27/11/2023
အမေ့ခေါင်းပေါ်ကစစ်လေယာဉ်ပျံသွားတော့
အမေကလှမ်းကျိန်တယ်။
ဒီစစ်ခွေးတွေအမြန်သေကြပါစေတဲ့။
ကျွန်တော်အမေ့ကိုစေ့စေ့ကြည့်ပြီး
အမေ့သားကြီးလည်း စစ်တိုက်နေတာနော်
အမေကျိန်သလို အဲ့လေယာဉ်ပေါ်မှာပါတဲ့
စစ်သားတွေရဲ့အမေတွေဟာလည်း
အမေ့သားကြီးကိုကျိန်နေလောက်မှာနော် လို့
မေးလိုက်တယ်။
အမေ ခဏတော့ငြိမ်သွားပါရဲ့။
ပါးပြင်မှာမျက်ရည်တွေကိုကျနော်မမြင်အောင်
ခိုးသုတ်ပြီးပြောရှာတယ်။
အမေ့သားကြီးကအမေ့သား
သူများသားကသူများသား။
အမေ့သားအသက်ရှင်ကျန်ရစ်ပြီးစစ်ပွဲ
အောင်နိုင်ဖို့ပဲလိုတယ် တဲ့လေ။
ဘယ်မလဲအမေနာထားတဲ့တရားတွေ။
ဘယ်မလဲ အမေမနက်တိုင်းပို့သတဲ့မေတာသုတ်။
တကယ်တော့အမေဟာ ဥသိုလ်နေ့တိုင်းသီလယူပြီး
ငါးပါးသီလတောင်လုံအောင်မထိန်းနိုင်သေးပေ။
သေချာတာကတော့
ဘယ်အမေမှဒီစစ်ပွဲကိုမလိုလားကြပါ။
🌧️ 27.11.23