Written by Juno

Written by Juno

Share

Peaceful✨

27/11/2023

အမေ့ခေါင်းပေါ်ကစစ်လေယာဉ်ပျံသွားတော့
အမေကလှမ်းကျိန်တယ်။
ဒီစစ်ခွေးတွေအမြန်သေကြပါစေတဲ့။
ကျွန်တော်အမေ့ကိုစေ့စေ့ကြည့်ပြီး
အမေ့သားကြီးလည်း စစ်တိုက်နေတာနော်
အမေကျိန်သလို အဲ့လေယာဉ်ပေါ်မှာပါတဲ့
စစ်သားတွေရဲ့အမေတွေဟာလည်း
အမေ့သားကြီးကိုကျိန်နေလောက်မှာနော် လို့
မေးလိုက်တယ်။
အမေ ခဏတော့ငြိမ်သွားပါရဲ့။
ပါးပြင်မှာမျက်ရည်တွေကိုကျနော်မမြင်အောင်
ခိုးသုတ်ပြီးပြောရှာတယ်။
အမေ့သားကြီးကအမေ့သား
သူများသားကသူများသား။
အမေ့သားအသက်ရှင်ကျန်ရစ်ပြီးစစ်ပွဲ
အောင်နိုင်ဖို့ပဲလိုတယ် တဲ့လေ။
ဘယ်မလဲအမေနာထားတဲ့တရားတွေ။
ဘယ်မလဲ အမေမနက်တိုင်းပို့သတဲ့မေတာသုတ်။
တကယ်တော့အမေဟာ ဥသိုလ်နေ့တိုင်းသီလယူပြီး
ငါးပါးသီလတောင်လုံအောင်မထိန်းနိုင်သေးပေ။
သေချာတာကတော့
ဘယ်အမေမှဒီစစ်ပွဲကိုမလိုလားကြပါ။

🌧️ 27.11.23

26/11/2023

စောင့်ဆိုင်းရခြင်းတွေမှာ
အချိန်ကန့်သတ်ချက် ရှိပါသလား။
စောင့်နေတာသိရင်ကော
ပြန်လာတတ်ပါသလား။

26.11.23

15/11/2023

ဒီနိုင်ငံမှာလူမဖြစ်ချင်ဘူးလို့
တခါမှမညီးခဲ့ဖူးဘူး။
ဒီနိုင်ငံကငါတို့အတွက်ပြီးပြည့်စုံတာထက်ကိုပိုအောင်ဖန်တီးပေးထားပြီးသား။
လူတွေပဲ လူမဆန်တာလုပ်ချင်လုပ်မယ်။
အမုန်းတွေ၊အာဃာတတွေနဲ့ပြည့်ချင်လည်း
ပြည့်နှက်နေလိမ့်မယ်။
ဒါက‌လူ့ဘောင်ပဲ။
တရားသောမြေဆိုတာဒီလောကမှာမရှိခဲ့ဖူးဘူး။
‌အကောင်းချည်းပဲလိုချင်ကြလို့တော့ဘယ်ရမလဲ။
အမှားကိုအမှန်ပြင်ကြရမယ်။
မတရားမှုတွေကိုတရားအောင်ပြုပြင်ရမယ်။
အို...မကောင်းတဲ့အရာမှန်သမျှကိုကောင်းအောင်ဖန်တီးကြဖို့ လူဖြစ်လာတည်းကငါတို့မှာ
တာဝန်တခုအနေနဲ့ပါလာပြီးသား။
ဒါကိုရင်မဆိုင်နိုင်ရဲကြဘဲရေသာခိုအချောင်ခိုပြီး
အရိပ်ရတဲ့နေရာမှာချည်းနေချင်ကြလို့မရဘူး။
မင်းလည်းအရိပ်လိုချင်တဲ့သူ
ငါလည်းအရိပ်လိုချင်တဲ့သူဆိုရင်
အရိပ်ရဖို့သစ်ပင်ဘယ်သူစိုက်နေမှာလဲ။
ဒီတိုင်းထွက်ပြေးနေကြလို့တော့နေကပူနေအုံးမှာပဲ။
ငါတို့ကိုယ်တိုင်ဖန်တီးမှငါတို့အနာဂတ်လှမှာ။
ငါတို့အနာဂတ်လှဖို့သူများဖန်တီးနေတာကို
မကူညီရုံအပြင်
ဒီနိုင်ငံမှာလူမဖြစ်ချင်ကြဘဲအော်အော်ပြီးထွက်ပြေးချင်တဲ့လူတွေ ရှက်ဖို့ကောင်းတယ်။
ဒီလောက်လောကဓံလေးကိုမှရင်မဆိုင်နိုင်ရင်
လူမလုပ်နဲ့တော့ တခါတည်းthat thayလိုက်ကြ။
ဒါမှမဟုတ်လည်း အthayလေးမွေးလာကြရမှာ။
လူဖြစ်ရင်တော့အနည်းဆုံးလူ့တာဝန်လူ့သမိုင်း
ကျေပွန်ရတယ်ကွ။

