01/10/2022
တို့ သ တိ ရ နေ မှာ ပါ ... 😞
ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်၊ National Ce
01/10/2022
တို့ သ တိ ရ နေ မှာ ပါ ... 😞
ပင်လုံဆောင်ကြီးကို လွမ်းတာလား😁😁😁 Crush တွေကိုလွမ်းတာလား မှန်မှန်ဖြေနော် မင်မင်ကတော့ ........မန့်မှာကြည့်👇👇👇👇
NCEL မှာ ကျောင်းစစတက်ချင်းမှာ အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် မန့်မှာပြောသွားကြပါ 🤗🤗🤗
15/05/2020
Global ကျောင်းသားတစ်ယောက်၏ အမှတ်တရနေ့စွဲများ ( ၂ )
ပင်လုံဆောင်မှ ကြိုဆိုခြင်း
----------------------------------------
၇.၈.၂၀၁၈ က 3/2018 ဝင်ခွင့်ရရှိခဲ့သူတွေရဲ့ ပထမဦးဆုံး ကျောင်းတက်ရက်တစ်ခုပေါ့။ မြို့နယ်အသီးသီး အလွှာအသီးသီး ဘာသာအသီးသီးကလူတွေဟာ ငါကျောင်းသားဖြစ် ပြီဆိုတဲ့ အတွေးနဲ့ ပင်လုံဆောင်ရဲ့ အခန်းနံပါတ် (501) Section 4 မှာ လူပေါင်း ၃၈ ယောက်စလုံး တစ်စုတစ်ဝေးတည်းလာရောက်စုံစည်းလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။ မမြင်ရတဲ့စိန်ခေါ်မှုတွေ အတွေ့ကြုံအသစ်တွေ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေနဲ့ စာသင်နှစ်ကာလတွေဆီကို ထိုလူတွေနဲ့ အတူဖြတ်သန်းဖို့ ပင်လုံဆောင်ကြီးက စောင့်ကြိုနေခဲ့ပါတယ်။ ဟုတ်ပါတယ် အဲ့နေ့က ကျွန်တော်တို့တွေ စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ ပထမဦးဆုံး ကျောင်းသားကျောင်းသူတွေရဲ့ အခက်အခဲကို ပြောပြပါဆို စာသင်ခန်းရှာြခင်းလို့ ကျွန်တော်ပြောပြမိမှာ အမှန်ပဲ။ ဒဂုံတက္ကသိုလ်မှာ လေးနှစ်၊ အမျိုးသားကောလိပ်မှာ တစ်နှစ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ တစ်နှစ်ခွဲ ကျောင်းတွေချည်းပဲ ပတ်တက်လာတဲ့ ကျွန်တော့်အဖို့ အတန်းရှာခြင်းအလုပ်ဟာ အင်မတန်မှ ရိုးရှင်းလွယ်ကူနေခဲ့ပါတယ်။ ဝင်ခွင့်လျှောက်တုန်းက တက်ကြွတဲ့ ကြက်ဖဟာ ကျွန်တော်ြဖစ်နေခဲ့ပေမယ့် ကျောင်းစတက်တော့ တက်ကြွတဲ့ကြက်ဖဟာ ကျွန်တော့် Senior အစ်မ ဖြစ်နေခဲ့ပါတယ်။ သင်ရမယ့် စာသင်ခန်းနေရာကို ဖုန်းဆက်မေးရင်း သူ့ဆီက မမျှော်လင့်ထားတဲ့ စကားတစ်ခုကိုပါ ထပ်ကြားသိလိုက်ရတယ်။ “နင့် ပိုးဟပ်ဖြူလေးက ငါတို့အခန်းထဲမှာ” ဆိုတဲ့ စကားကြားကြားခြင်းပဲ စိတ်ကိုဒုံးဒုံးချကာ မနက်ဖြန်မနက်ကျောင်းတက်မယ်ဆိုတဲ့အတွေးနဲ့ပဲ ကျွန်တော့် global ကျောင်းတက်ရက်ရဲ့ ပထမဆုံးနေ့မှာတင် ပြန်အိပ်ပျော်သွားခဲ့ပါတယ်။ ရည်မှန်းချက်ကြီးမားလွန်းလှပါတကား...။
ပင်လုံဆောင်ရဲ့ ရတနာတစ်ခု
--------------------------------------------
ပန်းချီကားလေးတွေကပြောတယ်
သူတို့ဒီမှာရှိနေကြောင်း
ပင်လုံဆောင်ကြီးကို ပြောပေးပါတဲ့........
