Win Shwe Yee

Win Shwe Yee

Share

Phonics Teacher, English Creative Writing Teacher, Teacher Trainer, Mentor, School Founder & Owner, Author

27/04/2026

ပူသမှ သိပ်ပူ
အိမ်ရှေ့ပူ
အိမ်နောက်ပူ
အိပ်ယာထဲလည်းပူ

ရပ်ပူ
သွားပူ
အိပ်လည်းပူ

သေသူ ရှင်သူ
အားလုံးပူ

အပူပျောက်ဖို့
အို… ဆာယာ

ကိုယ်တွင်းအေးဖို့
အို… ဆာယာ။

ဝိုင်းတီချာ (၂၀၂၆ ​နွေရာသီ)

11/03/2026

မြန်မာပြည်ရဲ့ ​ပေါ်ပင်​တွေကို နဂိုတည်းက စိတ်မဝင်စားမိဘူး။ ၂၀၁၄ခုနှစ် စလုံးက (Creative Writing Teacher အဖြစ် ၆နှစ်လုပ်ပြီးပြန်လာတာ​နော်။ သိဖို့) ပြန်​ရောက်ပြီး The Greenwood Learning Centre ကိုစတည်​ထောင်​တော့ ​ပြောကြပါတယ်။ IGCSE ​တွေ ​စျေး​​ကောင်းနေတယ်။ မသင်ပါဘူး။ ဆရာရှာရခက်မယ်။ ကိုယ့်ဘာသာ Train မှာ​ပေါ့။ ကိုယ်ပိုင်အထက်တန်း​​​ကျောင်းလုပ်ဟ။ မလုပ်ပါဘူး။ YLE အတန်း​တွေထည့်ဟ။ မထည့်ပါဘူး။

အတန်းပေါင်းစုံကို သူတို့အရွယ်အလိုက် သိကိုသိသင့်တဲ့ Literature၊ Poetry၊ နှင့် အမျိုးစုံသော Writing တွေသင်ပစ်တယ်။ Narrative၊ Descriptive၊ Argumentative၊ Persuasive ၊ Expository နှင့် Formal/ Informal Letters တွေ၊ Article Writing တွေ အကုန်သင်တယ်။ ကမ္ဘာအနှံက Classic/ Modern Literature စာအုပ်မျိုးစုံဖတ်ခိုင်းတယ်။ ​ရေးလိုက်ကြရတာလည်း မနည်းမ​နော။ လိုက်လုပ်ကြတဲ့က​လေး​တွေ​တော့ ရှယ်တတ်သွားတာ။ အတန်းတွေက​တော့ ဝက်ဝက်ကွဲမအောင်မြင်ဘူး။ ချောက်တီးချောက်ချက်ရယ်… ကျောင်းသားတွေက ဘာတွေသင်မှန်းမသိဘူးဆိုတာရယ်… မိဘတွေက တီချာ့ဆီမှာလိုက်နိုင်ဖို့ အခြားမှာအရင်သွားတက်လိုက်ပါဦးမယ်ဆိုတာရယ်… ဆရာ/မတွေကလည်း စာမဖတ်နိုင်လို့ပြေးကြတာရယ်… သင်နိုင်တဲ့သူရှားလွန်းလို့ တီချာဝိုင်းအခုထိစာသင်နေတုန်းလေ။ တကယ်လိုက်လုပ်တဲ့ ဆရာမလေးတွေ တီချာဝိုင်းအတန်းလိုက်တက်ရင်း အခြားဘယ်မှာမှမတက်ပဲ IELTS BAND 7 ဆိုတာ သာသာလေးထွက်ကြတာ။ နိုင်ငံခြားမှာ ​ဆရာမ​တွေဖြစ်​နေကြတာ ဝမ်းသာစရာ။ အင်္ဂလိပ်ကို တွန့်ဆုတ်တွန့်ဆုတ်ကနေ တကယ်လိုက်လုပ်ရင်း တကယ်အောင်မြင်ကြတာလေ။

သင်္ချာတန်းတွေကိုလည်း သူ့ဘာသာဘာသင်္ချာနာမည်ကြီးလို့နေနေ အရွယ်အလိုက်လိုအပ်တာသင်စေတာ။ ဟိုစာအုပ်​လေးနဲ့သင်ပါလား။ ဒါ​လေးက​ကောင်းတယ်။ မလုပ်ပါဘူး။ သင်္ချာသည် သင်္ချာပါပဲ။ သင်္ချာကိုအမျိုးစုံခွဲတဲ့ ဒီတိုင်းပြည်လည်း အံ့ပါ့။ သို့သော် တီချာဝိုင်း​ကျောင်းမှာ သင်္ချာကို အင်္ဂလိပ်လိုသင်ခိုင်းတော့ ဆရာ/မရှာမရခဲ့ဘူး။ အင်္ဂလိပ်လိုမသင်နိုင်ကြဘူး။ သင်္ချာကို အင်္ဂလိပ်လိုရှင်းပြနိုင်ဖို့ broken English မဖြစ်ဖို့ သင်ပေးရတာ ခက်ခဲပါ၏။ Resources ​တွေအများကြီးနှင့် သင်​ပေး​သော်လည်း ထွက်ပြေးကြပါ၏။ ဆရာမလေးတယောက်တော့ Preschool ဆရာမ​လေးက​နေ training ​ပေးလိုက်တာ ဇွဲကောင်းကောင်းနဲ့ လေ့လာရှာတယ်။ သူလည်း အင်္ဂလိပ်လိုနကန်းတလုံးမသိရာကနေ အသေးစိပ်သင်လိုက်ရတာ ၁၀နှစ်ကြာတယ်။ အလုပ်ထုတ်လိုက်တာတော့ ၂နှစ်ရှိပြီ။ သူလည်း​အောင်မြင်​နေတယ်။ ဝမ်းသာစရာ။ ထားပါ​တော့။

ဘာသင်သင် နောက်ဆုံးလားရာက မမြင်နိုင်တဲ့အနာဂတ်မှာ ဘယ်တိုင်းပြည်က ကျောင်းဝင်ခွင့်စာမေးပွဲဖြစ်ဖြစ် ဖြေနိုင်ဖို့လေ။ Scholarship စာမေးပွဲတွေဖြေနိုင်ဖို့လေ။ Interview တွေဖြေနိုင်ဖို့လေ။ အရွယ်အလိုက်ဘာဖတ်ပြီးပြီးလားလို့မေးရင် Ohh Yeah! I absolutely like it./ I don't think that's my cup of tea. လို့ ခပ်ကြွားကြွားလေးဖြေနိုင်​စေချင်တာလေ။

ASEAN Scholarship အတွက် Training ​ပေး​တော့လည်း မရနိုင်ရင်မရနိုင်ဘူး ​​ပြောလိုက်တာပါပဲ။ ဒါ​တွေ ဒါ​တွေပြင်ရင်​တော့ စာ​မေးပွဲ​တော့ ​အောင်နှိုင်တယ်။ ဟို​ရောက်ရင် ပြုတ်မှာဆိုလည်း ပြုတ်ကြတာပဲ။ အင်တာဗျူးမှာ ဒီလိုမ​ပြောရင် ကျမှာ​နော်ဆိုလည်း ကျတာပဲ။ သို့​သော် ဘာ​တွေသင်လည်းလို့​မေးရင် ​​ဖြေရသိပ်ခက်တာ။ ​Singapore စာ​တွေသင်တာလား​မေး​တော့။ စင်ကာပူစာရယ်လို့လည်းမရှိဘူး။ မေးမှာ​တွေဖြေလို့ရဖို့သင်တယ်ဆို​တော့ သိပ်မကြိုက်ချင်ကြဘူး။ ကိုယ်လည်းရှင်းမပြဖြစ်။ အဲ့ဒီ့တ​ခေတ်နာမည် နည်းနည်းကြီးတယ်။ အခုအချိန်အထိ ရနိုင်တဲ့က​လေးဆိုလည်း စကားနည်းနည်း​ပြောကြည့်ပြီး ရနိုင်ရင် ထပ်သင်မ​နေပါဘူး။ ဘာ​တွေဘာ​တွေဂရုစိုက်လို့ပဲ မှာပြီး ရနိုင်တယ်... မတက်နဲ့လို့​ပြောလိုက်တာပဲ။