08/11/2023

မောင် ဖောက်ပြန်နေပြီဆိုတဲ့ အကြောင်း သူကိုယ်တိုင် ဝန်ခံလာတုန်းက ကျွန်မ ထင်ထားတာထက် အများကြီး တည်ငြိမ်နေခဲ့ပါတယ်။ ကြိုသိနေတဲ့ ကိစ္စရယ်တော့ မဟုတ်ပေမဲ့ အရာရာကို ပုံသေမတွက်ထားခဲ့တာက ကျွန်မရဲ့ အသက်ရှူနိုင်စရာ အကြောင်း ဖြစ်ခဲ့မယ် ထင်ပါတယ်။

မောင့်ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူးလား ဆိုရင်တော့လည်း မမှန်ကန်သလို၊ တစ်သက်လုံး သစ္စာရှိသွားပါလိမ့်မယ်လို့လည်း မမျှော်မှန်းထားခဲ့ပါဘူး။

ဒီလိုနဲ့ သုံးနှစ်ကျော်ကြာပြီးတဲ့နောက်မှာ မောင်ဟာ ဒီဝန်ခံချက်ကို ပြုလုပ်ခဲ့တယ်။ ရိုးရိုးလေးပဲ။ စကားလှလှအနေနဲ့ သုံးနှုန်းပါတယ်။

"မောင် သစ္စာမဲ့မိပြီ" တဲ့။

ကျွန်မ အများကြီး ပြန်မပြောခဲ့ဘူး။
"အပြင်မှာ ခဏတွေ့ရအောင်၊ နောက်ဆုံးအနေနဲ့ပေါ့"

သစ္စာမဲ့ခံလိုက်ရတဲ့ ကျွန်မဟာ သူ့ကို ကျေနပ်အောင် ရိုက်တာပဲ ဖြစ်ဖြစ်၊ တစ်ခုခုပေါ့၊ ကျွန်မ စိတ်တိုင်းကျ သူ့ကို တစ်ခုခု လုပ်နိုင်ဖို့အတွက် မောင်က ကျွန်မနဲ့ လာတွေ့ဖို့ကို သဘောတူခဲ့ပါတယ်။

စတွေ့ထဲကလည်း ပြုသမျှနုမဲ့ အသွင်နဲ့ မောင်က ပြောလာတယ်။

"ဘာလုပ်ချင်သလဲ။ မောင် အားလုံး ခံယူပါ့မယ်။ စိတ်ကျေနပ်တဲ့အထိ ရိုက်ချင်လည်း ရိုက်ပါ"

ဒါပေမဲ့ ဘာလုပ်ချင်သလဲ လို့မောင်မေးလာတဲ့အခါ ကျွန်မ
လက်ကိုင်ထားချင်တယ် လို့ပဲ ဖြေဖြစ်ခဲ့ပါတယ်။

