27/01/2023
မူဒ မရှိမှ တိုးတက်မည်
----------------------
တာ့ဂ်ျဟိုတယ်ကြီးက ဂျပန်နိုင်ငံမှ မစ္စတာ မာဆိုင်း အီမာအိကို ဝန်ထမ်းများအတွက် အလုပ်ရုံဆွေးနွေးပွဲ (Workshop) တစ်ခု ပြုလုပ်ပေးရန် ဖိတ်ကြားလေသည်။
ဝန်ထမ်းများက မစ္စတာ အီမာအိကို သိပ်ပြီး အထင်မကြီး။ ဟိုတယ်အနေဖြင့် လုပ်ငန်းအရ အောင်မြင်နေပြီး။ ဂျပန်နိုင်ငံမှ လာမည့်သူမှာ ဟိုတယ်လုပ်ငန်းနှင့်လည်း မသက်ဆိုင်သူဖြစ်ကာ မိမိတို့ကို ဘာတွေ လာပြီး သင်ကြားပို့ချမည်နည်းဟု စိတ်ထဲတွင် သံသယဖြစ်နေကြသည်။
သို့သော် နံနက် ၉ နာရီတိတိတွင် Workshop စတင်မည်ဆိုသဖြင့် အစည်းအဝေးခန်းကို အားလုံးရောက်လာကြသည်။
မစ္စတာ အီမာအိက သူ့ကိုယ်သူ မိတ်ဆက်ပေးသည်။ သူ့ပုံက သိပ်ပြီး အထင်ကြီးစရာ မကောင်းသလို သူပြောသည့် အင်္ဂလိပ်စကားကလည်း ညံ့ဖျင်းလှသည်။ သူက သင်တန်းလာတက်သည့် ဝန်ထမ်းများကို အင်္ဂလိပ်လို ကြိုးစားပြီး ရှင်းနေရသည်။
“ကောင်းသော နံနက်ခင်းပါခင်ဗျာ”
သူက စတင်မိတ်ဆက်သည်။ ထို့နောက်
“ကိုင်း ကျွန်တော်တို့ စလိုက်ကြရအောင်။ ခင်ဗျားတို့ကို Workshop တစ်ခု လုပ်ပေးပါတဲ့။ ဒါပေမဲ့ ကျွန်တော် ကတော့ Work လည်း မမြင်ဘူး ... Shop လည်း မမြင်ဘူးခင်ဗျ” ဟု သူက ရယ်ရွှင်ဖွယ် စကားစလိုက်သည်။ ထို့နောက်
“ကိုင်းဗျာ ပထမထပ်ကိုသွားပြီးတော့ အဲဒီကနေ လုပ်ငန်းစလိုက်ကြတာပေါ့” ဟုပြောလိုက်သည်။
မစ္စတာ အီမာအိသည် ဟိုတယ်မှအကြီးတန်း စီမံခန့်ခွဲသူ၊ သင်တန်းသားများ၊ ဗီဒီယို ရိုက်ကူးရေးအဖွဲ့များနှင့် အတူ သင်တန်းစတင်မည့် ပထမထပ်ရှိရာကို သွားကြတော့သည်။
မစ္စတာ အီမာအိသည် ပထမထပ် အဝတ်လျှော်ခန်းကြီးကို ရောက်လာသည်။ ထိုအခန်းထဲကို ဝင်လိုက်သည်နှင့် သူက ပြတင်းပေါက်ဆီသို့သွားကာ အပြင်ကို ကြည့်လိုက်ပြီး
“လှလိုက်တဲ့ ရှုခင်းဗျာ” ဟု ဆိုလိုက်သည်။
သင်တန်းသားတွေကလည်း ပြုံးလိုက်သည်။
“ဒါလေး ပြောဖို့များ ဂျပန်ကို အကြံပေးဖိတ်ရတယ်လို့” ဆိုသည့် သဘောမျိုးနှင့်ဖြစ်သည်။
အီမာအိက ဆက်ပြောသည်
“ဒီလောက်လှတဲ့ အခန်းနဲ့ နေရာကို ခင်ဗျားတို့ အဝတ်လျှော်ခန်းအဖြစ်ထားတာ သက်သက်ဖြုန်းတီးတာပဲဗျ” ဟု ဆိုလိုက်သည်။ သူက
