07/06/2022
◾ Foodpanda rider များနှင့် အတူတကွ ရပ်တည်ကြပါစို့။
အခုခေတ် လူ့အဖွဲ့အစည်းမှာ အစားအသောက်နဲ့ ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ delivery နဲ့ မှာယူ စားသောက်တဲ့ အလေ့အထထွန်းကားလာပါတယ်။ ဒီလိုထွန်းကားလာတော့ ဈေးကွက်ကို လက်ဝါးကြီး အုပ်နိုင်ဖို့ အတွက် နိုင်ငံတကာ ကုမ္ပဏီတွေကပါ ဝင်ရောက်လုပ်ကိုင်လာပါတယ်။ ပိုမိုအပြိုင်အဆိုင်ရှိတဲ့ ဈေးကွက်ကို ဖန်တီးပြီး စားသုံးသူတွေကို ဝန်ဆောင်မှုပေးနိုင်လာတာ ကောင်းတယ်ဆိုပေမယ့် ဒီလို စီးပွားရေးသမားတွေက ကိုယ်ရဲ့ ဝန်ထမ်းတွေ၊ တွဲဘက်လုပ်ကိုင်နေသူတွေအပေါ် ခေါင်းပုံဖြတ်တာမျိုးတွေ လုပ်လာပါတော့တယ်။ ဒီလိုခေါင်းပုံဖြတ်မှုတွေထဲမှာ ဗမာပြည်မှာ လာရောက်လုပ်ကိုင်နေတဲ့ Food Panda (မြန်မာ) လည်း ပါဝင်ပါတယ်။
စစ်အာဏာသိမ်းမှုကြားမှာ ပြည်သူတိုင်းက ခက်ခဲစွာရှင်သန်နေရချိန်မှာ လုံခြုံရေးအရ အာမခံချက်မရှိပဲ လုပ်ကိုင်နေရပြီး ဒီကြားထဲ ကုမ္ပဏီကပါ Food Panda Rider (ပို့ဆောင်သူ) တွေအပေါ်မှာ စီးပွားရေးအရ ခေါင်းပုံဖြတ်မှုတွေတင်မကပဲ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာပါတယ်။ ဒါတွေကြောင့် မနေ့ကနေ့စွဲနဲ့ “မြန်မာနိုင်ငံလုံးဆိုင်ရာ Food Panda Riderများမှ စားသုံးသူ ပြည်သူလူထုထံ ပန်ကြားချက်" ကို ထုတ်ပြန်ခဲ့ပြီး မနက်ဖန် (ဇွန်လ ၆ရက်) နေ့ကစပြီး အလုပ်မဆင်း သပိတ် ပြုလုပ်မှာပါ။ ဒီသပိတ်တိုက်ပွဲမှာ ဖိနှိပ်မှုကို အတူတူရင်ဆိုင်နေရတဲ့ ပြည်သူလူထုတရပ်လုံးလဲ Food Panda Rider တွေနဲ့ အတူ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
---------------------------------------------------------
မြန်မာနိုင်ငံလုံးဆိုင်ရာ Food Panda Riderများမှ စားသုံးသူ ပြည်သူလူထုထံ ပန်ကြားချက်
၂၀၂၂ခုနှစ်၊ ဇွန်လ (၄) ရက်။
Foodpanda (မြန်မာ) ရုံးချုပ်သည် ပို့ဆောင်သူRiderများ အပေါ်တွင် အလုပ်သမားအခွင့်ရေးနှင့် လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး ပို့ဆောင်ခအခြေခံ ေအာ်ဒါကြေးများကို အဆမတန်လျှော့ချကာ ခေါင်းပုံဖြတ်အမြတ်ထုတ်နေပါသည်။ ထို့ကြောင့် ပို့ဆောင်သူRiderများမှ မတ်လ ၁၆. ရက် ၂၀၂၂ခုနှစ် မှစတင်ကာ FoodPanda (မြန်မာ) ရုံးချုပ်သို ့တောင်းဆိုချက် (၇)ချက်ဖြင့် အလုပ်မဆင်းသပိတ်မှောက် တောင်းဆိုခဲ့ပြီး