06/10/2025
❝သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့❞🙏🙏🙏
➥➥➥➥➥➥➥➥➥➥➥➥➥➥➥➥
#သီတင်းကျွတ် လပြည့်နေ့ကို-
၁။ #ဝါကျွတ်ပွဲတော်နေ့၊
၂။ #အဘိဓမ္မာအခါတော်နေ့၊
၃။ #မီးထွန်းပွဲတော်နေ့၊
၄။ #မဟာပဝါရဏာနေ့-
စသည်ဖြင့် ရှုထောင့်အမျိုးမျိုး အမြင်အမျိုးမျိုးဖြင့် ခေါ်ဝေါ်လေ့ ရှိကြသည်။
ဝါတွင်း ၃-လ ဥပုသ်သီတင်းများ
စောင့်ထိန်းမှုမှ ပြီးဆုံးကျွတ်လွတ်သော
နေ့ဖြစ်၍
#သီတင်းကျွတ်လပြည့်နေ့-ဟု လည်းကောင်း၊
ဝါဆို, ဝါခေါင်, တော်သလင်းဟူသော
ဝါတွင်း ၃-လမှ ကျွတ်လွတ်သောနေ့ဖြစ်၍
#ဝါကျွတ်ပွဲတော်နေ့-ဟု လည်းကောင်း၊
မြတ်ဗုဒ္ဓ အဘိဓမ္မာဟောကြားမှု
ပြီးဆုံးသောနေ့ဖြစ်၍
#အဘိဓမ္မာအခါတော်နေ့-ဟု လည်းကောင်း၊
တာဝတိံသာနတ်ပြည်မှ
လူ့ပြည်သင်္ကဿ မြို့သို့ ပြည်တော်ပြန်
ခရီးကြွချီတော်မူလာသော မြတ်ဗုဒ္ဓကို
ဆီမီးများဖြင့် ပူဇော်သော နေ့ဖြစ်၍
#မီးထွန်းပွဲတော်နေ့-ဟုလည်းကောင်း၊
သံဃာတော်များ တစ်ပါးနှင့်တစ်ပါး
ပြောဆိုဆုံးမနိုင်ရန် အပြန်အလှန်
ဖိတ်ခေါ်လက်ကမ်းကြိုဆိုသည့် အနေဖြင့်
ပဝါရဏာပြုသောနေ့ ဖြစ်၍
#မဟာပဝါရဏာနေ့-ဟု လည်းကောင်း
ခေါ်ကြခြင်း ဖြစ်သည်။
ဤဆိုခဲ့ပြီးသော အခေါ်အဝေါ်များသည်
ဗုဒ္ဓဘာသာဝင်များနှင့် ဆက်နွယ်သော အခေါ်အဝေါ်များသာ ဖြစ်ကြသည်၊
အခြား အခေါ်အဝေါ်များလည်း
ရှိနိုင်ပါသေးသည်။
၎င်းပြင်
ဤသီတင်းကျွတ်လကို
နက္ခတ်ပညာရှင် အမြင်ဖြင့်-
မိဿ, ပြိဿ, မေထုန်, ကရကဋ်, သိဟ်, ကန်, တူ, ဗြိစ္ဆာ, ဓနု, မကာရ, ကုမ်, မိန်-ဟူသော ရာသီ ၁၂-ခွင်တွင် တူရာသီ-၌ ကျရောက်သည်၊
#အဿဝဏီနက္ခတ် နှင့်
စန်းယှဉ်သည်ဟုလည်းကောင်း၊
ပတ်ဝန်းကျင် ရေ, မြေ, တော, တောင်,
သစ်ပင် ရှုခင်းအမြင်ဖြင့် ကြာဖြူ, ကြာနီ,
ကြာညို, ကြာပဒုမ္မာ, ကြာပုဏ္ဍရိက်ဟူသော
#ကြာမျိုး၅-ပါး
ပွင့်သောအချိန်အခါ ဟုလည်းကောင်း
ဖွဲ့ဆို ရေးသားကြသည်၊
ခေတ်အဆက်ဆက်
ကဝိစာဆို ပညာရှင်များကလည်း
သူ့အမြင်သူ့အတွေး အမျိုးမျိုးဖြင့် ဖွဲ့ဆို
ရေးသားကြမည်မှာ အမှန်ပင် ဖြစ်သည်၊
သို့သော် အကျယ်မချဲ့တော့ပါ။
သီတင်းကျွတ် တူ-ပြီ၊
အသဝဏီ၊ ဖြူ, နီ ကြာမျိုးဝင်း။
(ရှေးလင်္ကာ)
ရှေ့နောက် ၆-လစီ၏ အစ တန်ခူးနှင့်
သီတင်းကျွတ်တို့သည် နေ့ ည နာရီတူသည်၊