“ကျွန်တော်တို့ဗျာ ... ပထမထပ်မှာရှိတဲ့ ဒီလောက်မြင်ကွင်းလှတဲ့နေရာကို ဧည့်ခန်းအဖြစ် ပြောင်းလိုက်ကြရ အောင်လား” ဟု ဆိုလိုက်သည်။
သင်တန်းသားတိုင်း မထင်မှတ်ထားသည့် စကားဖြစ်သည်။
မန်နေဂျာက သူ့ကို ပြောလိုက်သည်
“ဟုတ်ကဲ့ မစ္စတာ အီမာအိ ကျွန်တော်တို့ လုပ်လိုက်ပါ့မယ်”
အီမာအိက သူ့ကို ကြည့်လိုက်ပြီး
“လုပ်လိုက်ပါ့မယ် မဟုတ်ဘူးဗျာ ... လုပ်လိုက်ကြစို့”
“မဟုတ်ပါဘူးဆရာ ... ကျွန်တော် မှတ်ထားပါ့မယ်။ ပြီးတော့ Workshop ကနေ တင်ပြတဲ့ အကြံပြုချက် ဆိုပြီးတော့ အထက်ကို တင်ပြပေးပါ့မယ်” ဟု မန်နေဂျာကဆိုသည်။
အီမာအိက
“ကျေးဇူးပြုပြီးတော့ဗျာ ... ကျွန်တော်တို့ အဲဒါကို မှတ်ချက်တွေ ရေးနေဖို့လိုလို့လား ... ခုပဲလုပ်လိုက်ရ အောင်လေ။ ခုလည်း လုပ်လို့ ဖြစ်တာပဲ မဟုတ်လား”
“အခု လုပ်မလို့လားခင်ဗျာ”
“ဟုတ်တယ် ... အဝတ်လျှော်ခန်းကို ဧည့်ခန်းအဖြစ် ပြောင်းလိုက်တာ နာရီပိုင်းအတွင်း ကျွန်တော်တို့ လုပ်နိုင်တာပဲ မဟုတ်လား”
“ဟုတ်ပါတယ် ခင်ဗျာ ... ဒါပေမဲ့”
“ဒါပေမဲ့ လုပ်မနေပါနဲ့ဗျာ ... ကျွန်တော်တို့ နေ့လယ်စာ မစားမီ ဒီအခန်းကို ကော်ဇောတွေခင်း၊ ပရိဘောဂတွေ၊ စားပွဲ ကုလားထိုင်တွေ ချလိုက်တာနဲ့ ချက်ချင်း အသွင်ပြောင်းလိုက်လို့ ရပါတယ်။ ချက်ချင်း လှုပ်ရှားလိုက်တာနဲ့ ဟောဒီအခန်းကြီးမှာ ညဆိုရင် လာတည်းခိုတဲ့ သူတွေအားလုံး အနားယူနိုင်ပြီး ခင်ဗျားတို့အတွက်လည်း အကျိုးအမြတ်တွေ ပိုရသွားမှာဗျ”
မန်နေဂျာမှ ရွေးချယ်ခွင့်မရှိတော့
“ဟုတ်ကဲ့ခင်ဗျာ ... ချက်ချင်းပဲ အကောင်အထည်ဖော်ခိုင်းလိုက်ပါ့မယ်”
နောက်တစ်နေရာသို့ သူတို့ သွားကြပြန်သည်။ ထိုနေရာမှာ မီးဖိုဆောင်ခန်းဖြစ်သည်။ အီမာအိနှင့်အတူ သင်တန်းသားတွေ မီးဖိုချောင်ထဲ ဝင်လိုက်ကြသည်။ ဝင်ဝင်ချင်းတွေ့လိုက်ရသည်မှာ စားပြီးသား ပန်းကန် ပုံကြီးဖြစ်သည်။
မစ္စတာ အီမာအိသည် သူဝတ်ထားသည့် ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ ထို့နောက် ပန်းကန်ပုံဆီသွားကာ ပန်းကန်များကို ဆေးကြောလေတော့သည်။ မန်နေဂျာက
“ဆရာ ... ဘာတွေ လုပ်နေတာလဲ” ဟု မေးလိုက်သည်။
