဒီကလေးတစ်ယောက်သည်
(1) physically,mentally safeဖြစ်တယ်လို့ ခံစားရဖို့ လိုတယ်။
(2) အချစ်ခံရဖို့၊ အသိအမှတ်ပြုခံရဖို့ လိုတယ်။
(3) အသက်အရွယ်အလိုက် ညီမျှတဲ့ လုပ်ငန်းဆောင်တာတွေကို သူကိုယ်တိုင် အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ လိုတယ်။
(4) ကိုယ့်အားကိုယ်ကိုး လုပ်နိုင်ပြီး ပညာရပ်တစ်ခုခု၊ နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်နေဖို့ လိုတယ်။
(5) ကလေးတွေရဲ့ ဘဝမှာ စိတ်လုံခြုံပျော်ရွှင်ရဖို့ လိုပါတယ်။
ဒါမှသာလျှင် ကလေးတစ်ယောက်ဟာ self-esteemကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
✔️ "Maslow's Hierarchy of Needs" အရ ကြည့်မယ်ဆိုရင်လည်း foundation needsတွေ ဖြစ်တဲ့ physiological,safety,love&belonging တို့ ပြည့်စုံနေမှ esteem needsကို ဖြည့်စည်းနိုင်မှာပါ။ ဒါကြောင့်မို့ ကလေးလေးတွေမှာ self-esteemကောင်းဖို့ဆိုတာက မိဘတွေ၊ ဆရာဆရာမတွေအနေနဲ့ လုပ်ပေးနိုင်သမျှ၊ ဖြည့်စည်းပေးနိုင်သမျှ positive reinforcementတွေကို ဖြည့်စည်းပေးဖို့ လိုပါတယ်။
‼️ Self-Esteem အားနည်းတဲ့ ကလေးတွေဟာ ကလေးဘဝကစလို့ အရွယ်ရောက်ကြီးပြင်းတဲ့အထိ impactတွေ ဖြစ်စေပါတယ်။ ဒီနေ့ခေတ်ဟာ peer-pressure အင်မတန်များတဲ့ခေတ်ပါ။ International school ထားနိုင်တဲ့သူကထား၊ private schoolထားနိုင်သူကထား၊ မထားနိုင်လို့ ရိုးရိုး အစိုးရကျောင်း၊ အစိုးရကျောင်းမှာတောင်မှ ကျူရှင်တက်နိုင်သူ/ မတက်နိုင်တဲ့သူနဲ့။ သူငယ်ချင်းက လွယ်အိတ်အသစ်လေး၊ ဖိနပ်အသစ်လေးနဲ့၊ ဟိုသူငယ်ချင်းက စာတော်လို့၊ ကိုယ်ကတော့ စာမလိုက်နိုင်လို့၊ စသဖြင့် နေရာတကာမှာ peer pressureတွေချည်းပါပဲ။
▪️ အကယ်၍သာ ကိုယ့်ရဲ့ ကလေးက self-esteemကို ကောင်းကောင်းမတည်ဆောက်ထားဘူးဆိုရင် မြင်သမျှ တွေ့သမျှကို သူလိုက်အားကျမယ်၊ မိဘတွေကို မရမက ပူဆာမယ်၊ မလုပ်ပေးနိုင်ရင် သူစိတ်ဓာတ်ကျမယ်၊ ကြာလာရင် သိမ်ငယ်စိတ်ဝင်သွားတတ်ပါတယ်။
Inferiority complexဟာ သူတို့လေးတွေ အရွယ်ရောက်တဲ့အထိ လွှမ်းမိုးနေမှာဖြစ်ပြီး မိမိကိုယ်မိမိ သူများနဲ့ နှိုင်းယှဉ်ပြီး ငါမလုပ်နိုင်ဘူး၊ ငါမတော်ဘူးဆိုတဲ့ စိတ်ဓာတ်ကျမှုတွေ၊ စိုးရိမ်မှုတွေပဲ ဖြစ်စေမှာပါ။
▪️ အကယ်၍သာ self-esteemကို ကောင်းကောင်းတည်ဆောက်ထားမယ်ဆိုရင်တော့ ကလေးဟာ သူကသူ၊ ငါကငါပဲ ဆိုတာကို လက်ခံတတ်လာမယ်။ သူ့ကိုယ်သူ "enough" ဖြစ်တယ်။ လုပ်နိုင်တယ်။ ကျော်ဖြတ်နိုင်တယ်လို့ ခံယူတတ်လာမယ်။ ဘယ်သူနဲ့မှ မပြိုင်ဆိုင်တော့ဘဲ မိမိကိုယ်မိမိ တိုးတက်ဖို့ကိုပဲ အာရုံစိုက်ပါတော့တယ်။