တီချာဝိုင်းက International School ပြောင်းဖွင့်တော့လည်း IG လိုင်းမလိုက်လို့ မိဘတွေက စိတ်မဝင်စားကြတာ အခုထိ။ American Syllabus ကိုမှ American ကလေးတွေသင်ယူနေကြ ဖတ်နေကြတဲ့ စာအုပ်တွေပါဆိုလည်း မရဘူး။ ဒါ​တွေ ဒါ​တွေနှင့် အရမ်းတိုးတက်မှာ​လေဆို​တော့ ကျွန်မတို့လိုက်မလုပ်တတ်ဖူးဆိုပြီး လစ်ကြတာ။ ဒါ​တွေမြင်ပြီး ​ကျောင်းက​တော့မခံဘူးဟဆိုပြီး ​ပြေးကြတဲ့ ဝန်ထမ်း​တွေလည်းရှိပါ့။

GED ခေတ်ရောက်တော့လည်း GED တန်းမဖွင့်ဘူးလားမေးတော့ English အတန်းတော့ရှိတယ်…ဘယ်စာမေးပွဲအတွက်မဆို အကျိုးရှိမယ်… GED ရယ်လို့ သင်တာတော့မဟုတ်ဘူး… တီချာ​ရေ နားမလည်ဘူးဆိုပြီး ထွက်ပြေးကြတယ်။ ပြောပြ ရှင်းပြရတာခက်လို့ ကျောင်းက Receptionist တွေပါစိတ်ညစ်ကြတာ။ ဒါနဲ့ Writing Classes တွေကိုတော့ IGCSE 1, 2, 3, 4 လို့နာမည်ပေးလိုက်တော့ သိပ်မရှင်းပြရ​တော့ဘူး။ သင်တာ​တော့ ကိုယ့်သင်ရိုးပဲ။

OSSD ​ခေတ်မှာလည်း မလုပ်ဖူးလား ​မေးကြ​သေးတယ်။ နိုးဆို​တော့ ဖြစ်ပါ့မလားလို့ ​မေးသူ​တွေမနည်း။

ပိုပြီးခိုင်မာတာရှာရင်း ပြီးခဲ့တဲ့ December က Singapore က ကိုယ့်စိတ်ကြိုက် IB School နဲ့ချိတ်ဖြစ်ပြီး ကိုယ့်ပရိတ်သတ်ကို ဝမ်းသာအားရ ရှင်းပြတုန်းကတော့ မျက်နှာငယ်သား။ တီချာ့ရဲ့ IB ဆိုတာကြီးက ဘာကြီးလဲပေါ့။ IB ဆိုတာ မသိပါဘူး။ ဟုတ်ရဲ့လားပေါ့။ အခုတော့ IB ​တွေဖြစ်ကုန်ကြပြီတဲ့လားကွယ်။

တီချာဝိုင်းလေးက အနာဂတ်ကို ကြိုမြင်တယ်လို့ပြောရင် ယူတို့က မယုံကြဘူး 😍

တီချာဝိုင်း @ Teacher Wine 🍷

14/02/2026

ဆုံးဖြတ်ချက်များ (၇)

Rosewood ရဲ့သင်ရိုးညွှန်းတမ်းမှာ Visual Arts (ပန်းချီ၊ ဒီဇိုင်း၊ ဓါတ်ပုံပညာ၊ ရုပ်ရှင်ရိုက်ကူးခြင်းနှင့် တည်းဖြတ်ခြင်း) ကို အသက်အရွယ်အလိုက် ထည့်သင်တာ ကျွန်မရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ပန်းချီဆရာဖြစ်ဖို့ သင်နေတာမဟုတ်ပဲ ဘဝတလျောက် စိတ်ကူးဉာဏ်ကွန့်မြူးသမျှဖန်တီးနိုင်ဖို့ သင်ပါတယ်။ အချိန်အားရင် ​အကျိုးရှိတာတခုခုဖန်တီးနိုင်ဖို့သင်ပါတယ်။ ဝမ်းနည်းတဲ့အချိန် ပန်းချီ​ရေးရင်း၊ ဓါတ်ပုံရိုက်ရင်း စိတ်သက်ရာရဖို့သင်ပါတယ်။ ​ဒေါသသင့်ချိန် ပန်းချီ​ရေးရင်း စိတ်ထွက်​ပေါက်တခုရဖို့သင်ပါတယ်။ ​သူတို့​တွေ အသက်တခု​ရောက်ကာမှ ဘာမှမတတ်လို့ ​လျှောက်​မေး​နေရတာမျိုးမဖြစ်​စေဖို့သင်ပါတယ်။

ပန်းချီကို စာ​မေးပွဲစစ်တဲ့ဘာသာရပ်တခုအ​နေနှင့် ထားတာကို မိဘများကိုမနည်းရှင်းပြရဖူးသလို သင်မယ်ဆိုပြီးအလုပ်လာ​လျှောက်တဲ့ ဆရာတသိန်း​လောက်ကိုလည်း ၂၀၁၄ ​လောက်ထဲက အမျိုးစုံရှင်းပြရဖူးပါတယ်။ အဖြစ်​ပေါ့တီချာရယ်ဆိုတာ​တွေကိုလည်း အလုပ်ထုတ်ရဖူးပါတယ်။ ဟုတ်ကဲ့ပါဆိုပြီး ​နောက်​နေ့မ​ရောက်လာ​တော့တာ​တွေလည်းရှိပါ့။ မျဥ်းမျိုးစုံကို လ​ပေါင်းများစွာသင်တုန်းကလည်း စိတ်ရှည်ကြဖို့ မိဘများကိုမနည်း​တောင်းပန်ရဖူးပါတယ်။ ​ကျောင်းသား​တွေကိုလည်း မနည်းစည်းရုံးရဖူးပါတယ်။ မျဥ်း​တွေကို လက်အ​နေအထားမှန်မှန်နှင့်ဆွဲသလား။ အားထည့်ဆွဲသင့်တဲ့​နေရာ အားထည့်ရဲ့လား။ ​ဖော့သင်တဲ့​နေရာ​ဖော့ရဲ့လား။ ပြီးစလွယ်ဆွဲသလား။ အ​သေးစိပ်ကအစဂရုစိုက်ရဲ့လားစသည်ဖြင့်​ထောင့်​ပေါင်းစုံကစစ်​ဆေးရပါတယ်။ အထပ်ထပ်မှာရပါတယ်။

အွန်လိုင်းမှာသူများတိုင်းပြည်က ဆွဲပြတာ​တွေကို အံ့သြဘနန်းကြည့်ရာက​နေ သိပ်မကြာခင်မှာ Rosewood က​ကျောင်းသား​တွေရဲ့လက်ရာ​တွေကို မြင်ကြရ​တော့မှာပါ။

