Biodiversity & Environmental Knowledge by Thiha Sithu

Biodiversity & Environmental Knowledge by Thiha Sithu

Share

ဇီဝမျိုးစုံနှင့် သဘာဝဝန်းကျင် ထိန်?

18/09/2024

ရေကြီးမှုနောက်ဆက်တွဲရောဂါများ ကျန်းမာရေးသတိဖြင့် ရှောင်ရှား

သီဟစည်သူ

အခုလတ်တလော မြန်မာနိုင်ငံတစ်ဝန်း နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ နေပြည်တော်အပါအဝင် အချို့နေရာမှာတော့ ရေတွေပြန်ကျသွားပြီးတဲ့နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ရေကြီးမှုရဲ့ နောက်ဆက်တွဲ ရောဂါဘယတွေ

ရေကြီးမှုတွေဖြစ်ပွားပြီး ရေပြန်ကျသွားချိန်မှာ အထူးသတိပြုရမှာကတော့ ရေကြီးမှုရဲ့ နောက်ဆက်တွဲရောဂါဘယတွေပဲ ဖြစ်ပါတယ်။ ရေကြီးချိန်မှာ နေအိမ်တွေအတွင်း ရေဝင်တာ၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်းတွေ၊ မြေနိမ့်ပိုင်းနေရာတွေမှာ ရေဝင်တဲ့အတွက် တင်ကျန်နေတဲ့ ခြင်၊ ယင်၊ ပိုးမွှားအင်းဆက်တွေကြောင့် ရေကြီးပြီးတဲ့နောက်မှာ ခြင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတွေ အဖြစ်များလေ့ရှိတတ်ပါတယ်။ ဒါ့အပြင် အင်း၊ အိုင်တွေ၊ ရေတွင်း ရေကန်တွေအတွင်း မသန့်ရှင်းတဲ့ရေတွေဝင်တာကြောင့် အဲဒီလို မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အူယောင်ငန်းဖျား၊ တိုက်ဖွိုက်၊ အသည်းရောင်အသားဝါ၊ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်တတ်ကြောင်း ကျန်းမာရေးဆိုင်ရာ အသိပညာရှင်တွေက သတိပေးထားပါတယ်။ ဒါတွေကတော့ ရုပ်ပိုင်းဆိုင်ရာ (Physical) အားဖြင့် ဖြစ်ပွားတတ်တဲ့ ရောဂါဘယတွေဖြစ်ပြီးတော့ ရေဘေးအတွင်းမှာ ဆွေမျိုးမိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ မိမိပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံနဲ့ ဥစ္စာပစ္စည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးတာကြောင့် ဖြစ်ပေါ်တတ်တဲ့ စိုးရိမ်စိတ်များခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဆိုတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ (Mental Health Problems)ကိုလည်း နာတာရှည် ခံစားရတတ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

အလျင်အမြန် ဖြေရှင်းသင့်တဲ့ ပြဿနာတစ်ခု

အထူးအားဖြင့်တော့ ပြည်ထောင်စုနယ်မြေ နေပြည်တော်က ရေဘေးသင့်ကျေးရွာတွေရဲ့ နေရာတော်တော်များများနဲ့ မြစ်နားကမ်းနားတွေမှာ ရေတွေပြန်ကျသွားပြီးတဲ့နောက် အမှိုက်သရိုက်တွေနဲ့အတူ ကျွဲ၊ နွား တိရစ္ဆာန် အသေတွေ၊ အိမ်မွေးတိရစ္ဆာန် အသေကောင်တွေ တင်ကျန်ရစ်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဒီလိုမျိုးတိရစ္ဆာန်အသေတွေကို အချိန်မီရှင်းလင်းသုတ်သင်တာ၊ မြေမြှုပ်တာတွေ မလုပ်ဆောင်နိုင်ဘူးဆိုရင် ဒီလိုတိရစ္ဆာန်အသေတွေကနေ ပုပ်ပွလာပြီးတဲ့နောက် ပိုးမွှားအင်းဆက်တွေ၊ ကြွက်တွေ၊ ယင်ကောင်တွေရောက်လာပြီး ရောဂါကိုအလွယ်တကူ သယ်ဆောင်ပြန့်ပွားစေနိုင်တာကြောင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာမှာ အလျင်အမြန် ဖြေရှင်းသင့်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင် ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ ပိုးမွှားအင်းဆက်တွေကြောင့် လူတွေဆီကို ရောဂါကူးစက်တာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ရေကြီးပြီးနောက် ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေဆက်လက်ဖြစ်ပေါ်လာနိုင်ပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေထဲကနေ ကျန်းမာရေးဝန်ကြီးဌာနကနေ အဖြစ်များတတ်တဲ့ ရောဂါအချို့အကြောင်းကို ဖော်ပြရရင်-