▪️ self-esteemကောင်းတဲ့အတွက် အောင်မြင်မှုတွေသာမက ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရချိန်၊ အမှားတွေလုပ်မိချိန်မှာတောင် သူများဆီက approvalတွေ၊ validationတွေ တောင်းခံမနေဘဲ သူ့ကိုယ်သူ self-validate လုပ်တတ်လာစေပါတယ်။ နောက်ပြီး self-esteemအားကောင်းတဲ့ ကလေးတွေဟာ သူတို့ စိတ်ဝင်စားရာ၊ ကျွမ်းကျင်ရာ နယ်ပယ်တွေမှာ uniqueဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းတွေလည်း ရှိကြပါတယ်။
‼️ ဒါကြောင့် ဖေဖေ၊မေမေတွေ၊ ဆရာဆရာမတွေ အနေနဲ့က ကလေးလေးတွေကို self-esteem အာရကောင်းအောင် ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ကလေးတွေ အမှားလုပ်မိတိုင်း "ဒါလေးတောင် မလုပ်တတ်ဘူးလား၊ အသုံးကိုမကျဘူး" စတဲ့ အပြစ်တင်ဝေဖန်မှုတွေ မလုပ်ဘဲ သူတို့ရဲ့ small achievementလေးတွေကအစ ချီးကျူးပေးပါ။ အသိအမှတ်ပြုပေးပါ။ အသိအမှတ်ပြုပေးခြင်းရဲ့ စွမ်းအားဟာ အင်မတန်ကြီးမားပါတယ်။
▪️ ငယ်စဉ်ကတည်းက ချစ်ခြင်းမေတ္တာကို ကောင်းကောင်းခံစားခဲ့ရတဲ့ ကလေးတွေက သူတစ်ပါးကိုလည်း သေချာ ချစ်တတ်ပါတယ်။ ငယ်စဉ်ကတည်းက အသိအမှတ်ပြုခံခဲ့ရတဲ့ ကလေးတွေကလည်း သူတစ်ပါးကို အသိအမှတ်ပြုပေးတတ်ပါတယ်။
▪️ "Everything is within you" ဆိုတဲ့ mindsetလေးကို ကလေးလေးတွေကို ငယ်စဉ်ကတည်းက လေ့ကျငိ့ပျိုးထောင်ပေးမယ်ဆိုရင် မိမိကိုယ်မိမိ ချစ်ခင်လေးစားတတ်ပြီး မိမိဘဝကို ကောင်းစွာတည်ဆောက်နိုင်တဲ့ ကလေးလေးတွေ ဖြစ်လာမှာ သေချာပါတယ်။
▪️မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။
▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။
21/02/2025
📌 ခံစားဖို့အတွက် မှားတယ် မှန်တယ်ဆိုတဲ့ နည်းလမ်းတွေ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ခံစားချက်တွေဆိုတာ ကောင်းတာလည်း မဟုတ်သလို ဆိုးတာလည်း မဟုတ်ပါဘူး။ ဒီအတိုင်း သတင်းအချက်အလက်တွေသာ ဖြစ်ပြီးတော့ စိတ်ကျန်းမာရေးကို အထောက်အကူ ပြုနေကြတာဖြစ်ပါတယ်။
📌 ဒါကြောင့် တစ်စုံတစ်ယောက်ရဲ့ ခံစားချက်တွေ၊ နာကျင်မှုတွေကို သေးပါတယ် ကြီးပါတယ်လို့ အထင်သေး ဝေဖန်ပိုင်ခွင့် ဘယ်သူ့မှာမှ ရှိမနေပါဘူး။ ကိုယ့်အတွက် ဘာမှမဟုတ်တဲ့ ပြဿနာလေး၊ ဘာမှမဟုတ်တဲ့ နာကျင်မှုလေး ဆိုပေမဲ့ တစ်စုံတစ်ယောက် အတွက်တော့ ကမ္ဘာပျက်စရာ ကိစ္စကြီးတစ်ခု ဖြစ်နေနိုင်လို့ပါပဲ။
"နင်က အရမ်း Emotional ဖြစ်တာပဲ"
"နင်က အရမ်း Sensitive ဖြစ်တာပဲ"
"ဒဏ်ရာတွေကို ပုံကြီး မချဲ့စမ်းပါနဲ့"