ကျောင်းအပ်တဲ့နေ့က ကမျောကသောနဲ့မို့ ပင်လုံဆောင်ရဲ့ ကျောင်းနံရံမှာ အခန့်သားနေရာယူထားတဲ့ ပန်းချီးကားတွေကို သေချာမကြည့်လိုက်ခဲ့မိဘူး။ ရန်ကုန်တက္ကသိုလ်ရဲ့ အရှိန်အဝါနဲ့ ထည်ဝါနေပြီးသား ပင်လုံဆောင်ဟာ ပန်းချီကားတွေနဲ့ပါ စီချယ်မွန်းမံခြင်းခံလိုက်ရတော့ ပင်လုံဆောင်ရဲ့ ကျက်သရေကို ပိုမိုတိုးသွားစေမိတာတော့ အမှန်ပဲ။ ခေတ္တခဏဆိုပြီး ပန်းချီကားတွေကို စိတ်လိုလက်ရကြည့်နေလိုက်တာ တော်တော်ကြာသွားခဲ့ပုံရတယ်။ ၉:၂၀ ဆိုတဲ့အချိန်ကိုရောက်သွားတော့ နောက်ကျနေပြီအတွေးဝင်လာတာနဲ့ တပြိုင်နက် လေးလွှာ အပေါ်ဆုံးထပ်ကို ပြေးတက်ရင်း အခန်းထဲဝင်ဝင်ခြင်းမှာပဲ ဆရာမရဲ့ နှုတ်ခွန်းဆက်သံက "Why are you so late?" ။ ပန်းချီကားတွေ ကြည့်နေတယ်လို့ပြောရင် မသက်သာမှန်းသိလို့ ကားပိတ်နေတယ်လို့ မုသားဖြူလေး သုံးလိုက်ရတဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ အဲ့လိုနဲ့ ထိုင်ရမယ့်နေရာရှာတော့ ဆရာ ဆရာမတွေရဲ့ အာရုံစိုက်ခြင်းအခံရဆုံးနေရာတစ်ခုဖြစ်တဲ့ နောက်တန်းရဲ့ နောက်ဆုံးခုံမှာ ဝင်ထိုင်ရင်း အတန်းဖော်ြဖစ်လာမယ့် မချမ်းကို စတင်သိရှိခဲ့ရတယ်။ စိတ်ဝင်စားတစ်လှည့် မဝင်စားလှည့်နဲ့ စာသင်နေရင်း စာသင်ခန်းထဲရှိ လူများကို ဝေ့ဝိုက်ကြည့်ရှုနေခဲ့ရာ စတုတ္ထတန်းရဲ့ သုံးခုံမြောက်မှာ ထိုင်နေတဲ့ ပင်လုံဆောင်ရဲ့ ရတနာတစ်ပါးကို အမှတ်မထင်မတွေ့ရှိခဲ့လိုက်ပါတယ်။ ဟုတ်ပါတယ် ကျွန်တော်ကျောင်းစအပ်တဲ့နေ့မှာတွေ့လိုက်ရတဲ့ ကျွန်တော့်ရဲ့ ပိုးဟပ်ဖြူလေးပါပဲ ။
ပင်လုံဆောင်ရဲ့ အိမ်ကလေး
-------------------------------------------
ပထမဦးဆုံးနေ့မို့ တစ်ယောက်နဲ့တစ်ယောက်စိမ်းနေသလိုနေခဲ့ကျပေမယ့် အချိန်တိုခဏလေးအတွင်းမှာလူ ၃၈ ယောက်စလုံးနဲ့ သိကျွမ်းခွင့်ရခဲ့တယ်။ သူမ ပါ အပါအဝင်ပေါ့။ အတန်းတွင်းရဲ့ ရွာဆော်တွေဖြစ်လာမယ့် ကိုဖိုးချစ် ၊ ကိုရဲ ၊ ကိုချမ်း (သူမသိအောင်ပေးထားတဲ့နာမည်က Mr. Serious ) တို့ကြောင့် ကျွန်တော့်တို့ အစုအဖွဲ့လေးဟာ အတန်းပြီးတိုင်း Eco Canteen ဖက်မှာ အမြဲလိုလိုထိုင်ဖြစ်ခဲ့ကြတယ်။ တူရာတူရာစုသွားကြတယ်လို့ပြောရင်လဲမမှားပေါ့ဘူး။ အဲ့ထဲမှာမှ လူတစ်ချို့တစ်ဝက်ရဲ့ နာမည်ပြောင်လေးတွေကို ပြန်လည်ဖောက်သည်ချမယ့်ကျွန်တော့်ကို သူတို့တွေ နားလည်နိုင်ကောင်းလောက်ပါရဲ့။
အုပ်ကြီး
မည့်သည့်ကိစ္စနဲ့ပဲ စနောက်နောက် ထဘီနှင့်သာအုပ်မည့် အုပ်ကြီးဟာ ကျွန်တော်တို့ အဖွဲ့ထဲမှာ အစွာဆုံးဆိုလဲမမှားခဲ့ပါဘူး။
အဖြူကောင်
ကျွန်တော့်ရဲ့ ပိုးဟပ်ဖြူလေးကိုတော့ သူတို့က အဖြူကောင်လို့ ပညတ်လိုက်ကြတယ်။
ထင်ရာစိုင်း
နာမည်အရင်းမှာ စိုင်းပါသော်လည်း သူထင်ရာသာ သူပြောလွန်းသောကြောင့် ထင်ရာစိုင်း လို့ တစ်ဖွဲ့လုံး သတ်မှတ်လိုက်ခြင်းအပေါ်မှာလည်း ကျွန်တော် မကန့်ကွက်ခဲ့ပါဘူး။
ပုရစ်
အရပ်မှာ ပု တဲ့အပြင် ရစ် သည့်နေရာတွင်လည်း ရည်းစားကိုမရစ်ရလျှင် အဖွဲ့ထဲက တစ်ယောက်ယောက်ကို ရစ်လွန်းအားကြီးသောသူမကို ချစ်စနိုးဖြင့် ပုရစ် လို့သတ်မှတ်ပေးလိုက်ကြတယ်။
Mr Serious
ပရူးထမင်းကြော်ကအစ ကျောင်းစာအဆုံးအမှားခံနိုင်သောကြောင့် Mr Serious ရဲ့ အပြုကို ကျွန်တော့်အဖွဲ့က သူ့နောက်ကွယ်မှာ ခိုးပြီးသုံးစွဲခေါ်ခဲ့တယ်။
အညာသူမ
၅မျဥ်းစောင်း မုံရွာသူဖြစ်တဲ့ သူရဲ့ စကားပြောသံဟာဆိုရင်ဖြင့် အဆောင်အပေါ်ကပြော အဆောင်အောက်ထိ ကြားအောင်ပြောနိုင်သည့်အပြင် ဒေသိယအသုံးစကားတွေကို တစ်ပါးသူနားမလည်အောင် ထည့်သွင်းပြောနိုင်တဲ့ အညာသူမ ဟာ ကျွန်တော့် Seinor အစ်မပဲ။
တစ်မိပေါက်တစ်ယောက်ထွန်းတွေချည်းပဲ လာစုနေတဲ့ ကျွန်တော့်တို့ရဲ့ အစုအဖွဲ့လေးကို အိန္ဒြေနဲ့ နေနေတဲ့ ပင်လုံဆောင်ကြီးက စုတ်တသပ်သပ် သက်ပြင်းတချချနဲ့ကြည့်ရင်း ၂နှစ်နီးပါးလောက် သည်းခံနေရမယ့် သူ့အဖြစ်ကို တွေးနေမိကောင်းပါရဲ့။ ရှေးရေစက်တွေလို့ပဲဆိုမလား ဝဋ်ကြွေးလို့ပဲခေါ်မလား သူတို့တွေနဲ့စုံစည်းခဲ့ရတာြခင်းဟာ ကျွန်တော့်အတွက် နောင်တရခဲ့ခြင်းမရှိခဲ့ပါဘူး။ ထိုသူတို့တွေနဲ့အတူ ပျော်ရွှင်ဖွယ်ရာစာနှစ်တွေဆီကို ဖြတ်သန်းသွားဖို့အတွက် သူတို့တွေကိုယ်၌ကိုယ်က ကျွန်တော့်အတွက် ပညတ်ပေးလိုက်တဲ့ နာမည်က
