08/10/2023
တောင်ကျောင်းကြီး သမိုင်းအကျဉ်း
တောင်တွင်းကြီးမြို့သည် အင်းဝခေတ်ကတည်းက ပေလေးပင် ရှင်လေးပါးအပါအဝင် ကျမ်းတတ်ပေတတ်ပညာရှင်အများအပြား ပေါ်ပေါက်ခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့ပါသည်။ ထိုခေတ်ကပင် ကန်တော်မင်းကျောင်း၊ နတ်မီလင်းကျောင်း (နတ်မှီကျောင်း) စသော လောကုတ္တရာစာပေ၊ ပရိယတ္တိသင်ကြားပို့ချသော
စာသင်တိုက်ကြီးများရှိခဲ့သလို လောကဓါတ် ပညာသင်ကျောင်းများလည်း ရှိခဲ့ပါသည်။ ထို့နောက်ခေတ်များတွင် မိုးထိ၊ နေရှင်နယ်၊ ရတနာဒေဝီ စသောကျောင်းများတွင် ဆရာတော်ကြီးများ ဦးဆောင်၍ တိုင်းရင်းမြန်မာ အထက်တန်းကျောင်းများ ရှိခဲ့သည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းမှာမူ ဆရာကြီးဦးငယ်
လက်ထက်၌ အလယ်တန်းကျောင်းဖြစ်ခဲ့ပြီး ၁၉၃၀ ခုနှစ်မှ အင်္ဂလိပ်-မြန်မာအထက်တန်းကျောင်း Govermment Anglo Vernacular High School အဖြစ် ပေါ်ပေါက်လာခဲ့ပါသည်။
အထက်တန်းကျောင်းဖွင့်စ ပထမဆုံး ကျောင်းအုပ်ဆရာကြီးမှာ ဦးကောင်း MA.London (1930-32) ဖြစ်ပါသည်။ အထက်တန်းကျောင်းဖြစ်လာအောင် ကြိုးပမ်းကြသူများမှာ ဦးစိန်ထွန်း (လေယာဉ်ပျံပွဲရုံ) နှင့် ဦးဘညွန့်တို့ဖြစ်ပါသည်။ ထိုစဉ်က အမတ်ဖြစ်သော TPS ဦးကိုကြီးအား တောင်းပန်၍ မြို့မိမြို့ဖများ၏
အကြံဥာဏ်အား ငွေးအားရယူကာ ကြိုးပမ်းခဲ့ကြပါသည်။ ပညာမင်းကြီး မစ္စတာဘာကရေးက ပညာရေးဝန်ကြီး ဦးဘရင်နှင့် တိုင်ပင်ညှိနှိုင်းပြီး အထက်တန်းကျောင်းဖွင့်ခွင့်ပေးသဖြင့် ၁၉၃၀ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ပါသည်။
ထိုခေတ်က ဆရာ ဆရာမများမှာ ဦးအုန်းသန်း၊ မစ္စတာဘတ်ချာချီ၊ ဦးဘမောင်၊ ဦးဘိုးရင်၊ ဦးဘသင်၊ ဦးထွန်းနိုင်၊ ဦးစိန်၊ ဆရာမ ဒေါ်သိန်း၊ ဒေါ်နှင်းမြိုင်၊ ပန်းချီဆရာဦးဘရွှေ၊ ဦးကွန့်၊ ဂျေသန့်ကြီး မိုးပီတာ စသည်တို့ဖြစ်ပါသည်။ ဆရာများမှာ ရှေးခေတ်ဝတ်စားဆင်ယင်မှုအတိုင်း ဒူးထိ ပိတ်ဘောင်းဘီပေါ်တွင်
တောင်ရှည်ပုဆိုး၊ ရင်ဖုံးအကျီ င်္၊ တိုက်ပုံ၊ ခေါင်းပေါင်းများဖြင့် မြန်မာ့အစဉ်အလာအတိုင်းဝတ်ဆင်ကြပြီး ဆရာမများမှာ အရင်ဖုံးအကျီ င်္ ဘီးဆံထုံးလက်ပွအကျီ င်္နှင့် ထမီရောင် လှလှများ ဝတ်ဆင်လေ့ရှိပါသည်။ ဆရာဦးကွန့်မှာ ရောင်ထုံးနှင့်ဖြစ်၍ ပိုးပုဝါ ခေါင်းပေါင်းလေ့ရှိပါသည်။ လန်ဒန် MA ဘွဲ့ရ ကျောင်းအုပ်ဆရာကြီး
