10/06/2026
ခရစ်တော်၏ သက်သေများဖြစ်ကြသော ကမ္ဘာ့ဖလား ဘောလုံးကြယ်ပွင့် ၁၄ ဦး
▪︎▪︎▪︎▪︎▪︎▪︎▪︎
FIFA ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ၂၀၂၆ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ဇူလိုင်လ ၁၉ ရက်နေ့အထိ ပြုလုပ်ကျင်းမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ကနေဒါ၊ မက္ကဆီကိုတို့နှင့်အတူ အဓိကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကာ အတ္တလန်တာ၊ ဒါးလပ်စ်၊ လော့စ်အိန်ဂျလိစ်နှင့် ဖီလာဒဲလ်ဖီးယား အပါအဝင် မြို့ပေါင်း ၁၆ မြို့တွင် ပွဲစဉ်များကို ကျင်းပသွားမည်ဖြစ်သည်။
ထိုကမ္ဘာ့ဖလားပွဲတွင် ပါဝင်ကစားကြမည့်ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ကိုးစားမှုကို ကွင်းတွင်းကွင်းပြင် နှစ်ရပ်စလုံးတွင် လူသိရှင်ကြား ဖော်ပြလေ့ရှိကြသည့် အထင်ရှားဆုံး ကမ္ဘာ့ဖလားကြယ်ပွင့် ၁၄ ဦးကို ဖော်ပြအပ်ပါသည်။
(၁) ဂျရမီ ဒိုကူ (Jérémy Doku) ဘယ်လ်ဂျီယံ
အသက် ၂၃ နှစ်အရွယ် မန်ချက်စတာစီးတီး ကြယ်ပွင့် ဒိုကူသည် သမ္မာကျမ်းပိုဒ် ရေးသားခြင်း သို့မဟုတ် ယေရှုကို ချီးမွမ်းခြင်း မပါဘဲ ဆိုရှယ်မီဒီယာပေါ်တွင် ပို့စ်တင်လေ့သိပ်မရှိပေ။ အလွန်လျင်မြန်သော တောင်ပံကစားသမားဖြစ်သူ သူသည် သူ၏ကိုယ်ပိုင် YouTube ချန်နယ်တွင် သူ၏ယုံကြည်ခြင်းခရီးစဉ်ကို အလေးပေးဖော်ပြကာ "သူ့မျက်စိကို ဖွင့်ပေးခဲ့သော သမ္မာတရား" အကြောင်းကို ဝေမျှပြီး၊ သူ၏စွမ်းရည်ကို ပြသချင်သည့်စိတ်မှနေ၍ သူရရှိထားသော လက်ဆောင်များဖြင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေလိုသည့် စိတ်သို့ ပြောင်းလဲသွားကြောင်း ဖွင့်ဟထားသည်။ "မင်းရဲ့ ဂုဏ်ဒြပ်က မင်းကို ကယ်တင်မှာ မဟုတ်ဘူး။ ပိုက်ဆံကလည်း မင်းကို ကယ်တင်မှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ပန်းတိုင်က ယေရှုက ကျွန်တော့်အား 'သာဓု၊ အစေခံကောင်း' ဟု မိန့်ဆိုဖို့ပဲ" ဟု သူ၏ပရိသတ်များနှင့် လုပ်ဖော်ကိုင်ဖက်များကို ဧဝံဂေလိတရား လက်ခံရန် တိုက်တွန်းထားသည်။
(၂) ဒိုဒီ လူကေဘာကီယို (Dodi Lukébakio) - ဘယ်လ်ဂျီယံ
အသက် ၁၈ နှစ်တွင် DR Congo နှင့် နိုင်ငံတကာပွဲဦးထွက်ခဲ့ပြီးနောက် ဆယ်နှစ်အကြာတွင် လူကေဘာကီယိုသည် ဘယ်လ်ဂျီယံ တိုက်စစ်အတွက် ဘယ်ခြေကန် တောင်ပံကစားသမားအဖြစ် ကမ္ဘာ့ဖလားသို့ ဝင်ရောက်လာမည်ဖြစ်သည်။ ခရစ်တော်ကို နောက်လိုက်သူတစ်ဦးအနေဖြင့် ဧဝံဂေလိသီချင်းများသည် သူ၏ "ဝိညာဉ်ကို လွှမ်းမိုးပြီး" သူ၏အထဲတွင် "ဘုရားသခင် အသက်ရှင်နေကြောင်း" ကို ညွှန်ပြသောကြောင့် ပွဲမတိုင်မီ သူနားထောင်သည့် သီချင်းစာရင်းတွင် အဓိကပါဝင်ကြောင်း သူက ဆိုသည်။ ဘုရားသခင်နှင့်အတူရှိသော တိတ်ဆိတ်သည့်အချိန်များသည် သူ၏ဘဝတွင် အရေးအကြီးဆုံးအပိုင်းဖြစ်သည်ဟု သူကဆိုသည်။
