24/10/2023
Chevening Tip 5️⃣: School Selection Matters!
Chevening, Fulbright, Australian Award တို့ရဲ့ အားနည်းချက်တခုက လျှောက်လို့ရတဲ့ ကျောင်းအရေအတွက်ကို သတ်မှတ်ထားပါတယ်။ Chevening ဆိုရင် တက္ကသိုလ် ၃ ကျောင်းကိုသာ ရွေးခွင့်ရှိပြီး အဲဒီ ၃ ကျောင်းထဲက တစ်ကျောင်းကျောင်းက ဝင်ခွင့်မရရင် essay, interview တွေမှာ performance ဘယ်လောက်ကောင်းကောင်း တန်းပယ်ခံရပါတယ်။ အဲဒီအချက်ကို လျှောက်သူအများစုကနားမလည်တဲ့အတွက် essay ရေးဖို့လောက်သာ အာရုံစိုက်နေပြီး ကျောင်းရွေးတဲ့ နည်းဗျူဟာကိုတော့ လေ့လာမထားကြဘူး။ ဒီနေရာမှာ ကျောင်းသားအများစု တော်တော်လေးအားနည်းကြတာကို သတိထားမိတယ်။
❓ဘာကြောင့်ကျောင်းရွေးချယ်တဲ့ strategy က အရေးကြီးသလဲ?
Scholarship ဆိုတာ တက်စရာကျောင်းမရှိဘဲ ရရိုးထုံးစံမရှိဘူး။ အထက်ကဆိုခဲ့သလို essay, interview တွေမှာ performance ဘယ်လောက်ကောင်းကောင်း ရွေးထားတဲ့ကျောင်းကနေ ဝင်ခွင့်မရရင် တန်းပယ်ခံရတာဖြစ်လို့ ကျောင်းရွေးတတ်ဖို့ဆိုတာက essay, interview တွေက အခြေခံပိုကျပြီး အရေးအကြီးဆုံး skill ဖြစ်တယ်။
❓ဒါဆို ကျောင်းလျှောက်တဲ့အကြောင်း ဘာလို့ အကျယ်တဝင့်ပြောတဲ့သူမရှိတာလဲ?
Scholarship လျှောက်တဲ့အတွေ့အကြုံမရှိတဲ့ beginner တွေနဲ့၊ တစ်ကြိမ် တစ်ခါလောက်သာရဖူးတဲ့ alumni တွေအနေနဲ့ ကျောင်းအရင်ရပြီးမှ ပညာသင်ဆုရမှာဆိုတာကို သတိမထားမိကြတဲ့အတွက် နွားရှေ့ထွန်ကျူးပြီး essay ရေးနည်းတွေ၊ recommendation ဘယ်လိုတောင်း၊ application form ဘယ်လိုဖြည့်ရမလဲဆိုတာကိုသာ ပြောနေကြတယ်။ ဘယ်လောက်တောင်မေ့နေကြသလဲဆိုရင် လျှောက်မယ့်ကျောင်းသားမဆိုထားနဲ့၊ အခြား Chevening အကြောင်း နာမည်ကြီးဆရာတွေ၊ အရင်နှစ်က alumni တွေက အခမဲ့ပေးနေတဲ့ webinar တွေမှာ (British Council ကလုပ်တဲ့ဟာ အပါအဝင်) ကျောင်းရွေးတဲ့ strategy အကြောင်းကို အသားပေးဆွေးနွေးထားတာမျိုးမရှိဘူး။ ကြိုက်တဲ့ကျောင်းလျှောက်လို့ ပြောတဲ့သူကပြော၊ ရနိုင်တာရွေးလျှောက်လို့ ပြောသူကပြော အပေါ်ယံလောက်ဘဲ ရှပ်ပြောသွားတာ သတိထားမိတယ်။
❓အဲဒီ အခြေခံအကျဆုံး School Selection Strategy ဆိုတာဘာလဲ?
