Teacher May Thinzar Soe

Teacher May Thinzar Soe

Share

Making Happy Learning.

Photos from Everything Halal BKK's post 20/03/2026
15/03/2026

Terrible one/two/three ကာလမှာ မေမေတွေလုပ်မိတတ်တဲ့ အမှားများ......

(၁) ငိုတာရပ်ဖို့ လိုချင်တာချက်ချင်းပေးလိုက်တာ

ဒီ Terrible one/two/three ကာလမှာ ဘေဘီလေးတွေက ပြောတာကိုနားမလည်ရင်၊ လိုချင်တာမရရင်၊ လုပ်ချင်တာကိုပေးမလုပ်ရင် အော်ဟစ်ငိုယိုသောင်းကျန်းတာမျိုးပြုလုပ်တတ်ကြပါတယ်။ ဒီအချိန်မှာ တချို့မိဘတွေက ကလေးအငိုတိတ်ရင်ပြီးရောဆိုပြီး ကလေးလိုချင်တာ၊ ဖြစ်ချင်တာကို အလွယ်‌တကူပေးလုပ်တတ်ကြပါတယ်။ ဒီအချိန်မှာ ကလေးက သူငိုရင် အရာအားလုံး ရတယ်လို့ သင်ယူသွားတတ်ပါတယ်။ ပိုပြီး ပြောမရတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မပေးသင့်တာ၊ မလုပ်သင့်တာဆိုရင် တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေးနဲ့ ပေးလို့မရဘူး၊ လုပ်လို့မရဘူး ဘာကြောင့်ဆိုတာကို ပြောပြပေးပါ။ ကလေးက နားမထောင်သည့်တိုင်အောင် မလုပ်ရမယ့်အရာကို မလုပ်ရဘူး၊ ပေးလို့မရတဲ့အရာကို မပေးဘူးဆိုတာကို သိအောင်ထားတာက ပိုကောင်းပါတယ်ရှင်

(၂) မိဘကလဲ စိတ်တိုပြီး ပြန်အော်တာ ဆူတာ

အိမ်မှာပဲ ၂၄ နာရီနေပြီး အိမ်အလုပ်လုပ်လိုက် ကလေးထိန်းလိုက်နဲ့ နေရတဲ့ မိခင်အချို့က တော်ရုံစိတ်မကြည်ကြသလို စိတ်ရှည်ဖို့လဲ မလွယ်ကူလှပါဘူး။ အိမ်မှူးကိစ္စလုပ်ရင်း ပင်ပန်းနေတဲ့အချိန် ကလေးကပါ အလိုမကျဖြစ်တာ၊ လိုချင်တာမရတာ၊ လုပ်ချင်တာမလုပ်ရတာတွေကြောင့် အော်ဟစ်ငိုယိုသောင်းကျန်းတဲ့အခါ မိခင်ကလဲ ပေါက်ကွဲထွက်တော့မယ့် ပူပေါင်းတစ်လုံးလိုဖြစ်ပြီး ပြန်အော်မိ ဆူမိတတ်ကြပါတယ်။ အဲ့အခါ ကလေးက ကြောက်ပြီး ပိုအော်တာ ပိုငိုတာမျိုးဖြစ်နိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ ပြန်အော်တာ ဆူတာတွေထက် အသက်ကိုပြင်းပြင်းရှူပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲနေပြရင် ကလေးကလဲ ‌သောင်းကျန်းနေတာကို ပြန်လျော့လာတတ်ပါတယ်။

(၃) မနေ့ကတစ်မျိုး၊ ဒီနေ့တစ်မျိုးလုပ်တာ

ဥပမာ - မနေ့ကကြတော့ ငိုလဲမရဘူးဆိုပြီး လုံးမဝပေးပဲထားတယ်။ ဒီနေ့ကြတော့ ငိုနေလို့ဆိုပြီး အငိုရပ်သွားအောင် ပေးလိုက်တယ်။ ဒါဆိုရင် ကလေးက စည်းကမ်းကိုနားမလည်တော့ပဲ ငိုနေရင်ရနိုင်တယ်ဆိုပြီး မရမချင်း ပိုငိုယိုသောင်းကျန်းတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးတွေကိုစည်းကမ်းသတ်မှတ်မယ်ဆိုရင် ငယ်စဉ်ကတည်းကသာ သတ်မှတ်ထားပါရှင် ငယ်တုန်းတော့ ကလေးမို့လို့ ထားလိုက်ပါဆိုတာမျိုး လုပ်လို့မရပါဘူးရှင်

ဒီလို စိတ်ကြီးတဲ့ကလေးတွေကို ဘယ်လိုထိန်းနိုင်မလဲ??

(၁) ရွေးချယ်ခွင့်ပေးပါ

ကလေးတွေက ကိုယ်တိုင်ရွေးချယ်တတ်ပါတယ်။ ရွေးချယ်ခွင့်ပေးရင် သူတို့စိတ်တိုတာနည်းတတ်ပါတယ်။

ဥပမာ - ဒီကစားစရာနဲ့ဆော့မလား ဒီဟာနဲ့ဆော့မလားဆိုပြီးရွေးချယ်ခိုင်းတာမျိုး၊
အင်္ကျီဝတ်ပေးရင်လဲ နှစ်ထည်ထုတ်ပြီး အနီရောင်လေးဝတ်မလား အပြာရောင်လေးဝတ်မလားဆိုပြီး ရွေးချယ်ခိုင်းတာမျိုးပါ။

(၂) အာရုံပြောင်းပေးပါ

ဒီအရွယ်လေးတွေက အာရုံလွယ်လွယ်ပြောင်းလို့ရတဲ့အရွယ်လေးတွေပါ။

ဥပမာ - ကလေးကငိုတော့မယ်လို့ထင်ရင်

• သီချင်းဆိုပြပေးတာမျိုး
• ကစားစရာအသစ်ပြပေးတာမျိုး
• ပြတင်းပေါက်အပြင်ကိုပြပေးတာမျိုး
• သူတို့ကြိုက်တတ်တာလေးတွေပြပေးတာမျိုး
(အိမ်က သားဖောင်းလေးကတော့ မုန့်ပြရင် ရပါတယ်)

ဒီလိုမျိုး အာရုံပြောင်းပေးတာကလဲ နည်းလမ်းကောင်းတစ်ခုပါ။

(၃) ဖက်ထားပေးပါ

ဖက်ထားပြီးတော့ မလုပ်ခိုင်းရတဲ့ အကြောင်းအရင်း၊ မပေးရတဲ့အကြောင်းအရင်းကိုသေချာရှင်းပြပေးပါ။ ဒီလိုမျိုးခဏခဏပြုလုပ်ပေးမယ်ဆိုရင် ကလေးကလဲ ဒီလိုအော်ဟစ်ငိုယိုသောင်းကျန်းမနေပဲ ပိုတည်ငြိမ်လာပြီး ပြောတာနားထောင်လာပါတယ်။

