22/08/2026
နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောဖြင့် မြောက်ဝင်ရိုးစွန်းသို့ (၁၀) ရက်ကြာ အခမဲ့ သိပ္ပံလေ့လာရေးခရီးစဉ်အတွက် မြန်မာနိုင်ငံကိုယ်စားပြု 𝐖𝐢𝐧𝐧𝐞𝐫 အဖြစ် နေပြည်တော် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း 𝐆𝐫𝐚𝐝𝐞-𝟗 ကျောင်းသား မောင်ဖြိုးသုမင်းသစ် ခရီးစဥ် အောင်မြင်စွာ ပြန်လည်ရောက်ရှိခြင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခြင်း
ရုရှားဖယ်ဒရေးရှင်းနိုင်ငံ 𝐑𝐎𝐒𝐀𝐓𝐎𝐌 အဖွဲ့အစည်းက ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐣𝐞𝐜𝐭 (𝐈𝐜𝐞𝐛𝐫𝐞𝐚𝐤𝐞𝐫 𝐨𝐟 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝟐𝟎𝟐𝟔) နိုင်ငံတကာအဆင့် သိပ္ပံပြိုင်ပွဲတွင် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း (နေပြည်တော်) မှ 𝐆𝐫𝐚𝐝𝐞-𝟗 ကျောင်းသား မောင်ဖြိုးသုမင်းသစ်သည် မြန်မာနိုင်ငံကိုယ်စားပြု 𝐖𝐢𝐧𝐧𝐞𝐫 အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်ခံခဲ့ရပါသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၂) နိုင်ငံမှ အသက် (၁၄) နှစ်မှ (၁၆) နှစ်အတွင်းရှိ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူ (၅,၀၀၀) ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အာတိတ်ဒေသဆိုင်ရာ အသိပညာ၊ နျူကလီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဗဟုသုတ၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်းတို့ကို အခြေခံ၍ အဆင့်ဆင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
မောင်ဖြိုးသုမင်းသစ်သည် မေလ (၅) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့အထိ အဆင့် (၃) ဆင့်ဖြင့် ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် အဆင့်ဆင့်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပြီး၊ နောက်ဆုံးအဆင့်၌ အဆင့် (၁) နေရာကို ဆွတ်ခူးကာ မြန်မာနိုင်ငံကိုယ်စားပြု 𝐖𝐢𝐧𝐧𝐞𝐫 အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။
အဆိုပါ ရွေးချယ်ခံရမှုကြောင့် မောင်ဖြိုးသုမင်းသစ်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၁၀) ရက်ကြာ မြောက်ဝင်ရိုးစွန်းသို့ နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောဖြင့် အခမဲ့ သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့် ရရှိခြင်းဖြစ်ပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် နိုင်ငံပေါင်း (၂၂) နိုင်ငံမှ 𝐖𝐢𝐧𝐧𝐞𝐫 (၂၂) ဦး၊ အိမ်ရှင်နိုင်ငံဖြစ်သော ရုရှားဖယ်ဒရေးရှင်းနိုင်ငံမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး၊ နျူကလီးယားသိပ္ပံပညာရှင်များနှင့် သိပ္ပံသင်ကြားရေးကျွမ်းကျင်သူများနှင့်အတူ ပါဝင်ဆင်နွှဲရမည်ဖြစ်ပြီး၊ အာတိတ်ဒေသ၏ ထူးခြားသော သဘာဝပတ်ဝန်းကျင်၊ နျူကလီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာများကို တိုက်ရိုက်လေ့လာနိုင်မည့်အပြင်၊ အိမ်ရှင်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၃) နိုင်ငံမှ ပါဝင်သူများကြား အတွေ့အကြုံနှင့် ဗဟုသုတများ အပြန်အလှန်ဖလှယ်နိုင်မည့် အဖိုးတန်အခွင့်အရေးများကိုလည်း ရရှိခဲ့ပြီး အမိမြန်မာနိုင်ငံအလံနှင့် စိုးစံကိုယ်ပိုင်ကျောင်း၏ အလံတို့ကို မြောက်ဝင်ရိုးစွန်းတွင် စိုက်ထူနိုင်ခဲ့သည့် အမှတ်တရတွေကိုလည်း ဖန်တီးနိုင်ခဲ့တာဖြစ်ပါသည်။
ယခုကဲ့သို့ ကမ္ဘာ့အဆင့် သိပ္ပံပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံနှင့် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည့် ကျောင်းသား မောင်ဖြိုးသုမင်းသစ်အတွက် အမိမြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခြင်းကို ကြိုဆိုပေးသည့်အနေဖြင့် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူ ဆရာမများနှင့် မိသားစုဝင်များမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတာပဲ ဖြစ်ပါသည်။
ပြန်လည်ရောက်ရှိခြင်း အထိမ်းအမှတ် တစ်ကျောင်းလုံး ကျောင်းတွင်း 𝐀𝐬𝐬𝐞𝐦𝐛𝐥𝐲 တွင် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း အလံအား ပြန်လည်ပေးအပ်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပြီးနောက် ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် အမှတ်တရများနှင့် ဗဟုသုတတချို့ကို အကျဉ်းချုံး၍ ကျောင်းသား ကျောင်းသူများကို ပြန်လည်မျှဝေပေးခဲ့ပါသည်။
ထို့အပြင် ကျောင်းသား မောင်ဖြိုးသုမင်းသစ် ခရီးစဉ်မှ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာပြီးနောက် မြောက်ဝင်ရိုးစွန်း သိပ္ပံလေ့လာရေးခရီးစဉ်အတွင်း ရရှိခဲ့သည့် ဆန်းသစ်သော သိပ္ပံဗဟုသုတများ၊ အဖိုးတန်အတွေ့အကြုံများနှင့် နိုင်ငံတကာမှ လေ့လာသင်ယူခဲ့သည့် အတွေ့အကြုံများကို စိုးစံကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မျှဝေပေးနိုင်ရေးအတွက် 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐒𝐞𝐦𝐢𝐧𝐚𝐫 တစ်ရပ်ကို စီစဉ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ရင်း၊ မောင်ဖြိုးသုမင်းသစ်၏ ထူးချွန်အောင်မြင်မှုအတွက် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ အထူးထပ်မံဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။