၅-နာရီကို မူတည်၍ ရှေ့ပိုင်းအတွက်
၅-နာရီ မတိုင်မီ, နောက်ပိုင်းအတွက် ၅-နာရီ ထိုးပြီးနောက် ၁၀-မိနစ်စီ ၃-လစီ ဆုတ်,
တက်မှတ်ပါ။
#အဘိဓမ္မာအခါတော်နေ့
မြတ်ဗုဒ္ဓသည် (ဘီစီ ၅၈၉-ခုနှစ်)
မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့
ညဉ့်ကုန်ဆုံးချိန်၌ ဗုဒ္ဓအဖြစ်သို့
ရောက်တော်မူခဲ့သည်၊
ဗုဒ္ဓအဖြစ်ရောက်ပြီးနောက် ၇-ဝါမြောက်တွင် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား
အမှူးပြုသည့် နတ်ဗြဟ္မာ ပရိသတ်တို့အား
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား
ဟောကြားတော်မူခဲ့သည်၊
ဤသီတင်းကျွတ်လပြည့်နေ့မှာပင်
အဘိဓမ္မာတရားပွဲလည်း ပြီးဆုံးခဲ့သည်၊
ဤသီတင်းကျွတ်လပြည့်နေ့သည်-
၁။ နတ် ဗြဟ္မာပရိသတ်အား
ဟောကြားသော မြတ်ဗုဒ္ဓ၏ အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နေ့၊
၂။ အရှင်သာရိပုတ္တရာအား
ဟောကြားသော မြတ်ဗုဒ္ဓ၏ အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နေ့၊
၃။ တပည့်ရဟန်းငါးရာတို့အား
ဟောကြားသော အရှင်သာရိပုတ္တရာ၏
အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နေ့၊
၄။ ကမ္ဘာလောက၌ အဘိဓမ္မာတရားတော် အပြည့်အစုံ ရောက်ရှိသောနေ့- ဖြစ်သည်။
ဤသို့ စသည်ဖြင့်
အဘိဓမ္မာနှင့် စပ်ဆိုင်သောအကြောင်းအရာ
မြောက်မြားစွာရှိနေသောကြောင့်
ဤသီတင်းကျွတ် လပြည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့ဟု
ဗုဒ္ဓဘာသာဝင်များက
သတ်မှတ်ထားခဲ့ကြသည်။
#အဘိဓမ်မာပမာဏ
အဘိဓမ္မာကို အဘယ်ကြောင့် နတ်ပြည်မှာ သွားဟောပါသနည်းဆိုလျှင် အဘိဓမ္မာသည်-
၁။ များပြား ကျယ်ဝန်းခြင်း၊
၂။ နာရီပိုင်းဖြင့် တစ်ထိုင်တည်း
ပြီးဆုံးအောင် နားကြားဖို့ မလွယ်ကူခြင်း၊
၃။ ယခုလက်ရှိ ပေယျာလမြှုပ်ထားသော စာမျက်နှာသည်ပင် ၄၉၄၁-မျက်နှာ ရှိနေခြင်း၊
၄။ အပြည့်အစုံဟောလျှင် နှုတ်လျှာ
အလွန်လျင်မြန်သော မြတ်စွာဘုရားသည်ပင်
ရက်ပေါင်း ၉၀၊ နာရီပေါင်း ၂၁၆၀-နာရီ ဟောခဲ့ရခြင်း-စသော အကြောင်းတို့ကြောင့်
မနားတမ်း တစ်ထိုင်တည်း နာနိုင်သော
နတ်, ဗြဟ္မာတို့အားသာ ဟောကြားခဲ့ခြင်း
ဖြစ်သည်။
#အချိန်ကွာခြားချက်
တာဝတိံသာ၏ ၁-ရက်သည်
လူ့ပြည်၏ နှစ်ပေါင်း ၁၀၀၀၊