(၄) Over Tired (ပင်ပန်းလွန်တာ) မဖြစ်အောင်ထားပါ

စားချိန်၊ အိပ်ချိန် မှန်အောင်ထားပေးရတာပါ။ များသောအားဖြင့် ကလေးတွေက

• အိပ်ရေးမဝတာ
• ဗိုက်ဆာတာ
• နိုးနေချိန်ကြာပြီး ပင်ပန်းလွန်လာတာ

ဒီလိုအခြေအနေမျိုးတွေမှာ ပိုပြီး စိတ်ကြီးတတ်ကြပါတယ်။

ဒီအရွယ်မှာ ဒီလိုမျိုးဖြစ်ကြတာက များသောအားဖြင့် ပုံမှန်ပါပဲ။ ကလေးအများစုဖြစ်ကြပါတယ်။ အဓိက က သူတို့ပြောချင်တာကို သေချာမပြောတတ်ကြတာ၊ သူတို့ရဲ့ ခံစားချက်ကို သေချာထုတ်မပြတတ်သေးတာကြောင့်ဖြစ်တာမို့လို့ မိဘက ဂရုတစိုက်လေးတုံ့ပြန်ပေးရင် ကလေးက ထိန်းလို့ရပါတယ်။ မိဘရဲ့ တုံ့ပြန်မှုပေါ်မူတည်ပြီး ကလေးတစ်ယောက်နဲ့ တစ်ယောက်က မတူနိုင်ကြပါဘူးရှင် ကလေးတွေရဲ့ အမူအကျင့် ပုံစံတွေက ငယ်စဉ်ထဲက ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုပေါ်မူတည်ပြီး ဆက်ရှိသွားမှာမို့လို့ ကလေးပဲ ထားလိုက်ပါဆိုပြီးလဲ လွှတ်မထားသင့်သလို အော်ဟစ်ဆူပူတာကလဲ နည်းလမ်းကောင်းမဟုတ်ပါဘူးရှင်

မေမေနဲ့ ဘေဘီလေးတို့ နေ့ရက်တိုင်းကို အဆင်ပြေပြေ ကျော်လွှားနိုင်ကြမယ်လို့မျှော်လင့်ရင်းးးးးး

သားဖောင်းလေးမေမေ💜




15/03/2026

ဒီနေ့ခေတ်မှာ မိဘတွေ အများစု ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတစ်ခုကတော့
“သူများကလေးက ဘာတွေတက်နေပြီလဲ”
“ငါ့ကလေးကတော့ နောက်ကျနေသလို မဖြစ်ဘူးလား”
ဆိုတဲ့ နှိုင်းယှဉ်စိတ်တွေပါပဲ။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်
သူများကလေးက စန္ဒယားတီးတတ်နေပြီ၊
တချို့က coding သင်တန်း၊
တချို့က English speaking class တွေ တက်နေကြတော့
ကိုယ့်ကလေးကိုပါ “မဖြစ်မနေ တစ်ခုခု ထည့်ရမလား” ဆိုပြီး စိတ်မငြိမ်ဖြစ်လာတတ်ပါတယ်။

ဒါပေမဲ့ တစ်ချက် စဉ်းစားကြည့်ရင်
ကလေးတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူးနော်။
ရေထဲမှာ ငါးက အကောင်းဆုံး ကူးခတ်နိုင်သလို
လေထဲမှာ ငှက်က အလွတ်လပ်ဆုံး ပျံသန်းနိုင်တာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်
သူများတကာ လုပ်နေတဲ့အရာအားလုံးကို
ကိုယ့်ကလေးလည်း မဖြစ်မနေ လိုက်လုပ်ဖို့ မလိုပါဘူး။
အရေးကြီးတာက
ကိုယ့်ကလေးရဲ့ အတွင်းမှာ ရှိနေတဲ့
ဝါသနာ၊ စိတ်ဝင်စားမှု၊ သဘာဝအရည်အချင်းတွေကို
မိဘအနေနဲ့ မြင်နိုင်ဖို့ပါပဲ။

တကယ်လိုအပ်တာက
သင်တန်းတွေပွထနေအောင်လိုက်ထားဖို့မဟုတ်ပါဘူး။
ဘဝမှာ ကိုယ်တိုင် ရပ်တည်နိုင်ဖို့ လိုအပ်မယ့်
life skills တွေပဲ ဖြစ်ပါတယ်။

ပြဿနာတစ်ခုကြုံလာရင် ဘယ်လိုဖြေရှင်းမလဲ၊
စိတ်မကျေနပ်တဲ့အချိန် စိတ်ကို ဘယ်လိုထိန်းမလဲ၊
ကျရှုံးခဲ့ရင် ဘယ်လိုပြန်ထပြီးရှေ့ဆက်မလဲ ဆိုတဲ့စိတ်စွမ်းအားတွေ၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ စွမ်းရည်တွေက ဘယ်သင်တန်းထက်မဆို ပိုတန်ဖိုးရှိပါတယ်။

ပန်းချီဆွဲတာကို သဘောကျရင်
အဲဒီဝါသနာကို အားပေးလိုက်ပါ။
အဲဒါက နောင်တစ်ချိန်မှာ သူ့ရဲ့ အားသာချက်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒီနေရာမှာ မိဘတွေ အလွယ်တကူ မမြင်မိတတ်တဲ့ အချက်တစ်ချက်က ကိုယ့်ရဲ့ အတ္တ ပါပဲ။
“ငါ့ကလေးက သူများထက် ပိုကောင်းရမယ်”
“မိသားစုဂုဏ်သိက္ခာအတွက် ဒါတွေ တတ်ရမယ်”
ဆိုတဲ့ ကိုယ်ဖြစ်စေချင်တဲ့ ပုံရိပ်တွေကို
ကလေးအပေါ် အတင်းတင်လိုက်တဲ့အခါ
ကလေးရဲ့ ပျော်ရွှင်မှုကို မသိမသာ ဖျက်ဆီးမိတတ်ပါတယ်။

မိဘအနေနဲ့ ကိုယ့်ကလေးကို ပိုပြီး ကြည့်တတ်ဖို့လိုပါတယ်။
သူ ဘာလုပ်တဲ့အချိန် ပျော်နေလဲ၊
ဘယ်အရာကို ကိုယ်တိုင် စိတ်အားထက်သန်နေလဲ
အဲ့ဒီအချက်တွေကို သေချာ မြင်ကြည့်ပါ။

အားနည်းချက်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။
ဖုံးကွယ်ဖို့ ကြိုးစားတာထက်
ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကို
လက်တွဲပြီး သင်ပေးနိုင်ရင်
အဲ့ဒါက မိဘအနေနဲ့ ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပါပဲ။

အောင်မြင်ခြင်းဆိုတာ
သူများနဲ့ ယှဉ်လို့ ရလာတဲ့အရာ မဟုတ်ပါဘူး။
ကိုယ့်လမ်းကိုယ် လျှောက်နိုင်ခြင်း၊
ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်နိုင်ခြင်းမှာပဲ
တကယ့် အဓိပ္ပာယ်ရှိပါတယ်။