Rosewood ကပန်းချီသင်ရိုးက အ​မေရိကန်သင်ရိုးညွှန်းတမ်းနှင့် အင်္ဂလန်သင်ရိုးညွှန်းတမ်းကိုတွဲသင်ပါတယ်။ Grade 1 က​နေ Grade 12 အထိ ဘယ်အတန်းမှာမှ ပုံတူကူးဆွဲခြင်းကို အားမပေးပါ။ သင်ယူသူရဲ့ကိုယ်ပိုင်ဖန်တီးဟန်ကိုသာ ဦးစားပေးတာမို့ အချိန်အလွန်ကြာပါတယ်။ အလွန်စိတ်ရှည်ရပါတယ်။ သင်ကြားသူကလည်း Media မျိုးစုံကိုကျွမ်းကျင်​နေဖို့လိုပါတယ်။ စာ​မေးပွဲ​မေးခွန်းအတွက် သင်ကြားသူဆရာ​ရော ကျွန်မ​ရော အင်မတန်ပင်ပန်းပါတယ်။ ​နောင်တချိန်သူများတိုင်းပြည်​တွေကိုချပြတဲ့အခါ ​ကော်ပီကူးထားတာမဖြစ်ဖို့ ဆန်းသစ်​နေ​စေဖို့ အ​တော်ကြိုးစားရပါတယ်။ ပညာရှင်ချင်းစကား​ပြောတဲ့အခါ သူတို့ရဲ့ ပန်းချီဆရာကြီး​တွေရဲ့ သီအိုရီ​တွေကိုလည်း ​ဝေ​ဝေဆာဆာ​ပြောနိုင်ဖို့လိုသလို ကိုယ့်တိုင်းပြည်ရဲ့အထင်ကရ ပန်းချီဆရာကြီး​တွေရဲ့ဟန်​တွေကိုလည်း ဝင့်ဝင့်ကြွားကြွား​ပြောနိုင်ဖို့ ကျွန်မ​ရော ဆရာပါအ​တော်​လေ့လာကြရပါတယ်။ ​ကျောင်းသား​တွေဆီ လက်ဆင့်ကမ်းနိုင်ဖို့ ထပ်ဆင့်ကြိုးစားရပါတယ်။ အသက်အရွယ်အလိုက် နားလည်နိုင်​လောက်တဲ့ အဆင့်တခုကို ရိုးရှင်းစွာတင်ပြရပါတယ်။ ကျွန်မတို့တိုင်းပြည်က ပန်းချီသင်တန်းတော်တော်များများမှာ သီအိုရီသိပ်မပါပဲ ကူးဆွဲနိုင်ခြင်းကို အထူးတလည်ဂုဏ်ယူကြတာမို့ ရှင်းပြရပါတယ်။ နောက်စာသင်နှစ်မှာ Acrylic paint 🎨 ဆွဲကြဖို့ Art Table တွေကိုကိုယ်ပိုင်ဒီဇိုင်းနှင့် လုပ်ထားပြီးပါပြီ။

Visual Art (အနုပညာ) နှင့် Language Art (ဘာသာစကား) နှစ်ခုက အမြင်တွေ၊ အတွေးတွေကိုထုတ်ဖော်ရင်း အများနားလည်ဖို့ ရှင်းပြရတဲ့ အနုပညာ (Art) ပဲမို့ ဆက်စပ်နေပါတယ်။

ပန်းချီက မျဉ်းတွေ၊ အရောင်တွေ၊ အရိပ်တွေနှင့် ပုံစံအမျိုးမျိုးကိုသုံးပြီး ဘာသာစကားက စကားလုံးတွေ၊ ဝါကျတွေနှင့် အသေးစိပ်ရှင်းလင်းချက်တွေကို သုံးပါတယ်။ ​ကျောင်းသားများရဲ့ လက်ရာများကိုလက်ရာများကို ပြခန်းတင်ပြီးပြပါဦးမယ်။

ဘယ်နိုင်ငံမှာမဆို ဘယ်နယ်ပယ်မှာမဆို ဘာသာစကားတတ်ခြင်းက ဂုဏ်ယူစရာဖြစ်သလို Visual Arts တတ်ခြင်းကလည်း အားကျစရာပါ။

အိမ်မှာအားနေရင် အင်္ဂလိပ်စာအုပ်ဖတ်ခိုင်းပါ၊ မြန်မာစာအုပ်ဖတ်ခိုင်းပါ၊ ကာရန်ယူပြီး ကဗျာစပ်ခိုင်းပါ၊ သင်္ချာတွက်ခိုင်းပါ၊ မျဥ်း​တွေဆွဲခိုင်းပါ။ အရိပ်​တွေ​ရေးခိုင်းပါ။ ပန်းချီရေးခိုင်းပါ၊ Typing လေ့ကျင့်ခိုင်းပါ၊ Social Studies ဖတ်ခိုင်းပါ၊။

ပြီးပြီလို့ပြောလည်း ထပ်ခိုင်းပါ။ စာကို ခဏခဏဖတ်မှ အသက်အရွယ်အရပိုနားလည်ပါတယ်။ ကျက်စရာမလိုပဲ ခေါင်းထဲစွဲပါတယ်။ ဘယ်ပညာရပ်မဆို အကြားအလပ်မရှိ​လေ့ကျင့်ပွားများ​နေမှ လက်ရည်တက်ပါတယ်။ ဘယ်အလုပ်မဆိုခဏခဏလုပ်မှ အခက်အခဲကိုမြင်ပြီး ကျော်လွှားနိုင်မှာပါ။ ထမင်းကလည်း တခါစားပြီးမပြီးဘူးဆိုတာလည်း ထည့်ပြောကြပါ။

Teacher Wine 🍷

21/04/2025

ဒီနေ့ အသိတယောက်ကဖုန်းဆက်

အသိ။ တီချာရေ... မနက်ဖြန်ကျောင်းကိုလာလည်မလို့ ... ရလား။
မိမိ။ မရဘူးဟ ... မနက်ဖြန်ကျောင်းစဖွင့်ရက် အလုပ်ရှုပ်မယ်။
အသိ။ ကျောင်းချိန်လာရင် မရဘူးလား။
မိမိ။ မရဘူး... အတန်းတွေရှိတယ်။ စာသင်ရမယ်။
အသိ။ Founder ကဘာလို့စာသင်တာလည်း ? Founder ကစာမသင်နဲ့လေ။
မိမိ။ သင်ချင်လို့ပါဟ။
အသိ။ ဒါကြောင့် တီချာ့ကိုကျောင်းပိုင်ရှင်လို့မထင်ကြတာ။

တီချာဝိုင်းအား ကျောင်းပိုင်ရှင်ဟုမထင်စေသောအချက်များ
၁။ ကျောင်းတွင်နေ့တိုင်းရှိနေခြင်း (မန်နေဂျာမဖြစ်မယ်)
၂။ နေ့တိုင်းစာသင်ခြင်း (ရာထူးတိုးချင်နေတာဖြစ်မယ်)
၃။ မြန်မာဝတ်စုံဝတ်လေ့မရှိခြင်း (မရှိဘူးထင်တယ်)
၄။ တီရှပ်/ ဘောင်းဘီအတို/ စကပ်အတိုများကိုမက်မက်စက်စက်ဝတ်ဆင်ခြင်း (ဒါပဲရှိလို့ဖြစ်မယ်)
၅။ ပိုက်ဆံအိတ်မကိုင်ခြင်း (Brands တွေမသိဘူးထင်တယ်)
၆။ ကျောင်းကားမောင်းခြင်း (အသားကုန်လုပ်ပြမှ ရာထူးမြဲမှာ)
၇။ မိတ်ကပ်မလိမ်းခြင်း (အချိန်မပေးနိုင်ရှာဘူး)
၈။ ဆံပင်ဆေးမဆိုးခြင်း (မတတ်နိုင်လို့ဖြစ်မယ်)
၉။ နှုတ်ခမ်းနီမဆိုးခြင်း (မသိရှာဘူးထင်တယ်)
၁၀။ ...

ကျန်သေးရင် မန့်မှာဖြည့်ကြပါ။
ဓါတ်ပုံကိုလန့်သွားရင် တောင်းပန်တယ်။

တီချာဝိုင်း @ ဝင်းရွှေရည်

16/04/2025

ဒီနှစ်မြန်မာနှစ်ကူးဆုတောင်း ၂ခုစီစဥ်တာ ဒါလေးကတော့စိတ်တိုင်းအကျဆုံးမို့ ... နောက်ခံကလည်း ကိုယ်တိုင်ရိုက်ထားတဲ့ ပိတောက်ပန်းတွေ ... ခွင့်တောင်းစရာမလို ယူသုံးနိုင်ပါတယ် ... ကျောင်းလိုဂိုတော့မဖြုတ်ပါနဲ့။

27/03/2025

ကျောင်းဆိုသောရေစီးထဲမှာ ရှင်သန်ခြင်း

ကျောင်းဆိုသည်နှင့် ဘယ်ကျောင်းတက်တက် အားလုံးအကြုံးဝင်သည်။ ပြည်တွင်းကျောင်းများသာမက ပြည်ပကျောင်းများတွင်တက်လျင်လည်း အကြုံးဝင်သည်။

