12/06/2021
🖥🗺🧭 ECDIS တွင် sensors’ information များကို မှန်ကန်စွာ ပေါင်းစပ် အသုံးပြုနိုင်ရန်🖥🗺🧭
နောင်အနာဂါတ် ရေကြောင်းမောင်းနှင်မှု၌ ဆုံးဖြတ်ချက်ချရာတွင် နည်းပညာဆိုင်ရာ အကူအညီကို မြင့်မားစွာ အသုံးပြုလာမှာ ဖြစ်တဲ့အတွက်ကြောင့် သတင်းအချက်အလက်များကို ပေါင်းစည်းအသုံးပြုမှုစနစ် Integrated Navigation System ဟာ အရေးပါလာပါသည်။ Radar ကို ECDIS ထဲတွင် တင်ပြီး အသုံးပြုမှု (Radar Overlay)ဟာ INS ၏ အဓိက အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာပါသည်။ Radar နှင့် ECDIS လုပ်ဆောင်နိုင်စွမ်းတွေကို ပေါင်းစပ်အသုံးပြုနိုင်ခြင်းဖြင့် INS စနစ်သည် route monitoring နှင့် သင်္ဘောတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ အထောက်အပံ့ ဖြစ်ရုံသာမကဘဲ သင်္ဘောမှာတပ်ဆင် ထားသော sensor များရဲ့ ချို့ယွင်းချက်များကို ချက်ချင်းသိရှိနိုင်ရန် စောင့်ကြည့်ဖို့ အထောက်အကူ ဖြစ်ပါသည်။ ထို (၃) ချက်ကို အထောက်အပံ့ဖြစ်စေရန် radar နှင့် ECDIS ကို မည်ကဲ့သို့ ပေါင်းစပ်အသုံးပြုသင့်သလဲဆိုတာ အောက်တွင် ဆွေးနွေးထားပါသည်။
☞ ၁) Route monitoring တွင် အသုံးပြုခြင်း
Radar မှ ရရှိတဲ့ video information ကို ECDIS ထဲမှာ layer တခုအနေဖြင့် ထည့်သွင်းပေါင်းစပ်ခြင်းဖြင့် (Radar overlay) route monitoring ကိုပိုမိုတိုးတက် ကောင်းမွန်စေပါသည်။ လက်ရှိ အချိန်မှာ ရှိနေတဲ့ ကုန်းမြေများ၊ ရေကျချိန်မှာ ပေါ်လာတဲ့ သောင်များ/ ကျောက်ဆောင်များရဲ့ တည်နေရာ ကို ECDIS မှ position နှင့် Radar မှ echoes များကို နှိုင်းယှဥ်ပြီး စစ်ဆေးနိုင်တဲ့အတွက် route monitoring လုပ်ဆောင်ရာတွင် navigator လုပ်သူကို များစွာ အထောက်အကူ ဖြစ်ပါသည်။
ECDIS တွင် Electronic Navigation Chart (ENC) ကို အဓိက ဦးစားပေးအနေဖြင့်သာ အမြဲတမ်း အသုံးပြုနေမှာ ဖြစ်သည့်အတွက် ECDIS မှာ လုပ်ဆောင်နိုင်သည့် route monitoring စနစ်ကို ဘာ နှောင့်ယှက်မှု မရှိနိုင်ပါဘူး။ Radar မှ ရယူထားသည့် information တွေကို radar layer (radar overlay) အနေဖြင့် ထည့်ဝင်ထားမှုသည် ENC မှာပါလာသည့် coastlines, ကျောက်ဆောင်တွေ၊ ရေကျချိန်မှာပေါ်လာသည့် ရေတိမ်ပိုင်းတွေကို နှောင့်ယှက်အဟန့်အတား ဖြစ်စေတာမျိုး မရှိနိုင်ပါဘူး။
Radar ရဲ့ target echoes တွေ ECDIS ပေါ်မှာ ရှိနေခြင်းဟာ ECDIS ရဲ့route monitoring လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါသည်။ ဆွဲထားသော route လမ်းကြောင်းကနေ သွေဖယ်ဖို့ဖြစ်လာလျှင်လည်း လက်ရှိအချိန်မှာ ရှိနေတဲ့ သင်္ဘောတွေရှုပ်နေမှုကို radar မှတဆင့် ချက်ချင်းသိရှိ နိုင်ပါသည်။