15/03/2026

ကလေးအတွက် မူကြိုရွေးတဲ့အခါ
မိဘတွေ အရင်ဆုံး မေးသင့်တဲ့ စဉ်းစားသင့်တဲ့ မေးခွန်းတစ်ခုရှိပါတယ်…
“ဒီနေရာမှာ ငါ့ကလေး ပျော်နိုင်မလား?”
မူကြိုဆိုတာ
ကလေးဘဝရဲ့ ပထမဆုံး school experience ဖြစ်ပါတယ်။
အဲဒါကြောင့်
မိဘတွေက school ရွေးတဲ့အခါ
အသေအချာဂရုစိုက်ပြီး စဉ်းစားဖို့လိုပါတယ်။
တချို့မိဘတွေက
school ရွေးတဲ့အခါ
“ဒီကျောင်းမှာ စာကောင်းကောင်း သင်လား” ‘ကျောင်းက ဈေးကြီးလား” ‘နာမည်ကြီးလား”
ဆိုတာကိုပဲ ကြည့်တတ်ကြပါတယ်။
ဒါပေမယ့်
မူကြိုအရွယ်ကလေးတွေအတွက်
အရေးကြီးဆုံးအရာက
စာမဟုတ်ပါဘူး။ ဈေးကြီးတာမဟုတ်ပါဘူး။ နာမည်ကြီးတာ မဟုတ်ပါဘူး။
ကလေးအတွက် အရေးကြီးဆုံးက —
ကိုယ့်ကလေးကို
ဆရာမတွေက ချစ်ချစ်ခင်ခင် ဆက်ဆံပေးနိုင်လား? ဂရုစိုက်ပေးနိုင်လား”
တစ်ခန်းထဲမှာ
ကလေးအရေအတွက် များလွန်းလား?ဆရာမကရော class ကို ဘယ်လို management ရှိလဲ?
ကလေးတွေ
ကစားခွင့်ရှိလား? ကလေးတွေကို ကစားရင်ပြီးရောဆိုပြီးရောပစ်ထားလား?
school environment က
သန့်ရှင်းပြီး လုံခြုံလား? Security အတွက် ဘာတွေပြင်ဆင်ထားလဲ?
ကျောင်းက အရာရာကို for show သီးသန့်လုပ်နေလား?
Social media မှာ တင်ဖို့ပဲ လုပ်နေလား?
ဒီအချက်တွေက ထည့်စဉ်းစားရမှာပါ ပြီးတော့လေ အများအပြောနဲ့ မယုံဖို့ပါ
ကလေးတွေမတူညီတာမို့ မိဘတွေမတူညီတာမို့ ကျောင်းအပေါ် ဆုံးဖြတ်ချက်တွေက မတူညီနိုင်ပါဘူး
အရေးကြီးဆုံးမေးခွန်းကတော့…
ကလေး ပျော်လား? ဆိုတာပါ
ကလေးတစ်ယောက်က
school သွားရမယ်ဆိုရင်
ပျော်ပျော်ရွှင်ရွှင် နဲ့ သွားချင်နေတယ်ဆိုရင်
အဲ့ဒီနေရာက
သူ့အတွက် မှန်တဲ့နေရာ ဖြစ်နိုင်ပါတယ်။
ဒီတော့ general tips တွေလေ့လာပြီး ကလေးပေါ်မူတည် ရွေးချယ်ပါ
သူများကောင်းတိုင်း လိုက်မကောင်းပါနဲ့
သူများအဆင်မပြေတိုင်း လိုက်အဆင်မပြေ မဖြစ်ပါနဲ့
မူကြိုဆိုတာ
ကလေးကို အမြန်စာတတ်အောင်လုပ်ဖို့နေရာ မဟုတ်ပါဘူး။
အရင်ဆုံး
ကလေးတွေ
school ကိုမကြောက်အောင်
သင်ယူရတာကို ပျော်လာအောင်
ကူညီပေးတဲ့နေရာ ဖြစ်သင့်ပါတယ်။
ဘာလို့လဲဆိုတော့…
ကလေးဘဝမှာ
school ကိုချစ်လာတဲ့ ကြီးလာတဲ့အခါ
သင်ယူရတာကို မကြောက်တော့ပါဘူး။
ကျွန်မတို့ရဲ့ အဓိကဦးတည်ချက်က ပျော်ရွှင်ကျန်းမာပြီး ဖွံ့ဖြိုးလာတဲ့ ကလေးလေးတွေ မလား
ဈေးကြီးတဲ့ နာမည်ကြီးတဲ့ ကျောင်းထားမှ မဟုတ်ပါဘူး
အပေါ်က general tips လေးတွေ အဆင်ပြေတယ်
ကလေးလေးလည်း ပျော်နေတယ်ဆို
အဲ့ကျောင်းဟာ ကလေးအတွက်အကောင်းဆုံးပါပဲ

ပန်းဝတ်ရည်ဇော်ချင်း

15/03/2026

"ငယ်ဘဝက အတင်းအကျပ် အုပ်ချုပ်ခံရခြင်းရဲ့ ရလဒ် (၃) ခု" 💢

"ငယ်ငယ်က မိဘစကားကို
တစ်ခွန်းမကျန် နားထောင်ခဲ့ရတဲ့
'အလိမ္မာဆုံး ကလေးတွေ'ဟာ

ကြီးလာတဲ့အခါ အစစအရာရာ ပြီးပြည့်စုံတဲ့၊
အပျော်ရွှင်ဆုံး လူကြီးတွေ ဖြစ်လာကလား?"

ကျွန်မတို့ ငယ်ငယ်က ကြီးပြင်းခဲ့ရတဲ့
ပတ်ဝန်းကျင်ကို ပြန်တွေးကြည့်ရင်

"မိဘဆိုတာ အိမ်ရဲ့အာဏာရှင်ပဲ၊
မိဘခိုင်းတာလုပ်၊ ပြန်မပြောနဲ့" ဆိုတဲ့
တင်းကျပ်တဲ့ အုပ်ချုပ်မှုတွေအောက်မှာ နေခဲ့ရတာ များပါတယ်။

အရင်ခေတ်က
မိဘတွေရဲ့ အယူအဆကတော့
ဒီလို တင်းကျပ်မှ၊ ခြောက်မှ ကလေးက
လမ်းမှန်ရောက်မယ်၊ လူရာဝင်မယ်လို့ ယုံကြည်ခဲ့ကြတာကိုး။

ဒါက Mie တို့ ဖြတ်သန်းခဲ့ရတဲ့ Usual Way ကြီးပါ။ ‼️

ဒါပေမဲ့ စိတ်ပညာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအရ
ကြည့်ရင်တော့...
အတင်းအကျပ် အုပ်ချုပ်ခံရတဲ့
ကလေးတွေဟာ ကြီးလာတဲ့အခါ
(ယခု မေမေ၊ ဖေဖေတို့ အရွယ်ရောက်လာတဲ့အခါ)
မသိမသာနဲ့ အောက်ပါ အပြုအမူ (၃) မျိုးကို စွဲကပ်လာတတ်ပါတယ်။

…………………………………

၁။ သူတစ်ပါးအလိုကိုချည်း လိုက်ဖြည့်ဆည်းပေးနေရခြင်း (𝐏𝐞𝐨𝐩𝐥𝐞-𝐏𝐥𝐞𝐚𝐬𝐢𝐧𝐠 𝐏𝐚𝐭𝐭𝐞𝐫𝐧)

ငယ်ငယ်က ကိုယ့်ရဲ့ ဆန္ဒနဲ့ ခံစားချက်တွေကို
အမြဲ ဖိနှိပ်ခံခဲ့ရတဲ့အတွက်၊
ကြီးလာတဲ့အခါမှာလဲ
"သူများစိတ်ဆိုးသွားမလား၊ သူများငြိုငြင်သွားမလား" ဆိုပြီး
အမြဲ စိုးရိမ်နေတတ်ပါတယ်။

"ဟင့်အင်း / မလုပ်နိုင်ဘူး" လို့
ငြင်းဆန်ရမှာကို အရမ်းကြောက်ပြီး
ကိုယ်ပင်ပန်းခံကာ သူများအလိုကိုချည်း လိုက်လုပ်ပေးနေတတ်ပါတယ်။

…………………………………..

