12/03/2024
ဒါလေးက ဆယ်ကျော်သက် သားသားမီးမီးတို့မေမေတွေ ဖတ်ဖို့ပါရှင်.
ဆယ်ကျော်သက်နဲ့ ပေါင်းသင်းဆက်ဆံရေး စွမ်းရည်
မေမေတစ်ယောက်အနေနဲ့ ဆယ်ကျော်သက် သမီးလေးကို
ဖြည့်ဆည်းပေးချင်တဲ့ စွမ်းရည်တွေထဲမှာ social skills တွေလည်း ပါဝင်ပါတယ်။
ဘက်စုံထူးချွန်တဲ့ လူငယ်လေး ဖြစ်လာဖို့ မေမေတို့ အစွမ်းကုန် ပံ့ပိုးပေးလေ့ရှိတဲ့ အားကစား၊ ဂီတ၊ ပန်းချီ၊ ဘာသာစကား စတဲ့ ပညာရပ်တွေလိုပဲ ပေါင်းသင်းဆက်ဆံရေးကလည်း မဖြစ်မနေ လေ့ကျင့်သင်ကြားပေးသင့်တဲ့ သင်ခန်းစာ တစ်ခုပါ။
ဘယ်နေရာမှာပဲ နေနေ၊ ဘာအလုပ်ပဲ လုပ်လုပ်၊ ဘယ်လောက်ပဲ တော်တော် လူတွေနဲ့ မပေါင်းဘဲ နေလို့မရပါဘူး။
မိတ်ဆွေပေါပြီး လူချစ်လူခင် များတာဟာ အားကျစရာကောင်းတဲ့ အရည်အချင်းတစ်ရပ်ပါပဲ။
မိဘတွေနဲ့ ခွဲပြီး အဝေးကို လွှတ်လိုက်ရတဲ့ တစ်နေ့မှာ ပေါင်းသင်းဆက်ဆံရေး မကောင်းရင်၊ လူတွေနဲ့ အဆင်ပြေပြေ မနေတတ်ရင် ရင်တမမ စိတ်မချ ဖြစ်နေရမှာပါ။
အခုခေတ် ကလေးအများစုက ဖုန်းတွေ၊ ကွန်ပျူတာတွေကို အဖော်လုပ်ပြီး ကြီးလာကြတာဆိုတော့ ပေါင်းသင်းဆက်ဆံရေးမှာ သိသိသာသာ အားနည်းကြပါတယ်။
ဒီကြားထဲ Covid ကြောင့် နှစ်နှစ်လောက် အိမ်တွင်းအောင်းနေရတဲ့အခါ သူစိမ်းတွေနဲ့ မပေါင်းတတ်၊ မခင်တတ်၊ ခပ်စိမ်းစိမ်းနေတတ်တဲ့ ကလေးလေးတွေ ဖြစ်လာကြပါတယ်။
မျက်နှာချင်းဆိုင် စကားပြောရတာထက် လိုင်းပေါ်မှာ စကားပြောရတာကို အားသန်ကြပါတယ်။
ဆယ်ကျော်သက် အရွယ် ရောက်လာပြီ ဆိုရင် ပေါင်းသင်းဆက်ဆံရေး ကွန်ယက်က ငယ်ငယ်တုန်းကထက် ပိုပြီး ကျယ်ပြန့်လာဖို့ လိုပါတယ်။
အခြေခံ လူမှုရေး ကျင့်ဝတ်တွေကို စပြီး လေ့လာ သင်ယူရတော့မှာပါ။
လူကြီးတွေရဲ့ ကမ္ဘာမှာ လိုက်လျောညီထွေ နေတတ်အောင် ပြင်ဆင်ရတဲ့ သဘောပါပဲ။
ဆယ်ကျော်သက်အရွယ်မှာ ကလေးတုန်းကထက် ပိုပြီး
🟨 ယဥ်ကျေးလာရမယ်
🟨 ကြင်နာတတ်ရမယ်
🟨 စာနာတတ်ရမယ်
🟨 ကူညီမျှဝေတတ်ရမယ်
🟨 တစ်ဖက်သားကို လေးစားရမယ်
🟨 အလှည့်ပေးတတ်ရမယ်
🟨 မတူကွဲပြားမှုတွေကို နားလည်ပေးနိုင်ရမယ်
🟨 အနိုင်အရှူံးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လက်ခံနိုင်ရမယ်
🟨 ပြဿနာတွေကို ပြေပြေလည်လည် ဖြေရှင်းတတ်ရမယ်။
ကလေးတုန်းက အကျင့်တွေ ဖြစ်တဲ့
