24/09/2026
ကလေးတွေ မူကြိုကျောင်း မသွားချင်ကြတာ ဘာကြောင့်လဲ။
သားသားမီးမီးလေးတွေ ကျောင်းမသွားချင်လို့ ဂျီကျတဲ့အခါ မိဘရောဆရာပါစိတ်မကောင်းဖြစ်ကြရပါတယ်။
မူကြိုကျောင်း မသွားချင်ရတဲ့ အဓိကအကြောင်းရင်းတွေက ဘာတွေဖြစ်မလဲဆိုတာရှာဖွေပြီး ဘယ်လိုလုပ်ပေးသင့်တယ်ဆိုတာ ဒီဆောင်းပါးလေးကနေတစ်ဆင့် မျှဝေလိုက်ပါတယ်။
၁။ ကလေး ၃ နှစ်နဲ့ ၄ နှစ်ကြား အရွယ်တွေမှာ အဖြစ်အများဆုံးကတော့ အိမ်နဲ့မခွဲချင်တာပါ။ ပထမရက်တွေမှာကတည်းက ငိုတဲ့ကလေးလေးတွေရှိသလို ကစားစရာသစ်၊ ဆရာမသစ်နဲ့ ပျော်ပြီး တပတ်
လောက်ကြာမှ ငိုတဲ့သူလည်းရှိပါတယ်။ အိမ်နဲ့ ခွဲရပြီဆိုပြီး စိုးရိမ်မှု၊ စိတ်ဖိစီးမှုဖြစ်လာတာပဲဖြစ်ပါတယ်။ ကျောင်းမှာတနေ့ကုန် အဆင်ပြေနေပြီး အိမ်ရောက်မှ ပေါက်ကွဲတတ်သူလေးတွေလည်းရှိပါသေးတယ်။ (ချမ်းမြေ့မေတ္တာမူကြိုက သားသားမီးမီးတို့တုန်းကရော ဘယ်လိုငိုခဲ့ကြလဲ😍)
၂။ နောက်တချက်ကတော့ အိမ်မှာဆိုရင် အရာရာ မိဘက ကူလုပ်ပေးပါတယ်။ ဒါပေမဲ့ မူကြိုမှာတော့..
- ကိုယ်တိုင်စားရမယ်
- ကိုယ်တိုင်အိမ်သာတက်ရမယ်
- အင်္ကျီ၊ဘောင်းဘီ၊ဖိနပ်ကိုယ်တိုင်ဝတ်/ချွတ်ရမယ်
- ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းရမယ်
- အမြဲတမ်း အားလုံးနဲ့တန်းတူနေရမယ်
- စည်းကမ်းအတိုင်း လိုက်နာရမယ်
ဒါလေးတွေကိုအသားကျဖို့ အချိန်ယူရတဲ့အချိန်မှာ ကျောင်းမပျော်လာသေးပါဘူး။
၃။ ကလေးတိုင်း ဂျီကျတာက စိုးရိမ်စိတ်ကြောင့် မဟုတ်ပါဘူး။ တချို့က ပျင်းလာကြတာပါ။ ကလေးက "ကျောင်းက ပျင်းစရာကြီး၊ နေ့တိုင်း အတူတူပဲ" လို့ ထင်လာပြီးလည်း မပျော်တတ်ပါဘူး။
ဒါဆိုကျောင်းမသွားချင်တဲ့စိတ်လေး လျော့လာအောင်ဘယ်လိုလုပ်ပေးသင့်လဲ။
၁။ ကလေးဂျီကျတဲ့အခါ "ဘာလို့ မသွားချင်တာလဲ”လို့မေးမယ့်အစား “ ကလေးမသွားချင်တာဖေဖေသိတာပေါ့" “အင်းပေါ့ ကလေးကအိမ်မှာပဲ ဆော့ချင်နေသေးတာ” “ မေမေနဲ့ မခွဲချင်တာသိတာပေါ့” စသဖြင့် ကလေးရဲ့ခံစားချက်ကို အရင်ဆုံးလက်ခံပေးလိုက်ပါ။
၂။ကလေးစိတ်ကလေး လုံခြုံမှုရှိသွားအောင် ကျောပိုးအိတ်ထဲမှာ ဓာတ်ပုံလေးတွေ၊ အရုပ်လေးနဲ့အကြိုက်ဆုံးတစ်ခုခု ထည့်ပေးထားပါ။
၃။ မိဘတွေစိတ်ပူနေရင် ကလေးကလည်း စိတ်ဖိစီးပါတယ်။ ငိုတဲ့ကလေးတော်တော်များများမှာ မိဘတွေ ထွက်သွားပြီးမိနစ်ပိုင်းအတွင်း ပျော်ပျော်ရွှင်ရွှင် ကစားတတ်ကြပါတယ်။
၄။ နံပတ်(၁)မှာပြောခဲ့သလို ကလေးရဲ့ခံစားချက်လေးကို အရင်လက်ခံပြီးတာနဲ့ ကလေးလေး မသွားချင်မှန်း မေမေသိတာပေါ့ ဒါပေမဲ့ ဒီနေ့က ကျောင်းတက်ရမယ့်ရက်ဆိုပြီး စည်းကမ်းထားပါ။
နောက်ဆုံးအနေနဲ့ မျှဝေချင်တာကတော့ …
သားသားမီးမီးတို့တွေ မူကြိုမသွားချင်တာဟာ ပြောင်းလဲမှုလေးတွေ၊ ခွဲခွါရတာတွေ၊ သူတို့မျှော်လင့်ထားသလို အမြဲတမ်းဆော့မနေရတာလေးတွေနဲ့ မိဘနဲ့ခွဲရတာ အကြာကြီးဖြစ်နေတာလေးတွေကြောင့် ဖြစ်လာတဲ့ခံစားချက်လေးတွေကို တုံ့ပြန်နေတာဖြစ်ပါတယ်။
ဒါလေးတွေကိုနားလည်ပေးလိုက်ရင် လပိုင်းအတွင်းမှာပဲ ကျောင်းပျော်တဲ့ကလေးလေးအသွင်ပြောင်းလဲသွားပါလိပ်မယ်။
#ချမ်းမြေ့မေတ္တာမူကြို