(၃) အယ်လီဆန် ဘက်ကာ (Álisson Becker) - ဘရာဇီးလ်
ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ် ဖလားများရရှိထားသော သူ၏ခေတ်တွင် အကောင်းဆုံး ဂိုးသမားများထဲမှ တစ်ဦးဖြစ်သည့် ဘက်ကာသည် အားကစားလောကတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော ယုံကြည်သူတစ်ဦးလည်းဖြစ်သည်။ ၂၀၂၅ ချန်ပီယံဆု အောင်ပွဲခံချိန်တွင် "ယေရှုသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်သည် (Jesus is the Way, the Truth, and the Life)" ဟူသော စာတန်းပါ အင်္ကျီကို ဝတ်ဆင်ခဲ့သကဲ့သို့ သူ၏ယုံကြည်မှုကို မကြာခဏ ဖော်ပြလေ့ရှိသည်။ လီဗာပူးအသင်းဖော်ဟောင်း ရော်ဘတ်တို ဖာမီနိုကို ဗတ္တိဇံပေးခဲ့ဖူးသော ဘက်ကာက သမ္မာကျမ်းစာသည် သူမည်သို့လေ့ကျင့်သည်၊ ကစားသည်၊ နေထိုင်သည် အပါအဝင် သူ၏ဘဝတစ်ခုလုံးကို လမ်းညွှန်ပေးသည်ဟု ဆိုသည်။
(၄) အီဒါဆန် (Ederson) - ဘရာဇီးလ်
ဘက်ကာကဲ့သို့ပင် အီဒါဆန်သည် ကမ္ဘာ့ဖလား ၅ ကြိမ်ရ ဘရာဇီးလ်အမျိုးသားအသင်းအတွက် ကမ္ဘာ့အဆင့် ဂိုးသမားတစ်ဦးသာမက သူ၏ရင်ဘတ်ပေါ်တွင် "I Belong To Jesus (ယေရှုသည် ကျွန်ုပ်ကို ပိုင်ဆိုင်သည်)" ဟု တက်တူးထိုးထားသည်အထိ သူ၏ယုံကြည်ခြင်းကို လူသိရှင်ကြားဖော်ပြသော ခရစ်ယာန်တစ်ဦးဖြစ်သည်။ အဝေးဆုံး ဘောလုံးကန်တင်မှုဖြင့် ဂင်းနစ်စံချိန်တင်ခဲ့ဖူးပြီး ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု ၃ ကြိမ်ရရှိခဲ့သူဖြစ်ကာ သူ၏ ဆင်းရဲနွမ်းပါးသော ငယ်ဘဝကို ကျော်လွှားနိုင်ခဲ့ခြင်းမှာ ဘုရားသခင်ကြောင့်ဖြစ်သည်ဟု ကျေးဇူးတင်စကား ဆိုလေ့ရှိသည်။
(၅) အန်ဒရစ်ခ် (Endrick) - ဘရာဇီးလ်
အသက် ၁၉ နှစ်အရွယ် အန်ဒရစ်ခ်သည် ရေယန် (Rayan) နှင့်အတူ ဆယ်စုနှစ်သုံးခုကျော်အတွင်း ဘရာဇီးလ်ကမ္ဘာ့ဖလား လူစာရင်းအတွက် ရွေးချယ်ခံရသည့် အသက်အငယ်ဆုံး ကစားသမားဖြစ်သည်။ ငယ်စဉ်က မိဘမဲ့ဂေဟာတွင် ခေတ္တနေထိုင်ခဲ့ရသော သူသည် ၂၀၂၄ နွေရာသီအိုလံပစ် ခြေစစ်ပွဲတွင် နိုင်ငံအတွက် ဂိုးသွင်းယူချိန်၌ အရွယ်မရောက်သေးသူ ဖြစ်နေဆဲဖြစ်သည်။ သူနှင့် သူ၏ဇနီးတို့သည် ၂၀၂၄ ခုနှစ်တွင် လူသိရှင်ကြား ဗတ္တိဇံခံယူခဲ့ကြပြီး၊ "ကျွန်တော့်ရဲ့ စိတ်ပညာရှင်မှာ အဓိကအားဖြင့် ဘုရားသခင်ဖြစ်ပါသည်" ဟု သူ၏ ယုံကြည်ခြင်းကို ကုထုံးတစ်ခုအဖြစ် နှိုင်းယှဉ်ပြောဆိုမှုမှာ လူမူကွန်ယက်တွင် ပျံ့နှံ့သွားခဲ့သည်။