(ရက်ပေါင်း ၁၀၀၀ x ၃၆၅= ၃၆၅၀၀၀၊
နာရီပေါင်း ၃၆၅၀၀၀ x ၂၄= ၈၇၆၀၀၀၀)
ဖြစ်သည်။
အချုပ်မှာ
မြတ်စွာဘုရား ဆက်တိုက် ဟောကြားခဲ့သော အဘိဓမ္မာကို တာဝတိံနတ်တို့၏ အချိန်ဖြင့်
တိုင်းတာလျှင် ၁၀-မိနစ်ပင် ပြည့်မည်
မဟုတ်ပေ။
မြတ်ဗုဒ္ဓ 🙏
ဘဝတစ်သက်တာ ဟောကြားချက်၃-မျိုး
၁။ ရဟန်းတော်များ လိုက်နာကျင့်သုံးရန်
ဟောကြားသော ဝိနယ၊
၂။ တရားနာပရိသတ်နှင့် တန်ရုံ
သင့်လျော်ရုံမျှ ဟောသော သုတ္တန္တ၊
၃။ တရားနာပရိတ်သတ်ကို မငဲ့ဘဲ
ဖြစ်နိုင်သမျှ တရားအပြည့်အစုံ
ကျယ်ဝန်းများပြားစွာ ဟောသော အဘိဓမ္မ-ဟု ၃-မျိုးရှိသည်၊
ယင်းကို ပိဋကတ် ၃-ပုံ ဟုလည်းခေါ်သည်။
Credit
17/04/2025
မြန်မာနှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားအပေါင်းကျန်းမာချမ်းသာပြီး ဘေးရန်ကင်းရှင်းကြပါစေ💕🙏🙏🙏💕
26/11/2024
နေ့စဉ်နဲ့အမျှ ကျွန်တော်တို့စားလိုက်တဲ့အစားအစာနဲ့ သောက်သုံးရေ၊ ရှူလိုက်တဲ့လေထု၊ ထိတွေ့မှုကြောင့် အရေပြားကနေတဆင့် ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေဟာ ဝင်ရောက်လာလေ့ရှိပါတယ်။ ဒါကိုတော့ ဘယ်သူမှရှောင်လွှဲလို့မရပါဘူး။ နည်းတာ၊ များတာသာ ကွာပါတယ်။ ဒါတွေကတော့
(၁) Heavy Metal လို့ခေါ်တဲ့ အန္တရာယ်ပေးတတ်တဲ့ သတ္တုဓာတ်တွေ
(၂) Dioxin လို့ခေါ်တဲ့ အလွန်ပြင်းထန်တဲ့အဆိပ်တွေ
(၃) Radiation poisoning လို့ခေါ်တဲ့ ဓာတ်ရောင်ခြည်သင့်မှုတွေ
စတဲ့အဆိပ်အတောက်တွေကို Chlorophyll က ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
(၁) Chlorophyll အနေနဲ့ Heavy Metal အဆိပ်သင့်ခြင်းကို အပိုင်း (၂) ပိုင်းမှာ အကျိုးပြုပါတယ်။ ပထမပိုင်းကတော့ ရောဂါကာကွယ်ရေးဖြစ်ပါတယ်။ အဆိုပါ Heavy Metal တွေဟာ အစားအစာနဲ့ အတူတူပါလာလေ့ရှိတော့ Chlorophyll နဲ့သာ အတူတူစားခဲ့ရင် Chlorophyll molecule နဲ့ Heavy Metal မော်လီကျူးတွေ အချင်းချင်းပေါင်းသွားပြီး ပိုကြီးတဲ့ molecule ကြီးတွေဖြစ်လာပါတယ်။ အဲဒီလိုပေါင်းထားတဲ့ molecule တွေကို အူနံရံကနေ စုပ်ယူနိုင်ခြင်းမရှိတဲ့အတွက် မစင်နဲ့အတူ အပြင်ကိုပြန်ထွက်သွားမှာဖြစ်လို့ ခန္ဓာကိုယ်ထဲမဝင်ရောက်အောင် တားဆီးပေးတဲ့သဘောဖြစ်ပါတယ်။