၂။ အမှားလုပ်မိမှာကို အလွန်အမင်း ကြောက်ရွံ့ခြင်း
(𝐅𝐞𝐚𝐫 𝐨𝐟 𝐌𝐚𝐤𝐢𝐧𝐠 𝐌𝐢𝐬𝐭𝐚𝐤𝐞𝐬 & 𝐎𝐯𝐞𝐫𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠)

အမှားလုပ်မိတိုင်း ပြင်းပြင်းထန်ထန်
အပြစ်ပေးခံခဲ့ရတဲ့ ကလေးတွေဟာ
ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကို အမြဲတမ်း အပြစ်ရှာနေတတ်ပါတယ်။

ကိစ္စတစ်ခုလုပ်ဖို့ကို
အကြိမ်ကြိမ် တွေးလွန်နေပြီး
အမှားလုပ်မိရင်လဲ ကိုယ့်ကိုယ်ကို
ဘယ်တော့မှ ခွင့်မလွှတ်နိုင်လောက်အောင် ဖိစီးနေတတ်ပါတယ်။

………………………………..

၃။ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချဖို့ အမြဲတမ်း တွန့်ဆုတ်နေခြင်း
(𝐃𝐢𝐟𝐟𝐢𝐜𝐮𝐥𝐭𝐲 𝐢𝐧 𝐃𝐞𝐜𝐢𝐬𝐢𝐨𝐧 𝐌𝐚𝐤𝐢𝐧𝐠)

ကိုယ့်ဘဝအတွက် အရေးကြီးတဲ့
ဆုံးဖြတ်ချက်တွေကိုတောင်
ရဲရဲဝံ့ဝံ့ မချနိုင်တော့ပါဘူး။

ငယ်ငယ်က အရာရာကို မိဘကပဲ
အမိန့်ပေး ဆုံးဖြတ်ခဲ့တဲ့အတွက်၊
ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း
(Autonomy) ကို
ကိုယ်တိုင် ပြန်မယုံကြည်နိုင်တော့တာ ဖြစ်ပါတယ်။

…………………………..
တကယ်လို့ ဒီအချက်တွေက
ကိုယ်နဲ့ တိုက်ဆိုင်နေတယ်ဆိုရင်၊
ဒါဟာ ကိုယ်က အရည်အချင်းမရှိလို့၊
အားနည်းလို့ မဟုတ်ဘူးဆိုတာကို
သတိရပေးပါ ဖေဖေ၊ မေမေတို့ရေ။

ဒါဟာ ငယ်ဘဝက အတင်းအကျပ်
အုပ်ချုပ်ခံခဲ့ရလို့ ဒဏ်ရာရနေတဲ့
"ကိုယ့်ရဲ့ အတွင်းစိတ်က
ကလေးငယ် (Unhealed Inner Child)" လေးရဲ့ ကာကွယ်မှု
တုံ့ပြန်ချက်တွေသာ ဖြစ်ပါတယ်။

Inside-out Parenting ရဲ့ အစက
ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းပါပဲ။

မေမေတို့ ဖေဖေတို့ကိုယ်တိုင်က
ဒီလိုခံစားချက်တွေနဲ့ ရုန်းကန်နေရတယ်ဆိုရင်...

ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကိုရော
ကိုယ်ကြုံခဲ့ရတဲ့ ဒီလို တင်းကျပ်တဲ့
အုပ်ချုပ်မှုပုံစံမျိုးနဲ့ပဲ ဆက်ပြီး ပျိုးထောင်မလား?

ဒါမှမဟုတ် နားလည်မှုအပြည့်ရှိတဲ့
လမ်းညွှန်မှုမျိုးနဲ့ ပြောင်းလဲပျိုးထောင်ချင်သလား
ဆိုတာ ရွေးချယ်ရ လွယ်ကူသွားမယ်လို့ Mie မျှော်လင့်ပါတယ်။ 🤎

ဒီအချက် (၃) ချက်ထဲမှာ ကိုယ်နဲ့
တိုက်ဆိုင်ဆုံးက
ဘယ်အချက်များ ဖြစ်နေမလဲဆိုတာ ကိုယ့်ကိုယ်ကို
ပြန်ဆန်းစစ်ရင်း Comment မှာ Mie ကို ပြောပြခဲ့ကြအုံးနော်။

~ 𝐘𝐨𝐮𝐫 𝐏𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫 - 𝐃𝐫.𝐌𝐢𝐞 🎀

#တင်းကျပ်သောအုပ်ထိန်းမှု

12/03/2026

က​လေး​များကိုထိ​ရောက်စွာပြုစုပျိုး​ထောင်နည်း

၁။ ညင်ညင်သာသာပဲ ဆုံးမပါ။
ကြမ်းတမ်းတဲ့ စကားလုံးတွေဟာ
သင်ထင်ထားတာထက်ပိုပြီး
သူတို့နှလုံးသားထဲမှာ
စွဲကျန်နေတတ်ပါတယ်။

၂။ သူတို့ပြောပြတဲ့ အသေးအမွှားလေးတွေကို
နားထောင်ပေးပါ။ ဒါမှသာ နောက်ပိုင်းမှာ
အရေးကြီးတဲ့ကိစ္စတွေကို သူတို့ ပွင့်ပွင့်
လင်းလင်း ပြောပြလာမှာဖြစ်တယ်။

၃။ပြီးပြည့်စုံတဲ့ ကလေးဖြစ်အောင်
မလုပ်ပါနဲ့။ ရိုးသား၊ ကြင်နာပြီး
ရဲရင့်တဲ့ကလေး ဖြစ်အောင်ပဲ
ပျိုးထောင်ပေးပါ။

၄။ ဖိအားတွေထက် တန်ဖိုးရှိတဲ့
စရိုက်တွေကို သင်ပေးပါ။
အမှတ်တွေက ပျောက်ကွယ်သွားနိုင်ပေမယ့်
စရိုက်ကောင်းတွေကတစ်သက်လုံး
ကျန်ရစ်မှာဖြစ်တယ်။

၅။ ငွေထက် အချိန်ကို ပိုပေးပါ။
ပစ္စည်းဥစ္စာတွေထက် အမှတ်တရတွေက
ပိုပြီး အရေးကြီးတယ်​လေ။

၆။တစ်ခါတလေ သူတို့ကို ရှုံးနိမ့်ခွင့်ပေးပါ။
"ငါ ဒါကို ကျော်ဖြတ်နိုင်ခဲ့တယ်" ဆိုတဲ့
ခံစားချက်ကနေ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုတွေ တိုးပွါးလာ​စေတယ်။

၇။ ရလဒ်ထက် ကြိုးစားမှုကို အသိအမှတ်ပြုပါ။
သူတို့အောင်မြင်မှုက အားရစရာမရှိလည်း၊
သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးပေးပါ။

၈။ ကလေးတွေ ကြောက်လို့ ပုန်းရှောင်ရတဲ့
မိဘမျိုး မဖြစ်ပါစေနဲ့။ ဘာပဲဖြစ်ဖြစ်
ရဲရဲဝံ့ဝံ့ လာပြောလို့ရတဲ့ မိဘမျိုး ဖြစ်ပါစေ။

၉။ ကလေးတွေက ပြီးပြည့်စုံတဲ့ မိဘကို
မလိုအပ်ပါဘူး။ သူတို့ဘေးမှာ
အမြဲရှိပေးတဲ့ မိဘမျိုးကိုပဲ လိုအပ်တာပါ။