"နောက်ဆုံးအနေနဲ့ မောင့်လက်တွေကို ကိုင်သွားချင်တယ်"

နဝေတိမ်တောင်နဲ့ မောင်က ခေါင်းငုပ်ထားရာကနေ မော့ကြည့်တယ်။

"မောင် မသိလို့၊ ကျွန်မက မောင့်ရဲ့ ဒီလက်တွေကို အရမ်းကိုသဘောကျတာ။ အခြားလူလက်ထဲ ဒီလက်တွေကို မထည့်ပေးလိုက်ရခင်မှာ ကျွန်မ နောက်ဆုံးအနေနဲ့ တဝကြီး ကိုင်သွားချင်သေးတယ်လေ မောင်"

စကားစပြတ်ခဲ့ပါတယ်။ စတွေ့ထဲကနေ ညနေ လမ်းမခွဲသွားခင်အထိ ကျွန်မတို့ဆိတ်ငြိမ်စွာထိုင်ရင်း လက်တွေကို ဆုပ်ကိုင်ထားခဲ့ကြတယ်။ ဒီထက်မှန်တာ ပြောရရင်တော့ ကျွန်မက....မောင့်လက်ကို ကိုင်ထားခဲ့တယ်။

မှတ်မိသလောက် ကျွန်မတို့ရဲ့ပထမဆုံး date မှာ အရင်စလက်ကမ်းပေးသူက ကျွန်မပဲ ဖြစ်မှာပါပဲ။ အရင်ထဲက သဘောတကျ ရှိခဲ့ဖူးတဲ့ လက်ချောင်းရှည်ရှည်ကလေးတွေ ဖြစ်လို့ လက်ဝယ်ဆုပ်ကိုင်ဖို့အတွက်ကို ကျွန်မ အရမ်း ဆန္ဒစောခဲ့မိသလားလို့။

ဘာမှ မပတ်သက်ကြခင် အချိန်ထဲက .... Lecture ချိန်တွေမှာ ဘောပင်တစ်ချောင်းနဲ့ အလုပ်များရင်း note လိုက်မှတ်နေတတ်တဲ့ အဲ့ဒီလက်ချောင်းရှည်ကလေးတွေကို ကျွန်မဟာ ရေတွက်လို့မနိုင်တဲ့အထိကို ခိုးကြည့်ခဲ့ဖူးတယ်။

ဂီတာတီးတဲ့ အခါမှာ အဲ့ဒီလက်ချောင်းကလေးတွေက ညင်သာဟန်ဆင်တတ်ပြီး၊ ဘတ်စကတ်ဘော ကစားတဲ့အခါတွေမှာတော့ အနည်းငယ် တက်ကြွနေ သဏ္ဍာန်ပါပဲ။ ဒါပေမဲ့ ကျွန်မ လက်ကို ဆုပ်ထွေးလာပေးတဲ့ အခါတွေကတော့ သဘောအကျရဆုံးပဲပေါ့။

ဖုန်းနဲ့ Game ကစားနေရင်လည်း ကြည့်ကောင်းပြီး၊
ကားမောင်းနေရင်လည်း ကြည့်ကောင်းတယ်။
ကျွန်မ ဖုန်းထဲမှာ မောင့်ပုံတွေထက် မောင့် လက်ချောင်းပုံတွေကပဲ ပိုများပါလိမ့်မယ်။

ပိုင်ဆိုင်ပြီးသွားတဲ့ နောက်မှာတော့ အဲ့ဒီလက်ချောင်းရှည်ကလေးတွေက လက်သည်းကြည်ကြည်ကလေးတွေ ရှည်လာတိုင်း ကျွန်မသာ ဖြတ်ထုတ်ပေးဖြစ်ခဲ့တယ်။ ဒီ သုံးနှစ်အတွင်းမှာ မောင်ဟာ ဘယ်တုန်းကမှ သူ့လက်သည်းသူ ညှပ်လေ့မရှိတော့။ ရှည်လာတိုင်း ကျွန်မ ဆီသာ ထိုးအပ်ခဲ့တယ်။