ပထမအဆင့်အနေနဲ့ မိဘများရင်ထဲထည့်ထားဖို့က ကိုယ့်သား/သမီးဘယ်ကျောင်းတက်တက် တတ်သင့်တာတွေမတတ်ပဲ မတတ်သင့်တာတွေတတ်နေသလား အမြဲသတိတရစစ်ဆေးနေပါ။ အင်္ဂလိပ်လိုမပြောတတ်ပဲ ဆဲတတ်လာသလား။အိမ်မှာ အလေ့အကျင့်မရှိပဲတတ်လာသလား။ အိမ်မှာလည်း ဆဲနေကြဆိုသိပ်ကိစ္စမရှိပေမယ့် ကိုယ့်ထက်ပိုဆဲတတ်လာရင်တော့ အလေးထားကိုင်တွယ်သင့်ပြီ။ ပတ်ဝန်းကျင်မှာ ဆဲရေးတတ်သူတွေရှိနေပြီ။ သင်္ချာမတတ်ပဲ ဖဲရိုက်တတ်နေသလား။ သိပ္ပံမတတ်ပဲ ကောင်မလေးတွေစကပ်လိုက်လှန်တတ်နေလား။ ကောင်လေးတွေကို -င်လိုက်ရိုက်တတ်နေလား။ ပရိုက်ဗေစီဆိုပြီး ဘယ်သူ့မှအခန်းထဲပေးမဝင်ပဲ ညလုံးပေါက် ဂိမ်းဆော့နေတတ်သလား။ အခြားဘာတွေလုပ်တတ်နေပြီလဲ။

ဒုတိယအဆင့်အနေနဲ့ ကလေးက အရယ်အပြုံးမရှိ တချိန်လုံး ရန်လိုပြီး မိမိကိုယ်ကို ကာကွယ်တဲ့စကားလုံးမျိုးတွေပဲပြောနေတာလား။ သူကျောင်းမှာ ရန်မူခံနေရပြီ။ သူကျောင်းမှာကြုံတွေ့ရမယ့်အခြေအနေတွေကို ကြိုတွေးပြီး ပြင်ဆင်နေရင်းက ပါးစပ်တွေကျွံကုန်ပြီ။

တတိယအဆင့်အနေနဲ့ လျောက်လည်ခြင်း (သို့မဟုတ်) အိမ်လည်ခြင်းအတတ် တတ်မြောက်စေအောင် အစမလုပ်ပါနှင့်။ ကျောင်း၏အရေးမပါသော အလည်ထွက်ခြင်းများကြောင့် လျောက်လည်တတ်လာသောကလေးများထုနှင့်ထေး။ မမြင်သင့်သောအရာများကို မမြင်စေခြင်းဖြင့် ကလေးကို စိတ်ချမ်းသာပါစေ။ မကြားသင့်သည်များကို မကြားစေခြင်းဖြင့် စိတ်ချမ်းသာပါစေ။ ကိုယ့်ထက်ချမ်းသာတဲ့သူအိမ်ရောက်လို့ စိတ်ဆင်းရဲရခြင်း ဒုက္ခက ကင်းပါစေ။ ကိုယ့်လောက်မရှိရှာတဲ့သူအိမ်ရောက်လို့ မော်ကြွားလိုစိတ်လည်းကင်းပါစေ။ သိပ်ရင်းနှီးလွန်းရင်း သိပ်တွယ်တာတတ်လွန်းတာမို့ သူငယ်ချင်းကိုအလွန်အကျွံခင်တွယ်သူမဖြစ်ဖို့ ဂရုစိုက်ပါ။ ငါတို့ငယ်ငယ်တုန်းကဆိုတာတွေထားလိုက်ပါ။ အပြောင်းအလဲမြန်လွန်းတဲ့အခုအချိန်ဟာ ငါတို့ငယ်ငယ်ကနဲ့ ဘာမှမဆိုင်။

ကဲ… နောက်တဆင့်အနေနှင့် အရွယ်မရွေးကျောင်းသားတိုင်း စာဖတ်တတ်ရဲ့လား ဆန်းစစ်ပါ။ ဟမ်… ကျောင်းတက်ရင် စာဖတ်တတ်ရမယ်မဟုတ်ဘူးလား။ ကျောင်းတက်ပြီး စာမဖတ်တတ်သူတွေအများကြီးပါ။ (ယခုရေးသောစာသည် သား/သမီးများ၏ အင်္ဂလိပ်စာအဆင့်အတန်းကို ဝေဖန်ပိုင်းခြားရန် အခက်အခဲရှိသော မိဘများအတွက် ရည်ရွယ်ပါသည်။) ဘယ်လိုသိနိုင်မလဲတီချာရေ လို့မေးကြပါ၏။ စာအုပ်တွေဝယ်ပေးတိုင်းလည်း စာမဖတ်တတ်ပါ။ စာအုပ်နှင့် TV။ စာအုပ်နှင့် ဖုန်း။ စာအုပ်နှင့် ဂိမ်း။ ဘာရွေးသလဲ။ စာအုပ်ကိုရွေးသူရှားသည်။ မဖတ်တတ်လို့မကိုင်ချင်တာလည်းရှိသလို ဖတ်ဖို့မလိုလို့မဖတ်ချင်တာလည်းရှိသည်။ ကိုယ့်ကလေးကို ဘယ်သွားသွားစာအုပ်သယ်သွားတတ်ဖို့ သတိတရအကျင့်လုပ်ပါ။ အင်္ဂလိပ်စာအုပ်၊ မြန်မာစာအုပ်၊ တရုတ်စာအုပ်၊ ဂျပန်စာအုပ် နှစ်သက်ရာတခုခုပါပါစေ။ ဘယ်စာမျက်နှာရောက်ပြီလဲ။ ဘာအကြောင်းလဲ။ ဘယ်သူတွေပါလဲ။ ဘာဖြစ်ကြတာလဲ စသည့်မေးခွန်းများကို တခုပ်တရမေးပါ။ လူကြီးဖြစ်သူမိဘများက ဉာဏ်လွှာသုံးပြီး သူတို့အဖြေတွေကို ဆန်းစစ်ပါ။ အခုတမျိုးပြောသလား။ တော်ကြာတမျိုးပြောသလား။ ပါးစပ်ထဲရှိရာလျှောက်ပြောနေသလား။

ကျောင်းကဖတ်ခိုင်းရင် ဖတ်မှာပေါ့လို့ လွယ်လွယ်တွေးလို့မရ။ ဖတ်ခိုင်းပေမယ့် တွေ့ကရာစာအုပ်ပေးလိုက်တာလား။ သင့်တော်ရာရွေးပေးလိုက်တာလား။ ဘယ်လိုလမ်းညွှန်လိုက်သလဲ။ အိမ်ရောက်မှ မေမေနဲ့ဖတ်လို့ခိုင်းလိုက်သလား။ သူတို့ကရောတာဝန်ယူပြီး ကျပ်ကျပ်မတ်မတ်စစ်ဆေးပေးသလား။ တနှစ်လုံးနေမှ တခါပဲဖတ်ခိုင်းတာလား။ ကလေးကြိုက်ရာဖတ်ခိုင်းတာလား။ ဖတ်သင့်သောစာအမျိုးမျိုးကို ဂရုတစိုက်ပေးဖတ်ပြီး စစ်ဆေးပေးသလား။ စစ်ဆေးပေးပြန်တော့ မိမိကလေးက သူဖတ်ဖို့မေ့တာကို ဆရာမကိုသွားပြောခိုင်းရင် ဝင်ပြောပေးမိနေလား။ အဲဒီလိုဝင်ပြောပေးတာကို ကျောင်းကရောလက်ခံလား။ ကလေးက စာဖတ်ချင်စိတ်ဖြစ်ပြီး စိတ်လိုလက်ရစာဖတ်ပြီဆိုမှ စိတ်ချရပါတယ်။ စာအုပ်ကိုင်ပြီး ဟိုလှန်ဒီလှန်ဆို စိတ်မချရသေး။