ဦးကောင်းကမူ ဥရောပဝတ်စုံ အဝတ်များပါသည်။
ဆရာ၊ ဆရာမများသည် သင်ကြားရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းသာယာရေး၊ ဗလငါးတန် ဖွံ့ဖြိုးရေး စသော ကျောင်းလုပ်ငန်းအဝဝတွင် လိုအပ်သည်မရှိအောင် တက်တက်ကြွကြွ စည်းစည်းလုံးလုံး လုပ်ဆောင်ခဲ့ကြပါသည်။
ပထဝီအသင်း၊ ရာဇဝင်အသင်း စသည်တို့ရှိပြီး ဆရာမကြီး ဒေါ်သိန်း၏ ဦးဆောင်မှုဖြင့် ရာဇဝင်အသင်းက တောင်တွင်းကြီးမြို့၏ အရှေ့ဘက် ငွေဖို၊ မန္တလေး စစ်ကိုင်းစသည့် ဒေသများသို့ လေ့လာရေးခရီးများထွက်ခဲ့ကြပါသည်။ ဦးဘရွှေကလည်း ကျောင်းသားများကို ပန်းချီပညာသင်ပေးပြီး တစ်ခါတစ်ရံ
(outdoor) ပြင်ပရှုခင်းမြင်ကွင်းများကို ထွက်ရေးဆွဲစေပါသည်။
ကျောင်းအုပ်ဆရာကြီး ဦးကောင်းကိုယ်တိုင် တင်းနစ်ကစားပြီး တပည့်များကို လေ့ကျင့်သင်ကြားပေးပါသည်။ ကျောင်းသူများကို ဆရာမဒေါ်သိန်းက ကြက်တောင်နှင့် ပိန်ပေါင်ရိုက်နည်းများ သင်ပေးပါသည်။ ဆရာမဒေါ်နှင်းလှိုင်က မိန်းကလေးများ တတ်အပ်သော ဇာထိုး၊ ပန်းထိုး၊ အပ်ချုပ်ပညာများသင်ကြားပြီး
ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်ဟု သိရပါသည်။
ကျောင်းမဂ္ဂဇင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်ထုတ်ဝေခဲ့ရာ ဆရာကြီးဦးဘမောင်၊ ဆရာပီတာ၊ ဆရာထွန်းနိုင်တို့က တည်းဖြတ်ခဲ့ကြပါသည်။ နှစ်စဉ်လိုလို ထုတ်ဝေနိုင်ခဲ့သည်ဟု ဆိုပါသည်။
စစ်ကြိုခေတ်က ကျောင်းအဆောက်အဦးမှာလည်း နှစ်ထပ်အုတ်ခံကျောင်းဆောင်ကြီးဖြစ်ပြီး လေဝင်လေထွက်ကောင်း၍ ကျယ်ဝန်းသပ်ရပ်သန့်ရှင်းပါသည်။ လှေကားနှစ်စင်းရှိ၍ ဘေးပတ်လည်တွင် ကော်ရစ်တာ စင်္ကြန်လမ်းရှိပါသည်။ ယခုခေတ် မြိ့မကျောင်းနေရာ၌ဖြစ်၍ ကျောင်းဝန်းအတွင်း၌ပင် တန်းနစ်ကွင်း
ကြက်တောင်ကွင်း၊ ပရယ်ဘား၊ ဆင်ဂင်ဘားစသည်တို့ရှိပါသည်။
ဆရာကြီးဦးကောင်းပြောင်းရွှေ့သွားပြီးနောက် မစ္စတာအိုင်စီ ဖာနန်းဒက်ဇ် ရောက်ရှိလာပါသည်။ မူလအားကစားနည်းများအပြင် ဟော်ကီ နှင့် ခရစ်ကတ်ကစားနည်းများကိုပါ သင်ကြားလေ့ကျင့်စေပါသည်။