ဒုတိယပိုင်းကတော့ ကုသရေးအပိုင်းဖြစ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်ထဲမှာ Heavy Metal တွေများနေပြီဆိုပါစို့။ အဲ့လိုအခါမှာ အကောင်းဆုံးကုသနည်းကတော့ Chlorophyll များများပါတဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေ များများစားပေးဖို့ပဲဖြစ်ပါတယ်။ ပါဝင်တဲ့ Chlorophyll တွေဟာ သွေးထဲမှာရှိတဲ့ Heavy Metal တွေနဲ့ပေါင်းပြီး ဆီးကနေတဆင့် စွန့်ထုတ်ပေးတဲ့အတွက် တဖြည်းဖြည်းလျော့နည်းသွားမှာဖြစ်ပါတယ်။
(၂) Dioxin အဆိပ်သင့်ရင်လည်း ခုနက Heavy Metal မှာလိုပဲ Chlorophyll များများစားခိုင်းပြီး ကုရုံမှတစ်ပါး အခြားနည်းမပေါ်သေးပါဘူး။ သူတို့ဆီမှာတော့ Chlorophyll ကို ဆေးပြားအသွင်နဲ့ထုတ်ပြီး ကုသပေးလျက်ရှိပါတယ်။ FAME ဆေးဝါးမှလည်း Chlorophyll ကို ရေညှိစိမ်းမှ ထုတ်ယူပြီး Capsule ဆေးတောင့်အနေနဲ့ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
(၃) ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့နာကာဆာကီမြို့တွေမှာ အဏုမြူဗုံးကျပြီး မသေလို့ကျန်တဲ့သူတွေကို လေ့လာထားချက်ဟာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဗုံးကြောင့်ရုတ်တရက်မသေသေးဘဲ အဏုမြူဓာတ်ရောင်ခြည်သင့်မှု (Nuclear Radiation) သင့်တဲ့သူတွေကို လေ့လာကြည့်ရာမှာ ဟင်းသီးဟင်းရွက်စိမ်းတွေ များများစားတဲ့သူတွေဟာ Radiation sickness လို့ခေါ်တဲ့ ဓာတ်ရောင်ခြည်သင့်မှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေ ခံစားမှုလျော့နည်းတာကိုတွေ့ရပြီး ဟင်းသီးဟင်းရွက်အစားနည်းတဲ့သူတွေကျတော့ အဆိုပါရောဂါလက္ခဏာများ ပြင်းပြင်းထန်ထန်ခံစားရတဲ့အပြင် သက်တမ်းတိုတိုအတွင်းမှာပဲ သေဆုံးကြရတာကို တွေ့ရပါတယ်။
ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတာ နောက်ပိုင်း ဂျပန်သိပ္ပံပညာရှင်များလေ့လာတဲ့အခါ ဟင်းသီးဟင်းရွက်စိမ်းမှာပါဝင်တဲ့ Chlorophyll ကြောင့်ဆိုတာသိရပြီး Chlorophyll ဟာ ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ပေးနိုင်ကြောင်း သိရှိခဲ့ရပါတယ်။ ကြွက်တွေနဲ့ပထမစမ်းသပ်ရာမှာ ကြွက်တွေကိုအုပ်စု (၂) ခုခွဲပြီး ပထမအုပ်စုကို Chlorophyll တွေကျွေးထားတယ်။ နောက်တစ်ခုကိုတော့ Chlorophyll မပါတဲ့ ရိုးရိုးအစာကိုပဲကျွေးတယ်။ သူတို့ကို ဂါမာရောင်ခြည် (Gamma–rays) နဲ့ တဖြည်းဖြည်းချင်း တို့ပြီးပေးတဲ့အခါမှာ ဒုတိယအုပ်စုမှာရှိတဲ့ ကြွက်တွေအားလုံးသေသွားပေမယ့် ပထမအုပ်စုမှာရှိတဲ့ကြွက်တွေကတော့ ခံနိုင်ရည်ရှိနေတာကို တွေ့ခဲ့ရပြန်ပါတယ်။
Credit
ဒေါက်တာခင်မောင်လွင်
ပြန်လည်မျှဝေပါတယ်
#ရောင်နီထွဋ်ဝင်း
#ဆေးဝါးကျွမ်းကျင်နှင့်သူနာပြုအကူသင်တန်း
16/10/2024
သီတင်းကျွတ် အခါသမယ လေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ.....🙏🙏🙏
(၇)ရက်သားသမီးအားလုံး ကိုယ်စိတ်နှလုံး အေးချမ်း သာယာလှပပြီး ဘေးအန္တရာယ် အနှောင့်ယှက်များ မှ ကင်းဝေးကြပါစေ.....🙏🙏🙏
#သီတင်းကျွတ်လပြည့်
#ရောင်နီထွဋ်ဝင်း
#ဆေးဝါးကျွမ်းကျင်နှင့်သူနာပြုအကူသင်တန်း
15/08/2024
ဆံပင်မဖြူအောင်လုပ်၍ ရပါသည်။
မယ်လနင်ရောင်ခြယ်ဆိုသည်မှာ ဆံပင်အရင်းတွင်ရှိလျှင် ဆံပင်အရောင်ကိုဖြစ်စေသကဲ့သို့ အရေပြား၏အောက်တွင်ရှိလျှင် အရေပြား၏ အရောင်ကို ဖြစ်စေပါသည်။ ဆံပင်အရောင်ကို ထိန်းထားချင်လျှင် မယ်လနိုဆိုက်များကို ကျန်းမာပြီးမသေစေရန် ထိန်းသိမ်းရပါမည်။ လူတစ်ယောက်တွင် သူပိုင်ဆိုင်သည့်ဆံပင်အရောင်ကို အသက်မည်မျှပဲ ကြီးကြီး မကျွတ်အောင်၊ မဖြူအောင် သဘာဝနည်းလမ်းများနှင့် ထိန်းသိမ်းနိုင်ပါသည်။ လူတို့သည် အမှတ်တမဲ့ ပြုမူနေထိုင်သောကြောင့်သာ မယ်လနိုဆိုက်များသေဆုံးကုန်ကြရခြင်းဖြစ်သည်။ ဆံပင်ကိုအရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်မည်ဆိုလျှင် လူ့သက်တမ်းတွင် ဆံပင်လုံးဝမဖြူအောင် လုပ်နိုင်ပါသည်။ မယ်လနိုဆိုက်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး မယ်လနင်ရောင်ခြယ်များကို အမြဲတမ်းထုတ်ပေးနိုင်မည်ဆိုလျှင် ဆံပင်ဖြူစရာအကြောင်းမရှိတော့ပါ။
နောက်ထပ်အရေးကြီးသည့်အချက်မှာ မယ်လနိုဆိုက်မည်မျှပင် ကောင်းနေသော်လည်း တိုင်ရိုစင်းကုန်ကြမ်းမပေးနိုင်လျှင် မယ်လနိုဆိုက်သည် မယ်လနင်ရောင်ခြယ်ထုတ်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် ဆံပင်များတွင်အရောင်များမရှိတော့ဘဲ ဆံပင်ဖြူလာပါသည်။ အချို့ဆိုလျှင် အသက် ၂ဝ၊ ၂၅၊ ၃ဝ ကတည်းက ဖြူသည့်သူများရှိပြီး