အောင်မလေး တီချာ… ကလေးတယောက်ကို ကျောင်းထားတာ အိမ်ကလည်း အငြိမ်မနေရပါလားဆိုသူများလည်းရှိပါ့။ တီချာပြောတော့ ကျောင်းအကြောင်းဆိုပြီး မိဘတွေလည်းပါတာလားဆိုတော့ ပါရမယ်လေ။ ကျောင်းတွေက ခေတ်အဆက်ဆက်စိတ်မှမချရတာ။ အတန်းတတန်းကို ၁၅ယောက်ကျော်ရင် စာသင်တာဘယ်လိုမှမထိရောက်။ ကလေးကကြားချင်ရာကြား၊ ကူးချင်ရာကူး၊ ရေးချင်မှရေး၊ မိဘတွေက မိတ္တူလိုက်ကူး၊ ကျူရှင်ထား၊ ကျူရှင်ကလည်း အဆင်မပြေ၊ ကျောင်းကလည်းအဆင်မပြေ၊ အိမ်ကကလေးကိုကြည့်တော့လည်း အားမရ။ ဂရုတစိုက် ဆန်းစစ်ကြပါ။ ဘယ်ခေတ်က ဘယ်လိုဆိုတာတွေမပြောပါနှင့်တော့။ ဘယ်ခေတ်မဆို ကလေးကကျောင်းမှာ အနှောင့်အယှက်ကင်းရမယ်။ ကြည်သာရွှင်ပြစွာနှင့် စာကိုတစိုက်မတ်မတ်လုပ်တတ်ရမယ်။ စာသေချာဖတ်တတ်ရမယ်။ ဒါ့ထက်ပို၍ “အတတ်ကောင်း”တွေတတ်မလာဖို့က နံပါတ်တစ်အရေးကြီးသည်လေ။

ကလေးတယောက်အတွက် အိမ်ကပဲပံ့ပိုးပြီး အောင်မြင်နိုင်လား။ ကျောင်းတက်မှလားဆိုတာ ဆက်လက်ဆွေးနွေးပါဦးမည်။

ဝင်းရွှေရည်@တီချာဝိုင်း

29/01/2025

IS (ခေါ်) International School ရေစီး

လွန်ခဲ့သော ၄-၅နှစ်က အခြေအနေအရပ်ရပ်ကြောင့် IS (သို့မဟုတ်) International School (ခေါ်) နိုင်ငံတကာသင်ရိုးနှင့်သင်ကြားသော ကျောင်းများသို့ မိဘများတိုးဝှေ့ကြရသည်။ ရွေးစရာမရှိသည်မို့ IS ပဲထားတော့သည်။ ယူနီဖောင်းလှလှမို့ ကလေးကလည်းပျော်။ IS ထားဖြစ်လို့ မိဘများလည်းပျော်။ သူငယ်ချင်းတွေအတူတက်ကြတော့ ကလေးတွေလည်းပျော်။ အဖော်ရတယ်ဟေ့ဆိုပြီး မိဘတွေလည်းပျော်။

အတန်းငယ်သောကလေးအတွက် ၁နှစ် ၂နှစ် ၃နှစ်လောက်ပျော်စရာကောင်းလိုက်သေးသည်။ အတန်းကြီးကလေးများအတွက်က ၃လတန်သည် ၆လတန်သည် ပျော်စရာကောင်းသေးသည်။ ဒီ့နောက်တော့ ကျောင်းတွေက စျေးတက်။ စာတွေက ခက်တယ်ဆိုတာကတမျိုး။ အသက်နှင့်အတန်းမကိုက်လို့ လွယ်တယ်ဆိုတာကတမျိုး။ ကလေးက ဘာမှသိပ်မသိ ပေမယ့် မိဘတွေက စိတ်ဖိစီး။ Semester တခါပြီးတိုင်း ပိုက်ဆံတိုးကောက်သော ကျောင်းကြောင့် စိတ်ဆင်းရဲရသောမိဘများ။ ဖတ်စာအုပ်ကုန်အောင်မသင်သောကျောင်း။ ကလေးကအလွန်ပျော်သော်လည်း စာမရေးနိုင် မဖတ်နိုင်သောကျောင်း။ အင်္ဂလိပ်လိုဌာန်ကရိုဏ်းကျကျမပြောနိုင်သောကလေးများ။ မြန်မာစာလုံးဝမသိတော့သော ကလေးများ။ မြန်မာစာမဖတ်တတ်ပေမယ့် မြန်မာလိုဆဲတတ်လာသောကလေးများ။ အင်္ဂလိပ်လိုမရေးတတ်ပေမယ့် အင်္ဂလိပ်လိုဆဲတတ်လာသောကလေးများ။ စာတော့ဖြောင့်ဖြောင့်တန်းတန်းမလုပ်ပါပဲ မိဘကို Privacy ဆိုတာနှင့်ကိုင်ပေါက်တတ်လာသော ကလေးများ။ ကျောင်းကလုပ်သမျှပွဲတွေတက်ဖို့ပဲ အားခဲနေသောကလေးများ စသည် စသည် ပြောမကုန်...

မိဘများစိတ်ပူစပြုပြီ။ ဘယ် IS ထားရပါ့။ လမ်းတဝက်ခါးပြတ်လျင် ဘယ့်နှယ့်လုပ်ရပါ့။ ကလေးကလိုက်နိုင်ပါ့မလား။ ကျူရှင်ဆရာမခေါ်ရမလား။ ဂိုက်ခေါ်ရမလား။ တဘာသာစီသင်သော ကျူရှင်ဆရာမကိုခေါ်ရမလား။ ဘာသာစုံသင်သောကျူရှင်ဆရာမကိုခေါ်ရမလား။ ကျူရှင်ဆရာမပြီးလျင် ဂိုက်ထပ်ထားရမလား။ ကျောင်းကဆရာမနဲ့ဆို အာဘော်ကိုက်မလား။ အပြင်ကဆရာမက ပိုကောင်းတာလား။ ပေသီးထားရမလား။ ဂရမ်မာလား။ Writing လား။ ဖိုးစကေးလား။ စင်ကာပူသင်္ချာလား။ အမေရိကန်သင်္ချာလား။ အင်္ဂလန်သင်္ချာလား။ ဩဇီသင်္ချာလား။ Science လား။ Coding လား။ STEM လား။ STEAM လား။ Computer လား။ ပန်းချီလား။ Left-brain လား။ Right-Brain လား။ တရုတ်စာထပ်သင်ရမလား။ ဂျပန်စာလား။ ထိုင်းစာလား။ ဂျာမန်စာလား စသည် စသည် ပြောမကုန် ...

ဘယ်အချိန်ကျောင်းပြီးပါ့မလဲ။ ပိုက်ဆံဘယ်လောက်စုထားရပါ့မလဲ။ ဘယ်အချိန်အထိအလုပ်လုပ်နိုင်ပါ့မလဲ။ ငယ်တုန်းအခြေခံကောင်းကောင်းရပါစေ။ သင်ပါဟ။ ဟာ ငယ်တုန်းပျော်သလိုနေပါစေ။ ကြီးမှပုံအောတော့မယ်။ တက္ကသိုလ်ပို့ရဦးမယ်။ ဟိုကိုပို့မယ်။ ဟာ စျေးတွေတက်လာပြီ။ ဒီပဲပို့တော့မယ်။ ပိုက်ဆံစုထားဦးမှ စသည် စသည့် အိမ်တွင်းဗျာများခြင်းများပြောမကုန်...

အပြင်ကရိုက်ခတ်ခြင်းကရော။ ဟိုကျောင်းကောင်းတယ်ပြောင်း။ ဒီကျောင်းကအကြီးကြီးဟ ပြောင်း။ ဒီကျောင်းမှာတက်တဲ့သူများတယ် ပြောင်း။ ဟိုကျောင်းက နိုင်ငံခြားနဲ့ချိတ်ဆက်ထားသတဲ့ ပြောင်း။ ဒီကျောင်းက Bully များတယ် ပြောင်း။ ဟိုကျောင်းမှာအသိတွေရှိတယ် ပြောင်း။ ဒီကျောင်းကအသစ်ဆိုတော့ကောင်းမှာ ပြောင်း။ ဟိုကျောင်းက ကြာပြီဆိုတော့ကောင်းမှာ ပြောင်း။ ဒီကျောင်းကစျေးသက်သာတယ် ပြောင်း။ အိမ်နားမှာကျောင်းလာဖွင့်တယ် ပြောင်း။ ဟိုကျောင်းက တလခြင်းသွင်းလို့ရတယ် ပြောင်း။ ဒီကျောင်းကတနှစ်စာဆို Discount အများကြီးပေးတယ် ပြောင်း။ ဟာ … မပြောင်းတော့ဘူး။ လိုတာပဲလိုက်ဖြည့်ဖို့ အခြားသင်တန်းလေးတွေပဲလိုက်ထားတော့မယ်။ နေလက်စနေလိုက်တော့မယ် စသည် စသည် IS ဆိုသည်ကြီး၏ ရိုက်ခတ်ခြင်းကို အကြီးအကျယ်ခံစားနေရသော မိဘများအဖြစ်သည်ပြောမကုန်...