"ပုံကြီး မချဲ့နေရင် အဆင်ပြေသွားမှာ"
"ဒီလောက်လေးနဲ့ အဖြစ်သည်း မနေပါနဲ့"
"Drama တွေ အရမ်း ချိုးတာပဲ"
"ငါက စလိုက်တဲ့ဟာကို ဘာလို့ serious ဖြစ်နေတာလဲ"
စသဖြင့် ဒီလိုမျိုး gaslight လုပ်တဲ့ စကားတွေကို ကျွန်မတို့ ပတ်၀န်းကျင်မှာ ကြားဖူးကြမှာပေါ့။ တစ်ခါတလေမှာ ကျွန်မတို့ပါးစပ်က ဘာရယ်မဟုတ်ဘူး လွှတ်ခနဲ ထွက်သွားတတ်တယ်။ တစ်ချို့ကျတော့လဲ ဒါဟာ Gaslight လုပ်တဲ့ စကားတွေမှန်း သိရက်သားနဲ့ တမင်ပြောဆိုနေကြပါတယ်။
📌 Gaslight လုပ်တယ်ဆိုတာက Emotional Abuse တစ်မျိုး ဖြစ်ပါတယ်။ တစ်ဖက်သားရဲ့ ခံစားချက်တွေ၊ ပြဿနာတွေကို ပေါ့ပေါ့တန်တန် ပြက်ရယ်ပြုတာ၊ လှောင်ပြောင်တာ၊ ဝေဖန်ပြောဆိုတာမျိုးကို gaslight လုပ်တယ်လို့ ခေါ်ပါတယ်။
📌 Gaslight လုပ်ခံရတာကို တစ်ချို့က သတိမထားမိကြဘူး။ လုပ်လို့ လုပ်ခံနေရမှန်းလဲ မသိကြဘူး။ ချစ်သူရည်းစား ဆက်ဆံရေးတွေ၊ ပေါင်းသင်း ဆက်ဆံရေးတွေ၊ မိသားစု ဆက်ဆံရေးတွေမှာလဲ gaslight လုပ်တဲ့သူတွေ ရှိကြပါတယ်။ လုပ်ငန်းခွင်မှာလဲ လုပ်ငန်းခွင်မှာမိုလို့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ၊ အတွေးအမြင် အယူအဆတွေနဲ့ ပတ်သက်ပြီး အမြဲသိမ်ငယ်အောင် လုပ်နေကြတဲ့သူတွေ ရှိပါတယ်။
‼️ ကြာလာတော့ gaslight လုပ်ခံရတဲ့လူက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို လက်ခံဖြေရှင်းဖို့ ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် သံသယတွေ ဖြစ်လာတယ်။ "သူတို့ပြောသလို ငါကပဲ ပုံကြီးချဲ့နေတာများလား။ ငါကပဲ sensitive ဖြစ်နေတာများလား။ ငါပဲ မှားနေတာလား"ဆိုတဲ့ self-doubt တွေ ၀င်လာပြီး သူတစ်ပါးရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်သွားတတ်ပါတယ်။
‼️ သူများ စိတ်ကြိုက်ဖြစ်အောင်ပဲ ကြိုးစားတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေးအမြင်တွေကို ထုတ်မပြောရဲတော့ဘူး။ အမြဲ ကိုယ်ကပဲ မှားနေပါလား၊ ကိုယ်ပဲ အသုံးမကျတာပါလားဆိုတဲ့ စိတ်တွေဖြစ်မယ်။ ပြီးရင် ကိုယ်မမှားရင်တောင် ကိုယ်ကပဲ အရင်လိုက်တောင်းပန်နေမယ် စသဖြင့်ပေါ့ ဒီလိုမျိုးတွေ ဖြစ်လာတတ်ပါတယ်။
📌 နောက်တစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် Gaslight မလုပ်သင့်ပါဘူး။ Self-gaslighting လုပ်နေကြတဲ့သူတွေရှိတယ်။ "ငါ့အမှားပဲ၊ ငါ့ပြဿနာက ဘာမှမဟုတ်ပါဘူးလေ၊ ပုံကြီးမချဲ့တာပဲ ကောင်းပါတယ်၊ ငါကအရမ်း emotional ဖြစ်လွန်းတယ်"စသဖြင့် ကိုယ့်ရဲ့ ပြဿနာတွေ၊ စိတ်ခံစားချက်တွေကို လက်မခံဘဲ မဖြေရှင်းဘဲ gaslight လုပ်ပြီး ဖိနှိပ် ဖုံးကွယ်ထားတဲ့ ကိစ္စက ပိုဆိုးပါတယ်။
