11/05/2022
စစ်အာဏာရှင်တို့ဖွင့်လှစ်သော
ကျောင်းများတွင် တက်ရောက်မည့် ၂၀၁၉အောင် ပထမနှစ်နှင့်
၂၀၂၀အောင် ပထမနှစ် ကျောင်းသား၊ကျောင်းသူများကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း
တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂမှထုတ်ပြန်
တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ
၂၀၁၉အောင်ပထမနှစ်နှင့် ၂၀၂၀အောင်ပထမနှစ်
ကျောင်းသား၊ကျောင်းသူများထံ အသိပေးခြင်း
ကြေညာချက်အမှတ် - ၁/၂၀၂၂
နေ့စွဲ-၁၀/၅/၂၀၂၂
စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာလာခဲ့ပြီဖြစ်သော်လည်း
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDMကြောင့် စစ်ကောင်စီယန္တရားအား ကောင်းစွာမလည်ပတ်နိုင်သည်မှာ
ယနေ့အချိန်ထိပင်ဖြစ်ပါသည်။
မလည်ပတ်နိုင်သော စစ်ကောင်စီယန္တရား၏ တစ်စိတ်တစ်ဒေသဖြစ်သော ပညာရေးကဏ္ဍတွင်မူ
အရည်အချင်းမပြည့်ဝသူများ၊ တိုးဝှေ့ခြင်းကိုဝါသနာပါကြသောသူများဖြင့်သာ စစ်ကောင်စီယန္တရား လည်ပတ်လျက်ရှိပေသည်။
တရားမဝင် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏အာဏာကို အဓမ္မလုယူပြီးချိန်မှစ၍ အကြမ်းဖက်နှိမ်နင်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ယနေ့ထိ ကျူးလွန်လျက်ရှိပေသည်။ စစ်အာဏာရှင်တို့၏ လူမဆန်စွာ နှိမ်နင်းသတ်ဖြတ်မှုများကြောင့် ကျောင်းသားလူငယ်များ၊ ဆရာ၊ဆရာမများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ နေ့စဥ်နှင့်အမျှ ဆုံးရှုံးနေခဲ့ရပါသည်။
သို့ဖြစ်ပါ၍ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက်သွင်းရန်ကြိုးစားနေသော စစ်အာဏာရှင်တို့၏ ယန္တရားများတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြဘဲ CDMersများနှင့်အတူ အဆုံးထိ ဆက်လက်တိုက်ပွဲဝင်ပေးကြပါရန် အသိပေးတောင်းခံအပ်ပါသည်။
ထို့ပြင် တရားမဝင်အကြမ်းဖက်စစ်ကောင်စီမှ ဖော်ဆောင်သောပညာရေးသည် လုံးဝ တရားမဝင်သည်ဖြစ်ရာ
စစ်အာဏာရှင်တို့ဖွင့်လှစ်သော ကျောင်းများတွင် တက်ရောက်မည့် ၂၀၁၉အောင် ပထမနှစ်နှင့် ၂၀၂၀အောင် ပထမနှစ် ကျောင်းသား၊ကျောင်းသူများကိုလည်း အကျွန်ုပ်တို့ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂမှ လုံးဝ(လုံးဝ) အသိအမှတ်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