၂နှစ် ၃နှစ်အလွန်မှာ ကျောင်းပြောင်းပြီးရင်း ပြောင်းနေရသောကလေးများ ပေါ်လာသည်။ ဒီကျောင်းတက်ဆို တက်ရသော ကလေးများ။ ပြောင်းဟေ့ဆို ပြောင်းရသောကလေးများ။ အနိုင်ကျင့်ခံရရင်း အူတူတူဖြစ်လာသော ကလေးများ။ အနိုင်ကျင့်ခံရရင်း လက်ရဲဇက်ရဲဖြစ်လာသောကလေးများ။ ကျူရှင်တွေတက်ရင်း ကျောင်းရောက်ရင် ဆော့ချင်သော ကလေးများ။ တချိန်လုံးဆုတွေရနေသည်မို့ စာမဖတ်ချင်သော ကလေးများ။ တွေ့သမျှစာအကုန်ကျက်နိုင်ပေမယ့် စာဖတ်ရင်နားမလည်သောကလေးများ။ ကျောင်းစာပဲဖတ်နိုင်ပြီး ပြင်ပမှ စာတည် စာခန့်များမဖတ်နိုင်သော ကလေးများ။ စာကူးနိုင်ပေမယ့် စာမရေးနိုင်သောကလေးများ။ နိုင်ငံခြားရွှေ့ဖို့ Training တွေလိုက်တက်ရင်း ဒေါင်ချာစိုင်းနေသော ကလေးကြီး/ကလေးငယ်များ။ မိဘတွေပိုက်ဆံကုန်တာမြင်ပြီး စိတ်ဖိစီးနေသော ကလေးကြီးများ။ ဘယ်ဆက်သွားရမလဲ တွေးရင်း ဂေါက်လာသော ကလေးကြီးများ။ ပိုက်ဆံသက်သာဖို့ Scholar လျောက်လိုပေမယ့် ကိုယ်စာမရတာ ကိုယ်သာသိသည်မို့ ညစ်နေသော ကလေးကြီးများအဖြစ်သည်လည်း ပြောမကုန်...

ဒါတွေအတွက်အဖြေပေးဦးမည်။

Win Shwe Yee @ဝင်းရွှေရည် @တီချာဝိုင်း
First day of The Year of Wood Snake (2025)
May you have read a lot this year.

Photos from Win Shwe Yee's post 21/12/2024

ပွဲတော်တွေက ပျော်ဖို့သက်သက်လား။

Rosewood International School ရဲ့ Social Studies ဘာသာရပ်မှာ အတန်းတိုင်းသင်ရတာက Celebrations and Festivals။ ကမ္ဘာတလွှားက ပွဲတော်တွေရော မြန်မာပြည်ကပွဲတော်တွေရော ပွဲတော်အမည်၊ နိုင်ငံအမည်နှင့် အမျိုးအစားပါခွဲသင်ပါတယ်။ 1️⃣ဘာသာရေးပွဲတော်လား၊ 2️⃣ရိုးရာပွဲတော်လား၊ 3️⃣အထိမ်းအမှတ်ပွဲတော်လား၊ 4️⃣ ပျော်ပွဲရွှင်ပွဲလုပ်တာလား 5️⃣ ဝမ်းနည်းဖွယ်ရာသမိုင်းအကြောင်းအရာတခုခုကိုအခြေခံတာလား သင်ရတယ်။ ပွဲတော်တွေကပေးတဲ့ အကျိုးကျေးဇူးတွေကဘာတွေလဲ။ စီးပွားရေးလုပ်ငန်းတွေစျေးရောင်းပွဲတော်တွေဖန်တီးဖို့ အခွင့်အရေးကောင်းတွေလား။ လူတွေပိုက်ဆံကုန်ဖို့ပဲလား။ လူတယောက်ချင်းစီအတွက်ဘာတွေအကျိုးရှိစေတာလဲဆိုတဲ့မေးခွန်းတွေ မေးဖြေကြရပါတယ်။ ကျောင်းမှာ ဘယ်ဘာသာဝင် ဘယ်နှစ်ယောက်ရှိမှန်း Grade 1 ကစလို့ အတန်းတိုင်းသိကြတယ်။ ဒါက ဘယ်သူ့ပွဲပေါ့လို့ အားလုံးပြောနိုင်ကြတယ်။

Eid Mubarak အတွက် သိသင့်သည်များကို နားလည်ဖို့ပွဲတော်နားနီးရင်နားထောင်ရင်း အရှေ့အလယ်ပိုင်းဒသေများရဲ့ ရာဇဝင်တွေလည်းရှာဖတ်ကြရသေးတာမို့ ကျောင်းသား/သူများဗဟုသုတတိုးတာငြင်းမရဘူး။ Muslim ဆရာ/မများနှင့် ကျောင်းသူ/သား ၃-၄ယောက်ပဲရှိပေမယ့် အမှတ်တရ တခုခုစီစဥ်ပေးလေ့ရှိတယ်။ Eid Mubarak ဆုတောင်းစာကိုလည်း FB ပေါ်တင်ဖြစ်သည်ဖြစ်စေ၊ မတင်ဖြစ်သည်ဖြစ်စေ Muslim ကျောင်းသူ/သားများအတွက် အမှတ်တရပို့ပေးခြင်းဖြင့် အသိအမှတ်ပြုပါတယ်။

Diwali နားနီးလျှင် Rangoli design တွေသင်ပြ၊ ရာမ လက္ခဏဇာတ်လည်းဖတ်ပြ၊ Indian Sweets တွေလည်းပြရင်း (မကျွေးဖြစ်သေး) ဆုတောင်းစာတွေကို ကျောင်းသူ/သားဟောင်းတွေဆီပို့ဖြစ်အောင်ပို့ပါတယ်။ လောလောဆယ် Art ဆရာတယောက်ပဲ Hindu ရှိသော်လည်း အစဥ်အလာမပျက်စေခဲ့။

Chinese Lunar New Year မှာ Lunar Calender (လကိုအခြေခံသောပြက္ခဒိန်စနစ်) ကိုနားလည်အောင်သင်ပြဖို့က အဓိကအချက်။ တဆယ့်နှစ်ရာသီခွင်ထဲက ကိုယ်စားပြုတိရစ္ဆာန်တွေအကြောင်းပြောပြရင်း သူတို့ကိုယ်သူတို့ဘာနှစ်ဖွားလည်း သိချင်တော့ စာပိုဖတ်ဖြစ်တာပေါ့။

ကမ္ဘာ့အထင်ကရ အိဒ်၊ ဒီဝါလီ၊ အီစတာ၊ ဝါဆို-သီတင်းကျွတ်၊ တရုတ်နှစ်ကူး စသည့်ပွဲတော်ရက်များက လဆန်းခြင်း လဆုတ်ခြင်းများကိုအခြေခံကြောင်းသိကြဖို့ကလည်း အရေးကြီးသည်လေ။

Christmas ဆိုတာ သီချင်းဆိုဖို့သက်သက်မဟုတ်ပဲ အားလုံစိတ်ချမ်းမြေ့ဖို့ ကမ္ဘာမြေအတွက်တခုခု လုပ်ပေးဖို့ဆိုတဲ့အသိတခုရဖို့ဆိုတာ အဓိကထားပြောရသည်။ လက်ဆောင်ဆိုတာ ပစ္စည်းပေးတာကိုဆိုလိုခြင်းမဟုတ်ကြောင်းသိစေရသည်။ အချင်းချင်းကြား ပြုံးရွှင်ချိုသာစွာနှုတ်ဆက်ခြင်းကလည်း တန်ဖိုးရှိသောလက်ဆောင်တခုဖြစ်ကြောင်း လေ့ကျင့်ပေးရသည်။ သီချင်းဆိုတာကလည်း Music သင်ခန်းစာမှာသင်သမျှကို လက်တွေ့ အသုံးချခြင်းမှန်း ပြောပြရသည်။