▪️ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လဲ Gaslight မလုပ်ပါနဲ့။ Gaslight လုပ်တတ်တဲ့သူတွေကိုလဲ ဝေးဝေးကသာ ရှောင်ပါ။ ရှောင်လို့မရသည့်တိုင် ကိုယ့်ဘက်က Boundary တွေ ချထားပါ။ လိုအပ်ရင် Professional Counselling ယူပါ။
📌 တကယ်တော့ "Your feelings are vaild" ပါ။ စိတ်ခံစားချက်တွေ အားလုံးကို လက်ခံ ခံစားပိုင်ခွင့် ရှိပါတယ်။ ပျော်ခွင့်ရှိတယ်၊ ၀မ်းနည်းခွင့်ရှိတယ်၊ ဒေါသထွက်ခွင့်ရှိတယ်၊ ငိုခွင့်ရှိတယ်၊ ပျော့ညံ့ခွင့် ရှိပါတယ်။ ပျော်ဖို့ လိုတဲ့အချိန်မှာ ပျော်လိုက်၊ ငိုဖို့ လိုအပ်နေတဲ့အချိန်မှာ ငိုသာ ငိုလိုက်ပါ။ "ငါဘာမှမဖြစ်ပါဘူး၊ ငိုနေတာ အဓိပ္ပာယ်မရှိဘူး ဘာညာ လုပ်မနေပါနဲ့။ ငိုဖို့လိုရင် ငိုသာငိုလိုက်ပါ"။ ဖြေရှင်းရမဲ့ ပြဿနာဆိုရင် လက်ခံ ဖြေရှင်းလိုက်။ ရင်ဆိုင်ရမဲ့ ပြဿနာဆိုရင် ထိပ်တိုက် ရင်ဆိုင်လိုက်တာ အကောင်းဆုံးပါပဲ။
📌 ကိုယ့်ရဲ့ စိတ်ခံစားချက်တွေဟာ ကိုယ်တိုင် နားလည် လက်ခံပြီး ဖြေရှင်း ကိုယ်တွယ်နေရမဲ့ အရာတွေပါ။ သူတစ်ပါးက စိတ်တိုင်းကျ ခြယ်လှယ်ပြီး လှောင်ပြောင် ပျက်ရယ်ပြုနေတာတွေကို လက်ခံ ခွင့်ပြုဖို့အတွက် မဟုတ်ပါဘူး။
▪️မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။
▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။
19/08/2023
#ဘာကြောင့်စိတ်ရောဂါတွေဖြစ်တာလဲ #အပိုင်း၁
စိတ်ရောဂါတွေက အကြောင်းအချက်တခုထဲကြောင့်မဟုတ်ဘဲ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်း၊ ပတ်၀န်းကျင်အခြေအနေ ပေါင်းစုံပြီး ဖြစ်လေ့ရှိပါတယ်။
ဒီပို့စ်မှာ စိတ်ရောဂါဖြစ်စေတတ်တဲ့ ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးပါမယ်။
1️⃣ #မျိုးရိုးလိုက်ခြင်းGenetic
🧠 စိတ်ရောဂါတွေက မျိုးရိုးလိုက်တတ်ပါတယ်။
🧠 သုတေသနတွေအရ မိဘနဲ့မွေးချင်းတွေထဲမှာ စိတ်ကျရောဂါသည်ရှိတဲ့သူတွေက မရှိသူတွေထက် စိတ်ကျရောဂါဖြစ်ဖို့ ၃ဆပိုများပါတယ်။
🧠 အမျိုးတွေထဲမှာ စိတ်ဝေဒနာသည်ရှိလို့ ကိုယ်လဲ တချိန်ကျ စိတ်ရောဂါဖြစ်မှာ သေချာတယ်ဆိုပြီးအားမငယ်ပါနဲ့။ ဖြစ်နိုင်ခြေကိုပဲ ဆိုလိုတာပါ။ သေချာပေါက်ဖြစ်လာရမယ်လို့မဆိုလိုပါဘူး။
🧠 မျိုးရိုးမှာလဲ ရောဂါသည်ရှိတာရယ်... ဖြတ်သန်းရတဲ့ဘဝအတွေ့အကြုံတွေနဲ့ အကြောင်းတိုက်ဆိုင်တော့မှ ရောဂါဖြစ်တာပါ။
🧠 အဲအကြောင်းတရားတွေကို သိထားပြီး သတိထားကာကွယ်နိုင်ရင် စိတ်ရောဂါဖြစ်နိုင်ခြေပိုနည်းသွားစေပါတယ်။