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ)

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ဝမ်းရောဂါဖြစ်ပွားစေတဲ့ ကာလဝမ်းရောဂါပိုး (Vibrio cholerae) ကဲ့သို့သော ရောဂါပိုးများပါရှိတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။ ကာလဝမ်းရောဂါပိုးဟာ ရောဂါဖြစ်သူထံကနေ စွန့်ပစ်လိုက်သော မစင်၊ အန်ဖတ်တွေမှာ ပါဝင်ပါတယ်။ ဝမ်းလျှောရောဂါ ပြင်းထန်တဲ့အခါ ခန္ဓာကိုယ်အတွင်းကနေ ရေနဲ့ဓာတ်ဆားတွေ လျင်မြန်စွာ ကုန်ခန်းသွားတာကြောင့် အရည်ခန်းခြောက်ခြင်းကို ဖြစ်စေပါတယ်။ ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသမှုခံယူခြင်းမရှိရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိတာ၊ ယင်နားစာတွေနဲ့ မသန့်ရှင်းသော အစားအစာတွေ စားသုံးမိတာ၊ အိမ်သာတက်ပြီး လက်ကိုစနစ်တကျမဆေးတာ၊ အစာမစားမီလက်ကို စင်ကြယ်စွာ မဆေးတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ယင်လုံအိမ်သာဆောက်လုပ်သုံးစွဲမှု အားနည်းတာနဲ့ အိမ်ပတ်ဝန်းကျင်သန့်ရှင်းမှု နည်းပါးတာ၊ သန့်ရှင်းမှုမရှိတာတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကျား အကိုက်ခံရခြင်းကတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်ပါတယ်။ ခြင်ကျားများဟာ ရေကြည်ရေသန့်မှာ အဓိကပေါက်ပွားကြပြီး အများအားဖြင့် နေ့အခါမှာ လူများကို ကိုက်လေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးရောဂါမှာ ဒင်ဂီးအဖျားရောဂါ (Dengue Fever)၊ သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic Fever)နဲ့ သွေးလန့်ခြင်း (Dengue Shock Syndrome) ဆိုပြီး အဆင့်ဆင့် ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ၁၅ နှစ်အောက် အသက်အရွယ်တွေမှာ အများဆုံးဖြစ်ပွားတတ်ပေမယ့် အခုအခါမှာ အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိပါတယ်။ တစ်နှစ်ပတ်လုံးကူးစက်နိုင်ပြီး မိုးရာသီမှာ အဖြစ်အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။

ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ အနော်ဖိလိခြင် (Anopheles) ကိုက်ခြင်းကတစ်ဆင့် ကူးစက်ပြီး ငှက်ဖျားကပ်ပါးပိုး ပလက်စ်မိုဒီယမ်ကြောင့် ဖြစ်ပွားတတ်တဲ့ အဖျားရောဂါတစ်မျိုး ဖြစ်ပါတယ်။ လူမှာဖြစ်တဲ့ ပလတ်စ်မိုဒီယမ်ကပ်ပါးပိုးလေးမျိုးရှိပြီး ဒီထဲကမှ ဖယ်လ်ဆီပါရမ်ပိုးဟာ ပြင်းထန်ငှက်ဖျားရောဂါအဆင့်သို့ ရောက်ရှိဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ ငှက်ဖျားပိုးသယ်ဆောင်တဲ့ခြင်တွေဟာ အဓိကအားဖြင့် ညအခါ ကိုက်လေ့ရှိသော်လည်း ဘယ်အချိန်၊ ဘယ်နေရာမဆို ခြင်ထောင်နဲ့ အိပ်ခြင်း၊ (အထူး သဖြင့် ဆေးစိမ်ခြင်ထောင်နဲ့အိပ်ခြင်း) ခြင်ကိုက်ခံရခြင်းကနေ ကင်းဝေးဖို့ အဝတ်အစားလုံလုံခြုံခြုံ ဝတ်တာ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း၊ အဝတ်အစား အကာအကွယ်မရှိတဲ့ ခြေ၊ လက်တွေကို ခြင်မကိုက်စေတဲ့ ဆေးလိမ်းတာ၊ အိမ်အနီးခြင်ခိုအောင်းနိုင်တဲ့ ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းတာ၊ ရပ်ကွက်ကျေးရွာအနီးမှာရှိတဲ့ စိမ့်၊ စမ်း၊ ချောင်းများကို ခြင်မပေါက်ပွားစေဖို့၊ ရေစီးရေလာကောင်းအောင် လူထုအားနဲ့ ဆောင်ရွက်တာ၊ ပိုးလောက်လန်းစားငါးတွေကို ရေတွင်းရေကန်တွေမှာ ထည့်ခြင်းတို့ဖြင့် ငှက်ဖျားရောဂါကူးစက်မှုကို ကာကွယ်နိုင်ကြောင်း ကျန်းမာရေးဌာနက အသိပေးထားပါတယ်။

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ

လက်ပ်တိုစပိုင်ရိုးစစ်ရောဂါဟာ ဗက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်ပွားပြီး တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ကပ်ရောဂါအသွင်ဖြစ်ပွားရင် လူအများအပြား အသက်ဆုံးရှုံးနိုင်ပါတယ်။ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါလက္ခဏာတွေဟာ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ တိုက်ဖွိုက်ရောဂါ လက္ခဏာတွေနဲ့ ရောထွေးမှားယွင်းတတ်တာကြောင့် ဓာတ်ခွဲစစ်ဆေးအတည်ပြုဖို့ လိုအပ်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ အိမ်မွေးတိရစ္ဆာန်တွေအပါအဝင် အခြားတိရစ္ဆာန်တွေ (ကြွက်၊ နွား၊ ဝက်၊ ခွေး၊ မြင်း၊ ကျွဲ၊ သိုး၊ ဆိတ် စသည်တို့ရဲ့ ကျင်ငယ်ရည်ကို ထိတွေ့ကိုင်တွယ်မိခြင်းကတစ်ဆင့် ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် လယ်ယာလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေမှာ အဖြစ်များပါတယ်။ မိုးရာသီနှင့် ကောက်ရိတ်သိမ်းချိန်ကာလတွေမှာ ရောဂါဖြစ်ပွားမှု ပိုမိုများပြားတယ်လို့ ဆိုပါတယ်။

ထောင့်သန်းရောဂါ (Anthrax)

ထောင့်သန်းရောဂါဟာ ဗက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားစေပြီး တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး ကပ်အသွင်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါ ဖြစ်ပွားတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့ (နွား၊ မြင်း၊ ကျွဲ၊ ဆိတ်၊ သိုး၊ ဝက်) မှတစ်ဆင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းများအတွင်းကို ကူးစက်နိုင်ပါတယ်။ ထောင့်သန်းရောဂါပိုး၏ Spore တွေရှိတဲ့ မြေကြီးနှင့်ပစ္စည်းများမှတစ်ဆင့် ရောဂါပိုးတွေက နှစ်ပေါင်းများစွာ ကူးစက်စေနိုင်ပါတယ်။