အသက် ၄ဝ လောက်တွင် စတင်ဖြူသူများလည်းရှိသည်။ များသောအားဖြင့် အသက် ၄၅၊ ၅ဝ မှစပြီး ဖြူကြတာများပါသည်။ ထို့ကြောင့် တိုင်ရိုစင်းပါဝင်မှုများသော အစားအစာများ (ဥပမာ-ငါးမျိုးစုံ၊ အသားမျိုးစုံ၊ နွားနို့၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ရွှေဖရုံစေ့) မကြာခဏစားပေးရန် လိုပါသည်။
ဆံပင်ကျွတ်ခြင်း/မကျွတ်ခြင်းကို လွှမ်းမိုးထားသော အဓိက အချက် (၂) ချက်ရှိပါသည်။ မျိုးရိုးဗီဇ (Genetic) နှင့် ပတ်ဝန်းကျင် (Environment) တို့ကြောင့်ဖြစ်သည်။ မျိုးဗီဇဆိုသည်မှာ ဆံပင်အမည်းရောင်ရှိသော မျိုးရိုးကပေါက်ပွားလာသော သားသမီးတိုင်းဆံပင်မည်းကြသလို (ဥပမာ- ကျွန်တော်တို့မြန်မာလူမျိုးများအားလုံး) ရွှေအိုရောင်ဆံပင်ရှိသော ဥရောပတိုက်သားများမှ မွေးလာသည့် ကလေးများမှာလည်း ဆံပင်ရွှေအိုရောင်ရှိကြသည်မှာ မျိုးဗီဇကြောင့်ဖြစ်သည်။
ပတ်ဝန်းကျင်ဆိုသည်မှာ အနေအထိုင် အစားအသောက်ကို ဆိုလိုခြင်းဖြစ်သည်။ မယ်လနိုဆိုက်အတွက် လိုအပ်သောတိုင်ရိုစင်း ဟုခေါ်သည့် အမိုင်နိုအက်ဆစ် (Amino acid) ဓာတ်မှာ နွားနို့တွင် အများဆုံးပါဝင်ပါသည်။ အသီးများတွင် ထောပတ်သီး၊ ငှက်ပျောသီးတို့တွင် အများဆုံးပါဝင်သည်။ ငှက်ပျောသီးသည် ဆံပင်သန်စွမ်းစေသည့် စွမ်းအင်အမြင့်မားဆုံးအသီးတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် မျောက်၊ ချင်ပန်ဇီတို့သည် သန်မာပြီး အမွေးအမျှင်ထူနေခြင်းမှာ အခြားအစားအစာများ စားခြင်းကြောင့်မဟုတ်ဘဲ ငှက်ပျောသီးစားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ငှက်ပျောသီးကို များများစားစေချင်ပါသည်။ အစေ့အဆံထဲတွင် ဆံပင်အတွက် အကောင်းဆုံးမှာ ရွှေဖရုံစေ့ ဖြစ်ပါသည်။ ရွှေဖရုံစေ့တွင် သွပ်ဓာတ်၊ မရှိမဖြစ်လိုအပ်သော အဆီဓာတ်ဖြစ်သည့် အိုမီဂါ - ၃ တို့ အများဆုံးပါဝင်သည့်အပြင် တိုင်ရိုစင်းလည်း ကြွယ်ဝစွာပါဝင်ပါသည်။ ထို့ကြောင့် ဆံပင်မည်းပြီး သန်စေချင်လျှင် တီဗွီကြည့်ရင်း ဖရုံစေ့စားပေးပါဟု တိုက်တွန်းချင်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
“ဆံကေသာဆိုင်ရာ ပြဿနာများ” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။
Credit .