“အငယ်ကောင်”
*k
အပိုင်း ( ၃ ) ကို ဆက်လက်ေဖာ်ပြပါဦးမည်။
အပိုင်း ( ၁ )
https://www.facebook.com/ncelmailbox/posts/101329451591989?__tn__=K-R
13/05/2020
Global ကျောင်းသားတစ်ယောက်၏ အမှတ်တရနေ့စွဲများ ( ၁ )
ကျွန်တော်နှင့် Global စတင်ခြင်း
-------------------------------------------------
3/2018 ဝင်ခွင့်ခေါ်တာက စတယ်လို့ပဲပြောရမှာပဲ။ ၂၀၁၈ ၈ လပိုင်းဝင်ခွင့်ခေါ်တော့ ကျွန်တော်တို့ ရုံးရဲ့သုံးပုံတစ်ပုံလောက် ဝင်လျှောက်ကြတယ်။ အပေါင်းအသင်းမင်တဲ့ ကျွန်တော်က အဖော်အဖြစ် ကျွန်တော်ဘေးက senior အစ်မကို တက်ဖို့ဆွယ်တော့ သူ့ခမျာ နှစ်ခါစဥ်းစားလိုက်ရဟန်မတူဘူး လုပ်လေ ချ ဆိုတာနဲ့ အများနည်းတူ ဝင်လျှောက်ကြတယ်။ form link ချပေးမယ့်နေ့မှာ တက်ကြွတဲ့ ကြက်ဖကြီးဖြစ်တဲ့ ကျွန်တော်က လိုအပ်တဲ့ data အချက်အလက်တွေ ပြင်ဆင်ပြီး ၉ နာရီဆိုတဲ့ အချိန်ကို စောင့်နေတယ်။ ကိုယ့်ဘေးနားက အစ်မကတော့ အေးအေးလူလူပဲ ခင်ဗျ။ ၈ ၄၅ မိနစ်ထိ ရုံးမှာ ကော့တော့ကော့တော့နဲ့ ကော်ဖီဖျော်လို့ကောင်းတုန်း။ မနေနိုင်တဲ့ ကျွန်တော်မှာ အစ်မဒါတွေ ဒါတွေပြင်ထား ဒါကဒီလိုရှိတယ် ဒါကဒီလိုပြင်ထားရတယ် ဒါတွေကမလိုဘူးပြောရင်း form link ကျလာတော့ ရုံးကလူ သုံးပုံ တစ်ပုံ ဝိုင်းဖြည့်ကြတာပေါ့။ ( တစ်မိနစ်အတွင်းဘာကြောင့် form submitted မဖြစ်လဲဆိုတာ သီးသန့်ခွဲရေးပေးပါမည်) အဲ့တစ်ခဏလေးက အတော့်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်။ ကောင်လေးက ကောင်မလေးကို ရည်းစားစကားပြောသလိုရင်ခုန်ဖို့ကောင်းတာတော့အမှန်ပဲ။ ထားပါတော့ အဲ့တစ်မိနစ်ဆိုတဲ့ အချိန်လေးမှာ
"ဟဲ့ link ကျလာပြီလား "
"form ဖြည့်လို့ရပြီလား"