မောင့်လက်ချောင်းရှည်လေးတွေကို သဘောကျတယ်။
မောင့် လက်သည်းကြည်ကြည်လေးတွေကို သဘောကျတယ်။
တယုတယ ဆုပ်ထွေးလိုက်ရတာကစလို့၊
တမြတ်တနိုး ဖိအပ်နမ်းရှိုက်ခွင့်ရတာကိုလည်း မက်မောပါတယ်။

အခုတော့ ဒီလက်ချောင်းရှည်ကလေးတွေကို တစ်ပါးသူလက်ထဲ လွှဲပြောင်းထည့်ပေး လိုက်ရတော့မယ်ပေါ့...

"မောင်၊ ကျွန်မတို့ပထမဆုံး လက်ကိုင်ခဲ့တဲ့ အချိန်ကို မောင် မှတ်မိလား။"
"........"
"အဲ့တုန်းက လက်ကလေး ကိုင်တာတောင်မှ ကျွန်မတို့နေရခက်ခဲ့တယ်နော်"
"........"
"ကျွန်မက အရင် လက်ကမ်းပေးခဲ့တာ မဟုတ်လား"
"အင်"
"ပြီးတော့ မောင်က လာဆုပ်ထွေးပေးခဲ့တယ်။"
"........"
"ကျွန်မ လက်ကို သေးသေးလေးပဲလို့လည်း မောင် ပြောခဲ့သေးတယ်လေ၊ ဟုတ်တယ် မဟုတ်လား"
"........."
"နောက်တော့ တခဏကြာတော့ ကျွန်မတို့လက်တွေ ချွေးထွက်လာကြရော"
"........."
"ဒါက သုံးနှစ်တောင် ကြာခဲ့ပြီတဲ့လား"

အဲ့ဒီနေ့က နေသာတယ်။
ကိုယ်ချင်းယှဉ်လို့နှစ်ဦးသား လမ်းလျှောက်ခဲ့ကြတယ်။
First Date မှာ တစ်ယောက်နဲ့တစ်ယောက် ရှိန်နေခဲ့ကြပါတယ်။
လက်တွေချင်း မထိမိအောင်တောင် အပြန်အလှန် သတိထားနေခဲ့ကြတယ်။

မောင်က သုံးကြိမ်မြောက် သူ့ဂုတ်ပိုးသူ လက်နဲ့ ပွတ်သပ်ပြီး ရယ်လိုက်တဲ့နောက်မှာ အချင်းချင်း ပွတ်သပ်နေတဲ့ ကျွန်မရဲ့ လက်တွေထဲက တစ်ဖက်ဟာ မောင့်ရှေ့ကို ရောက်သွားတယ်။

"လက်... ကိုင်လို့ရတယ်"

မောင်ဟာ နေရခက်ခြင်းတစ်ဝက်၊ ရယ်မြူးခြင်းတစ်ဝက်နဲ့ ရယ်ချပြီး ကျွန်မ လက်ကို သူ့လက်ချောင်းရှည်တွေနဲ့ လာရောက် ဆုပ်ထွေးခဲ့တယ်။
အဲ့ ခဏပါပဲ။
အဲ့ခဏမှာ အဲ့လက်ချောင်းရှည်တွေကို ပိုင်ဆိုင်ခွင့်ရခြင်းဟာ ကျွန်မကို ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရခဲ့သလားလို့တောင် ထင်မှတ်မှားစေခဲ့တာပဲ။ ကိုယ်အကြာကြီး သဘောကျခဲ့ရတဲ့ အရာတစ်ခုကို နောက်ဆုံး လက်ဝယ် ပိုင်ဆိုင်လိုက်ရတဲ့ ခံစားချက်ပဲ။