၁၉၃၃ ခုတွင် ရောက်ရှိလာသော ကျောင်းအုပ်ဆရာကြီး မစ္စတာအယ်လ်ထင်အိမ်မှာ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဘီအေဘွဲ့ယူပြီး ပညာတော်သင်အဖြစ် စကော့တလန် အီဒင်ဘရာတက္ကသိုလ်မှ ပညာရေးဒီပလိုမာဘွဲ့ ရရှိခဲ့သူဖြစ်ပါသည်။ ယင်းဆရာကြီးလက်ထက်တွင် ကင်းထောက်လုပ်ငန်းများ တိုးချဲ့စီမံခဲ့ပါသည်။
၁၉၃၆ မှ ၃၈ အတွင်း ကျောင်းအုပ်ဆရာကြီးမှာ မစ္စတာလိုဘိုဖြစ်၍ အားကစား အထူးအားပေးခဲ့ပါသည်။ အထူးသဖြင့် ဘောလုံးတွင် စီနီယာ၊ ဂျူနီယာ၊ ဂျူနီယာ့ဂျူနီယာ ဟု အဆင့်များခွဲကာ ပြိုင်ပွဲများ ကျင်းပပေးခဲ့ပါသည်။
၁၉၃၈ ခုနှစ်တွင် ဆရာကြီး ဦးဘသန်းတင့် ရောက်ရှိလာပါသည်။ ယင်းဆရာကြီးလက်ထက်တွင် မူလရှိပြီး ကျောင်းလုပ်ငန်း အစီအမံများအပြင် ကျောင်းကပွဲများ တင်ဆက်ဖျော်ဖြေမှုတို့ ရှိလာပါသည်။ အိုင်ယာလန်ထီပေါက်သော ဆရာဦးဘသင်က လျှပ်စစ်မီးစက်ဝယ်ပြီး မြို့ကို လျှပ်စစ်မီးပေးခဲ့ပါသည်။
၁၉၄၂ ခုမှ ၁၉၄၅ ခုကာလသည် ဒုတိယကမ္ဘာစစ်ကာလ ဂျပန်တို့ ခေတ္တအုပ်စိုးသော ကာလဖြစ်ခဲ့သည်။ စစ်ဘေးစစ်ဒဏ်ကြောင့် အထက်တန်းကျောင်းဆောင်ကြီးလည်း ပျက်စီးခဲ့ရသည်။ ယင်းကာလအတွင်း စာသင်ကျောင်းများ အခြေတကျ တည်တည်ငြိမ်ငြိမ် ရပ်တည်သင်ကြားနိုင်ခြင်းမရှိခဲ့ကြောင်း လေ့လာသိရှိရသည်။
၁၉၄၆-၄၇ တွင် ဆရာကြီးဦးထွန်းနိုင်သည် တောင်တွင်းကြီးမြို့နယ် ဂါးဘားမန့်ကျောင်းခေါ် အစိုးရအထက်တန်းကျောင်းဟောင်း၏ တောင်ဘက်လမ်းရုံးကလေးတွင် မူလတန်းကျောင်းအဖြစ် စတင်သင်ကြားပေးပါသည်။ တဖြည်းဖြည်းကျောင်းသားများလည်းတိုးလာ ဆရာများလည်း တိုးလာသဖြင့် မြို့မိမြို့ဖများနှင့် တိုင်ပင်ကာ
အထက်တန်းကျောင်းနေရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။
ပေါင်လုံးခန့် မျှောတိုင်ထူ၊ ဝါးအရှင်ထိုး သက်ကယ်မိုး ဝါးထရံ ခါးပြတ်ကာ၍ တဲသာသာကျောင်းကလေး စတင်ပေါ်ပေါက်လာပါသည်။ နေ့လည်ပိုင်းတွင် မန်ကျည်းပင်ရိပ်အောက် သစ်တုံးများပေါ်တွင် သင်ခဲ့ကြရပါသည်။ စစ်အတွင်းက ပြိုပျက်ခဲ့သော အဆောက်အဦးများမှ ကျောက်တုံးများကို စာရေးခုံအဖြစ် အသုံးပြုခဲ့ကြရပါသည်။