☞ ၂) Collision ရှောင်ရှားရာတွင် ပိုမို လွယ်ကူစေခြင်း
ECDIS မှာဆွဲထားသော track ကို radar display ပေါ်မှာ ပြန်လည် တင်ခြင်းအားဖြင့် Collision ရှောင်ရှားနိုင်ဖို့ radar အသုံးပြုရာမှာ ပိုမို အဆင်ပြေစေပါသည်။ လုံလောက်တဲ့ Sea room ရှိမရှိကို ကြည့်ပြီး ဆုံးဖြတ်ချက်ချရသည့် အခြေအနေ နှင့် တချို့သော အချက်တွေကို လေ့လာစမ်းစစ်နိုင်ရန် navigator ကို ပိုမို လွယ်ကူသက်သာစေပါသည်။ သတိထားရမည့်အချက်တွေကတော့ ENC မှာပါသည့် ကမ်းနား နှင့် ရေဖြင့် လွှမ်းနေသော ကျောက်ဆောင်တွေကို radar display မှာ ကြည့်သည့် အခါမှာတော့ အနှောင့်အယှက်ဖြစ်နိုင်ပါသည်။ Radar display ပေါ်မှာ များစွာရှုပ်ထွေး နေတာမျိုး မဖြစ်စေဖို့ ENC information ပမာဏကို ဂရုစိုက် စဥ်းစားထားရပါမည်။ ECDIS route monitoring နဲ့တော့ အနည်းငယ် ကွဲပြားမှုတော့ပါတယ်။ အနည်းဆုံးတော့ standard display ကိုတော့ ဖေါ်ကြည့်ဖို့ လိုပါလိမ့်မည်။
☞ ၃) Sensor များ ချို့ယွင်းမှုကို လျှင်မြန်စွာ သိရှိနိုင်ခြင်း
အခြားသော sensors တွေရဲ့ တိကျသေချာမှုကို စောင့်ကြပ်ကြည့်ရှုဟာ INS စနစ်ရဲ့ အဓိက အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ECDIS မှာ radar overlay ကို အသုံးပြုခြင်းဟာ GPS sensor ရဲ့ မှန်ကန်မှု၊ တိကျမှုကို လေ့လာစမ်းစစ်နိုင် သလို heading information ကိုလည်း မှန်/မမှန် အလွယ်တကူ စမ်းစစ်နိုင်ပါသည်။
ECDIS ရဲ့ ENC မှာဖေါ်ပြထားသော coastlines များ၊ navaids တွေ နှင့် radar မှ ဖမ်းယူလို့ရသော coastlines၊ navaids တွေရဲ့ echoes တွေဟာ တထပ်တည်း မရှိဘူးဆိုလျှင် GNSS မှာ တခုခု လွဲချော်မှု ဖြစ်နေတယ်ဆိုတာကို လျှင်မြန်စွာ သိရှိနိုင်ပါသည်။ GNSS ရဲ့ မှန်ကန်မှုမရှိတာဟာ ဆွဲထားသော route ကိုလည်း သွားပြီးသက်ရောက်မှု ရှိတဲ့အတွက် planned route ကလည်း မမှန်နိုင်တော့ပါဘူး။ ထိုကဲ့သို့သော အခြေအနေမျိုးနဲ့ကြုံရလျှင် navigator လုပ်သူဟာ radar ကိုပဲ မှီခိုပြီး မောင်းနှင်ရတော့မှာ ဖြစ်ပါသည်။ ထိုအခြေအနေမျိုးမှာ Parallel Indexes (P*s) ကို အသုံးပြုခြင်း၊ radar မှ တိုင်းယူလို့ရသည့် range နှင့် bearing ကို ယူပြီး ECDIS ပေါ်မှာ manual position တင်ခြင်းတို့ဖြင့် သင်္ဘောရဲ့ တည်နေရာကို စောင့်ကြည့် မောင်းနှင် သွားရမှာ ဖြစ်ပါသည်။
GNSS ပျက်သွားလျှင်တော့ ECDIS မှာ position တင်သည့် နည်းဟာ Estimated Position (EP) mode သို့ အလိုလို ပြောင်းသွားပါလိမ့်မည်။ ထို EP Mode မှာတော့ ECDIS မှ position နှင့် radar မှ echoes တွေ တထပ်တည်း မဖြစ်တာကို ချက်ချင်းမသိနိုင်ပါဘူး သို့သော အချိန်အနည်းငယ်ကြာလျှင်တော့ သင်္ဘောသွားနေတဲ့ heading နှင့် speed တို့ရဲ့ တိကျမှု ပေါ်မှာ မူတည်ပြီး echoes တွေဟာ ECDIS ပေါ်မှ position နဲ့ လွဲလာပါလိမ့်မည်။