၁၀။ တစ်နေ့မှာ သူတို့ အရွယ်ရောက်
သွားလိမ့်မယ်။ ဒါပေမဲ့ သင် သူတို့ကို
ဘယ်လိုချစ်ခဲ့သလဲဆိုတဲ့ ပုံရိပ်ကတော့
သူတို့ရင်ထဲမှာ ထာဝရ ကျန်ရှိနေမှာပါ။

09/03/2026

ကလေးကိုပျိုးထောင်ရင်းနဲ့ အခုမှအမှန်သိခဲ့တဲ့ကိစ္စတခုပေါ့

ကလေးရဲ့အိပ်ချိန်စားချိန်နဲ့ပတ်သတ်ပြီး အရင်ကအချိန်သေချာမလုပ်ခဲ့မိဘူး။ အရင်ကဆို ကလေးက လူကြီးတွေနဲ့အိပ်ချိန်အတူအိပ်တယ်။ စားချိန်အတူစားတယ်။ ကျန်တဲ့အချိန်မှာ ကစားတယ်။ နေ့လည်ခင်းတရေးတမောအိပ်တယ်။ ဒါလေးနဲ့ပဲ ကလေးအတွက်အဆင်ပြေတယ်ထင်ခဲ့တာ။ တကယ်တော့ အရာအာလုံးကသူ့အချိန်နဲ့သူ အိပ်ချိန်စားချိန်မှန် ရမယ်ဆိုတာကို ဆရာဝန်တွေ ပညာရှင်တွေဆီကနေတဆင့် သိခဲ့ရမှ နောင်တရမိတယ်။

ဆရာဝန်က သူရဲ့အိပ်ချိန်စားချိန်ကိုမေးပြီးတော့ လက်ရှိကလေးရဲ့အိပ်ချိန်စားချိန်က လူကြီးရဲ့အိပ်ချိန်စားချိန်ဖြစ်နေတယ်။ ၂ နှစ်အရွယ် ကလေးရဲ့အိပ်ချိန် စားချိန်အမှန်ဖြစ်အောင်ပြန်ပြောင်းဖို့လိုအပ်တယ်ဆိုလို့ ရှေ့တပတ်လောက်ထဲက ပြောင်းလဲလိုက်တာ အခုတော့အချိန်အားလုံး ကလေးအတွက်အမှန်ဖြစ်သွားခဲ့ပါပြီ။

ဆိုတော့ မေမေတို့ဖေဖေတို့ကိုမျှဝေပေးချင်တာက ပညာရှင်တွေသတ်မှတ်ထားတဲ့ အကြံပေးထားတဲ့ toddler ကလေးတယောက်ရဲ့အိပ်ချိန် စားချိန်တွေဆိုတာ ဘယ်အချိန်တွေလဲ???

၁။ အိပ်ယာထချိန်က မနက် ၇-၈ နာရီ ဝန်းကျင်ဖြစ်ရပါမယ်။
ကလေးကမထချင်ဘူး။ အိပ်နေတာပဲဆိုပြီး မနှိုးပဲထားလို့မရပါဘူး။ နောက်အကျဆုံး မနက် ၈ နာရီမှာနှိုးရပါမယ်။ မနက်စာကိုလည်း ၈ နာရီခွဲ ၉ နာရီဝန်းကျင် နောက်ဆုံးထားပြီးကျွေးရပါမယ်။

၂။ နေ့လည်ခင်း တရေးအိပ်ချိန်ကို နေ့လည် ၂ နာရီနောက်ဆုံးထားပြီးကလေးကိုနှိုးရပါမယ်။ ဆိုတော့ကလေးကို ၁ နာရီလောက်မှာသိပ်ပြီး ၂ နာရီလောက်မှာ ပြန်နှိုးရင်ရပါတယ်။ နေ့လည်ခင်းအိပ်ချိန်က အရမ်းကြီးကြာမြင့်စရာမလိုပါဘူး။

၃။ ညအိပ်ချိန်ကတော့ ည ၈ နာရီ ၉ နာရီမှာကလေးကအိပ်ရပါမယ်။ ဆိုတော့ အိပ်ချိန်မရောက်ခင်နာရီဝက်လောက်မှာထဲက ကလေးကိုအိပ်ယာထဲထည့် မီးပိတ်ပြီးသိပ်ရပါမယ်။ ညစာကိုလည်းအိပ်ချိန်နဲ့အရမ်းကပ်ပြီးမကျွေးရပါဘူး။

မြန်မာပြည်မှာတော့ ဘယ်လိုရှိလဲမသိပေမယ့် ဒီဘက်နိုင်ငံတွေမှာတော့ဆရာဝန်တွေက ကလေးညဘက်မအိပ်ခင်မှာ ရေနွေးလေးနဲ့ရေချိုးပေးဖို့ကိုအကြံပေးပါတယ်။ အဲ့လိုလေးရေချိုးပေးခြင်းက ကလေးကိုနှစ်နှစ်ခြိုက်ခြိုက်ပိုပြီးတော့ အိပ်ပျော်စေပါတယ်တဲ့။ အိမ်မှာတော့ ဘန်ဘန်လေးကို ညနေ ၇ နာရီလောက်မှာညစာကျွေးပြီး ရေချိုးပေးပါတယ်။ ပြီးရင်တော့အခန်းထဲမှာ ငြိမ်ငြိမ်လေးဆော့ရတဲ့ကစားနည်းမျိုးတွေ စာအုပ်ဖတ်တာမျိုးလေးတွေလုပ်ပေးပြီး သိပ်ဖြစ်ပါတယ်။ ညအိပ်ခါနီးမှာ လှုပ်လှုပ်ရှားရှားကစားနည်းမျိုးတွေ ပြေးတိုင်းလွှားတိုင်းတွေမဆော့ရပါဘူးနော်။ ကလေးကိုပိုပြီးတက်ကြွသွားစေနိုင်လို့ပါ။

အကယ်၍ကိုယ့်ကလေးကလောလောဆယ်မှာ အိပ်ချိန်စားချိန်မှားနေတယ်ဆိုရင် ချက်ချင်းဗြုန်းစားကြီးမဟုတ်ပဲ တနေ့ကိုနည်းနည်းစီအချိန်မှန်သွားအောင် ပြုပြင်ကြည့်ပေးပါနော်။ ကလေးတွေရဲ့အိပ်ချိန်စားချိန်က သူတို့ရဲ့ကြီးထွားဖွံ့ဖြိုးတိုးတက်မှုအတွက်၊ သူတို့ရဲ့ဦးနှောက်အလုပ်လုပ်ဖို့အတွက် အရမ်းအရေးကြီးတာမလို့ ဂရုစိုက်ပြီး ပြင်ဆင်ပေးရပါမယ်။ စကားပြောနောက်ကျခြင်းဖြစ်ရတဲ့အကြောင်းအရင်းထဲမှာလည်း ဒါတွေကတစိတ်တပိုင်းပါဝင်ပါတယ်လို့ သိရပါတယ်။

ခုမှဖေဖေ မေမေစဖြစ်ဖူးပြီး လူကြီးမိဘတွေအနီးကပ်မရှိတဲ့ နိုင်ငံရပ်ခြားမှာ အကူမရှိပဲ ကလေးတယောက်ကိုပြုစုပျိုးထောင်ရင်း ကြုံခဲ့ရတဲ့အမှားတွေ သင်ခန်းစာတွေကို ကျန်တဲ့၊ ကျမတို့လိုပဲမသိသေးတဲ့ဖေဖေ မေမေတွေလည်း သတိထားလို့ရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

02/03/2026

👉🌼Reparenting
စိတ်ပိုင်းဆိုင်ရာမရင့်ကျက်တဲ့မိဘတွေနဲ့ အတူတူကြီးပြင်းလာရတဲ့ သားသမီးတွေအနေနဲ့ မိဘတွေကိုရှင်းပြရင်း…
ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိစိတ်တွေဖြစ်နေမယ့်အစား၊ ငယ်ဘဝဒဏ်ရာတွေကို မိမိကိုယ်တိုင် ပြန်လည်ကုစား (Reparenting) ကြည့်ပါ။

👉Reparenting ဆိုတာကတော့အရွယ်ရောက်လာ သော "သင်" က သင့်အတွင်းစိတ်ထဲမှာ ဒဏ်ရာရနေတဲ့ "ကလေးငယ်" အတွက် အားကိုးထိုက်သော၊ စာနာတတ်သော "မိဘသစ်" တစ်ဦးအဖြစ် ပြန်လည်ရပ်တည်ပေးခြင်းပင် ဖြစ်ပါသည်။

ဒါကို ဒေါက်တာ Lindsay C. Gibson ရဲ့ လမ်းညွှန်ချက်အတိုင်းလေ့လာကြည့်ရအောင်….