ကြိုက်တဲ့ထဲက အကောင်းဆုံးတွေ ရွေးလျှောက်ရမှာလား၊ ကျိန်းသေပေါက်ရနိုင်မယ့် Russell group ထဲက ဘိတ်ချီးကျောင်းတွေရွေးလျှောက်ရမှာလား၊ ကြိုက်တဲ့ကျောင်းအများကြီးထဲကရနိုင်တာ ၃ ခုကိုလျှောက်ရမှာလား၊ ရနိုင်တဲ့ကျောင်းအများကြီးထဲက ကြိုက်တာ ၃ ခုရွေးလျှောက်ရမှာလား?
ဒီနေရာမှာ “ကြိုက်တာ” နဲ့ “ရနိုင်တာ” ဆိုတဲ့ အရေးကြီးတဲ့ ဝေါဟာရ ၂ ခုထွက်လာတယ်။ ကျောင်းတခုကို ကြိုက်တယ်ဆိုရင် ဘာလို့ကြိုက်နေတာလဲ ---- သွားလည်ဖူးလို့လား၊ အသိရှိလား၊ ဆရာတွေနဲ့ ဆက်ဆံဖူးလား၊ ကျောင်း website က ကြော်ငြာကြည့်ကြိုက်နေပြီး အပြင်မှာကျတော့ ထင်ထားတာနဲ့ တလွဲဖြစ်နေတာတွေအများကြီးနော် (ထိုင်းမှာ သွားတက်တဲ့သူတွေကို မေးကြည့်လိုက်)။ ကြိုက်တဲ့အကြောင်းအရင်းခိုင်ခိုင်လုံလုံမရှိဘဲ ကြော်ငြာထားတာကြိုက်လို့ လာလျှောက်တဲ့သူကို ဘယ်ကျောင်းကမှ ဝင်ခွင့်မပေးပါ (ကိုယ်ပိုင်ငွေ နဲ့ ကျောင်းလခ အကုန်စိုက်ပေးပြီးတက်မယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ Chevening လျှောက်သူအကုန်လုံးကတော့ ကိုယ်ပိုင်ငွေနဲ့ ပေးတက်နိုင်သူမဟုတ်မှန်း ကျောင်းဘက်က သိပြီးသားမို့ အလွယ်တကူ ဝင်ခွင့်မပေးပါ)
ရနိုင်တာဆိုတာနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ရနိုင်မရနိုင် ကိုယ့်ဟာကိုယ်ဘယ်လိုသိလဲ? နိုင်ငံခြား တက္ကသိုလ်ဆိုတာ မြန်မာအစိုးရတက္ကသိုလ်တွေလို စာမေးပွဲ အမှတ်တခုထဲကြည့်ပြီး ကျောင်းဝင်ခွင့်ပေးတာမျိုးမှမဟုတ်တာ၊ ဒီတော့ရနိုင်မရနိုင် ဘယ်လိုကြိုသိနိုင်မလဲ၊ သူများရတိုင်း ကိုယ်လျှောက်တဲ့အခါ ရပါ့မလား… အဖြေကတော့ သင်သည်မည်သူဖြစ်ပါစေ၊ မည်သည့်ကျောင်းကိုလျှောက်သည်ဖြစ်ပါစေ၊ ဝင်ခွင့်ရမရ တရားဝင် result စာမရောက်ခင် ဘယ်လိုမှ 100% ကျိန်းသေမသိနိုင်ဘူး။ ဒီတော့ Chevening interview အမေးခံရတဲ့ အချိန်မှာ ဒီလျှောက်ထားတဲ့ ၃ ကျောင်းထဲမှာ ၁ ကျောင်းတော့ ကျိန်းသေပေါက်ရနိုင်ကြောင်း ယုံလောက်အောင် ဘယ်လိုဖြေမလဲ? ကျိန်းသေပေါက် ရမှာဖြစ်ကြောင်း ယုံလောက်တဲ့ သက်သေအထောက်အထားမပြနိုင်ဘဲ အထင်တလုံးနဲ့ ရမယ်ထင်လို့လျှောက်ကြည့်တာပါ၊ Chevening Scholarship ကိုသာ ကျောင်းမရခင်ထဲက အရင်ကြိုပေးထားလိုက်ပါ အချိန်တန်ရင် နွားပိန်ကန်လို့ admission offer လာပါလိမ့်မယ် ဆိုတာမျိုး သွားပြောရင်တော့ ရလာဒ်ဘယ်လိုထွက်မလဲ သိတယ်မဟုတ်လား။ (အဲဒီအတိုင်း အပြင်မှာ တကယ်သွားဖြေတဲ့သူတွေ အများကြီးရှိခဲ့ဖူးတယ်နော်…)
❓School Selection Strategy က Chevening Scholarship ရဖို့ ဘယ်လိုအထောက်အကူပြုသလဲ?