ထိုခေတ်က ကျောင်းကို State Large Primary School နိုင်ငံတော် မူလတန်းအကြီးစားကျောင်းအဖြစ် ထူထောင်ခဲ့ကာ ဆရာဦးထွန်းနိုင်က ကျောင်းအုပ်ဖြစ်ပါသည်။
ထိုစဉ်က ဆရာ၊ ဆရာမများမှာ ဦးသာတင့်၊ ဦးစံတင်၊ ဦးထွန်းရှိန်၊ ဦးဘမောင်၊ ဦးကျော်၊ ဆရာမနော်အီဗာ စသည်တို့ဖြစ်ပြီး မေတ္တာ၊ စေတနာ၊ ဝါသနာအရင်းခံကာ မိမိသိက္ခာရလိုမှုအဓိကမထားဘဲ ကျောင်းသူ၊ ကျောင်းသားများ ပညာတက်စေရေးအတွက် ကြိုးပမ်းခဲ့ကြရာ ချီးကျူးမကုန်နိုင်ဖွယ် ဖြစ်ပါသည်။
ထို့နောက်တွင်မှ State Post Primary High School ဟုခေါ်သော အထက်တန်းကျောင်းကြီး တစ်ဖန်ဖြစ်ပေါ်လာပြန်ပါသည်။ ကျောင်းအုပ်ဆရာကြီးများမှာ
ဦးမူ (၁၉၄၆/၄၇)
မစ္စတာရာမာဆွာမိ (၁၉၄၇/၄၈)
ဦးမူ (၁၉၄၈/၅၅)
ဦးစိန်တင် (၁၉၅၅/၅၈) တို့ဖြစ်ပါသည်။
စစ်ပြီးခေတ်တွင် ကျောင်း၏ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပြန်လည်ထူထောင်ရာ၌ ဆရာကြီးဦးမူသည် ခေါင်းဆောင်ပီသလှသည်။
ဆရာကြီးဦးမူအနေနှင့် ဆရာမပြည့်စုံမှုကို အလယ်တန်းပြဆရာများအား အထက်တန်းသင်နိုင်အောင် အားပေးကူညီခဲ့ခြင်းဖြင့် ဖြေရှင်းခဲ့ပါသည်။ အဆောက်အဦးပရိဘောဂများ မပြည့်စုံသည်ကို ကျောင်းကပွဲများဖြင့် ရန်ပုံငွေရှာဖွေဆောင်ရွက်ခဲ့သည်။
(ကုသိုလ်လည်းရ ဝမ်းလည်းဝ) ဆိုသကဲ့သို့ တပည့်တို့၏ အနုပညာဗီဇကိုလည်း မြေတောင်မြှောက်ပေးရာရောက်၊ ရန်ပုံငွေလည်းရခဲ့ပါသည်။ ရသမျှ ရန်ပုံငွေနှင့် မြေစိုက်ဆောင်များ မွမ်းမံခြင်း၊ သွပ်မိုးခြင်း၊ ပရိဘောဂများဖြည့်တင်းခြင်းတို့ ဆောင်ရွက်ခဲ့သည့်။ ဆရာကြီးကိုယ်တိုင် သမိုင်းသင်ပြရာ၌ သင်ပုန်းကြီးပေါ်တွင် ရောင်စုံမြေဖြူဖြင့်
စစ်ချီ စစ်တက်ပုံများ မြှားဖြင့်ပြ၊ ခုနှစ်များ ရေးချ၊ စစ်ချီ စစ်တက်ပုံကို အားမာန်ကြွကြွဖြင့် ပြောဟောသင်ပြရာ ကျောင်းသူ၊ ကျောင်းသားတို့ တစ်ခါတည်း စွဲမြဲမှတ်မိသွားစေသည်။း သမိုင်းသင်ပြမှု အထူးပါရမီသော ဆရာကြီးတစ်ဦးပါ။ The Golden Gate စာအုပ်ပါ ကဗျာများသင်ရာတွင်လည်း တပည့်တို့ စွဲမြဲအောင် ရသခံစားမှုဖြင့် တတ်ကျွမ်းစေပါသည်။