ကျွနု်ပ်တို့၏ တောင်းဆိုချက်များရရှိရန် ရုံးချုပ်မှ တာဝန်ရှိသူများ နှင့် အကြိမ်ကြိမ် ညှိနှိုင်းဖြေရှင်းခဲ့ပါသည်။ သို့သော်လည်း မိမိတို့ တောင်းဆိုချက်များမှ အချို့ကို ဆောင်ရွက်ပေးမည်ဟု နှုတ်ကတိဖြင့်သာ ပြောဆိုခဲ့ပြီး FoodPanda (မြန်မာ) ရုံးချုပ်ဖက်မှ အကောင်အထည်ဖော်ခြင်း အလျဥ်းမရှိခဲ့ပါ။
ထို့အပြင် ယခု အချိန်ကဲ့သို့ အဖက်ဖက်မှ ကျပ်တည်းနေပြီး ကုန်စျေးနှုန်းများ မြင့်မားနေသည့် ကာလ၌ပင် ယခင်ကထက် အခြေခံပို့ဆောင်ခ အော်ဒါကြေးများ လျော့ချခေါင်းပုံဖြတ်ခြင်း၊ တင်းကြပ်လွန်းသည့် စည်းကမ်းချက်များထုတ်ပြန်ခြင်း၊ တိကျမှု မရှိသည့် (Auto-System) ဆော့ဝဲစနစ်ဖြင့် Riderများအပေါ် ထိန်းချုပ်ခြင်းများဆက်တိုက်သလို ဖိနှိပ်ထိန်းချုပ်လာခဲ့ပါသည်။ ထို့သို့ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းတို့ကြောင့် ပို့ဆောင်သူ Riderများအနေဖြင့် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် ဇွန်လ ၆ရက် နေ့မှစ၍အောက်ပါ တောင်းဆိုချက် (၈)ချက်နှင့်အတူ မိမိတို့၏ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများ ပြန်လည်မရရှိမချင်း “အလုပ်မဆင်းသပိတ်” ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သုိ့ပါသောကြောင့် စားသုံးသူ မိဘပြည်သူများအနေဖြင့်ကျွန်တော်တို့ Foodpanda rider လုပ်သားများနှင့်အတူ ရပ်တည်ရန် အနူးအညွတ် ပန်ကြားအပ်ပါသည်။
စားသုံးသူမိဘပြည်သူများအနေဖြင့် (၁) FoodPanda အက်ပလီကေးရှင်းမှ မှာယူစားသုံးခြင်း မပြုခြင်းဖြင့်သော်လည်းကောင်း၊ (၂) မိမိတို့ဖုန်းအတွင်းမှ FoodPanda အက်ပလီကေးရှင်းအား ဖြုတ်ချဖျက်ပစ်ခြင်းဖြင့်သော်လည်းကောင်း၊ (၃) အက်ပလီကေးရှင်းကို Bad review ရေးသားခြင်းဖြင့် သော်လည်းကောင်း ဆောင်ရွက်၍ FoodPanda ပို့ဆောင်သူRiderများနှင့်အတူ သပိတ်တွင် ပူးပေါင်း ပါဝင်ပေးစေလိုပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။
Foodpanda နှင့် လက်တွဲလုပ်ဆောင်နေကြသည့် ဆိုင်ရှင်များအနေဖြင့်လည်း သပိတ်စတင်သည့် ဇွန် (၆) ရက်နေ့မှ စတင်ကာ Foodpanda အက်ပလီကေးရှင်းကို ပိတ်ထားခြင်းဖြင့် ကျွနု်ပ်တို့ Foodpanda riderများနှင့်အတူ ပူးပေါင်းရပ်တည်ပေးပါရန် အနူးအညွတ် တောင်းဆိုအပ်ပါသည်။
ကျွနု်ပ်တို့၏ တောင်းဆိုချက်များမှာ -