Radar မှာ Gyro ချို့ယွင်းမှု ဖြစ်လျှင် radar မှာပေါ်သည့် gyro (heading) information နှင့် planned route မှာ ဆွဲထားသည့် course အကြားမှာ သိသာသော ကွာခြားမှု ဖြစ်ပေါ်လာပါလိမ့်မည်။ ထို အခြေအနေမျိုးနဲ့ ကြုံရလျှင်တော့ radar မှာ အသုံးပြုတဲ့ orientation (၃) ခု (North up/ Head up/ Course up) ထဲက head-up orientation ကိုပဲ အသုံးပြုရမှာ ဖြစ်ပါသည်။ Navigation မှာ သင်္ဘော တည်နေရာ သိရှိဖို့ နှင့် collision ကိုရှောင်ရှားနိုင်ဖို့အတွက်ကတော့ GPS မှ ရသည့် Lat/ Long, COG နှင့် SOG နှင့် radar မှ ရရှိသည့် relative bearing နှင့် range တွေကို အသုံးပြုနိုင်ပါသည်။
✅✅✅ လုပ်ဆောင်ရမည့် အချက်များ
Radar overlay ဟာ သင်္ဘောမောင်းနှင်ရာမှာ အကောင်းဆုံးနည်းလမ်းပဲလို့တော့ ပြောလို့တော့ မရပါဘူး။ ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် မူတည်ပြီး information တွေကို သင့်လျော်စွာ ပေါင်းစပ် အသုံးပြုရမှာ ဖြစ်ပါသည်။ ဘယ်လိုပဲ ဖြစ်နေပါစေ, INS စနစ်ကို အသုံးပြုသည့် အခါမှာ navigation information တွေကို ပေါင်းစပ်အသုံးပြုနိုင်ဖို့ အောက်မှာ ဖေါ်ပြထားသည့် အချက်တွေကို လုပ်ဆောင်ထားဖို့ အကြံဉာဏ်ပေးချင်ပါသည်။
⭕️ ECDIS နှင့် Radar ၂ ခုလုံးကို အမြဲတမ်းကို ဖွင့်ပြီး ဂရုတစိုက် စောင့်ကြည့်ပြီး မောင်းနှင်ဖို့ လိုအပ်ပါသည်။
⭕️ ECDIS နှင့် Radar မှာ ကိုယ်လုပ်ဆောင်နေသည့် operation နှင့် သင့်လျော်သော display (ECDIS display သုံးခု ရှိပါသည် {Base/ Standard/ Extended Standard}) ကို မှန်ကန်စွာ အသုံးပြုနိုင်ဖို့ လိုအပ်ပါသည်။ Information overload သည်လည်း သင်္ဘောတိုက်ခိုက်မှုကို ရှောင်ရှားဖို့ လိုအပ်သည့် target detection ကိုထိခိုက် စေနိုင်ပါသည်။
⭕️ Radar display မှာ ENC ရဲ့ အရေးကြီးတဲ့ အချက်တွေကို ဖေါ်ကြည့်လို့ ရတာမျိုးလည်း ရှိပါလိမ့်မည်။ ထို ဖေါ်ကြည့်လို့ရတယ် ဆိုတာက ECDIS မှာ route monitoring ကိုသုံးစရာ မလိုတော့ဘူးလို့ ပြောချင်တာတော့ မဟုတ်ပါဘူး။
⭕️ Sensors များချို့ယွင်းမှု ရှိ/မရှိကို သိရှိနိုင်ရန် ECDIS ပေါ်မှာ radar overlay လုပ်ကြည့်ပြီး လွဲချော်နေမှု ရှိ/မရှိကို မကြာခဏ စစ်ဆေးပေးပါ။
⭕️ Sensors များချို့ယွင်းချက် ရှိသည်ကို သိရှိပါက လျှင်မြန်စွာ အစားထိုးအသုံးပြုနိုင်ရန်အတွက် PI ထုတ်၍ မောင်းနှင်နိုင်ရန် နှင့် manual position တင်၍ မောင်းနိုင်ရန် ကျွမ်းကျင်စွာ လေ့ကျင့်ထားပါ။
(Jun-2021)