ရောဂါသွင်ပြင်လက္ခဏာဖြစ်ပွားမှု သုံးမျိုးရှိပြီး အရေပြားထောင့်သန်းရောဂါသည် အဖြစ်ပိုများတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ အရေပြားမှာဖြစ်တဲ့ ထောင့်သန်းရောဂါတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ ပထမဦးစွာ အရေပြားယားယံပြီး အရည်ကြည်ဖုကလေးများပေါ်တာ၊ အဖုပတ်လည်မှာ ရောင်ရမ်းနီရဲလာပြီး ပြည်အနည်းငယ်တည်လာတာ၊ တစ်ပတ်ခန့်အကြာမှာ အနာဖေး အမည်းရောင်တက်လာပြီ ပုပ်သွားသောအနာ ဖြစ်ပွားတတ်ပါတယ်။ အနာတွေကို အခြားရောဂါပိုးတွေ ဝင်လာနိုင်ပြီး သွေးဆိပ်တက်ခြင်းဖြစ်နိုင်ကြောင်း သိရပါတယ်။

အဆုတ်မှာဖြစ်တဲ့ ထောင့်သန်းရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ဝင်ရောက်တဲ့အခါ ရင်ဘတ်အောင့်တာ၊ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာတွေ ဖြစ်တတ်ပါတယ်။ အူလမ်းကြောင်းမှာဖြစ်တဲ့ ထောင့်သန်းရောဂါမှာတော့ ရောဂါပိုးကူးစက်ထားတဲ့ အသားတွေကို စားသုံးတာကြောင့် ဗိုက်အောင့်တာ၊ အန်တာ၊ သွေးဝမ်းသွားတာတွေ ဖြစ်ပွားတတ်ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကို စားသုံးခြင်းမပြုဘဲ မြေမြှုပ်ခြင်း၊ တိရစ္ဆာန်သားရေကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ တိရစ္ဆာန်တွေနဲ့ အသားစိမ်းများကို ထိတွေ့ကိုင်တွယ်သူတွေအနေနဲ့ နှာခေါင်းစည်း၊ လက်အိတ်တွေဝတ်ဆင်ခြင်းဖြင့် ထောင့်သန်းရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကျန်းမာပျော်ရွှင် ဘဝတစ်ခွင်

ဒါကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးတဲ့နောက် ဘေးအန္တရာယ်တွေ၊ ကူးစက်ရောဂါအန္တရာယ်တွေ ထိခိုက်ခံစားရမှုမရှိစေဖို့အတွက် ရာသီဥတုနှင့်လျော်ညီပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ဝတ်စားဆင်ယင်ပါ။ ရေမျောစာတွေ၊ အမှည့်လွန်အစာတွေ၊ ယင်နားစာတွေ မစားပါနဲ့။ အစားအစာတွေ ယင်မနားစေအောင် ဖုံးအုပ်ထားပါ။ ရေသန့်ဆေးထုတ် ကလိုရင်းဆေးခတ်ထားသော ရေ (သို့မဟုတ်) ကျိုချက်ထားသောရေ (သို့မဟုတ်) သောက်သုံးပါ၊ ယုံကြည်စိတ်ချရသော ရေသန့်ကိုသာ သောက်သုံးပါ။ ယင်လုံအိမ်သာကို စနစ်တကျသုံးစွဲပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။ အစာမစားမီ၊ အစားအစာ ချက်ပြုတ်ပြင်ဆင်ခြင်းမပြုမီ၊ အညစ်အကြေးကိုင်တွယ်ပြီးတိုင်း အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။ အမှိုက်တွေကို မြေမြှုပ်တာ၊ မီးရှို့တာ၊ အမှိုက်ပုံကို ထုံးဖြူးတာတွေ လုပ်ဆောင်ပြီး စနစ်တကျစွန့်ပစ်ပါ။ ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ပါ။ ဘယ်အချိန်တွင်မဆို ခြင်ထောင်နဲ့ အိပ်စက်ပါ။ ပိုးလောက်လမ်း၊ ခြင်နှိမ်နင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပါ။ မြွေဆိုးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်နဲ့ ထိခိုက်ဒဏ်ရာရရှိမှုအန္တရာယ်တွေကို ဂရုပြုပါ။ ဘေးအန္တရာယ်ကျရောက်ပြီးနောက် အဆုတ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မြွေဆိုးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှု စတဲ့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ရင် နီးစပ်ရာဆေးရုံ/ ကျန်းမာရေးဌာနနဲ့ ကျန်းမာရေးဝန်ထမ်းထံတွင် အချိန်မီသွားရောက်ပြသပြီး ဆေးကူသမှုခံယူတာတွေကို ဆောင်ရွက်သင့်ပါတယ်။