၁။ ပစ္စည်းပို့ဆောင်လျှင်ရရှိသော လုပ်အားခငွေအား အနည်းဆုံး (၆၇၀) ကျပ်မှစတင်၍ ပို့ဆောင်ရမည့် ခရီးအကွာအဝေးပေါ်မူတည်ကာ တိုးမြှင့်ပေးရန်၊ အဆင့်သတ်မှတ်ချက်နှင့် အညီတိုးမြှင့်ပေးရန်။
၂။ ပို့ဆောင်နေသော Rider အလုပ်သမားများကို ကွန်ပျူတာ ဆော့ဖ်ဝဲ စနစ်ဖြင့် ထိန်းချုပ်နေသော တင်းကျပ်လွန်းသည့် စည်းကမ်းချက်များကို လျော့ချပေးရန်။
၃။ Riderများ အလုပ်ချိန်အတွင်း ထိခိုက်မှု တစုံတရာရှိခဲ့လျှင် Riderများ၏ ထိခိုက်နစ်နာမှုအပေါ် ကုမ္ပဏီဖက်မှ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ တာဝန်ယူဆောင်ရွက်ပေးရန်။ (ယခင်တွေ့ဆုံညှိနှိုင်းမှုအပြီး ပြင်ပအာမခံကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ကာ Riderများအနေဖြင့် မိမိငွေကြေးဖြင့် မိမိ အာမခံဝယ်ရန် စီစဥ်ပေးမှုအား လက်မခံပါကြောင်း သိစေအပ်ပါသည်။)
၄။ Rider များသည် မိမိတို့ ကိုယ်ရေးကိုယ်တာများကြောင့် အလုပ်နားလိုလျှင် ကုမ္ပဏီဖက်မှ သတ်မှတ်ထားသောအလုပ်ချိန်အတွင်းမှ ရက်သတ္တပတ် (၁) ပတ်လျှင် တစ်ရက်အလုပ်ချိန်မယူပဲ အပြည့်အဝနားခွင့်ရရှိရန်။
၅။ Rider များ သွားရောက်ပို့ဆောင်သည့် ခရီးအကွာအဝေး သတ်မှတ်ရာ၌ လမ်းကြောင်းြပ မြေပုံအား Google Map ဖြင့်တိုင်းတာပေးရန်နှင့် သယ်ယူရသည့် အကွာအဝေး တွက်ချက်မှုအား Google Map အပေါ်အခြေခံရန်။
၆။ ကုမ္ပဏီဘက်မှ ပြောင်းလဲမှု တစုံတရာပြုလုပ်ပါက မည်သည့်အကြောင်းအရာဖြစ်ေစ Rider များ ကြိုတင်သိရမည့် အကြောင်းအရာများကို Riders များသိရှိစေရန် ရုံးဖက်မှ တရားဝင် သတ်မှတ်ထားသော Social Media နှင့် Telegram Channelများမှ ရက်သတ္တပတ် (၁) ပတ် ကြိုတင်၍ တရားဝင် ထုတ်ပြန်ကြေညာပေးရန်။
၇။ Riderများ အနေဖြင့် အကြောင်း တစုံတရာ ဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ ဖြေရှင်းနိုင်ရေး အတွက် ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ်နိုင်ရန် (Hotline Phone) နံပတ်တစ်ခုထားရှိပေးရန်။
၈။ ပို့ဆောင်သူRiderများအား Foodpanda rider သက်သေခံကဒ် ထုတ်ပေးရန်။
မြန်မာနိုင်ငံလုံးဆိုင်ရာ FoodPanda ပို့ဆောင်သူ Rider များ
"Foodpanda rider များနှင့် အတူတကွ ရပ်တည်ပေးကြပါစို့"
Federation of General Workers Myanmar - FGWM
သန်လျင် သားဖွားသင်တန်းကျေင်း ကျောင်းသားများ သမဂ္ဂ