ဆရာကြီးဦးမူလက်ထက် ဆရာ၊ ဆရာမများမှာ ဦးထွန်းမြိုင်၊ ဦိးသာတင့်၊ ဦးအောင်သိန်း၊ ဦးဘရှိန်၊ ဦးတင်ဦးကြီး၊ ဦးအုန်း၊ ဦးတင်ဦးလေး၊ ဦးစံတင့်၊ ဦးဟန်ဆိုင်၊ ဦးအုန်းမောင်၊ ဆရာချစ်၊ ဆရာသော်၊ ဦးဘိုးအောင်၊ ဦးမူလေး၊ ဦးအောင်ကြည်၊ ဦးလော၊ ဦးဌေးမြင့်၊ ဦးဘနောင်၊ ဦးဘမူ၊ ဦးညွန့်၊ ဦးလေးမောင်၊ ဦးစိုးမြင့်၊ ဆရာမ ဒေါ်တင်ရီ တို့ဖြစ်ပါသည်။
ဆရာကြီးဦးမူသည် ဘက်စုံပညာရေးကို ထိုခေတ်ကပင် ဦးဆောင်အကောင်အထည်ဖော်ခဲ့သူဖြစ်ပါသည်။ ကိုယ်တိုင် အားကစားဝါသနာပါရုံမက ပတ္တလားတီးပြီး အနုပညာလည်း လိုက်စားပါသည်။ ပန်းချီကိုလည်း ဦးဘရွှေအားသင်ကြားစေ၍ အားပေးခဲ့ပါသည်။ သင်ထောက်ကူပစ္စည်းများအပြင် ဘုရားကားပုံတော်ကြီးတစ်ချပ်မှာ ဆရာကြီးဦးဘရွှေ၏
လက်ရာမွန်အဖြစ် လွမ်းမောဖွယ် ရှိနေပါသေးသည်။
၁၉၅၅ တွင် ဆရာကြီးဦးစိန်တင်ရောက်လာပါသည်။ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ရှင်သန်စေပြီး သင်ကြားရေးကို ဖိဖိစီးစီး ဆောင်ရွက်စေပါသည်။ ဆရာကြီးကိုယ်တိုင် အင်္ဂလိပ်စာကို (၁၀) တန်းအခန်းများတွင် သင်ကြားပေးပါသည်။
၁၉၅၈ ဆရာကြီးဦးကြည် လက်ထက်တွင် ပထမဆုံး၊ လူရည်ချွန် မောင်ကျစ်မောင် ပေါ်ထွက်ခဲ့ပါသည်။ စက်မှုလက်မှုကျောင်း၊ စိုက်ပျိုးရေးကျောင်းဟုခွဲခြားလာသောအခါ အ-ထ-က (၁) သည် စိုက်ပျိုးရေးကျောင်း ဖြစ်လာသည်။ စိုက်ပျိုးရေးသင်ဆရာမှာ ဆရာ ဦးဘနောင်ဖြစ်ပါသည်။ ဆရာသည် အင်္ဂလိပ်စာကိုလည်း အထူးကျွမ်းကျင်သဖြင့်
တပည့်များ၏ အင်္ဂလိပ်စာအခက်အခဲကို များစွာဖြေရှင်းပေးနိုင်သည်။ ထူးခြားချက်တစ်ရပ်မှာ နှစ်စဉ်ဇူလိုင်လတွင် ကောက်စိုက်ပြိုင်ပွဲ ကျင်းပပေးခြင်းဖြစ်သည်။ အတန်းလိုက်စိုက်၊ စိပ်စိပ်စိုက်ခြင်း၊ အကွာအဝေးညီခြင်းတို့အပေါ် အကဲဖြတ်၍ ဆုများချီးမြှင့်ပါသည်။ ယင်းနေ့တွင် အတန်းများချက်ပြုတ်စားသောက်ခြင်း ၊ အဆိုအကအတီးတို့ဖြင့် ပျော်ရွှင်စည်းလုံးစွာ ဆင်နွဲခြင်းတို့ပြုပါသည်။
ဆရာကြီးဦးကျော်ညွန့်လက်ထက်တွင် အသင်း (၄)သင်းခွဲကာ အားကစား၊ စာပေ၊ စိုက်ပျိုးရေး၊ သန့်ရှင်းသာယာရေးတို့ကို အပြိုင်အဆိုင်လုပ်စေပါသည်။ ပန်ခြံကို အပီပြင်ဆုံးပြုစုနိုင်၍ ကလေးများအတွက် ဒန်းလေးစင်၊ လျှောစင်များ ပြုလုပ်ပေးခဲ့သည်။ ထနောင်းပင်များကိုလည်း စီတန်း၍ စိုက်ခဲ့ပါသည်။