အာရောဂျံပရမံ လာဘံ- ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ ဆိုပါတယ်။ ရေကြီးမှုတွေ ဖြစ်ပေါ်တာကြောင့် ဆုံးရှုံးနစ်နာမှုတွေ၊ စိတ်မကောင်းဖြစ်စရာတွေကို တော်တော်များများ ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့ အားလုံးဆုံးရှုံးသွားတာတော့ မဟုတ်သေးပါဘူး အသက်ရှင်နေပါသေးတယ်။ ကျန်းမာနေရင်ဆုံးရှုံးသွားတဲ့ ဥစ္စာပစ္စည်းတွေကို ပြန်ရှာဖွေနိုင်ပါသေးတယ်။ ဒါကြောင့် ရေဘေးကနေ ဘေးမသီရန်မခလွတ်မြောက်လာပေမယ့် ရေဘေးကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ရောဂါဘယတွေ မကူးစက်အောင် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် အထူးဂရုပြုနေထိုင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ။

ကိုးကား -

(၁) လူတိုင်း အိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ၊ ကျန်းမာရေးဝန်ကြီးဌာန။

(၂) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Myanmar) ထုတ်ပြန်ချက်များ။

18/09/2024

မြကမ္ဗလာ လွှမ်းခြုံတဲ့ ဤမြေဖြစ်စေဖို့

မြန်လင်းမောင်

“သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနား” ဆိုတဲ့ စကားပုံကို လူတိုင်းနီးပါး ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အရိပ်အာဝါသနဲ့ ပြည့်စုံပြီး ခက်လက်ဝေဆာစည်ပင်နေတဲ့ သစ်တစ်ပင်မှာ ငှက်ကောင်ရေပေါင်း တစ်သောင်းမျှ ခိုဝင်နားနေနိုင်သည်ဟု ဆိုလိုသကဲ့သို့ လူတစ်ဦးတစ်ယောက်ရဲ့ စွမ်းဆောင်မှုနဲ့ အများအတွက် အကျိုးပြီးစီးနိုင်ပုံကို ပြဆိုရာမှာလည်း ဒီစကားပုံလေးကို သုံးနှုန်းလေ့ရှိကြပါတယ်။ အခုဆောင်းပါးမှာတော့ စကားပုံရဲ့ အဓိပ္ပာယ် မူရင်းဖြစ်တဲ့ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုး၊ သစ်တစ်ပင်ရဲ့ အသုံးဝင်မှု ကိုသာ ပြဆိုလိုပါတယ်။

မကြာသေးခင်ရက်များဆီက နေပြည်တော်မှာ ဆင်သေချောင်း ရေလျှံတော့ ချောင်းကမ်းနံဘေး ကျေးရွာတွေက ဒေသခံတွေရဲ့ နေအိမ်တွေ၊ ကျွဲ၊ နွားတိရစ္ဆာန်တွေ၊ လူတွေ ရေနောက်မျောပါ ပျက်စီးကြရတာကို ဝမ်းနည်း စိတ်ထိခိုက်ဖွယ်ရာ ကြားသိရပါတယ်။ တချို့ဆို ရေနောက်မျောပါသွားပြီး သစ်ပင်တစ်ပင်နဲ့ ချိတ်မိပြီး အသက်ရှင်ကျန်ရစ်ခဲ့တာတွေ၊ အိမ်တွေထဲကို ရေတွေ ရုတ်တရက် ဝင်လာလို့ မိသားစုလိုက်၊ အုပ်စုလိုက် သစ်ပင်ပေါ်တွေမှာ တက်ပြီးခိုလှုံလိုက်နိုင်တာကြောင့် အသက်ဘေးကနေ သီသီကလေးလွတ်မြောက် လာကြရတာတွေကို အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ဗီဒီယိုတွေမှာ မြင်ကြတွေ့ကြရပါတယ်။ တချို့လူတွေဆို “ဒီသစ်ပင်လေးပေါ့၊ သူကျွန်တော့်အသက်ကို ကယ်တင်လိုက်တာ။ သူကယ်ပေလို့သာပေါ့၊ မဟုတ်ရင် ဒီရေစီးမျိုးနဲ့သာဆို အသက်နဲ့ကိုယ် အိုးစားကွဲတော့မလို့” ဆိုတာမျိုး အွန်လိုင်းမှာ ရေးတင်နေကြတာလည်း တွေ့ရတယ်။ ရေစီးနဲ့အတူမျောပါသွားပြီးတဲ့နောက် တွေ့ရာသစ်ပင်ကို ဖမ်းဆွဲထားပြီး အသက်ရှင်လာခဲ့တဲ့ လူတစ်ဦးရဲ့ ရင်ထဲကလာတဲ့ ကျေးဇူးတင်စကားပါ။ ဒါဟာ သစ်ပင်တွေကနေ တိုက်ရိုက်ပေးဆောင်လိုက်တဲ့ အကျိုးကျေးဇူးတွေကို ကိုယ်တွေ့မျက်မြင် တွေ့လိုက်ကြရပြီလို့ဆိုရင် မှားအံ့မထင်။