(၆) နေမာ (Neymar) - ဘရာဇီးလ်
ဘရာဇီးလ် အမျိုးသားဘောလုံးအသင်းကို ပထမဆုံး အိုလံပစ်ရွှေတံဆိပ် ရယူပေးခဲ့ပြီး အားကစားလောကတွင် ဝင်ငွေအများဆုံး ရရှိသူများထဲမှ တစ်ဦးဖြစ်ခဲ့ဖူးသော ဘရာဇီးလ်ဂန္ထဝင် နေမာသည် ယခုအခါ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ဒဏ်ရာကြောင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ရာမှ သူ၏ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာနိုင်ဖွယ်ရှိသော ပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်းသို့ ပြန်လည်ရောက်ရှိလာသည်။ သူသည် "100% Jesus" ဟုရေးသားထားသော ခေါင်းစည်းဖြူကို ဝတ်ဆင်ခြင်းဖြင့် ယုံကြည်ခြင်းကို ကြေညာခဲ့ပြီး သူကြီးပြင်းခဲ့ရာ ဆော်ပေါ်လိုမြို့ရှိ Peniel Baptist Church သို့ သူ့ လစာ၏ ဆယ်ဖို့တစ်ဖို့ကို လှူဒါန်းလေ့ရှိသည်။ ကလပ်အသင်းက သူ့ကို အဆိုပါခေါင်းစည်းမဝတ်ရန် တောင်းဆိုခဲ့သော်လည်း သူက "ယေရှုကို နှလုံးသားထဲမှာ သယ်ဆောင်ထားရင်း" အထူးအောင်ပွဲခံမှုများအတွက် ထိုခေါင်းစည်းကို အသုံးပြုဆဲဖြစ်သည်။
(၇) လူးကပ်စ် ပါကေတာ (Lucas Paquetá) - ဘရာဇီးလ်
ဘရာဇီးလ်အတွက် ဒုတိယအကြိမ် ကမ္ဘာ့ဖလားဝင်ပြိုင်မည့် ပါကေတာသည် ပရီးမီးယားလိဂ် ဝက်စ်ဟမ်းယူနိုက်တက်တွင် ကစားစဉ် သူ၏ယုံကြည်ခြင်းကို အကြိမ်ကြိမ် ပြသခဲ့သည်။ "Glory to God (ဘုရားသခင် ဘုန်းကြီးပါစေ)" အင်္ကျီများ ဝတ်ဆင်ထားသော သူ၏သားနှစ်ဦးနှင့်အတူ ကွင်းထဲဝင်ခဲ့ဖူးပြီး ဂိုးသွင်းပြီးနောက် ယေရှုသည် "တစ်ဦးတည်းသော သခင်နှင့် ကယ်တင်ရှင်" ဖြစ်ကြောင်း လက်ဟန်ပြသင်္ကေတကို အသုံးပြုခဲ့သည်။ ပါကေတာသည် ၂၀၂၅ ခုနှစ်တွင် ဖလာမင်ဂို အသင်းဖော် Pedro Guilherme ထံမှ သူ၏ကိုယ်ပိုင် ရေကူးကန်တွင် ဗတ္တိဇံခံယူခဲ့သည်။
(၈) ဘူကာယို ဆာကာ (Bukayo Saka) - အင်္ဂလန်
"Little Chilli" ဟု အမည်ပြောင်ပေးခံရသော အာဆင်နယ်ကစားသမားသည် ကမ္ဘာ့အလေးစားရဆုံး ဘောလုံးကလပ်တစ်ခုရှိ "Bible Brothers (ကျမ်းစာ ညီအစ်ကိုများ)" ၁၀ ဦးခန့်ထဲမှ တစ်ဦးဖြစ်သည်။ ထိုညီအစ်ကိုများသည် အသင်းအစည်းလုံးမှုကို တည်ဆောက်ရန် ဟိုတယ်ကျမ်းစာလေ့လာခြင်းနှင့် ပွဲမတိုင်မီ ဆုတောင်းခြင်းများကို အသုံးပြုကြသော သစ္စာရှိယုံကြည်သူများ ဖြစ်ကြသည်။ အသက် ၂၄ နှစ်အရွယ် ဆာကာက ညစဉ် ကျမ်းစာဖတ်ခြင်းသည် "ဘုရားသခင်၏ အစီအစဉ်သည် ပြီးပြည့်စုံကြောင်း" သူ့ကို သတိရစေပြီး သူ၏ ဒုတိယမြောက် ကမ္ဘာ့ဖလားတွင် အကြောက်အလန့်မရှိ ကွင်းထဲဝင်ရောက်နိုင်စေကြောင်း ပြောကြားခဲ့သည်။