🌼အဆင့် (၁) - အရှိကို အရှိအတိုင်း လက်ခံခြင်း (Awareness & Acceptance)
ကုစားမှု၏ ပထမဆုံးခြေလှမ်းမှာ မိမိ၏ အခြေအနေကို ဖုံးကွယ်မထားဘဲ အမှန်အတိုင်း သိမြင်ခြင်း ဖြစ်ပါသည်။

❣️မိဘ၏ စရိုက်ကို သိမြင်ပါ: မိဘများ၏ စာနာမှုမဲ့ခြင်း၊ အော်ဟစ်ခြင်း သို့မဟုတ် ဖိအားပေးခြင်းများသည် သင့်အမှားမဟုတ်ဘဲ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်မှုကြောင့်သာ ဖြစ်ကြောင်း လက်ခံလိုက်ပါ။
(စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်တဲ့မိဘများအကြောင်းကို comment ကပို့စ်မှာပြန်ဖတ်ကြည့်ပါရှင်)

❣️စက်ဝန်းကို ဖြတ်တောက်ပါ: "ငါ့မိဘတွေတုန်းကလည်း ခံခဲ့ရတာပဲ" ဆိုသည့် နာကျင်စရာ သံသရာကို သင့်လက်ထက်တွင် အဆုံးသတ်ရန် ဆုံးဖြတ်ပါ။ မိဘ၏ အပြုအမူကို "မရင့်ကျက်မှု" အဖြစ် သိမြင်ခြင်းကတင်၊
သင့်အပေါ် လွှမ်းမိုးနေသည့် အကျင့်ဟောင်းများကို ထက်ဝက်ခန့် လျော့ကျစေပါသည်။
(စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်တဲ့မိဘများအကြောင်းကို comment ကပို့စ်မှာပြန်ဖတ်ကြည့်ပါရှင်)

🌼အဆင့် (၂) - အတွင်းစိတ်ကလေးကို ပြန်လည်စောင့်ရှောက်ခြင်း (Inner Child Care)
ငယ်စဉ်က မိဘထံမှ မရခဲ့တဲ့အရာတွေကို ယခု သင်ကိုယ်တိုင် ပြန်ပေးရမည့် အဆင့်ဖြစ်
ပါတယ်။
❣️နားထောင်ပေးသူအဖြစ် ရပ်တည်ပါ:
ငယ်စဉ်က "ငါ့ခံစားချက်က အရေးမပါဘူး" ဟု ထင်ခဲ့ရသမျှကို ယခု "ငါ့ခံစားချက်က အရေးကြီးတယ်" ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပေးပါ။ အချိန်အတိုင်းအတာ တစ်ခုအထိ ပေးပြီး နေ့စဉ်လေ့ကျင့်စေချင်ပါတယ်။

❣️စာနာမှုဖြင့် တုံ့ပြန်ပါ (Empathic Reflection):
စိတ်ညစ်သည့်အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနှင့်။ "ငါ အခု ဝမ်းနည်းနေတာ သဘာဝကျပါတယ်၊ ငါ့ဘေးမှာ ငါရှိတယ်" ဟု ပြန်လည်နှစ်သိမ့်ပေးပါ။

🌼အဆင့် (၃) - စည်းဘောင်သတ်မှတ်ခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်းများ (Boundaries)
လက်တွေ့ဘဝတွင် အပြစ်ရှိစိတ် (Guilt) ကင်းစွာဖြင့် နေထိုင်တတ်စေရန် လေ့ကျင့်ရပါမည်။

❣️၅ မိနစ်ခန့် အောင့်အည်းခြင်း (The 5-Minute Pause):
တောင်းပန်ချင်စိတ် ချက်ချင်းဝင်လာပါက ၅ မိနစ်ခန့် စောင့်ဆိုင်းကာ အသက်ရှူပါ။ "ငါ အမှားမလုပ်ရင် တောင်းပန်စရာမလိုဘူး" ဟု သတိပေးပါ။

❣️စောင့်ကြည့်သူအဖြစ် နေထိုင်ပါ (Observer Mode):
မိဘက ဖိအားပေးလာပါက ၎င်းတို့၏ စိတ်လှုပ်ရှားမှုထဲ လိုက်မပါဘဲ ဘေးကနေ အေးအေးဆေးဆေး စောင့်ကြည့်သူအဖြစ်သာ နေပါ။

❣️ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုခြင်း (Self-Validation Journal):
တစ်နေ့တာလုံးတွင် မိမိ၏ လိုအပ်ချက်ကို ဦးစားပေးခဲ့သည့် အခိုက်အတန့်များကို ချရေးပါ။ ဤလေ့ကျင့်ခန်းက သင့်အား စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ပေးပါလိမ့်မည်။

🌼အဆင့် (၄) - Therapy: စာဖတ်ရုံဖြင့် မရနိုင်သော "လက်တွေ့ပြုပြင်မှု" (Beyond Self-Help)
ကျွန်မတို့သည် ပြဿနာကို "သိ" (Knowing) နေသော်လည်း လက်တွေ့တွင် အကျင့်ဟောင်းများအတိုင်း ပြန်လုပ်မိနေခြင်းမှာ ဦးနှောက်ထဲမှ ဒဏ်ရာများသည် သိမှုအဆင့်တွင်သာ ရှိနေပြီး၊ ခံစားမှု (Feeling) အဆင့်တွင် ပြုပြင်ပြောင်းလဲမှု မရှိသေးသောကြောင့်ဖြစ်သည်။

🌻၁။ ဒဏ်ရာတွေက “ဆက်ဆံရေး" တွင် ဖြစ်ခဲ့သဖြင့် "ဆက်ဆံရေး" ဖြင့်သာ ကုရပါမယ်။
စိတ်ဒဏ်ရာသည် ဆက်ဆံရေးတစ်ခုကြောင့် ဖြစ်လာရခြင်းဖြစ်သဖြင့်၊ ထိုဒဏ်ရာကို ပြန်လည်ပြုပြင် (Repair) ရန်အတွက် နောက်ထပ် "လုံခြုံနွေးထွေးကောင်းမွန်သောဆက်ဆံရေးသစ်" တစ်ခု မဖြစ်မနေ လိုအပ်ပါသည်။ Therapy ဆိုသည်မှာ Therapist ၏ စကားလုံးများကြောင့်သာ သက်သာသွားခြင်းမျိုးမဟုတ်ဘဲ၊ ပညာရှင်နှင့် သင့်ကြားတွင် တည်ဆောက်လိုက်သော "ယုံကြည်မှုရှိသည့် ရေရှည်ဆက်ဆံရေး" ကြောင့်သာ ကုစားမှု ဖြစ်လာခြင်းဖြစ်ပါသည်။