သစ်ပင်တွေရဲ့ အကျိုးကျေးဇူးတွေ

သစ်တော၊ သစ်ပင်တွေကနေ ထောက်ပံ့ပေးနေတဲ့ အကျိုးကျေးဇူးတွေက များပြားလှပါတယ်။ သစ်တောတွေကနေ သစ်နဲ့ သစ်မဟုတ်တဲ့ သစ်တောထွက်ပစ္စည်းတွေအပြင် “ဥတုရာသီ၊ တောကိုမှီ” ဆိုသလို ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးတာ၊ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးတာ၊ လေထုအတွင်းကနေ ကာဗွန်စုပ်ယူ သိုလှောင်ဖယ်ရှားပေးတာ၊ ရေနဲ့ လေသန့်စင်အောင် လုပ်ဆောင်ပေးတာ၊ မြေတိုက် စားမှု၊ မြေပြိုမှုတွေနဲ့ ကမ်းရိုးတန်းတွေကို ကာကွယ်ပေးတာ၊ ဝတ်မှုန်ကူးခြင်းနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ကြွယ်ဝစေတာ၊ မြေဆီမြေနှစ် အဆင့် အဆင့် ဖြစ်ပေါ်စေတာစတဲ့ ဝန်ဆောင်မှုတွေကို သစ်တော၊ သစ်ပင်တွေ ကနေ ပံ့ပိုးပေးနေပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်း၊ အပန်းဖြေမှု၊ အလှအပနဲ့ မျက်စိပသာဒဆိုင်ရာ ဝန်ဆောင်မှုတွေ၊ သုတေသနနဲ့ ပညာ ရပ်ဆိုင်ရာတွေနဲ့ ရိုးရာဓလေ့ ယုံကြည်ကိုးကွယ်မှုတွေ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေအတွက်လည်း သစ်တော၊ သစ်ပင်တွေကနေပဲ အထောက်အပံ့ပြုပေးနေတာလည်း ဖြစ်ပါတယ်။

သစ်ပင်ပေါင်း ၂၂ ဒသမ ၈၅၆ သန်း စိုက်ပျိုး

သစ်ပင်တွေ စိုက်ပျိုးထိန်းသိမ်းခြင်းဟာ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာစေပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုနဲ့ အကျိုးကျေးဇူးတွေများစွာ ရရှိစေတာဖြစ်တဲ့အတွက် သစ်တောသယံဇာတများ ရေရှည် တည်တံ့စေရေးနဲ့ ပြန်လည်ထူထောင်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရကနေ ဦးဆောင်ပြီး သစ်ပင်စိုက်ပျိုးပွဲတွေ၊ လူထုဖြန့်သစ်ပင် စိုက်ပျိုးခြင်းတွေ ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၁ ခုနှစ်ကနေ ယနေ့ အချိန်အထိ နိုင်ငံအဆင့် သစ်ပင်စိုက်ပွဲတော် ၁၀ ကြိမ်၊ စိုက်ပင်ပေါင်း ၁၇၆၇၇ ပင်၊ နိုင်ငံနဲ့တစ်ဝန်း သစ်ပင်စိုက်ပွဲတော် ၁၅၈၄ ကြိမ်၊ စိုက်ပင် ပေါင်း ၁ ဒသမ ၁၃၈ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော် အနေနဲ့ နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိရာ မှာ ၂၀၂၄ မိုးရာသီအတွင်း သစ်တောစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ရေဝေရေလဲ စိုက်ခင်းနဲ့ ကျေးရွာထင်းစိုက်ခင်းတွေ တည်ထောင်ခြင်း၊ ကားလမ်းဘေးဝဲ/ယာ စိုက်ပျိုးခြင်း၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲနဲ့ လူထု ဖြန့် စိုက်ပျိုးခြင်းနည်းလမ်းတွေနဲ့ နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၂၂ ဒသမ ၈၅၆ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ စက်တင်ဘာ ၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကနေ သိရပါတယ်။