2️⃣ #မွေးရာပါဦးနှောက်ဖွံ့ဖြိုးမှုပုံမမှန်ခြင်း
🧠 တချို့ကလေးတွေမှာ မျိုးရိုးဗီဇထဲ ရောဂါသည်ရှိနေတာ..ကိုယ်ဝန်ဆောင်ချိန် မိခင်အပြင်းဖျားတာမျိုး...မိခင်က ဆေးလိပ်အရက်သောက်တာမျိုး...သန္ဓေသားဖွံ့ဖြိုးမှုကိုထိခိုက်နိုင်တဲ့ ဆေးတွေသောက်ခဲ့ရတာမျိုးတွေ ကြုံရတဲ့အခါမှာ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တာ ဖြစ်တတ်ပါတယ်။
🧠 အဲဒီအခါမှာ Autism Spectrum Disorder...ဥာဏ်ရည်မမှီတာ...ADHD ရောဂါ နဲ့ တခြားစိတ်ရောဂါတွေ ဖြစ်တတ်ပါတယ်။ တချို့တွေကျလဲ အဲလိုရောဂါကြီးကြီးမားမားမရှိပေမဲ့ စိတ်ဖိစီးမှုဒဏ် မခံနိုင်တာ...စိတ်ဓါတ်ကျလွယ်တာမျိုး ဖြစ်တတ်ပါတယ်။
🧠 ဒီလိုဖြစ်နေတဲ့သူတွေကျ ပျောက်ကင်းအောင်ကုသတာထက် ပိုဆိုးမလာအောင် နောက်ဆက်တွဲဆိုးကျိုးတွေမဝင်အောင် စိတ်ပိုင်းဆိုင်ရာဆေးဝါးတွေနဲ့ ကုသရပါတယ်။
🧠 မိဘတွေကလဲ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံတတ်ဖို့ လေ့လာထားဖို့ လိုပါတယ်။
3️⃣ #ဦးနှောက်အတွင်းရှိဓါတုပစ္စည်းများအပြောင်းအလဲဖြစ်ခြင်း
🧠 ဦးနှောက်ထဲမှာ ပျော်ရွှင်စေ...စိတ်ဓါတ်တက်ကြွစေတဲ့ serotonin, dopamine လို ဓါတုပစ္စည်းတွေရှိပါတယ်။ ဒါတွေက ဟန်ချက်ညီညီရှိနေတဲ့အခါ လူတယောက်ရဲ့စိတ်က ပုံမှန်အခြေအနေမှာရှိပါတယ်။
🧠 တချို့ရောဂါတွေကြောင့်ဖြစ်စေ... အရက်မူးယစ်ဆေးသုံးစွဲတဲ့အခါဖြစ်စေ အဲဓါတုပစ္စည်းတွေကို အပြောင်းအလဲဖြစ်စေပြီး ဟန်ချက်ပျက်သွားပါတယ်။
🧠 အဲအချိန်မှာ စိတ်ဓါတ်ကျတာတွေ...စိတ်အပြောင်းအလဲမြန်တာတွေ...မရှိတာတွေ ကြားတာ မြင်တာဖြစ်လာတာမျိုးတွေ ခံစားရတတ်ပါတယ်။ ကြာလာရင် စိတ်ရောဂါဝင်လာတတ်ပါတယ်။
🧠 ဒါကြောင့် မျိုးရိုးမှာစိတ်ရောဂါသည်ရှိတဲ့သူတွေက သာမာန်သူတွေထက် အရက်၊ မူးယစ်ဆေးဝါးသုံးစွဲတာကို ပိုသတိထားရှောင်သင့်ပါတယ်။
4️⃣ #ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
🧠 ရောဂါကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်တတ်သလို သဘာဝကြောင့်လဲဖြစ်တတ်ပါတယ်။
🧠 လည်ပင်းကြီးရောဂါလို့ခေါ်တဲ့ Thyroid ရောဂါလိုမျိုးမှာ ဟော်မုန်းအပြောင်းလဲဖြစ်ပါတယ်။ Thyroid hormone များရင် စိတ်ကြွတတ်သလို Thyroid hormone နည်းရင်း စိတ်ကျလာတတ်ပါတယ်။
🧠 သဘာဝကြောင့် အပြောင်းအလဲဖြစ်တာမျိုးက ပျိုဖော်ရွယ်ဝင်ချိန်...ဓမ္မတာလာချိန်...ကိုယ်ဝန်ဆောင်ချိန်...သွေးဆုံးချိန်တွေမှာ ဖြစ်တတ်ပါတယ်။
ဒါကြောင့်လဲ ဆယ်ကျော်သက်အရွယ်တွေမှာ ထိန်းရခက်တဲ့ အပြုအမူပိုင်းဆိုင်ရာပြဿနာတွေ...ဓမ္မတာကာလနဲ့ သွေးဆုံးချိန်မှာ စိတ်အပြောင်းအလဲမြန်တာတွေ မီးဖွားပြီးစချိန်မှာ စိတ်ဓါတ်ကျလွယ်တာတွေ ဖြစ်တတ်ပါတယ်။