🌻၂။ ဦးနှောက်၏ ပတ်လမ်းသစ်များကို ပြန်လည်တည်ဆောက်ခြင်း (Neural Repair)
ငယ်စဉ်က မိဘထံမှ မရခဲ့သော စာနာပေးမှု (Empathic Reflection) များကို Therapist ထံမှ အကြိမ်ကြိမ် ခံစားရသည့်အခါမှသာ ဦးနှောက်ထဲမှ ဒဏ်ရာရနေသော အစိတ်အပိုင်းများတွင် ပတ်လမ်းသစ်များ ပြန်လည်
ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ဒါဟာဦးနှောက်၏ ပုံစံပြောင်းလဲနိုင်စွမ်း (Neuroplasticity) ကြောင့်ဖြစ်ပါတယ်။

🌻၃။ ၁၀၀% အချစ်ကို သိမြင်မှသာ ကိုယ့်
ကိုယ်ကိုယ် ၁၀၀%ပြန်ချစ်နိုင်မှာပါ…..
မိမိကိုယ်ကိုယ် ပြန်လည်ချစ်တတ်လာရန်မှာ တစ်စုံတစ်ယောက်က မိမိကို အရင်ဆုံး ချစ်ပေးသည်ကို ခံစားရရန် လိုအပ်ပါသည်။ ၁၀၀% အချစ်ကို ခံစားဖူးမှသာလျှင် ထိုအချစ်သည် အဘယ်အရာဖြစ်ကြောင်း သိမြင်ပြီး မိမိကိုယ်ကိုယ် ပြန်လည်ပေးစွမ်းနိုင်မည်ဖြစ်သည်။ သို့သော် ငယ်စဉ်ကဦးနှောက်၏ ဒဏ်ရာကြောင့် ထိုသို့ချစ်ပေးနိုင်သောသူကို ဘေးတွင်ရှိနေလျှင်ပင် မတွေ့မြင်နိုင်ခြင်း သို့မဟုတ် မရွေးချယ်တတ်ခြင်းများ ဖြစ်နိုင်ပါသည်။
ဒါကြောင့် Therapist ၏ စာနာမှုနှင့် မေတ္တာသည် ကုစားမှုအတွက် မရှိမဖြစ် လိုအပ်ခြင်းဖြစ်ပါသည်။

🌻၄။ အလုံခြုံဆုံး နေရာလေး
ကိုယ့်ရဲ့ အတိတ်က နက်ရှိုင်းတဲ့ နာကျင်မှုတွေကို သူငယ်ချင်း ဒါမှမဟုတ် ချစ်သူဆီမှာပဲ အမြဲသွားပုံချမိရင် အဲ့ဒီဆက်ဆံရေးတွေဟာ ဝန်ပိပြီး ပျက်စီးသွားနိုင်ပါသည်။ Therapy ဆိုတာကတော့ ဒီဒဏ်ရာတွေကို စနစ်တကျ လက်ခံပေးနိုင်သည့် "အလုံခြုံဆုံး နေရာ" တစ်ခု ဖြစ်ပါတယ်ရှင်……

"ကိုယ့်ကိုယ်ကိုယ် ချစ်ပါလို့ အမြဲပြောကြပေမဲ့... ဘယ်လိုစချစ်ရမလဲ ကျွန်မတို့ မသိခဲ့ဘူး"

Dr. Erica Komisar က ကျွန်မတို့ကို အခုလို အမှန်တရားတစ်ခု ပြောပြခဲ့ပါတယ်။
• ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ဆိုတာတစ်စုံ တစ်ယောက်ရဲ့ အချစ်ကို အရင်ဆုံး ၁၀၀% ခံစားဖူးဖို့ လိုအပ်ပါတယ်။ ထိုအခါမှသာ ၁၀၀% ဆိုတာ ဘာလဲသိပြီး မိမိကိုယ်ကိုယ် ပြန်ပေးနိုင်မှာပါ။
• ငယ်ငယ်က မိဘဆီက အဲ့ဒီအချစ်မျိုး မရခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ ခက်ခဲနေတာဟာ သင့်အမှားမဟုတ်ပါဘူး။
• အခုချိန်မှာ Therapy ဆီကနေ အချစ်နဲ့ စာနာမှုတွေကို လက်ခံယူလိုက်ပါ။ အဲ့ဒီကနေတစ်ဆင့် သင့်ကိုယ်သင် ပြန်လည်တည်ဆောက်နိုင်ပါလိမ့်မယ်။

Workshop, Support Group များတွင် ပါဝင်ပါ:
"ငါ တစ်ယောက်တည်း မဟုတ်ဘူး" ဆိုသည့် အသိဟာ အပြစ်ရှိစိတ်ကို လျော့ကျစေပါတယ်။ ဒဏ်ရာချင်း တူသူများအချင်းချင်း ဖေးမခြင်းဟာ အင်မတန် လှပသော ကုစားမှု ခရီးစဉ်တစ်ခု ဖြစ်
ပါတယ်ရှင်……..

"ကျွန်မတို့ဟာ တစ်ယောက်တည်း ကုစားလို့ မရပါဘူး။ အချစ်ခံရခြင်းကနေတစ်ဆင့်သာ ကျွန်မတို့ကိုယ်ကျွန်မတို့ ပြန်လည် တည်ဆောက်နိုင်တာ ဖြစ်ပါတယ်ရှင်။"
သင့်ဘဝ၏ အရှင်သခင် ပြန်ဖြစ်ရန်အတွက် ယနေ့မှစ၍ ကုစားမှု ခရီးလမ်းကို အတူတူ လျှောက်လှမ်းကြပါစို့။ 😊🌿