သဘာဝသယံဇာတ အမွေအနှစ်

“ဆည်မြောင်းချောင်းကန် ရေပြည့်လျှံ၊ သစ်ပင်ရံမှ သဏ္ဌာန်လှပ မြဲထာဝရ” ဆိုတဲ့အတိုင်း သစ်တော၊ သစ်ပင်တွေရှိမှသာ မြေတိုက်စားမှု၊ ရေတိုက်စားမှုတွေကနေ ကာကွယ်ပြီး ဆည်တာတမံတွေ ရေရှည်တည်တံ့ စေမယ်ဆိုတဲ့အကြောင်း၊ လတ်တလောကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေဟာ ရေဝေရေလဲသစ်တောတွေ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးပျက်စီးတာ၊ နုန်းအနည်အနှစ် ပို့ချမှုတွေ များလာတာ၊ ရေစီး ရေလာတွေ ထိန်းသိမ်းမှုအားနည်းလာတာတွေကြောင့် ပျက်စီးလာခြင်းရဲ့ အကျိုးဆက်တွေဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာ ၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။

တစ်ရွာနှစ်ဧက စိုက်ခင်းတွေ တည်ထောင်

ထို့အတူပဲ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မိတ္ထီလာ-ကျောက်ပန်းတောင်း - ညောင်ဦးလမ်းနှင့် ကျောက်ပန်းတောင်း-ချောက်- မကွေးလမ်း လမ်းမကြီး ဝဲ/ယာမှာ ကြီးမြန်သစ်ပင်တွေ စိုက်ပျိုးရေးနှင့် အပူပိုင်းဇုန် ၁၃ ခရိုင်မှာ အနည်းဆုံး တစ်ရွာ နှစ်ဧက စိုက်ခင်းတွေ တည်ထောင်နိုင်ဖို့အတွက် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်စပ်ဌာနတွေက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၄ ခုနှစ် မိုးရာသီမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ကျေးရွာ ၈၀၉ ရွာမှာ ကျေးရွာထင်းစိုက်ခင်းနဲ့ ဘက်စုံသုံး စိုက်ခင်း ၃၅၅၁ ဧက သစ်ပင်ပေါင်း ၂ ဒသမ ၁ သန်း စိုက်ပျိုး ခြင်း၊ ကားလမ်းဘေး ဝဲ/ယာ ကြီးမြန်သစ်ပင် ၄၀၀၀၀ ကျော် စိုက်ပျိုးခြင်းနဲ့ မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ ဆည်ရေလှောင်တမံ ၂၀ ရဲ့ ရေဝေရေလဲ ဧရိယာတွေမှာ ရေဝေရေလဲ စိုက်ခင်းတည်ထောင်ခြင်း၊ အပူပိုင်းဇုန် ဒေသ ၁၃ ခရိုင်အတွင်း အနည်းဆုံးတစ်ရွာ နှစ်ဧက စိုက်ခင်းတည်ထောင်တာတွေကို ဆောင်ရွက် လျက်ရှိပါတယ်။