သင်္ကြန်ဆိုတာ သူများကိုနာကျင်စေဖို့မဟုတ်ကြောင်းနှင့် အသက်ကြီးသည်အထိဘေးအန္တရာယ်ကင်းကင်းရေကစားဖို့ မှာရသေးတာ။ ကဆုန်ညောင်ရေကလည်း အဲ့ဒီ့နေ့ပဲသွန်းမှ ကုသိုလ်ရတာမဟုတ်ကြောင်းနှင့် ဗုဒ္ဓမြတ်စွာသင်ကြားသည်များကိုအမြဲသတိရလိုက်နာခြင်းသာ အဓိကဆိုတာလည်းမှာရ၊ သီတင်းကျွတ်မှာ မုန့်ဖိုးရရေးအလေးမထားဖို့နှင့် အဖိုးအဖွားတွေကို ကိုယ်ကြိုက်တာတွေဝယ်မသွားဖို့၊ အဲ့ဒီ့ရက်မှ သွားလည်တာမျိုးမဟုတ်ပဲ ရံဖန်ရံခါ ဖုန်းဆက်ပြီးသတိရကြောင်း သာကြောင်းမာကြောင်းမေးဖို့လည်း သင်ထားပါတယ်။

Rosewood ၏ နှစ်ပတ်လည်မွေးနေ့ပွဲသည် ကျောင်းသူ/ကျောင်းသားတို့ တနှစ်ပတ်လုံးသင်ကြားထားသမျှ၊ ကျောင်းစတက်သည်မှ လက်ရှိအချိန်အထိသင်ကြားထားသမျှကို ပြန်အသုံးချသည့်ပွဲမို့ ပေါ့ပေါ့ပါးပါးပေမယ့် အလေးအနက်ထားပြီးပါဝင်ဖို့ ပုံမှန်သင်ပါ၏။ ပြဇာတ်တွေမှာ ကိုယ်တာဝန်ယူတဲ့အပိုင်းကို တာဝန်ကျေဖို့၊ အနီးကပ်မှ မလုပ်တော့ဘူးဆိုပြီး ပစ်ထားတတ်သောစိတ်များပျောက်ဖို့ သင်ပါ၏။ သူများလုပ်တာလိုက်လုပ်ချင်လို့မရကြောင်းနှင့် မိမိကျွမ်းကျင်ရာကိုရှာဖွေတတ်ဖို့ အခွင့်အရေးလည်းပေးပါ၏။ ဘာမှမလုပ်ချင်ဘူးဆိုသူများကိုလည်း ဘာလေးတော့လုပ်တတ်တယ်လေဆိုပြီး တွန်းထိုးရပါ၏။ စိတ်ပါလက်ပါ အားသွန်ခွန်စိုက်အလုပ်လုပ်တတ်ဖို့သင်ရသလို ပွဲကြိုက်ပြီး အင်္ကျီအသစ်ဝယ်ဖို့ပဲ စိတ်ရောက်မှာစိုးပြီးလည်း ဘရိတ်အုပ်ရပါ၏။ ကျောင်းကခဏခဏပွဲမလုပ်လို့ မိဘများစိတ်ဆိုးတာလည်း ခံရဖူးပါ၏။ Social ကောင်းတယ် (လူဝင်ဆန့်တယ်) ဆိုတာ ဒီလိုအခြေခံတွေနှင့်ပြည့်စုံမှ ဘေးထွက်ဆိုးကျိုးနည်းတယ်ဆိုတာလည်း ပြောပြချင်ပါ့။

ဒီနှစ်အတွက် ROSEWOOD က Online Carol Singing နော်။

သီချင်းတွေအများကြီးဆိုဖြစ်ပါစေ။ စာတွေအများကြီးဖတ်ဖြစ်ပါစေ။

ဝင်းရွှေရည် @တီချာဝိုင်း
၂၂-၁၂-၂၀၂၄

13/12/2024

လူမှုပတ်ဝန်းကျင်မှ ကူးချခြင်းအန္တရာယ်

လူ့သဘောအရ ကူးချတယ်ဆိုတာက ကောင်းတာကိုကူးတာလည်းဖြစ်နိုင်သလို မကောင်းတာကိုလည်းကူးကြပါတယ်။ တဖက်သားကိုလေးစားအားကျလို့ သူလုပ်တာကောင်းတယ်ဆိုတာ စိတ်ထဲရှိလို့ ကူးတာများတယ်။ ဘာကြောင့်ကူးကူး အသစ်မထွင်နိုင်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်ရှေ့မတက်ဘူး။

အတွေ့အကြုံမရင့်သေးချိန် ကောင်းမှန်းမကောင်းမှန်းမသိပဲ ကူးတာမျိုးလည်း ရှိသလို ခေါင်းမသုံးချင်လို့အပျင်းကျပြီး ကူးတာမျိုးလည်းရှိပါတယ်။ ကောင်းတာမှရွေးပြီး ကူးတဲ့လူလည်တွေလည်းရှိပါတယ်။ ခေါင်းမသုံးချင်တာမျိုးက သင်လို့ရတဲ့အမျိုးအစား။ သေချာနားဝင်အောင်သင်ရင် သူများသွေးဆောင်ခြင်းေနာက်ပါသွားခြင်းကို ကာကွယ်နိုင်တယ်။ ကောင်းတာမှရွေးကူးတဲ့ လူလည်မျိုးကမွေးရာပါဗီဇလည်းဖြစ်နိုင်သလို သူများဘာလုပ်နေလည်းကြည့်ပြီးလိုက်လုပ်လို့ အိမ်ကမှာလို့ (သို့မဟုတ်) ပတ်ဝန်းကျင်မှာကြားဖူးလို့ ဖြစ်ရတာမျိုးလည်းရှိတယ်။ ကိုယ့်ဘဝမှာဖြစ်ခွင့်မရခဲ့တာတွေကို လိုချင်စိတ်များရင်းဖြစ်ရတာမျိုးလည်းရှိတယ်။ ဒီလိုလူမျိုးကို နားဝင်အောင်မသင်ရင် လူမှုအသိုင်းအဝိုင်းအတွက်အန္တရာယ်များတယ်။ ဓနအားလည်းရှိမယ်... ဖြစ်ချင်တာဖြစ်ခွင့်ရှိတဲ့အနေအထားသာရောက်ရင် ပိုဆိုးပြီ။

တီချာဝိုင်းရဲ့ ROSEWOOD ကျောင်းမှာ တစုံတယောက်စီက စာကူးချခြင်းကို ပြင်းထန်စွာတားမြစ်ပါတယ်။ ကူးလာတာလား... ကိုယ်ပိုင်လားဆိုတာကို နည်းမျိုးစုံနှင့်စစ်ပါတယ်။ Preschool တန်းတွေမှာ အခြားကရွှေ့လာတဲ့ကလေးတွေ နေ့စွဲကအစ နာမည်အဆုံးကူးကြတာမြင်ရတာ စိတ်မကောင်းဖြစ်ရတယ်။ မလုပ်တတ်လို့ကူးတယ်ဆိုတာ နားလည်တာမို့ မလုပ်တတ်ရင်ပြောဖို့လည်းတွင်တွင်မှာသလို မလုပ်တတ်လောက်တာတွေကိုလည်း ကြိုတွေးရင်း ကူညီပေးပါတယ်။ မကူးနဲ့နော် ကူညီပေးမယ်လို့လည်း တောက်လျောက်အားပေးရပါတယ်။ မိဘများကိုလည်း ကလေးကို အိမ်မှာ အားပေးဖို့ တိုက်တွန်းရင်း ဘယ်လိုပြောရတယ်ဆိုတာအကြံဉာဏ်လည်းပေးပါတယ်။ ကူးချလို့မရတဲ့ စာဖတ်ချိန်လိုမျိုးမှာ ကိုယ့်ကိုယ်ကိုအားမရလို့ ငိုကြတာပေါ့။ အားပေးရတာပေါ့။

