15/03/2018
ဒီတစ်ပတ် ညွှန်းချင်တာကတော့ ကျောင်းသားကျောင်းသူများအတွက် ဆိုရှယ်မီဒီယာ သုံးပုံသုံးနည်းပါ။ Facebook, YouTube အစရှိတဲ့ social media များခေတ်စားလာတဲ့အခါ မကောင်းဘူး မသုံးကြနဲ့လို့ ပြောဖို့ထက် ဘယ်လိုအကျိုးရှိအောင် သုံးနိုင်ကြောင်း ညွှန်ပြထားတဲ့ သင်ခန်းစာပဲဖြစ်ပါတယ်။ ပညာသင်ကြားရေးမှာ ဆိုရှယ်မီဒီယာကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ social media tools အချို့ နဲ့ မိတ်ဆက်ပေးထားပြီး သတင်းအချက်အလက်ရှာဖွေတဲ့အခါ ဘယ် website မျိုးသုံးသင့်တယ်ဆိုတာ သင်ပြထားတာမျိုး၊ တစ်ကမ္ဘာလုံးက စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ပညာရပ်ဆိုင်ရာ အချက်အလက်တွေ ဆွေးနွေးဖလှယ်ချင်တယ်ဆိုရင် ဘယ်လို website မျိုးကိုအသုံးပြုပါလို့ ညွှန်ပြထားတာမျိုး၊ သုတေသနနဲ့ ပညာရပ်ဆိုင်ရာ သတင်းတွေကို အချိန်နဲ့တပြေးညီသိနိုင်ဖို့ရာ ဘယ်လိုလုပ်ပါလို့ လမ်းညွှန်ထားတာမျိုးတွေ ပါဝင်တဲ့ ကျောင်းသားကျောင်းသူများအတွက် The student guide to social media ပဲဖြစ်ပါတယ်။
Social media tools တွေအသုံးပြုတဲ့အခါ ကျောင်းသားကျောင်းသူများအနေနဲ့ လုပ်သင့်တဲ့အရာ မလုပ်သင့်တဲ့အရာ (dos and don'ts) များကို သိရှိပြီး အကျိုးရှိရှိအသုံးပြုနိုင်ဖို့ Tool တစ်ခုချင်းကို မိတ်ဆက်ပေးတဲ့နေရာမှာ What is it? Why Use it? Using it Well, Next Steps ဆိုတဲ့ ခေါင်းစဉ်ငယ်များခွဲခြားပြီး ဒီ tool ကဖြင့် ဘာဖြစ်ပါတယ်။ ဘာကြောင့်သုံးသင့်ပါတယ်။ ပညာလေ့လာသင်ယူရာမှာ ဘယ်လိုအကျိုးများအောင်သုံးနိုင်ပါတယ်ဆိုတာပြောပြထားပြီး အသုံးပြုချင်တယ်ဆိုရင် account ပြုလုပ်ပုံပြုလုပ်နည်းကစလို့ dos and don'ts များနဲ့ တဆင့်ချင်း ရှင်းပြထားပါတယ်။
ဒါအပြင် ကျောင်းသားတွေကိုယ်တိုင် ပညာရေးအတွက် ဘယ်လိုအသုံးပြုနေတယ်ဆိုတဲ့ video လည်းပါပါသေးတယ်။ ဥပမာအားဖြင့် သူတို့အတန်းတက်ပြီဆိုရင် Facebook group လုပ်ထားပြီး essay နဲ့ assignment အတွက် အချင်းချင်း တိုင်ပင်ကြတယ်။ မေးခွန်းတွေမေးကြတယ်။ ဖတ်ထားတဲ့ စာတွေကို comment ပေးရင်းငြင်းခုံတာ၊ ဆွေးနွေးတာလုပ်ကြပါတယ်တဲ့။ Facebook chat သုံးပြီး discussion လည်းလုပ်ကြပါတယ်တဲ့။ YouTube ထဲက video ကြည့်ပြီးတဲ့အခါ critical thinking နဲ့ ဘယ်လိုဝေဖန်ဆုံးဖြတ်မလဲ၊ ပညာရပ်ဆိုင်ရာ YouTube channel ကိုဘယ်လိုသွားရမလဲဆိုတာမျိုးလည်း ပါပါတယ်။ linkedin, academia.edu နဲ့ အခြား tools တွေအကြောင်းလည်း ပါပါတယ်။ Social media tools တွေကိုအကျိုးရှိရှိသုံးနိုင်ရန် ဒီသင်ခန်းစာလေးကို ဖတ်ကြည့်လိုက်ဖို့ တိုက်တွန်းချင်တာပါ။
University of Manchester, Skills@Library, University of Leeds and the University of York Library တို့ ပူးပေါင်းရေးသားထားတဲ့ The student guide to social media ကို eTekkatho digital library ရဲ့ Special Collections ထဲက My Learning Essentials မှာထည့်သွင်းထားပါတယ်။ စိတ်ပါဝင်စားသူများ eTekkatho တပ်ဆင်ထားတဲ့ စာကြည့်တိုက်တွေမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။