၁၉၆၇ တွင် ဆရာကြီးဦးမြဆောင် ရောက်လာပါသည်။ ကျန်းမာရေးအခြေအနေအရ ကြာကြာအမှုမထမ်းနိုင်ခဲ့ပါ။ ထို့နောက် ဆရာကြီးဦးခင်မောင်အေးက ခေတ္တတာဝန်ခံကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ရပြီး ဆရာကြီးဦးလှတင်ရောက်ရှိလာပါသည်။ ၁၉၆၈ မှ ၁၉၇၂ အထိ တာဝန်ထမ်းသွားပါသည်။
ဆရာကြီးဦးလှတင်သည် ဘောလုံးဝါသနာကြီးပါသည်။ ကျောင်းဘောလုံးအသင်းကို ဦးအောင်ဥာဏ်ရောက်လာပါသည်။ ဆရာကြီးဦးဥာဏ်လက်ထက်တွင် မကွေးတိုင်းအတွင်း ထိပ်တန်းမှ နေရာယူနိုင်သော ကျောင်းအဖြစ်တိုးတက်လာပါသည်။ စာပေသာမက အားကစားဘက်တွင်လည်း ထူးခြားစွာအားပေးခဲ့ပေရာ မကွေးတိုင်းကိုယ်စားပြု
ဘောလီဘောမောင်မယ်များစွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ဆရာကြီး၏လမ်းညွန်မှု၊ ဆရာဦးတိုးလှိုင်၏ နည်းပြကွပ်ကဲမှုဖြင့် အေးချို၊ ဝမ်းဖေ၊ သိန်းဌေး၊ စိုးလွင် စသော ကျားဘောလီဘောသမားများ၊ ကြူကြူဝေ၊ သန်းသန်းမြင့်၊ သန်းသန်းအေး၊ မမြညွန့်တို့ကဲ့သို့သော ဘောလီဘောမယ်များ ပေါ်ပေါက်ခဲ့ပါသည်။ ဆရာကြီးသည် မြို့နယ်ပညာရေးမှူးတာဝန် ပူးတွဲ
ထမ်းဆောင်ခဲ့ရကာ မြို့နယ်အတွက် မကွေးတိုင်းမှ အားကစားဒိုင်းများကို အများဆုံးရအောင် ဦးဆောင်နိုင်ခဲ့သူဖြစ်ပါသည်။ ဘောလီဘောသာမက ပြေးခုန်ပစ်၊ ကြက်တောင်၊ ပိန်ပေါင်စသော ကစားနည်းများအတွက်ပါ ဒိုင်းဆုများ ဆွတ်ခူးနိုင်ခဲ့ပါသည်။ လူရည်ချွန် သုံးထပ်ကွမ်း၊ လေးထပ်ကွမ်းများဖြစ်သော အောင်ကျော်မြင့်၊ ဇော်ဝေစိုးတို့ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
၁၉၇၉ - ၈၀ တွင် ရွှေရတုအခမ်းအနား ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ ဆရာကြီးအငြိမ်းစားများကို ပူဇော်ကန်တော့ပွဲလည်း ပြုလုပ်ခဲ့ပါသည်။ ဆရာကြီးဥာဏ်၏ ဦးဆောင်မှုကောင်း၍ အောင်မြင်ခဲ့ပါသည်။
၁၉၈၂ တွင် ဆရာကြီးဦးသန်းမောင်သည် ကျောင်းအုပ်ဆရာကြီးဖြစ်လာပြီး ဆရာကြီးဥာဏ်က ပညာရေးမှူးသီးခြားဖြစ်သွားပါသည်။ ဆရာကြီးဦးသန်းမောင်သည် ဘာသာရေးအထူးကိုင်းရှိုင်းသူဖြစ်၍ အေးအေးဆေးဆေးနေတတ်သူ ဖြစ်ပါသည်။ ၁၉၈၄ တွင် ဆရာကြီးရာထူးတိုးမြှင့် ပြောင်းသွားသောအခါ ဆရာကြီးဦးသိန်းတုပ် ရောက်လာပါသည်။