🧠 ဒီကာလတွေမှာ စိတ်ကျန်းမာရေးကို ပိုဂရုစိုက်ဖို့လိုပါတယ်။ အလားတူဖြစ်ရပ်တွေကြုံလာခဲ့ရင် သွေးစစ်တာ...mental health assessment လုပ်သင့်ပါတယ်။
5️⃣ #အဟာရချို့တဲ့ခြင်း
🧠 အကြောင်းအမျိုးမျိုးကြောင့် အဟာရပြည့်ဝတဲ့အစားအစာတွေ မစားဖြစ်တဲ့အခါ vitamin (e.g., Vitamin B, Omega-Omega3) တွေချို့တဲ့ပြီး စိတ်ရောဂါဖြစ်နိုင်ခြေပိုများစေပါတယ်။ ကာလကြာရှည်အိပ်ရေးမဝတဲ့အခါမှာလဲ brain function ကျစေပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ကြုံတတ်ပါတယ်။
🧠 ဒါကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကာကွယ်တဲ့အနေနဲ့ အဟာရပြည့်ဝအောင်စားတာ...အချိန်မှန်စားတာ...အချိန်မှန်အိပ်ပြီး ဂရုတစိုက်နေထိုင်သင့်ပါတယ်။
6️⃣ #ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း
🧠 Accident ဖြစ်ချိန် ခေါင်းထိခိုက်ဒဏ်ရာရပြီးနောက်ပိုင်းမှာလဲ သတိမေ့တာ...အပြောအဆိုအပြုအမူတွေပြောင်းတာ...စိတ်ဝေဒနာခံစားရတာ...အတက်ရောဂါ ရတာ စတာတွေ ဖြစ်တတ်ပါတယ်။
🧠 ဒါကြောင့် မတော်တဆမှုတွေဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမှာ ခေါင်းမထိခိုက်မိအောင် အတတ်နိုင်ဆုံးအကာအကွယ် သုံးသင့်ပါတယ်။ (ကားစီးရင် ခါးပတ်ပတ်တာ...ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းတာလုပ်ပါ)
🧠 တခါတလေမှာ Accident တွေက ရုပ်ပိုင်းထိခိုက်ရုံတင်မကဘဲ စိတ်ပိုင်းကိုလဲ တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။
Post-traumatic Stress Disorder လို့ခေါ်တဲ့ ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ ဖြစ်တတ်ပါတယ်။
🧠 အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေကနေ လွတ်မြောက်လာတာ...ကိုယ့်ရှေ့မှာ ထိခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားတာ...အလောင်းတွေအများအပြားမြင်ရတာ...စိတ်မချမ်းမြေ့ဖွယ်သေဆုံးတဲ့မြင်ကွင်းတွေမြင်ရလိုက်တဲ့အခါမျိုးမှာ အဲအဖြစ်အပျက်ကို ခေါင်းထဲကထုတ်မရဘဲ ဦးနှောက်စွဲစွဲမြဲမြဲမှတ်မိနေပြီး စိတ်ဖိစီးရတာမျိုးပါ။
🧠 ဒါကြောင့် Accident ဖြစ်ပြီးနောက် စိတ်အခြေအနေ ပုံမမှန်ဖြစ်လာရင် mental health assessment လုပ်ပြီး လိုအပ်သလိုကုသမှု ခံယူသင့်ပါတယ်။
7️⃣ #ရောဂါရခြင်း
🧠 တချို့ရုပ်ပိုင်းရောဂါတွေက စိတ်ရောဂါတွေနဲ့ဆက်စပ်နေပါတယ်။