အီမာအိက
“ပန်းကန်ဆေးနေတာလေ” ဟု ပြန်ဖြေသည်။
“ဆရာ ... ဒါတွေက ဝန်ထမ်းတွေ လုပ်ပါလိမ့်မယ်” ဟု ပြောသည်။ သို့သော် အီမာအိက ပန်းကန်တွေကို ဆက်ဆေးနေသည်။
“ကျွန်တော်ကတော့ဗျာ ပန်းကန်ဆိုတာ သန့်သန့်ရှင်းရှင်းနဲ့ ပန်းကန်စင်ပေါ်မှာပဲ ရှိနေရမှာလိုမြင်တယ်။ ဒီလို ပုံထားရမှာ မဟုတ်ဘူးလေ” ဟုပြောလိုက်သည်။
သူတို့အားလုံး အံ့အားသင့်နေကြသည်။ ဂျပန်ကြီးကို ဘာပြောရမှန်းလည်း မသိ။ ရပ်ကြည့်နေကြသည်။
အီမာအိက ပန်းကန်တွေ အားလုံးကို ဆေးကြောပြီးနောက် မန်နေဂျာကို မေးလိုက်သည်
“ခင်ဗျားတို့ ဟိုတယ်မှာ ပန်းကန် ဘယ်နှချပ်ရှိသလဲဗျ”
“အများကြီးရှိပါတယ် ... လာတဲ့ဧည့်သည်အားလုံးအတွက် အလုံအလောက်ရှိပါတယ်”
အီမာအိက
“ကျွန်တော်တို့ ဂျပန်မှာ စကားတစ်ခုရှိတယ်ဗျ ... Muda (မူဒ) ဆိုတာ။ Muda ဆိုတာ အချိန်ဆွဲတာ၊ နှောင့်နှေးတာကို ပြောတာ။ ပြီးတော့ Muda ဆိုတာကို မလိုအပ်ပဲ ဖြုန်းတီးတဲ့သဘောနဲ့လည်း သုံးသေးတယ်။ ကျွန်တော် ဒီ Workshop မှာ ခင်ဗျားတို့ကို ပေးချင်တာက မလိုအပ်ပဲ အချိန်ဆွဲတာတွေ၊ နှောင့်နှေးအောင် လုပ်တာတွေကို မလုပ်ဖို့ သင်ခန်းစာပေးချင်တာ။ ခင်ဗျားတို့ ဟိုတယ်မှာ ပန်းကန်တွေ ဘယ်လောက် များများရှိသည်ဖြစ်စေ ပန်းကန်တွေကို ဆေးရမှာ မဆေးဘဲ ပုံထားတာဟာ အချိန်ဆွဲတာပဲ။ ပထမဆုံး ခင်ဗျားတို့မှာ ပြင်ဖို့လိုနေတာက အချိန်မဆွဲသင့်တာတွေကို အချိန်မဆွဲဘဲ ချက်ချင်းလုပ်ဆိုတဲ့ အကျင့်ကို စပြင်ရမှာ”
“ဟုတ်ကဲ့ခင်ဗျာ ... ကျွန်တော် အစီရင်ခံလိုက်ပါ့မယ်” ဟုမန်နေဂျာက ပြောလိုက်သည်။
“မဟုတ်သေးဘူးဗျ ... ခင်ဗျားတို့ကို ပြောလိုက်ရင် အထက်ကို တင်ပြလိုက်ပါ့မယ် ... အစီရင်ခံလိုက်ပါ့မယ် ဆိုတာတွေကလည်း Muda ပဲဗျ။ အဲဒါ သက်သက် အချိန်ဖြုန်းတာပဲ။ ကျွန်တော်တို့ ဒီ Workshop မှာ ဟိုတယ်ရဲ့ ပျောက်နေတဲ့ Muda ကို ရှာကြည့်ကြရအောင်” ဟုပြောလိုက်သည်။
ထို့နောက် သင်တန်းသားတွေအားလုံးသည် အီမာအိနောက်ကိုလိုက်ပြီး နေရာတိုင်း၊ ကဏ္ဍတိုင်း၊ အခန်းတိုင်း၊ လုပ်ငန်းတိုင်းတွင် ပျောက်နေသည့် Muda ကို ရှာကြသည်။ သူတို့ ယခုမှ တက်တက်ကြွကြွဖြစ်လာသည်။ အရာရာကို ဘာတွေဦးစားပေးပြီး ချက်ချင်းလုပ်ရမည်ဆိုခြင်းကို နားလည်လာကြသည်။