(၉) မာ့ခ် ဂွဲဟီ (Marc Guéhi) - အင်္ဂလန်
မန်ချက်စတာစီးတီးအတွက် ကစားပေးနေသော အသက် ၂၅ နှစ်အရွယ် ပရီးမီးယားလိဂ် နောက်ခံလူသည် ငယ်စဉ်ကတည်းက ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုဖြင့် ကြီးပြင်းလာပြီး အသက် ၆ နှစ်အရွယ်တွင် ချဲလ်ဆီးကင်းထောက်တစ်ဦး၏ မျက်စိကျခြင်းကို ခံခဲ့ရသည်။ သူ၏ဖခင် ဂျွန်သည် အနောက်အာဖရိကမှ ပြောင်းရွှေ့အခြေချလာပြီးနောက် တောင်လန်ဒန်ရှိ ဘုရားကျောင်းတစ်ခုတွင် သင်းအုပ်ဆရာလုပ်နေသောကြောင့် သူသည် နှုတ်ကပတ်တော်နှင့်အတူ ကြီးပြင်းလာသူဖြစ်သည်။ ဂွဲဟီသည် ယူကေ၏ အားလုံးပါဝင်ရေး ကမ်ပိန်းအတွက် ပံ့ပိုးသည့်အနေဖြင့် ဝတ်ဆင်ရန်ပေးသော သက်တံ့ရောင် လက်မောင်းပတ်များပေါ်တွင် "I love Jesus" နှင့် "Jesus loves you" ဟု ရေးသားခဲ့သောကြောင့် ဘောလုံးအဖွဲ့ချုပ်၏ စွဲချက်တင်ခံရမည့်အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။
(၁၀) အီဘရီချီ အီဇီ (Eberechi Eze) - အင်္ဂလန်
၂၀၂၅-၂၆ ရာသီ အာဆင်နယ်နှင့် ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သော အီဇီကို ဂရိတ်တားလန်ဒန်တွင် နိုင်ဂျီးရီးယား မိဘများမှ မွေးဖွားခဲ့ပြီး ထိပ်တန်း ပရော်ဖက်ရှင်နယ် ဂိုးသွင်းရှင်တစ်ဦးဖြစ်လာခဲ့သည်။ သို့သော် သူ၏ ယေရှုနှင့်အတူ လျှောက်လှမ်းခြင်းက "ပိုအရေးကြီးသည်" ဟုဆိုကာ သူ၏ ခရစ်ယာန်ယုံကြည်ခြင်းသည် စားသောက်မှုအလေ့အထမှစ၍ စကားပြောဆိုပုံအထိ သူ၏ဘဝကဏ္ဍတိုင်းကို သိသာစွာ သက်ရောက်မှုရှိကြောင်း အသံထွက်ပြောဆိုသူ ဖြစ်သည်။
(၁၁) ဖီးလစ် နမေချာ (Felix Nmecha) - ဂျာမနီ
ဘိုရပ်ရှား ဒေါ့မွန် ကွင်းလယ်လူ အရပ် ၆ ပေ ၃ လက်မရှိ မန်စီးတီး လူငယ်ကစားသမားဟောင်းက သူ၏ ကစားသမားဘဝအစောပိုင်းတွင် ရရှိခဲ့သော ပြင်းထန်သည့် ဒဏ်ရာသည် "ဖြစ်လာနိုင်သမျှထဲမှာ အကောင်းဆုံးအရာ" ဖြစ်သည်ဟု ဆိုသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းက သူ့ကို ဘုရားသခင်နှင့် "အရင်ကထက် ပိုမိုနီးကပ်စေခဲ့သောကြောင့်" ဖြစ်သည်။ နမေချာသည် Pride Month ကို ဝေဖန်ပုံရသည့် ပို့စ်များတင်ခဲ့ပြီး ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ် သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြပြီးနောက် ဒေါ့မွန်အသင်းက သူ၏ ဆိုရှယ်မီဒီယာကို စောင့်ကြည့်မှုများရှိခဲ့ကာ အငြင်းပွားဖွယ်ရာများလည်း ဖြစ်ပေါ်ခဲ့သည်။
(၁၂) အန်တွမ် ဆီမန်ယို (Antoine Semenyo) - ဂါနာ