ဒီတော့ ကြိုက်တာရော၊ ရနိုင်တာရောသည် မသေချာမရေရာတဲ့ ဖြစ်နိုင်ချေ probability တွေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချရတာမျိုးဖြစ်တဲ့အတွက် အဲဒီ probability game တစ်ခုကို ကစားနိုင်ဖို့ဆိုရင် winning strategy တခုကို သေချာချထားဖို့လိုပါတယ်။ အဲဒီ strategy ကို သံရုံးက Chevening interview panel ကို ချပြပြီး စနစ်တကျ နည်းဗျူဟာချထားပြီး အပိုင်လျှောက်တာကြောင့် အချိန်တန်ရင် ၃ ခုလုံးဖြစ်စေ၊ ၃ ခုထဲက အနည်းဆုံးတခုခုဖြစ်စေ ကျိန်းသေပေါက်ရမှာဖြစ်ကြောင်း ပြောရတယ်။ ‘မပိုင်ရင် ခြင်တောင်မရိုက်ဖူး” ဆိုတဲ့ confidence မျိုးနဲ့ မပြောနိုင်ရင် ဘယ် interviewer ကမှ သင့်ကိုမယုံပါ။
❓ဒါဆို School Selection Strategy ဘယ်နှမျိုးရှိသလဲ?
ထောင်နဲ့သောင်းနဲ့ချီပြီးရှိတယ်။ Winner တစ်ယောက် သူဘယ်လိုလုပ်ခဲ့လဲ မေးကြည့်ရင် တစ်ယောက်တစ်မျိုးဖြေလိမ့်မယ်။ ဒါပေမယ့် အခြေခံ နည်းဗျူဟာကတော့ ၄ မျိုးဘဲရှိတယ်။
1️⃣ Top-middle-last: ကံကောင်းရင် အကောင်းဆုံး Oxbridge နှစ်ခုထဲက တခုရပြီး၊ ကံဆိုးရင် Sheffield Hallam လောက်တော့ရနိုင်လိမ့်မယ်ဆိုတဲ့ နည်းဗျူဟာက တမျိုး -
(Oxbridge မှန်းပြီး ကြိုးစားသူက Sheffield Hallam လောက်တော့ရနိုင်ပါတယ်။ အားနည်းချက်က ကိုယ့်အဆင့်ဘယ်လောက်ရှိလဲ ကိုယ့်ဟာကိုယ်မသိဘဲ ရမ်းလျှောက်နေတာရုပ်ပေါက်လွန်းတယ်)
2️⃣ Insurance policy: Russell group ထဲက ranking အနိမ့်ဆုံး ၃ ကျောင်းရွေးလျှောက်တဲ့ နည်းဗျူဟာကနောက်တမျိုး - (အားသာချက်က ကျိန်းသေပေါက်ရလိမ့်မယ်။ အားနည်းချက်က ရည်မှန်းချက်နိမ့်လွန်းပြီး ကျောင်းတက်ရပြီးရော သွားချင်တာသိသာလွန်းတာကြောင့် Scholarship မရနိုင်)
3️⃣ Aim for the Moon: Oxford, Cambridge, Imperial College/UCL ကိုဘဲ ရွေးလျှောက်တာက တစ်မျိုး - (အားသာချက်က ရည်မှန်းချက်ကြီး ကြိုးစားချင်စိတ်ရှိကြောင်းသိသာတယ်။ အားနည်းချက်က ဘယ်ကျောင်းတခုမှမရဘဲ မြန်မာပြည်မှာဘဲ သောင်တင်သွားဖို့ ဖြစ်နိုင်ချေပိုများတယ်)
4️⃣ Middle of the Road: အလယ်အလတ်စား ranking မတိမ်းမယိမ်း ကျောင်း ၃ ကျောင်း ရွေးလျှောက်တာက တစ်မျိုး - (အားသာချက်/အားနည်းချက် - ရရင် ၃ ကျောင်းလုံးရပြီး မရရင်လည်း ၃ ကျောင်းလုံးမရဘူး)
အဲဒီ နည်းဗျူဟာ ၄ ကို ရောစပ်ပြီး သုံးရင် အပွားပေါင်း ထောင်သောင်းချီထွက်လာတယ်။ အဲဒါကြောင့်လဲ alumni တွေကို သွားမေးရင် တစ်ယောက်တစ်ပေါက်ပြောနေကြတာဖြစ်ပါတယ်။
❓ကိုယ်နဲ့ အကိုက်ဆုံး နည်းဗျူဟာကို ဘယ်လိုထုတ်မလဲ?
ဘယ်သူဘာပြောပြော အထိရောက်ဆုံးနဲ့ လက်တွေ့အကျဆုံး နည်းလမ်းပြောပြပါမယ်။ အဲဒါကတော့ တကယ်နားလည်တတ်ကျွမ်းတဲ့ နည်းပြ (mentor) ငှား၊ သေချာဆွေးနွေးပြီး ကိုယ်နဲ့ကိုက်တဲ့ နည်းဗျူဟာချပါ။ ကမ္ဘာ့ဖလား အဆင့်မှာ နည်းပြမပါဘဲ ဝင်ကန်လို့မရသလို၊ နည်းဗျူဟာကောင်းကောင်းတခုကို နည်းပြအနည်းဆုံး တယောက်မရှိဘဲ နိုင်ငံခြားမှာ ပညာသင်တဲ့ အတွေ့အကြုံမရှိဖူးတဲ့ မြန်မာကျောင်းသားတစ်ယောက်သည် ကိုယ့်ဟာကိုယ်မထုတ်နိုင်ဘူး။ (US, Australia, Hong Kong, Canada တို့မှာ Scholarship နဲ့ undergraduate တက်ဖူးတဲ့သူ ဆိုရင်တော့ ကိုယ့်ဟာကိုယ်စဉ်းစားလို့ရကောင်းရနိုင်လိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလူမျိုးကလည်း ဒီအဆင့်မှာ ဝင်ပြိုင်တဲ့အခါ အနည်းဆုံးတော့ mentor သို့မဟုတ် consultant အကြံပေး တစ်ဦးလောက်တော့ မငှား/မသုံးဘဲ ပြိုင်တာမျိုး သိပ်မရှိဘူး)
ကျွန်တော်ကိုယ်တိုင်လဲ နည်းပြငှားပြီး သေချာပြင်ဆင်မှရတယ်။ ကျွန်တော့် Cambridge အသိုင်းအဝိုင်းထဲက မြန်မာမဟုတ်တဲ့ အခြားနိုင်ငံတွေက Chevening Scholar တွေလဲ သူ့နည်းသူဟန်နဲ့ နည်းပြငှားပြီး ပြင်ဆင်ကြတာဘဲ။ မြန်မာပြည်မှာတော့ နည်းပြသုံးရကောင်းမှန်းမသိဘူး။ ပိုဆိုးတာက ဆရာမကူ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ရအောင်လျှောက်နိုင်သူက Hero၊ ငွေကုန်ကြေးကျခံပြီး နည်းပြငှားတဲ့သူဆိုရင် အာဝါဒါးဆိုပြီး လှောင်ချင်ကြတယ်။ ပိုက်ဆံအကုန်မခံဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ လေ့လာနိုင်မှ Scholarship winner ဖြစ်နိုင်သယောင်ယောင် လျှောက်ပြောနေကြတယ်။ အမှန်တော့ အဲဒီပြောနေတဲ့သူတွေ အများစုကိုယ်တိုင်က Chevening Scholarship လို သိန်း ၂ ထောင်တန် ပညာသင်ဆုမျိုးကိုထားဘိ၊ ငွေ ၆ သိန်းတန် TOEFL/IELTS လို English skill test လေးတွေ ဖြေဖို့တောင် ကိုယ်ပိုင်အရည်အချင်းနဲ့ မလေ့လာနိုင်လို့ English 4 skill၊ Intensive Master Class ဆိုတာမျိုးတွေကို ၄-၅ သိန်းပေး သင်တန်းတက်ဖြေမှ ကျောင်းပြိုင်လျှောက်နိုင်မယ့် အမှတ်ရတဲ့သူတွေဆိုတာ သူတို့ရဲ့ account တွေမှာ လိုက်လေ့လာကြည့်ရင် တွေ့နိုင်လိမ့်မယ်။
လက်တွေ့မှာတော့ Cambridge မှာတက်နေတဲ့ ကမ္ဘာ့အတော်ဆုံးဆိုတဲ့ ကျောင်းသားတွေကိုတောင် Career Center ကနေ Postgraduate ကျောင်းလျှောက်နည်း သင်တန်းတွေပေးတယ်။ Consultant/mentor နဲ့ appointment ယူပြီး တိုင်ပင်ရတယ်။ အခြား တက္ကသိုလ်တွေမှာလည်း ဒီအတိုင်းဘဲ၊ Harvard ကကျောင်းပြီးတဲ့ Undergraduate ကျောင်းသားတစ်ယောက် Chevening လျှောက်ချင်တယ်ဆိုပါစို့၊ Harvard ရဲ့ career centre မှာ consultant နဲ့ တွေ့လို့ရတယ်၊ webinar တက်လို့ရတယ်။ အဲဒီလို level မှာ နည်းပြမရှိဘဲ ကိုယ့်ဉာဏ်လေးတစ်ခုထဲနဲ့ ဝင်ပြိုင်လို့ကတော့ 2 vs 1 ပြိုင်သလိုဖြစ်နေမှာပေါ့။ နည်းပြမပါဘဲ ကျောင်းလျှောက်ရင် အလယ်အလတ်စား Exeter, Bristol, Newcastle တို့မှာ ကျောင်းဝင်ခွင့်ရကောင်းရနိုင်ပါလိမ့်မယ်။ Scholarship တော့ပြိုင်လျှောက်နိုင်မည်မထင်။ Mentor မပါဘဲ Scholarship ရခဲ့တယ်ဆိုရင်လည်း ပေါင်သုံးလေးထောင်ဖိုးလောက်ဘဲရနိုင်ပါလိမ့်မယ်။ Mentor သုံးလိုက်ရင် ပိုကောင်းတဲ့ကျောင်းမှာ ပိုများတဲ့ ဆုကို ကျိန်သေပေါက်ကိုရလိမ့်မယ်။
ဒီတော့ နိဂုံးချုပ်ရမယ်ဆိုရင်တော့ Chevening Scholarship မှာ essay ကောင်းဖို့ထက် ကျောင်းဝင်ခွင့်အရယူဖို့က ပိုအရေးကြီးတယ်။ School Selection Strategy တွေက အခြေခံ ၄ မျိုးကနေပွားလိုက်တာ သုံးလို့ရတဲ့နည်း ထောင်သောင်းမကရှိတယ်။ နိုင်ငံခြားမှာ Scholarship ရဖူးတဲ့ အတွေ့အကြုံရှိ နားလည်တတ်ကျွမ်းသူဆိုရင်တော့ ကိုယ်တိုင်စဉ်းစားရွေးချယ်နိုင်တယ်။ အတွေ့အကြုံလုံးဝမရှိတဲ့ beginner ဆိုရင်တော့ နည်းပြမပါဘဲ ကိုယ့်ဟာကိုယ်မလုပ်နိုင်ဘူး။ လုပ်ရင် ပြိုင်ဘက် နည်းပြ-ကျောင်းသား အတွဲနဲ့ 2vs1 ပြိုင်ရသလို နောက်ကောက်ကျ ကျန်ခဲ့လိမ့်မယ်။ ငွေမရှိလို့ ပညာသင်ဆုလျှောက်ပါတယ် ဆိုနေမှ နည်းပြငှားဖို့၊ Scholarship လျှောက်နည်းသင်တန်းလိုက်တက်ဖို့ ငွေဘယ်လိုရနိုင်မလဲလို့ မေးကောင်းမေးလိမ့်မယ်။ ဒါပေမယ့် Chevening ဆိုတာ အရည်အချင်းကိုမကြည့်ဘဲ လိုအပ်ချက်ကိုသာ အသားပေးကြည့်တဲ့ ဆင်းရဲသားဒုက္ခသည်ကိုပေးတဲ့ humanitarian Scholarship မျိုးမဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။ Public မှာ webinar ပေးနေတဲ့ Chevening alumni တွေရဲ့ Biography ကို သွားလေ့လာကြည့်ရင် ငွေကြေးအတန်အသင့် ချမ်းသာပြီး နိုင်ငံခြားဘွဲ့ယူထားတဲ့သူတွေ အများကြီးရှိကြောင်း သင်တွေ့ပါလိမ့်မယ်။ ဒါကြောင့် သင့်ရည်ရွယ်ချက်သည် ငွေတခုထဲကြောင့် ပညာသင်ဆုလျှောက်ချင်တာဆိုရင်တော့ merit-based ဖြစ်တဲ့ Chevening ကို အစထဲကမရွေးဘဲ Humanitarian Scholarship မျိုးကိုသာ ရွေးလျှောက်ဖို့ အကြံပေးချင်ပါတယ်။
စေတနာဖြင့်
ငြိမ်းဇော်ကို
၂၃-၁၀-၂၀၂၃
အခြား tip များကို ဖတ်ချင်ပါက အောက်ပါ group ကို လာ join နိုင်ပါတယ်..
https://www.facebook.com/groups/mmchevening/
----------------------------------------------
A Glance at Scholarship Insider
Scholarship Insider သည် နိုင်ငံခြား ပညာသင်ဆုလျှောက်ထားခြင်းနှင့် ပတ်သက်၍ အခြေခံမှစ၍ စနစ်တကျ သင်တန်းပေးသည့် ပညာရေးအကြံပေးလုပ်ငန်းဖြစ်သည်။ US, UK, Singapore နိုင်ငံများတွင် ဘွဲ့ ၄ ခု၊ Scholarship ၅ ခု အထိရယူဖူးသည့် အတွေ့အကြုံရှိသူ ဦးငြိမ်းဇော်ကို မှ ၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၆ လအတွင်း ပညာသင်ဆုလျှောက်ထားသူများကို ကမ္ဘာ့အဆင့် Top 10 ဝင် တက္ကသိုလ်များတွင် ပညာသင်ဆုများရအောင် ကူညီပံ့ပိုးပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ အခြားအလားတူ ပညာရေး အကြံပေးလုပ်ငန်းများထက် အဓိကအားသာချက်မှာ Scholarship Insider ဆိုသော အမည်အတိုင်း နိုင်ငံခြားတက္ကသိုလ်များမှ ပါမောက္ခများ၊ ကမ္ဘာ့အဆင့် ၁-၃၀ ဆင့်ဝင် တက္ကသိုလ်ကျောင်းများတွင် တန်ဖိုးကြီး ပညာသင်ဆုများ တစ်ခုထက်ပို၍ ရရှိထားသော ကျောင်းသားများ၊ ထိုကျောင်းများမှ ပညာသင်ဆုပေးရန် ရွေးချယ်ရာတွင် အကဲဖြတ်သည့် တာဝန်ခံများနှင့် ဆက်သွယ်ထားသဖြင့် သာမန်လူများ လက်လှမ်းမမှီသော အတွင်းသတင်းများ၊ အခွင့်အလမ်းကောင်းများ၊ ပညာသင်ဆုလျှောက်သည့် နည်းဗျူဟာများကို စုံစမ်းထောက်လှမ်းနိုင်စွမ်းရှိကြောင်း ဒီ page က ပို့စ်များကို ကြည့်လိုက်ရင် အလွယ်တကူ သတိထားမိမှာဖြစ်ပါတယ်။