သင်တန်းနောက်ဆုံးနေ့တွင် အီမာအိက သင်တန်းသားတွေကို ပြောလိုက်သည်
“ကျွန်တော် ခင်ဗျားတို့ကို ပုံပြင်လေး တစ်ပုဒ်ပြောပြမယ်” ဟု ဆိုကာ ပုံပြင်ကိုပြောသည်
တစ်နေ့တွင် အမေရိကန်တစ်ယောက်နှင့် ဂျပန်တစ်ယောက်သည် တောထဲတွင် အမဲလိုက်ထွက်ကြသည်။
သူတို့နှစ်ယောက် တောနက်ထဲကို ရောက်လာကြသည်။ တောကောင်တွေကိုပစ်ရင်း သူတို့တွင် ပါလာသည့် ကျည်ဆန်တွေ ကုန်သွားကြောင်း သိလိုက်ရသည်။
ထိုအချိန်တွင် ခြင်္သေ့ဟောက်သံကိုကြားလိုက်ရသည်။ သူတို့နှစ်ယောက် ပြေးလေတော့သည်။ တစ်နေရာတွင် ဂျပန်က အပြေးရပ်လိုက်သည်။ အမေရိကန်ကမေးသည်
“ဘာလုပ်ဖို့လဲဗျ”
ဂျပန်က သူစီးလာသည့် တောစီး ဘွတ်ဖိနပ်ကြီးကို ချွတ်နေသည်။ အမေရိကန်က
“ဟာဗျာ ကားဆီကို အရောက်ပြေးရမှာ ဘာဖြစ်လို့ ဖိနပ်ကို ချွတ်နေရတာလဲ”
ဂျပန်က ဘာပြန်ပြောလိုက်သည် ထင်ပါသနည်း
“ပြေးတဲ့နေရာမှ ခင်ဗျားထက် ကျွန်တော်က ကားဆီကို အရင်ဆုံး ရောက်ဖို့လိုတယ်လေ” ဟု ပြောလိုက်သည်။
အီမာအီ ပေးခဲ့သော သက်ခန်းစာမှာ တန်ဖိုး ဖြတ်မရနိုင်အောင်ပင်။ ယနေ့ခေတ်သည် အပြိုင်အဆိုင်ခေတ် ဖြစ်သည်။ အရာရာကို အပြိုင်အဆိုင် လုပ်နေကြရာတွင် ခြေတစ်လှမ်း အကြောမခံလိုသည့် စိတ်ဓာတ်ဖြင့် ပြိုင်ဆိုင်မှသာ ရှေ့ကိုရောက်မည်။
ထိုအချိန်မျိုးတွင် လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ဘဲ နှောင့်နှေးခြင်း၊ အချိန်ဆွဲခြင်းတွေက တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်မှုတွေကို အနှောင့်အယှက်ဖြစ်စေသည်။
တိုင်းပြည်နှင့်လူမျိုး တိုးတက်ရေးအတွက် Muda စိတ်တွေဖြစ်အောင်၊ Muda ဖြစ်အောင်လုပ်နေသူတွေကို ဖယ်ရှားနိုင်ရမည်။
သူများထက် ရှေ့ကိုရောက်ချင်လျှင် အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ရမည်။ ချက်ချင်းလုပ်နိုင်ရမည်။
Muda ဖြစ်အောင်လုပ်နေသူတွေရှိနေသမျှ တိုင်းပြည်နှင့်လူမျိုး တိုးတက်နိုင်မည်မဟုတ်ပေ။
(Ref: The Lesson From Japanese)
တင်ညွန့် ၂၆.၁.၂၀၂၃
Crd: Tin Nyuntမှ ကူးယူဖေါ်ပြပါသည်။9799