✖️ စွာတာ
✖️ တစ်ကိုယ်ကောင်းဆန်တာ
✖️ ဆရာလုပ်တာ
✖️ ကြွားတာ
✖️ စိတ်ကောက်တာ
✖️ အနိုင်လိုချင်တာတွေကို တဖြည်းဖြည်း ပြင်သွားရမှာပါ။
ဆယ်ကျော်သက် အရွယ်ရဲ့ သဘာဝ
⚠️ စိတ်ထိခိုက်ခံစားလွယ်တာ
⚠️ အစွဲအလမ်းကြီးတာ
⚠️ ပိုင်ဆိုင်လိုစိတ်များတာ
⚠️ အလိုက်မသိတာ
⚠️ မပွင့်လင်းတာ
⚠️ ရှက်တတ်တာ
⚠️ သိမ်ငယ်စိတ် ဝင်လွယ်တာ
⚠️ စူပုပ်ပုပ်နေတတ်တာ
⚠️ စိတ်အပြောင်းအလဲ မြန်တာ
တွေကလည်း အချင်းချင်း မိတ်ဆွေ ဖြစ်ဖို့ အဟန့်အတားတွေ ဖြစ်နေတတ်ပါတယ်။
➡️ ကလေးကို သက်တူရွယ်တူတွေနဲ့ အထိအတွေ့ပြန်များလာအောင် အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။
➡️ ( ဖြစ်နိုင်ရင် ) Online class တွေ သင်တန်းတွေထက် physical class တွေကို ရွေးသင့်ပါတယ်။
➡️ ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ ဝါသနာပါတဲ့ အသင်းအဖွဲ့တွေ၊ social activities တွေမှာ ပါဝင်ခိုင်းပါ။
➡️ အသင်းအဖွဲ့နဲ့ လုပ်ရတဲ့ အားကစားမျိုးကို အားပေးပါ။
➡️ သူငယ်ချင်းတွေ အိမ်ကို အလည်ခေါ်တာမျိုး၊ သူငယ်ချင်းအိမ်ကို သွားလည်တာမျိုး၊ သူငယ်ချင်းတွေနဲ့ ခရီးတို ထွက်တာမျိုးတွေကို ခွင့်ပြုပေးပါ။
မိတ်ဆွေများများရှိဖို့ လိုသလို မိတ်ဆွေကောင်း ရဖို့ကလည်း အရေးကြီးပါသေးတယ်။
ပျော်ရွှင်တက်ကြွနေတဲ့ ဆယ်ကျော်သက်လေး ဖြစ်လာဖို့ ပတ်ဝန်းကျင်ကောင်း လိုပါတယ်။
အချင်းချင်း အကောင်းမြင်ပေး၊ ဖေးမဂရုစိုက်ပေးပြီး မနာလိုစိတ် ကင်းဝေးတဲ့ အသိုင်းအဝိုင်းလေးမှာ နေထိုင်ခွင့်ရရင် ကလေးရော မိဘပါ စိတ်ချမ်းသာရပါတယ်။
မကောင်းတဲ့ ပတ်ဝန်းကျင်ကိုရောက်ပြီး
အပြိုင်အဆိုင်များလွန်းတဲ့ သူတွေ
body shaming လုပ်တတ်သူတွေ
အနိုင်ကျင့်တတ်သူတွေ
အပြစ်တင်၊ အပြစ်လွှဲချတတ်သူတွေနဲ့ ကြုံရရင် ကလေးမှာ နိစ္စဓူဝ စိတ်ဆင်းရဲရပါတယ်။
ဖယ်ကြဥ်ထားတာ၊ လှောင်ပြောင်တာ၊ အတင်းပြောတာ၊
ခွဲခြားဆက်ဆံခံရတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျဆင်းပြီး စိတ်ကျန်းမာရေး ထိခိုက်တဲ့အထိ ဒုက္ခဖြစ်နိုင်ပါတယ်။
မကောင်းတာ လုပ်တတ်တဲ့ သူငယ်ချင်းတွေကြောင့် မကောင်းမှုတွေ အတူတူ လုပ်ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။