27/02/2026

ကလေးဖွဲ့ဖြိုးမှု (ရုပ်ပိုင်း၊ ဉာဏ်ပိုင်း၊ စိတ်ပိုင်း) ကို မသိမသာ အနှောက်အယှက်ဖြစ်စေနိုင်တဲ့အမှတ်မထင်မေမေတို့ လုပ်မိလေ့ရှိတဲ့ အရာများ
(၁ နှစ်–၃ နှစ်အရွယ်ကလေးတွေမှာ ပိုအရေးကြီးပါတယ်)
🔹 ၁။ အမြဲဖုန်း/တီဗီပေးကြည့်ထားခြင်း
• အာရုံစူးစိုက်မှု လျော့နည်းနိုင်တယ်
• စကားပြောဖွံ့ဖြိုးမှု နောက်ကျနိုင်တယ်
👉 ကလေးနဲ့ မျက်နှာချင်းဆိုင် စကားပြော၊ ကစားပေးတာ ပိုကောင်းပါတယ်။
🔹 ၂။ အမြဲဆူပူခြင်း၊ ကြောက်ရွံ့အောင်လုပ်ခြင်း
• စိတ်ဓာတ်ကျ၊ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဖြစ်လာနိုင်တယ်
• မိဘနဲ့ emotional bond အားနည်းနိုင်တယ်
👉 မမှန်တာလုပ်လျှင်တောင် ရိုက်ခြင်းထက် ရှင်းပြပေးခြင်း ပိုထိရောက်ပါတယ်။
🔹 ၃။ အရာအားလုံးကို မိဘက လုပ်ပေးခြင်း
• ကိုယ်တိုင်လုပ်နိုင်စွမ်း မဖွံ့ဖြိုးဘူး
• ဆုံးဖြတ်နိုင်မှု အားနည်းလာနိုင်တယ်
👉 အချို့အရာတွေ ကိုယ်တိုင်ကြိုးစားလုပ်ခိုင်းပါ (ဥပမာ – လက်ဆေး၊ အစားစား)
🔹 ၄။ အခြားကလေးနဲ့ အမြဲနှိုင်းယှဉ်ခြင်း
• စိတ်ဓာတ်ကျမှု၊ မယုံကြည်မှု ဖြစ်နိုင်တယ်
👉 “သူလိုဖြစ်” မဟုတ်ဘဲ “ကိုယ့်ကလေးတိုးတက်လာတာ” ကို ကြည့်ပါ။
🔹 ၅။ မေမေကိုယ်တိုင် စိတ်ဖိစီးမှုများလွန်းခြင်း
• ကလေးက မေမေစိတ်ခံစားချက်ကို ခံစားနိုင်တယ်
• မိသားစု အခြေအနေ တင်းမာလာနိုင်တယ်
👉 မေမေကိုယ်တိုင်လည်း အနားယူချိန်အနားယူဖို့ လိုပါတယ်။
🔹 ၆။ ချစ်ပေးမှု မလုံလောက်ခြင်း
• အမေကို ကပ်လွန်းတာလည်း အချစ်လိုအပ်နေခြင်းဖြစ်နိုင်တယ်
👉 ပွေ့ဖက်ပေးခြင်း၊ မျက်နှာချင်းဆိုင်ပြုံးပြခြင်းက ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရမ်းကောင်းပါတယ်။
💡 သတိပြုရန်
မိဘတစ်ယောက်မှ Perfect မဖြစ်ပါဘူး။
အရေးကြီးတာက “သိပြီး ပြင်ဆင်နိုင်ဖို့” ပါ။



#fyiシ゚viralシ

27/02/2026

ကလေးကို 'ယဉ်ကျေးပျူငှာတဲ့ အလေ့အကျင့်' ဘယ်လိုပျိုးထောင်ပေးမလဲ? (The Magic of Manners: Raising a Respectful Child)**

ယဉ်ကျေးပျူငှာခြင်းဆိုတာ "ကျေးဇူးတင်ပါတယ်" လို့ ပြောတတ်ရုံတင်မဟုတ်ဘဲ သူတစ်ပါးအပေါ် **လေးစားမှု (Respect)** နဲ့ **ကိုယ်ချင်းစာတရား (Empathy)** ကို လက်တွေ့ပြသခြင်း ဖြစ်ပါတယ်။ ယဉ်ကျေးတဲ့ကလေးဟာ ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါများပြီး အခွင့်အလမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်ပါတယ်။

**၁။ 'မှော်စကားလုံး ၃ ခွန်း' ကို မိဘက အရင်စသုံးပါ (The 3 Magic Words)**

* **သင်ခန်းစာ:** "ကျေးဇူးတင်ပါတယ်"၊ "တောင်းပန်ပါတယ်" နဲ့ "ကျေးဇူးပြု၍" ဆိုတဲ့ စကားလုံးတွေကို ကလေးနဲ့ ဆက်ဆံရာမှာ ပုံမှန်ထည့်ပြောပါ။
* **ရလဒ်:** ကလေးဟာ ဒီစကားလုံးတွေကို အမိန့်အရ ပြောရတာမျိုးမဟုတ်ဘဲ **နှလုံးသားထဲကပါတဲ့ အလေ့အကျင့်** အဖြစ် အလိုလို အသားကျသွားပါလိမ့်မယ်။

**၂။ 'ကြားဖြတ်ပြောခြင်း' ကို စနစ်တကျ တားမြစ်ပါ (Wait Your Turn to Speak)**

* **လုပ်ဆောင်ချက်:** လူကြီးတွေ စကားပြောနေရင် ခဏစောင့်ရမယ်ဆိုတာကို သင်ပေးပါ။ "သားပြောချင်တာကို မေမေတို့ စကားဆုံးတာနဲ့ နားထောင်ပေးမယ်" လို့ ပြောပြီး ကလေးစောင့်နိုင်တဲ့အခါမှာလည်း "စောင့်ပေးလို့ ကျေးဇူးတင်တယ်" လို့ ပြန်ပြောပေးပါ။
* **အကျိုးကျေးဇူး:** ဒါဟာ ကလေးကို **သည်းခံခြင်း (Patience)** နဲ့ သူတစ်ပါးကို လေးစားတတ်ခြင်းကို သင်ကြားပေးရာ ရောက်ပါတယ်။

**၃။ ထမင်းဝိုင်းကနေ 'လူမှုနီတိ' ကို စတင်ပါ (Table Manners)**

* **အကြံပြုချက်:** ပါးစပ်ထဲမှာ အစားအစာရှိနေစဉ် စကားမပြောဖို့၊ ဟင်းခွက်ကို လှမ်းနှိုက်မယ့်အစား "ကမ်းပေးပါ" လို့ တောင်းဆိုဖို့ သင်ပေးပါ။
* **ရလဒ်:** သေးငယ်တဲ့ အလေ့အကျင့်လေးတွေကနေတစ်ဆင့် ကလေးဟာ အများနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်လာပါလိမ့်မယ်။

**၄။ နှုတ်ဆက်ခြင်းရဲ့ တန်ဖိုး (The Power of Greeting)**

* လူကြီးသူမတွေကို တွေ့တဲ့အခါ ဦးချတာ၊ လက်အုပ်ချီတာ ဒါမှမဟုတ် ပြုံးပြနှုတ်ဆက်တာမျိုး လုပ်တတ်အောင် မိဘကိုယ်တိုင် အရင်လုပ်ပြပါ။ မိဘက ယဉ်ကျေးပြခြင်းဟာ ကလေးအတွက် အကောင်းဆုံးသော လမ်းညွှန်ချက်ပါပဲ။

---

# # # **💬 Comment (ဆွေးနွေးကြရအောင်)**

**၁။ သင့်ကလေးဟာ တခြားသူတွေဆီက လက်ဆောင်ရတဲ့အခါ ဒါမှမဟုတ် အကူအညီရတဲ့အခါ 'ကျေးဇူးတင်ပါတယ်' လို့ အလိုအလျောက် ပြောတတ်တဲ့ အလေ့အကျင့် ရှိနေပြီလား? Comment မှာ ကြွားပေးပါဦး။**

**၂။ ကလေးတစ်ယောက်အတွက် "ပညာတော်ဖို့ထက် ယဉ်ကျေးဖို့က ပိုအရေးကြီးတယ်" လို့ သင်ရော လက်ခံပါသလား? မိဘအချင်းချင်း အမြင်ချင်း ဖလှယ်ကြရအောင်။**

**၃။ "ယဉ်ကျေးတဲ့ကလေးဟာ မိဘရဲ့ ဂုဏ်ကို မြှင့်တင်ပေးသူ ဖြစ်လာမယ်" လို့ ယုံကြည်ရင် Share ပေးလိုက်ပါဦး။**

---

**ရေးသားသူ Ye Yint Aung (Baby Care)**
❌ copy ကူယူပြီးပြန်တင်ခြင်းခွင့်မပြုပါ ။
✅ စိတ်ကြိုက်Share လို့ရပါတယ် ။

---

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon