27/07/2024
“ ကလေးတိုင်းဟာ မိသားစုကောင်းတိုင်းမှာ ကြီးပြင်းလာဖို့ ထိုက်တန်ပါတယ်...”
လူဖြစ်လာရင် သားသမီးက ဘယ် မိဘအမျိုးအစားကို မှ အဖေ/အမေ တော်ချင်ပါတယ်လို့ ရွေးချယ်လို့ မရသလို မိဘ တွေက လည်း .. သားသမီး ဆိုတာ ကို ရွေးချယ်ခွင့် မရှိပေမဲ့ သူတို့လက်အောက်ကနေ အရွယ်ရောက်တဲ့ထိ ပြုပြင်ပုံသွင်း ခွင့် တော့ အပြည့်ရှိပါတယ်။
မိဘ နဲ့ သားသမီး အကြောင်း စမပြောခင်
၁/ Qualified Parents
၂/ Un-qualified Parents
ဆိုပြီး မိဘ (၂) မျိုး ခွဲလိုက် ပါ့မယ်..။
Qualified Parents ( မိဘ ဖြစ်ဖို့ အရည်အချင်း ပြည်မီတဲ့သူ) တွေကို ဆိုလိုချင်တာပါ ။ သားသမီး စယူကတည်းက “ အိမ်” ဆိုတာ ဘာလဲ ၊ “မိသားစု” ဆိုတာဘာလဲ ...ချစ်ခြင်းမေတ္တာတွေနဲ့ ဒီ လူ မမယ်ကလေးလေး ကို လူ့လောကထဲ ခေါ်လာဖို့ အသင့်ရှိနေကြတဲ့ သူတွေ ဖြစ်တယ်။ မိဘ နဲ့ “ သားသမီး “ ကြားက “ Un-expected love” (မျှော်လင့်ခြင်း ကင်းမဲ့သော ချစ်ခြင်း) နဲ့ အပြည့်အဝ ချစ်နိုင်သူတွေ ဖြစ်ပြီး သားသမီး တွေကို အနာဂတ်မှာ အရည်အချင်းရှိအောင် ၊ စဉ်းစားတွေးခေါ်တတ်အောင် ပုံသွင်းပြုပြင်ယူနိုင်တဲ့ Qualified parentလို့ ဆိုပါမယ်။
Un- qualified Parents( မိဘဖြစ်ရန်အရည်အချင်း မပြည့်မီသူများ)
လူဖြစ်အောင် မွေးပေးခဲ့တဲ့ အတွက် မိဘ ကျေးဇူး ဆိုတာရှိပြီးသားပါ။ သိုပေမဲ့ .. ကိုယ့် သားသမီး ၊ ကိုယ့် သွေးသားကို မချစ်တဲ့ မိဘ (Un-qualified Parents) ဆိုတာကလည်း လောကကြီးမှာ ရှိတာပါပဲ လေ ...။
တချို့ကျ ကိုယ့်ဘဝ အတွက် ကိုယ့်သားသမီးအရင်းကို စွန့်ပစ်တယ်၊ တချို့ကျ မွေးပြီးမှ သတ်ပစ်တယ်။
လူ့အသက်ဆိုတာ အဖိုးမတန်သလိုပဲ ဒီကလေးလေးကို ရေမြောင်းထဲ ကောက်ပစ်လိုက်တယ်။ တချို့ကျ
စီးပွါးတွက် ခိုင်းစားဖို့ ကလေး မွေးတယ်။ တချို့ကျ မွေးထားတဲ့ ကလေးကို ပိုက်ဆံရဖို့ ရောင်း စားလိုက်တယ်။ တချို့ကျ ကလေး မွေးထားပေမဲ့ အသက်ရှင်ရုံပဲ ထားတယ်။ တချို့ကျ ကလေးအတွက် ကျွေးမွေး၊ ကျောင်းထားပြီး အသင့်တင့် လုပ်ပေးပေမဲ့ မိဘတွေရဲ့ စိတ်ထွက်ပေါက် တခုအဖြစ် အရိုက်ခံ ၊ အနှိပ်စက်ခံ ဘဝတွေနဲ့ ကြီးပြင်းလာရတယ် ။
ဒီလို သားသမီးတွေကျ “ ဖေဖေ၊ မေမေ သားကို/ သမီးကို ဘာလို့ မချစ်တာလဲ “ မေးခွင့် မရှိဘူး။
အသက်ရှူရတဲ့ စက္ကန့်တိုင်းမှာ အကြောက်တရားတွေနဲ့ ... ရှင်သန်ရတယ်။
“ မိဘ မေတ္တာ “ ဘာလဲ သူတို့ မသိဘူး။ တခြား ကလေး တယောက်ယောက်ကများ “ နင့် မေမေ နဲ့ ဖေဖေ ဘယ်သူ့ ပိုချစ်လဲ “ အမေးခံရရင် အူကြောင်ကြောင် ပြန် ကြည့်နေမဲ့ ကလေးမျိုးတွေ ။
မိဘက ချစ်တာ ၊ မချစ်တာ သူတို့ စိတ်မဝင်စားဘူး ၊ ဘယ်နေ့ အထု အထောင်း လွတ်မလဲ ပဲ ကြိုတွေးပြီး လွတ်မြောက်ချင်နေတဲ့ ကလေးတွေ ...
ဒီလို သားသမီးလေးတွေဟာ ငယ်တဲ့ အချိန်မှာတော့ မိဘကို ကြောက်တာတစ်ခုပဲ သိမယ်။ နည်းနည်း ကြီးလာရင် မိဘ နဲ့ ဝေးရာ မှာ ခပ်ခွါခွါနေမယ်။ ထပ်ကြီးလာရင် ခပ်ဂျစ်ကန်ကန်နဲ့ ပြန်မပြော နားမထောင် ဖြစ်လာမယ်။ နည်းနည်း ထပ်ကြီးလာရင် ပြန်ခံပြောမယ် ၊ ကလန်ကဆန်နဲ့ ရိုင်းလာမယ်။ အရွယ်ရောက်လာရင် မိဘ ဆိုတာကို ခြေစုံကန်မယ် ။ အိမ်ဆိုတာကနေ ခပ်ဝေးဝေး ကို တနည်းနည်းနဲ့ ထွက်ပြေး သွားမယ်။ မိဘ ကျေးဇူးဆပ်ဖို့ မပြောနဲ့ .. မိဘလို့ သတ်မှတ် ရင်တောင် ... ကံကောင်း
အချိန်တန် အိမ်ထောင်ကျလို့ သူတို့ကိုယ်တိုင် မိဘ ပြန်ဖြစ်တဲ့ အခါ “ ငယ်စဉ် ကလေး ဘဝ “ နဲ့ “ သူတို့ရဲ့ ကြီးပြင်းလာမှု” ဟာ နောက် Generation တွေ ဖြစ်တဲ့ သူတို့ သားသမီးပေါ်မှာ သွားထပ်ဟပ်နေတာပါပဲ။
Un-qualified Parents လက်အောက်က သားသမီးတွေ မိဘ ပြန်ဖြစ်တဲ့အခါ “ငယ်ဘဝ ကြီးပြင်းမှု” က ပေးတဲ့ နားကြည်းမှုတွေနဲ့ မိသားစုနဲ့ ပတ်သက်ရင် စိတ်က အရိုင်းဆန်တယ်။ သူစိမ်းအပေါ်ဆို ကောင်းလိုက်တာမှ သားသမီးအပေါ် မချိုသာဘူး ... ဆိုတာမျိုး ။ အိမ်ရောက်ရင် မျက်စိနောက် အလိုလိုဒေါသထွက်ပြီး တခုခုဆို ဆူပူကြိမ်မောင်း ၊ အော်ဟစ်နေတာမျိုး ။ မေတ္တာ မရဖူးတော့ မေတ္တာ မပေးတတ်ဘူး ဆိုသလိုပေါ့။ မိဘတွေရဲ့ အနှိပ်စက်ခံ ဘဝ နဲ့ ကြီးလာတော့ ကိုယ့် ဗီဇ စရိုက်ကပါ ကြမ်းတမ်းလာပြီး ကိုယ့် သွေးသားကို ကိုယ့် ငယ်မူဘဝ အတိုင်း ပြန် ဆက်ဆံတာမျိုး ဆိုတော့ “ ကလေး တစ်ယောက်ရဲ့ ကြီးပြင်း မှု “ ဟာ ဘယ်လောက် အရေးပါလဲ ရိပ်မိကြမှာပါ။ အဲ့လို သားသမီးတွေက အောင်မြင်တာရှားသလို လုပ်ရည်ကိုင်ရည်ကျသွားပြီး အရှက်အကြောက်နဲ့ စိုးရိမ်မှု ကြီးပါတယ်။ ခေါင်းဆောင် နိုင်တဲ့ အရည်အချင်း လျော့နည်းသွား သလို အမြဲ တမ်း သူများ ရဲ့ နောက်လိုက်အဖြစ် အရည်အချင်း လျော့ရဲသွားတတ်ကြပါတယ်။ ဒါဟာ အများစု ဖြစ်နိုင်ချေ ပါ။
Un-qualified Parents အောက်က တချို့ ညဏ်ရည် ထက်တဲ့ သားသမီးတွေကတော့ “ ငယ်ဘဝရဲ့ ကြီးပြင်းမှု နဲ့ မိသားစု ဘဝ” ကို သင်ခန်းစာယူပြီး သူတို့ကိုယ်တိုင် က သူတို့ မိဘတွေလို မဖြစ်အောင် ပြန်လည် ကြိုးစားကြရှာပါတယ်။ “ချစ်ခြင်း မေတ္တာကို တန်ဖိုး ထားတယ်၊ ကိုယ်ပိုင်မိသားစု ဘဝလေးကို တိတ်တခိုး အားကျပြီး အနာဂတ် သားသမီး တွေအတွက် မေတ္တာ အပြည့် ပေးဖို့ Qualified parents တွေ အဖြစ် ကြိုတင်ပြင်ဆင် နေတဲ့ သူတွေပါ “ ... ။ ကြီးကြီးငယ်ငယ် တဖက်လူကို လေးစားပြီး အပုတ်ချ စော်ကားခြင်း နည်းသလို လုပ်ငန်းခွင် နယ်ပယ်မှာပါ အရည်အချင်းရှိ ဦးဆောင် နိုင်သူတွေ အဖြစ် ရပ်တည်နိုင်ကြတယ်။ မိဘ က ဘယ်လောက် မကောင်းခဲ့ ၊ မကောင်းခဲ့ သားသမီး ဝတ္တရား ပြန်သိဖို့ တာဝန်ကျေဖို့ ပြန်ကြိုးစားကြတဲ့ ဒီလို သားသမီးကောင်း တွေလည်း ရှိပြန်ပါတယ် ။
တချို့သားသမီးကတော့ မိဘ ကောင်းကောင်းက မွေးပေမဲ့ ညဏ် ရည် မပြည့်မီတော့ သူ့မိဘအပါအဝင် လူ့ ပတ်ဝန်းကျင်နဲ့ နီးစပ်ရာ လူတွေကိုပါ စိတ်ရော ၊ လူပါ ဒုက္ခပေးတတ်ကြပါတယ်။
အဲ့ တော့ ဘယ်လို မိဘ အမျိုးအစား ကပဲ ကြီးပြင်းလာပါစေ ... ဘယ်လို သားသမီး ဖြစ်ချင်လဲ ... ဘယ်လိုမိဘ ဖြစ်ချင်လဲ ... ?
ဆင်ဆင်ခြင်ခြင် တွေးတော ပြုပြင်နိုင်ကြပါစေ ...
&parents
Topic-( child & parents relationship)