"လုပ်ပါဦး ငါ့ဆီမှာ link ကျမလာလို့"
တစ်ရုံးလုံး ဆူညံပွက်လောရိုက်သွားလိုက်တာ ထမင်းစားတဲ့ ချိန်ထိ မပြီးတော့။ ကိုယ့်မှာတော့မည်သို့ မည်ပုံဖြည့်လိုက်သည် မသိ ဖက်ဖက်နဲ့ ဖြည့်ပြီး ဖြစ်ပျက်နေတဲ့ သူ့တို့အဖြစ်ကို အော် သနားစရာသတ္တဝါလေးတွေပါလား ဒီform လေးဖြည့်တာ ဒီလောက်ဖြစ်စရာလိုလို့လားလို့တွေးနေမိတယ်။
နတ်ကြီးနေသော ပင်လုံဆောင်
----------------------------------------------
ဝင်ခွင့်ရရင် ဘာဆက်လုပ်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ အဲ့က Diploma ရရင် အလုပ်အတွက်အဆင်ပြေြပီဆိုတဲ့ အတွေးကိုယ်စီနဲ့ ဝင်ခွင့်ကြေညာမယ့်နေ့ကို ကျွန်တော်လဲ အများနည်းတူစောင့်နေခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုထဲမှာ ရန်တက္ကသိုလ်မှာ ကျောင်းတက် ကျောင်းတက်ချင်တာလဲပါတယ်။ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ဆိုတဲ့ စာအုပ်ထဲမှာ ခိုင်တက်ခဲ့ကျောင်းတော်ဆီကို ကျွန်တော်လဲ တက်ဖူးချင်တာလဲပါတာပေါ့။ No.23. နဲ့ ကျွန်တော့်နာမည်ကိုတွေ့လိုက်ရပါပြီ ကျွန်တော် အဖော်ညှိလိုက်တဲ့ senior အစ်မက No. 30 ပါလာပြီး တစ်ရုံးလုံးမှာ သူနဲ့ကျွန်တော်ပဲ ဝင်ခွင့်ပါလာခဲ့တယ်။ တစ်ရုံးလုံးအတူတူလျှောက်ပြီး အတူတူတက်ကြမယ်ဆိုတဲ့ အပြောတွေ အဆိုတွေဟာ အဲ့မှာပဲနှုတ်ဆိတ်သွားခဲ့ရတယ်။ ကံတရားလို့ပဲပြောမလား အချိုးအကွေ့တွေနဲ့အလှည့်အပြောင်းမှာ လူချင်းတူပေမယ့် ကံခြင်း မတူခဲ့ကြဘူး။ တစ်ယောက်ကတော့ သူ Japan မသွားခင်ထိလျှောက်နေတာ သူ Japan သာရောက်သွား ပါမသွားခဲ့ဘူး။ နောက်တစ်ယောက်ဆို အဲ့ကတည်းက စိတ်နာပြီးမလျှောက်တာ အခုထိပဲလို့ ဆိုရတော့မှာပဲ။ ဟုတ်ပါတယ်။ အဲ့နေ့က ကျွန်တော် ကံကောင်းသွားခဲ့တာပါ။
အိမ်မက်တွေနဲ့ တက္ကသိုလ်
---------------------------------------
ကျောင်းတော်ကြီးထဲခြေပြန်ချမလို့
နှင်းမြူပါးပါးလေးနဲ့ ကောင်းမလေးတစ်ယောက်
ရှိချင်ရှိနေဦးမှာ.....
ဒဂုံတက္ကသိုလ်မှာ သင်္ချာနဲ့ကျောင်း တက်လာတဲ့ လေးနှစ်တာကာလအတွင်း ကျောင်းအပ်ပုံစံနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကျင့်သားရနေတဲ့ ကျွန်တော်ဟာ ကျောင်းအပ်မယ့်နေ့မှာ ဘောပင် correction pen ကော်ဗူး အပြည့်အစုံထည့်သွားခဲ့တယ်။ ကျွန်တော်ကျောင်းအပ်တဲ့အချိန်က ဆရာ ဆရာမ ထမင်းစားချိန်မို့ ပင်လုံဆောင်ရှေ့က အုတ်ခုံလေးမှာ ရုံးက အစ်မနဲ့အတူ ထိုင်စောင့်နေရင်း ပတ်ဝန်းကျင်နဲ့ ကျောင်းတော်ကြီး အသွင်အပြင်ကို ငေးမောကြည့်နေခဲ့တာ
တသက်တာ မမေ့ခဲ့တဲ့ မြင်ကွင်းလေးပါ။ဟုတ်ပါတယ် အဖြူရောင် ဝတ်စုံလေးနဲ့ လှချင်တိုင်း လှနေတဲ့ သူမကို တွေ့ခဲ့ပါတယ်။ ဘေးက ကိုယ့်အစ်မကို တီးတိုးပြောရင်း ကျွန်တော်တို့နဲ့ တခန်းထဲ အတူတူ တက်ရင်ကောင်းမှာပဲလို့ပြော တော့ ကျွန်တော့်ကို တစ်ခွန်းထဲပြောသွားရှာပါတယ် '' နှာဗူးကောင်တဲ့ ''။ အလှအပ ခံစားတတ်ခြင်းအနုပညာကို နားမလည်လို့ သူပြောတာလို့ ကျွန်တော်နားလည်လိုက်ပါတယ်။ ထားပါတော့။ အဲ့လိုနဲ့ပဲ form တွေတန်းဆီတော့ သူမက ကျွန်တော့်အနောက်မှာတန်းစီတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ။ form တွေဖြည့်တော့ ကျွန်တော်နဲ့ ရုံးကအစ်မနဲ့ ထိုင်ဖြည့်နေစဥ်မှာပဲ သူမ က ကျွန်တော့်ဆီတည့်တည့်လျှောက်လာပြီး ထိုင်ပါရစေဆိုတော့ ကူကယ်ရာမယ့်နေတဲ့သူ့ကို ကျွန်တော့်တို့ဝိုင်းမှာ ထိုင်ခွင့်ပြုလိုက်တယ်။ စိတ်ထဲမှာတော့ ပျော်လိုက်တာဆိုတာ ထခုန်မတတ်ဘဲ။ form ဖြည့်ဖို့လိုအပ်တာလေးတွေ ပြောပြရင်း ဓာတ်ပုံကပ်ရမယ့် အချိန် ကော်ဗူး မပါတဲ့ သူ့ကို ကြိုတင်ပြင်ဆင်လာတဲ့ ကျွန်တော့်ကပဲ ကော်ဗူးလေးထုတ်ငှားရင်း အဲ့နေ့က "ကျေးဇူးပဲ" ဆိုတဲ့ စကားတစ်ခွန်းကိုယ်ရလိုက်တယ်။ ကျောင်းအပ်တဲ့ကိစ္စတွေပြီးနောက် ကျွန်တော့် အိမ်ပြန်လမ်းမှာ ဝမ်းသာပီတိဂွမ်းထိဖြစ်ပြီး စိတ်ကူးထဲမှာ သူ့ကို ပေးမိလိုက်တဲ့နာမည်က
" ပိုး ဟပ် ဖြူ " ........
*k
မတော်တဆ စာလုံးပေါင်းအမှားများကို သည်းခံပြီး ဖတ်ရှူပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
အပိုင်း ( ၂ ) https://m.facebook.com/story.php?story_fbid=102932348098366&id=101225744935693
| Monday | 09:00 - 16:30 |
| Tuesday | 09:00 - 16:30 |
| Wednesday | 09:00 - 16:30 |
| Thursday | 09:00 - 16:30 |
| Friday | 09:00 - 16:30 |