ဒါပေမဲ့ သဘောအကျကြီး ဖြစ်ရပါသော၊ ကိုယ် မကြာခဏ ငေးကြည့်ရတတ်ပါသော ရတနာတစ်ခုကို ပိုင်ဆိုင်လိုက်ရခြင်းက၊ တကယ်တမ်းမှာ ကျွန်မကို ပျော်ရွှင်မှု တစ်ခုထဲ ပေးခဲ့တာတော့ မဟုတ်ဘူး။ စိုးထိတ်မှုကိုလည်း တစ်ပါထဲ ဆောင်ယူခဲ့ပါတယ်။

အဲ့ထဲက ဖြစ်လိမ့်မယ်။ အဲ့ထဲက ကျွန်မဟာ တစ်ခါထဲ ပြင်ဆင်ထားခဲ့တယ်။ တစ်နေ့ ဒီလက်ချောင်းရှည်ကလေးတွေကို လက်လွှတ်ပေးလိုက်ရမဲ့ နေ့အတွက်ကို....

တသိမ့်သိမ့် တုန်ယင်စွာနဲ့ နေသားမကျတဲ့ လက်ချောင်းတွေကို အချင်းချင်း လိမ်ယှက် ရှုပ်ထွေးစေလို့၊ လမ်းတွေ အကြာကြီး လျှောက်ခဲ့တဲ့ နေ့အစထဲက၊ ချွေးတွေထွက်လာတာတောင် အချင်းချင်း မလွှတ်ချခဲ့တဲ့ လက်ဆုပ်ကလေးတွေ စတင်ခဲ့တဲ့ အချိန်ထဲက....
ပိုင်ဆိုင်လိုက်ရတဲ့ အရာတစ်ခုကို နောင်တစ်ချိန် ဆုံးရှုံးရဖို့အတွက် ကျွန်မ တစ်ခါထဲ ပြင်ဆင်ထားခဲ့တယ်။

"ကဲ... သွားတော့"

နှုတ်ဆက်စကားနဲ့ အတူတကွ သဘောကျရပါသော လက်ချောင်းရှည်တွေကို ကျွန်မ လွှတ်ချပေးလိုက်တယ်။

"မောင် သွားလို့ရပါတယ်။"
သည့်တိုင်အောင် မောင်က အားနာဟန်နဲ့ တွန့် ဆုတ်နေဆဲပဲ။
ကျွန်မလက်ထဲကနေ အခုထိ မစွန့်ခွာသွားသေးတဲ့ ဒီလက်ချောင်းကလေးတွေကို ဆွဲယူလိုက်ပြီ မနမ်းရှိုက်မိအောင်လို့ကျွန်မ စိတ်တင်းထားတယ်။ ဒီလောက်အထိတော့ ကျွန်မ မရှုံးနိမ့်ချင်ဘူး။

"ကျွန်မ မောင့်ကို အပြစ်မတင်ပါဘူး။ ဒါကြောင့် သွားပါ။ အခြားလူလက်ထဲ ကိုယ်တိုင်ထည့်ပေးလိုက်ဖို့အထိတော့ ကျွန်မ မတတ်စွမ်းပေမဲ့ လွှတ်ပေးလိုက်ဖို့ကိုတော့ ကျွန်မ တတ်နိုင်ပါတယ်။"

အစထဲက ဒီလက်ချောင်းကလေးတွေကို တစ်သက်လုံး ပိုင်ဆိုင်သွားရလိမ့်မယ်လို့ကျွန်မ မမျှော်လင့်ထားခဲ့ဘူးလေ။

"လက်သည်းတွေ ရှည်နေပြီပဲ"

အနည်းငယ် စွန်းထွက်နေတဲ့ သူ့လက်သည်းတွေကို ငုပ်ကြည့်ပြီး မောင်က ဆိုတယ်။

"မောင် လက်သည်းတောင် ညှပ်တတ်ပါ့တော့မလား မသိဘူး။"
"......."
"မောင် ဒီအတိုင်း မသွားဘဲ နေလိုက်ရမလား။ အဲ့လက်တွေက မင်းလက်တွေလောက် မနွေးထွေးရင် ဘယ်လို လုပ်မလဲ။"