မကောင်းတဲ့ အကျင့်တွေက ပိုပြီးကူးလွယ်တဲ့အတွက် peer pressure ကို မကျော်လွှားနိုင်ရင် အန္တရာယ် ကြီးပါတယ်။
ဘယ်သူတွေနဲ့ ပေါင်းနေလဲ ဆိုတာ မိဘက မျက်ခြေမပြတ် သိနေဖို့ လိုပါတယ်။ သူငယ်ချင်းတွေရဲ့ မိဘတွေနဲ့ပါ ခင်ခင်မင်မင်ရှိထားရင် ပိုကောင်းပါတယ်။
မကောင်းတာလုပ်ဖြစ်အောင် တိုက်တွန်းတဲ့ ပတ်ဝန်းကျင်မျိုး၊ ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်မျိုးဆို အချိန်မဆွဲဘဲ ရုန်းထွက်နိုင်ရပါမယ်။
သူငယ်ချင်းတွေ တိုးပြီး အပေါင်းအသင်းတွေ စုံလာတဲ့အခါ
ပြသနာတွေ များလာတာလည်း ထုံးစံပါပဲ။
လူကြီးပုံဖမ်းပြီး သန်မာချင်ယောင် ဆောင်နေကြပေမဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ခံနိုင်ရည် နည်းကြပါတယ်။
ငယ်ငယ်ထဲက ကလေးပြောတာတွေ အချိန်ပေးပြီး နားထောင်ခဲ့ရင်၊ စိတ်လုံခြုံမှုတွေ၊ ယုံကြည်မှုတွေ တည်ဆောက်ခဲ့ရင်တော့ ကလေးက သူငယ်ချင်းပြဿနာတွေ မေမေ့ဆီ ရင်ဖွင့်လာဦးမှာပါ။ ဂရုတစိုက် နားထောင်ပေးပြီး သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကူညီပေးရမှာပါ။ မေမေက တည်တည်ငြိမ်ငြိမ်နဲ့ ဒေါသမကြီးဖို့ အရေးကြီးပါတယ်။
လူချစ်လူခင်များလို့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပြီး စိတ်ကျေနပ်မှု ရတဲ့အခါတွေ ရှိသလို သူငယ်ချင်းတွေကြောင့်ပဲ ဝမ်းနည်းအားငယ် စိတ်အလိုမကျ ဖြစ်ရတဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။
သူငယ်ချင်းဆိုတာကလည်း အများကြီး ပေါင်းကြည့်ပြီးမှ ဘယ်သူက ကိုယ့်အပေါ်ကောင်းတယ်၊ ဘယ်သူက အန္တရာယ် ပေးနိုင်တယ်၊ ဘယ်သူ့ကို ဘယ်လိုကိုင်တွယ်ရမယ်၊ peer pressure ကို ဘယ်လို ကျော်လွှားရမယ် ဆိုတာမျိုးတွေ သိလာတာပါ။ အတွေ့အကြုံတွေ အများကြီးလိုပါတယ်။
နေ့စဥ် ကြုံရတဲ့ ပေါင်းသင်းဆက်ဆံရေး ပြဿနာလေးတွေကပဲ ကလေးကို ရင့်ကျက်တဲ့ လူငယ်လေးဖြစ်လာအောင် လေ့ကျင့်ပေးသွားမှာပါ။
ဒေါက်တာ မေမွန်
၁၁ မတ် ၂၀၂၄
[ သမီးအတွက် လေ့လာရင်း ရေးဖြစ်တဲ့ စာလေးပါ။
လူချစ်လူခင်များတဲ့ ဆယ်ကျော်သက်လေး ဖြစ်လာဖို့ မေမေက ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ ဆိုတာ မနက်ဖြန် ဆက်တင်ပေးပါမယ်။ ]