ဆရာကြီးဦးသိန်းတုပ်လက်ထက်တွင် ထနောင်းရင်ခွင် ကဗျာစာအုပ်တစ်အုပ် ကျောင်းစာကြည့်တိုက်မှ ထုတ်ဝေနိုင်ခဲ့သည်။ ယင်းစာကြည့်မှ လုပ်အားပေးကျောင်းသား မောင်ကျော်စိုးထွန်းမှာ ယခုအခါ ဆရာဇင်ယော်နီဟူ၍ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားနေသော စာရေးဆရာတစ်ဦးအဖြစ်အောင်မြင်နေပါပြီ။ မနောမယဂျာနယ်၊ မဟာမြိုင်မဂ္ဂဇင်း၊ မနောကြာဖြူ
မဂ္ဂဇင်းတို့၏ အယ်ဒီတာပင် ဖြစ်နေချေပြီ။
၁၉၉၁ တွင် မြို့ခံဆရာတစ်ဦးဖြစ်သော ဦးမြင့်သန်းက ကျောင်းအုပ်ဆရာကြီးအဖြစ်ရောက်လာပါသည်။ ကိုယ်တိုင်သင်္ချာထူးချွန်သူဖြစ်၍ (၁၀)တန်းခန်းများကို ဆရာကြီးကိုယ်တိုင် သင်္ချာသင်ပေးပါသည်။ ဆရာကြီးလက်ထက်တွင် ပညာရည်ချွန်များ ပေါ်ထွက်ရုံသာမက ဘက်စုံပညာရေးလည်း အောင်မြင်ခဲ့ပါသည်။
ဆရာကြီး ဦးမြင့်သန်း အနားယူသွားသောအခါ ဆရာကြီးဦးသောင်းညွန့် (၁၉၉၆ - ၂၀၀၄) ရောက်လာပါသည်။ ဆရာကြီးဦးသောင်းညွန့်လက်ထက်တွင် စည်းကမ်းကောင်းမွန်ခြင်း အောင်ချက်ကောင်းမွန်ခြင်းတို့အတွက် အ - ထ - က (၁) ၏ အရှိန်အဝါ ပိုမိုတိုးတက်လာပါသည်။ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ ပေါ်ပေါက်လာ၍ ယင်းအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်
သင်ကြားမှု အထောက်အကူပြု စာသင်ခန်းများ ခေတ်နှင့် အညီ ဖန်တီးဖွင့်လစ်နိုင်ခဲ့ပါသည်။ ဘုရားခန်းကို သန့်ရှင်းလှပစွာ မွန်းမံပြင်ဆင်နိုင်ရုံသာမက စာကြည့်တိုက်ကိုလည်း အသစ်သီးခြားတည်ဆောက်ကာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ စိန်ရတုအခမ်းအနား ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဗဟိုကော်မတီနှင့် ဆပ်ကော်မတီ အရပ်ရပ်ကို စတင်ဖွဲ့စည်းပေးခဲ့ပါသည်။
ထို့နောက် ဆရာကြီးဦးမြင့်ကြူက ခေတ္တတာဝန်ခံကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ရပြီး ဆရာကြီးလှရှိန်ရောက်ရှိလာပါသည်။
၂၀၀၄ ခုနှစ် ဆရာကြီးဦးလှရှိန်လက်ထက်တွင် စိန်ရတုအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထူးအာရုံထားကာ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဌတာဝန်ယူလျက် စဉ်ဆက်မပြတ် ကြီးကြပ်စီမံလျက်ရှိသဖြင့် ၂၀၀၅ ခုနှစ်အတွင်း ကျောင်း၌ (၇၅) နှစ်ပြည့် စိန်ရတုသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ဆရာကြီးဦးလှရှိန်လက်ထက်တွင်