အတန်းကြီးရင်တော့ ကူးချခြင်းမအောင်မြင်ဖို့ ဂရုစိုက်ကြည့်ရှုရင်း သတိပေးရပါတယ်။ မျက်စိရွေ့တာနှင့် ပြင်းထန်စွာသတိပေးရင်း မတူတဲ့သင်ခန်းစာကိုချပေးပြီးလုပ်စေပါတယ်။ အမှတ်ခြစ်ချိန်မှ ကူးလာတာသိရင် မတူတဲ့သင်ခန်းစာကို ချက်ခြင်းပေးလုပ်ခိုင်းပါတယ်။ English, Maths, Social Studies တွေက တီချာဝိုင်းကိုယ်တိုင်ကိုင်တွယ်သည်မို့ သင်ခန်းစာအပိုအမြဲဆောင်ထားလေ့ရှိတယ်။ အခြားဘာသာရပ်များကတော့ ကြိုးစားဆဲ။ ဒီစနစ်ကိုသိပ်ကြိုက်လို့ တသဝေမတိမ်းလိုက်လုပ်တဲ့ဆရာ/မလည်းရှိသမို့ ကျေးဇူးတင်လေးစားရလို ထွက်ပြေးသူတွေထုနှင့်ဒေး။ ငှားထားတဲ့ဆရာမတွေကို အဲ့လောက်အဆင့်ရောက်ဖို့ တွန်းတင်ဆဲပေါ့။ ပြောပြဆွဲဆောင်ဆဲပေါ့။ ဒါတွေက ကလေးအတွက်ရေရှည်အကျိုးများတာကို ဆရာ/မ တွေမြင်ဖို့သင်ပေးရတာ အင်မတန်ပင်ပန်းတယ်။ ကလေးတွေရဲ့ရေရှည်ဆိုတာ မြင်ရတာမှမဟုတ်တာ။ စိတ်မဝင်စားကြဘူး။ မမှီရင် ဘေးကသူငယ်ချင်းဆီကကူးလိုက်ဆိုတာက လိုင်စင်ချပေးလိုက်သလိုပဲ။ နောက်ဆုံးတော့ မမြင်ရဘူးဆိုလည်း ကူး။ အိမ်စာမလုပ်တတ်လည်း ကူး။ လုပ်တတ်လည်း ကူး။ ဘယ်လိုလုပ်ရမှန်းလဲ မသိ။ သိချင်စိတ်လည်းမရှိ။ ကူးချင်တာပဲသိ။ အသက်ကြီးတော့ သူများလုပ်သမျှ အကုန်ကူး။ သူများအိမ်ဝယ်လည်း ဝယ်ချင်။ သူများကားစီးလည်း စီးချင်။ သူများနိုင်ငံခြားသွားလည်း သွားချင်။ သူများစီးပွားလုပ်လည်း လုပ်ချင်။ ကိုယ်ကခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ကိုင်တွယ်နိုင်ပြီလားဆိုတာလည်း မသိ။ စိန်ခေါ်မှုတွေက ဘာတွေရှိမယ်မှန်းလည်း မသိ။ သူများလုပ်တာပဲ လိုက်ကြည့်။ အဆင်မပြေရင် ကုသိုလ်ကံပေါ့။ အဆင်ပြေရင်တော့ ငါတော်တယ်ပေါ့။ တီထွင်ကြံဆမှုမရှိ။ အသစ်ဆိုတာမရှိ။ အိုင်ဒီယာအတူတွေပဲရှိ။ လူမှုပတ်ဝန်းကျင်ကြီးက ရှေ့မရောက်။ ဘယ်သူမှတော့ ဒါတွေထိုင်မတွေးကြတာ သိပါ့။

Writing class သင်ရင်လည်း online ဖြစ်ဖြစ် on campus ဖြစ်ဖြစ် မေးလိုက်တာကိုခေါင်းထဲကဖြေတာလား... Google ခေါက်ပြီးဖြေသလား... chatgpt ကိုမေးပြီးဖြေသလား... တယောက်ယောက်ဆီမေးပြီးမှဖြေသလား... လားပေါင်းများစွာနှင့်ဆန်းစစ်ရပါ့။ မင်းတို့ရေးနိုင်တဲ့ Level ကိုသိထားပြီးသားမို့ မင်းကိုယ်ပိုင်လား... ကူးထားတာလားလို့ မေးရင်တော့ဖြေကြပါတယ်။ ကိုယ်ပိုင်ဖြစ်အောင်လုပ်ကြဖို့ နေ့တိုင်းတိုက်တွန်းပါတယ်။ တီချာဝိုင်းချပေးတဲ့ အိုင်ဒီယာတွေကိုသုံးချင်ကြရင်တောင် ခွင့်တောင်းဖို့မှာရတာ။ မဟုတ်ရင်တရားဆွဲမှာလို့လည်း ကြားဖူးနားဝရှိအောင်မှာရတယ်။ ယူသုံးနော်လို့မမှာရင် ခွင့်တောင်းပြီးမှသုံးကြသလို ကိုယ်ပိုင်ပဲဖန်တီးကြတော့ ကလေးတွေတိုးတက်တာပေါ့။

တီချာဝိုင်းဘဝမှာ ကိုယ့်အိုင်ဒီယာတွေ ကိုယ့်စကားတွေ ခိုးချကြသူတိုင်းကို အမေရိကားမှာဆိုရင်တော့ Register (သို့မဟုတ်) Patent တင်ထားမှာမို့ တရားဆွဲပါတယ်။ ပစ္စည်းသက်သေ လူသက်သေတွေလည်းရှိ နိုင်ခြေလည်းရှိတာမို့ ရှေ့နေကလည်း အသားကုန်ကြိုးစားမှာပဲ။ ဒီမှာကတော့ ကိုယ့်အိုင်ဒီယာခိုးသူတိုင်းကလည်း အမွှေးအတောင်တွေသိပ်ပြောင်နေကြတာလည်းမဟုတ်တော့ နေပါစေတော့။ သူတို့မလဲ သူတို့ရဲ့လူမှုရေး စီးပွားရေး ကျန်းမာရေးဒုက္ခမျိုးစုံနှင့်မို့ သနားမိပါတယ်။ တီချာဝိုင်းကြောင့်အသိအမြင်တိုးသွားကြတော့လည်း ဝမ်းမြောက်ပါတယ်။ တရားနိုင်လို့လည်း ဘီလီယံချီပြီးရမှာလည်းမဟုတ်ဘူးလေ။ ရနိုင်မယ့်အချိန်တော့ နောက်ကြောင်းပြန်တရားဆွဲတာပေါ့။ မှတ်ထားတယ်။

စီးပွားရေးလောကမှာ တီချာဝိုင်းထက် စောစီးစွာ ပတ်နပ်စွာ ကျင်လည်ကြပြီးသား ဆရာကြီး/ဆရာမကြီးများကခိုးကြတော့လည်း စကားတွေတောင်စွံ့အ။ တသက်လုံးမလုပ်ဖူးတာတွေကို တီချာဝိုင်းလုပ်တာမြင်မှ လိုက်လုပ်ကြတာ ခိုးတာပဲပေါ့။ ဒါတောင်တီချာဝိုင်းက အများနှင့် အင်မတန်ကင်းအောင်နေတာ။

တီချာ့ကို စောင့်ကြည့်နေလို့ ကူးချတာပဲ တီချာရယ်... ဂုဏ်ယူပါလို့ပြောကြမလားပဲ။ ဂုဏ်လည်းယူပါတယ်။ တန်ရာတန်ကြေးရစရာလည်း ယူပါမယ်။ နောက်တော့ပေါ့။

တို့တိုင်းပြည်မှာလေ အချင်းချင်းကြားစည်းမရှိတာတွေအများကြီးပဲလား။

Win Shwe Yee @တီချာဝိုင်း
Friday the 13th, December 2024 (3 minutes to the next day)

(ဒီလိုအရေးအသားတွေ ကူးကြစမ်းပါ။ အများအတွက်အကျိုးများလို့ပါ။)

Photos from Win Shwe Yee's post 10/12/2024

Regardless of anything, smile.

Teacher Wine 🍷 Win Shwe Yee

Photos from Win Shwe Yee's post 09/12/2024

I never have doubt in my mind about which way to proceed.

Want your school to be the top-listed School/college in Pazundaung?

Click here to claim your Sponsored Listing.

Location

Website

Address


Pazundaung