ယခုနှစ်တွင် မန်ချက်စတာစီးတီးသို့ အသစ်ရောက်ရှိလာသော ဆီမန်ယိုသည် ဆယ်ကျော်သက်အရွယ်တွင် ဘောလုံးကစားခြင်းကို ခေတ္တစွန့်လွှတ်ခဲ့သော်လည်း ယခုအခါ Black Stars (ဂါနာအသင်း) ၏ အဓိကကစားသမားတစ်ဦးဖြစ်နေပြီဖြစ်ကာ ကာတာ၏ ၂၀၂၂ ကမ္ဘာ့ဖလားတွင်လည်း ပါဝင်ကစားခဲ့သည်။ အင်္ဂလန်နှင့် ပြင်သစ်တွင် ကစားခွင့်ရှိသော်လည်း သူ၏မိဘများ၏ မွေးရပ်မြေကိုယ်စားပြုယှဉ်ပြိုင်သည့် အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမားသည် ပွဲမတိုင်မီ မကြာခဏ ဆုတောင်းလေ့ရှိသည်ကို တွေ့ရပြီး (တစ်ခါတစ်ရံ သင်းအုပ်ဆရာနှင့်အတူ) ပွဲများတွင် "ခြင်္သေ့တစ်ကောင်" ကဲ့သို့ဖြစ်နေခြင်းမှာ ယုံကြည်ခြင်းကြောင့်ဖြစ်သည်ဟု မှတ်ယူထားသည်။ "ဘုရားသခင်သည် ကျွန်ုပ်၏ ခွန်အားပါ။ ကိုယ်တော်မှလွဲပြီး ကျွန်တော် ဘယ်သူ့ကိုမှ မကြောက်ပါဘူး" ဟု သူက ဆိုခဲ့သည်။
(၁၃) ကိုဒီ ဂတ်ပို (Cody Gakpo) - နယ်သာလန်
လီဗာပူးအသင်း၏ အဓိက တိုက်စစ်မှူး ဂတ်ပိုသည် ၂၀၂၄-၂၅ ရာသီတွင် ကလပ်၏ ချန်ပီယံဆုကို ဆွတ်ခူးစေသည့်ပွဲ၌ ဂိုးသွင်းအပြီးတွင် "I Belong To Jesus (ကျွန််ုပ်ကို ယေရှုက ပိုင်သပါသည်)" အင်္ကျီကို ထုတ်ပြခဲ့သည်။ ၎င်းမှာ ဂျပန်နိုင်ငံတွင် ၂၀၀၂ ကမ္ဘာ့ဖလား အောင်ပွဲခံပြီးနောက် ထိုအင်္ကျီကို ပထမဆုံးပြသခဲ့သည့် ဘရာဇီးလ်ကြယ်ပွင့်ဟောင်း ကာကာ (Kaká) ကို ဂုဏ်ပြုခြင်းဖြစ်သည်။ ဂတ်ပိုက သူ၏ ခရစ်ယာန်ယုံကြည်မှုကို "လူနေမှုပုံစံ" ဟုခေါ်ဆိုပြီး သူ၏အမျိုးသားအသင်းအတွက် ကျမ်းစာလေ့လာခြင်းများကို ဦးဆောင်လျက်ရှိသည်။
(၁၄) ခရစ်ရှန် ပူလီဆစ် (Christian Pulisic) - အမေရိကန်
အမေရိကန်ဘောလုံးလောက၏ မျက်မှောက်ခေတ် မျက်နှာစာဖြစ်ပြီး "ကပ္ပတိန်အမေရိက" ဟု အမည်ပြောင်ရထားသော ပူလီဆစ်သည် အသက် ၂၇ နှစ်အရွယ်မှာပင် နိုင်ငံ၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ထိပ်တန်း ၅ ဦးစာရင်းတွင် ပါဝင်နေပြီဖြစ်သည်။ သူက "ဘုရားသခင်ပေးသော ခွန်အားကို အားကိုးရင် ဘယ်အရာကမှ ကျွန်တော့်ကို မတားဆီးနိုင်ဘူး" ဟု ကြေညာခဲ့ဖူးပြီး သူ၏ လက်ဝါးကပ်တိုင် ဆွဲကြိုးသည် သူ၏ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ယခုနှစ်တွင် သူသည် ဧဖက်ဩဝါဒစာကို လေ့လာခြင်းအား အလေးပေးဖော်ပြခဲ့ပြီး ကယ်တင်ခြင်းသည် ကြိုးစားရယူရခြင်းမဟုတ်ဘဲ ဘုရားသခင်ထံမှရသော လက်ဆောင်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။
Ref: Cody Benjamin, "14 World Cup Stars Who Follow Jesus," Christianity Today, June 8 2026), translated by CNM)
#ကမ္ဘာ့ဖလား