ကျောင်းကြီးတွင် မာရသွန်ပြိုင်ပွဲများ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကို ကျောင်းသား၊ ကျောင်းသူများနှင့် အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဆရာကြီးဦးစန်းမြင့်သည် ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ဆရာကြီးဦးစန်းမြင့်လက်ထက်တွင် စိန်ရတုအခန်းအနားကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ စိန်ရတုအခန်းအနားကြီးသို့ ကျောင်းကြီး၏ ပထမဆုံးကျောင်းသားဖြစ်သော ရဲမင်းကြီး ဦးဘအေး နှင့် ဒေါက်တာဇော်ဝေစိုး၊ ရဲမှူးကြီးတင်အေး တို့တက်ရောက်ခဲ့ပါသည်။
ရဲမှူးကြီးတင်အေးက ဆရာ၊ ဆရာမ များအား သီချင်းဆိုပြိုင်ပွဲကျင်းပပေးရာ ဆရာကြီးဦးဝင်းမောင် က ဒိုင်သူကြီးအဖြစ်ဆောင်ရွက်ခဲ့ပါသည်။
၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ဆရာမကြီးဒေါ်ယဉ်ယဉ်မြင့်သည် ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ဆရာမကြီးသည် ကျောင်းကြီးတွင် လပိုင်းမျှသာ တာဝန်ထမ်းဆောင်သွားခဲ့ပါသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆရာကြီးဦးအောင်မှ ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ဆရာကြီးဦးအောင် လက်ထက်တွင် စိန်ရတု ကျောင်းဆောင်သစ်ကို ဆောက်လုပ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆရာမကြီးဒေါ်နွဲ့နွဲ့ဆွေ မှ ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၄ ခုနှစ်မှ ယနေ့အထိ ဆရာမကြီး ဒေါ်သန္တာမြင့်သည် ကျောင်းအုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ဆရာမကြီး ဒေါ်သန္တာမြင့်လက်ထက်တွင် အထက(၁) ကျောင်းတော်ကြီးတွင် (၃)ထပ်ဆောင်ကြီး နှင့် ကျောင်းအားကစားကွင်းများနှင့်တကွ အဘက်ဘက်မှ ပြုပြင်မွန်းမံမှုများကို ပြုလုပ်လျှက်ရှိပါသည်။
ဆရာဦးဟန်စိန် ၏ဆောင်းပါးကို ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။
ကျောင်းသားဟောင်းတစ်ဦး