🧠 Autoimmune Disorders တွေ...ကိုယ်တွင်းအင်္ဂါရောင်ရမ်းတဲ့စေတဲ့ရောဂါတွေကလဲ စိတ်ရောဂါတွေဖြစ်စေနိုင်ပါတယ်။ ဒါကလဲ Covid-19 ကပ်ရောဂါနောက်ပိုင်း စိတ်ကျရောဂါနဲ့စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါဖြစ်ပွားနှုန်းတွေ တိုးလာရတဲ့ အချက်တခုပါ။
🧠 ရောဂါရပြီးမှ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စိတ်ရောဂါတွေဝင်လာတာလဲ ရှိပါတယ်။
🧠 ဥပမာ- ကင်ဆာရောဂါ...ဆီးချိုရောဂါရပြီးနောက်... လေဖြတ်ပြီးနောက်တို့မှာ စိတ်ကျရောဂါဝင်လာတာမျိုး၊ နှလုံးရောဂါရပြီးနောက် စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ..ရုတ်တရက်သေမလောက်ကြောက်လန့်တတ်လာတာမျိုးတွေပါ။
🧠 ခံစားရတဲ့ရောဂါက ပြင်းထန်လေ... နာတာရှည်လေ စိတ်ရောဂါဝင်နိုင်ခြေ ပိုများလေပါပဲ။
🧠 ဒါကြောင့် နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေမှာ စိတ်အခြေအနေအပြောင်းအလဲဖြစ်လာရင် mental health assessment လုပ်သင့်ပါတယ်။ ဒါမှသာ ရုပ်ပိုင်းရောဂါကုသရာမှာလဲ ပိုထိရောက်မှုရှိစေသလို စိတ်ပိုင်းဆိုင်ရာလဲ ပိုဆိုးမသွားအောင် ကာကွယ်နိုင်မှာပါ။
8️⃣ #သက်ကြီးရောဂါ
🧠 အသက်အရွယ်အိုမင်းလာတဲ့အခါ အရေပြားတွန့်...ဆံဖြူသွားကျိုးလာသလိုပဲ ဦးနှောက်ကလဲ ပျက်စီးတာ ကျုံ့တာ ဖြစ်တတ်ပါတယ်။
အဲဒီအခါမှာ Dementia လိုရောဂါတွေ... Depression တွေဝင်တတ်ပါတယ်။
🧠 အသက် ၆၀ ကျော်အရွယ်တွေမှာ အပြုအမူအပြောအဆိုအပြောင်းအလဲ ဖြစ်လာတဲ့အခါ...မဟုတ်တမ်းတရားတွေစွပ်စွဲလာတဲ့အခါ (အမွေလိုချင်လို့ ထမင်းသေချာမကျွေးဘူး...ထမင်းထဲအဆိပ်ခတ်ထားတယ်တို့လို မဟုတ်ပဲပြောတာမျိုး)...ဖြစ်လာတဲ့အခါ mental health assessment လုပ်သင့်ပါတယ်။
ဒီအချက်တွေကတော့ စိတ်ရောဂါဖြစ်စေနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာအကြောင်းအရာတွေပါ။ ဒီအကြောင်းအရာတွေရှိလာရင် စိတ်ပိုင်းဆိုင်ရာ ဆေးဝါးတွေသောက်ဖို့ လိုအပ်လေ့ရှိတတ်ပါတယ်။
နောက်ပို့မှာ စိတ်ရောဂါဖြစ်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
🖋 Written by Dr. Htein Linn Aung
📌 Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။
https://www.facebook.com/100201764938211/posts/563069111984805/
■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ တွန့်ဆုတ်မနေပါနဲ့။
■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။
■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်ဗျ။
■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။
#စိတ်ကျန်းမာရေးဆေးခန်း