သုံးနှစ်။
ခက်ခဲခြင်း မှန်သမျှ လက်ချင်း တင်းတင်းဆုပ်လို့ကျော်လွှားခဲ့ကြတယ်။
ဝမ်းနည်းခြင်းသမျှ တစ်ယောက်လက်တစ်ယောက် ထွေးပေးလို့နှစ်သိမ့်ခဲ့ကြတယ်။
အန္တရာယ်မှန်သမျှကိုလည်း လက်တွေ ဆန့်ထုတ်ပြီး တစ်ယောက်တစ်ပြန် ကာကွယ်ပေးခဲ့ကြပါတယ်။

ဒီလက်တွဲထဲမှာ အတိတ်ရှိပြီး၊ ဒီလက်တွဲထဲမှာ ဆက်သွားလိုခဲ့တဲ့ အနာဂတ်တွေ ရှိခဲ့ကြတယ်။

အချိန်တိုင်း၊ နေရာတိုင်းမှာ အတူလိမ်ယှက် ဆုပ်ကိုင်ခဲ့တဲ့ လက်တွေဟာ ဒီမျှလောက် လွယ်လွယ် အချင်းချင်း မစွန့်ခွာသွားလိုတဲ့ ပုံပါပဲ။

အကြာကြီး တိတ်ဆိတ် ငြိမ်သက်နေပြီးတဲ့ နောက်မှာမှ မောင်က အရင်ထတယ်။

"သွားတော့မယ်။"
"အင်"
"မဆွဲထားတော့ဘူးလား"
"အင်"
"........"
"ဒီအစား နှစ်ခုပဲ တောင်းဆိုချင်တယ်။"
"ပြောပါ"

ငုပ်ကြည့်နေတဲ့ မောင့်မျက်လုံးတွေထဲကို အရင် မော့ကြည့်လိုက်ပြီးမှ ပြောလိုက်ပါတယ်။

"ပြတ်ပြတ်သားသား ထွက်သွားပေး။ မတွန့် မဆုတ်ဘဲနဲ့ ။"
"........."
"ပြီးတော့၊ ဘယ်တော့ မှ ပြန်မလာပါနဲ့"
".........."

မောင်က လေကို ရှိုက်သွင်းပြီး မျက်လုံးကို မှိတ်ချတယ်။
ဒီပုံစံကြောင့်ပဲ မောင့်ကို အသာလေး ခပ်ဖွဖွ ပြုံးပြလိုက်ပြီး၊

"အများကြီး သဘောကျတာကို သိတယ် မဟုတ်လား။ အကယ်လို့မောင်ကသာ ပြန်လာရင် ကျွန်မ သေချာပေါက် မောင့်ကို ပြန်လက်ခံမိလိမ့်မယ်။ လက်ခံမိမှာပဲ။ ဒါကြောင့် မောင်ကပဲ ကူညီပေးပါလား။"
".........."
"ပြန်မလာပါနဲ့တော့"

ကောင်းပြီ လို့မောင် ပြောလိုက်တယ် ထင်ပါတယ်။
သဘောကျဖူးတဲ့ လက်ချောင်းကလေးတွေကို လွှတ်ချလို့ကျွန်မတို့ကျောခိုင်းလိုက်ကြတယ်။

အဲ့နောက်မှာပဲ ထွက်ခွာလာတဲ့ ခြေလှမ်းတွေနောက် လမ်းခွဲခြင်း အမှတ်စဉ်တွေကို ရေတွက်ပါတယ်။
တစ်မှတ်...... ၊
နှစ်မှတ်..... ၊
သုံးမှတ်...... ၊
............
............
.............

Want your school to be the top-listed School/college in Sittwe?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Sittwe