သစ်စေ့မြေလုံးတွေကြဲချ

ဒါ့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)တို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေချောင်း ရေဝေရေလဲ ဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်း အကွက်အမှတ် (၅၆) ဧရိယာ ၁၀ ဒသမ ၅ ဧကမှာ ဒေသနဲ့ကိုက်ညီသော သစ်ပင်အမျိုး အစား ကိုးမျိုးဖြစ်တဲ့ မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှားစတဲ့ သစ်စေ့မြေလုံးစုစုပေါင်း ၁၀၀၀၀၀ ကို တပ်မတော် ရဟတ်ယာဉ်နဲ့ ကြဲချတာကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ ရက်က ပြုလုပ် ခဲ့ပါတယ်။

သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံး

ကမ္ဘာပေါ်မှာ သတ္တမမြောက်ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တဲ့ မိမိတို့နိုင်ငံမှာ ဒီရေတော ဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေ ပေါကြွယ်ဝစေဖို့၊ လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ်ခံစား ရမှုတွေကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်နိုင်ဖို့၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုနိုင်ဖို့၊ ဒေသခံပြည်သူတွေအတွက် ငါး၊ ကဏန်း၊ ပုစွန်စတဲ့ ရေသယံဇာတတွေ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ဖို့နဲ့ ကုန်းတွင်းပိုင်းကို ဆားငန်ရေ ဝင်ရောက်မှုတွေကနေ ကာကွယ်တားဆီးနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီရေတောတွေဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၄ နှစ် ဩဂုတ်လအထိ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော ၄၄ ခု၊ အဏ္ဏဝါအမျိုးသားဥယျာဉ်နဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေခြောက်ခု အပါအဝင် မြန်မာနိုင်ငံ သစ်တောပြန်လည်တည်ထောင်ရေး စီမံကိန်း အစီအစဉ်နဲ့ ယနေ့အချိန်အထိ ဒီရေတောစိုက်ခင်းဧက ၂၁၈၃၀ တည် ထောင်ခဲ့ပြီးဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရပါတယ်။

သဘာဝဘေးလူမရွေး

လက်ရှိကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေက ပုံစံမျိုးစုံ၊ နည်းမျိုးစုံ နဲ့ အကြိမ်ရေ ခပ်စိပ်စိပ် ဖြစ်ပေါ်နေတာပါ။ သဘာဝဘေးဆိုတာမျိုးက ဖြစ်လာပြီဆိုရင် ရဟန်းရှင်လူ ပြည်သူမရွေး၊ လူတန်းစားမရွေး၊ လူမျိုး မရွေး၊ နိုင်ငံမရွေး ထိခိုက်နိုင်တာပါ။ ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကြိုတင်အစီအမံတွေ ချမှတ်ခြင်းနဲ့ သစ်တောတွေ ပြန်လည်တည်ထောင်တဲ့ လုပ်ငန်းတွေကို အလေးထားဆောင်ရွက်လျက်ရှိရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍဟာ အထူးအရေးကြီးပြီးတော့ လူထုအခြေပြု ဒီရေတော စိုက်ပျိုးခြင်း၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောတွေ တည်ထောင်ခြင်း၊ အစိမ်းရောင်တံတိုင်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အပြင် သစ်တော၊ သစ်ပင်တွေနဲ့ စိမ်းစိုလှပတဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ ရာသီဥတု သမမျှတမှုတွေကို ပိုင်ဆိုင်တဲ့ အစိမ်းရောင် မြကဗ္ဗလာလွှမ်းခြုံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့ သစ်တော၊ သစ်ပင်တွေ ထူထောင်စိုက်ပျိုး ထိန်းသိမ်းကြပါစို့ဟု အလေးပေးတိုက်တွန်း လိုက်ရပါတယ်။

20/02/2024

ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့် ရွှေ့ပြောင်းနေထိုင်မှုများ
သီဟစည်သူ
ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးသည် လျင်မြန်သောပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး သိသာထင်ရှားသော အကျိုးဆက်များထဲမှတစ်ခုမှာ ရာသီဥတုဆိုင်ရာ အိုးအိမ်စွန့်ခွာ နေရပ်ရွှေ့ပြောင်း သွားလာမှုများပင်ဖြစ်သည်။
ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုများဆိုသည်မှာ ပတ်ဝန်းကျင်အခြေအနေများ ပြောင်းလဲခြင်းကို တုံ့ပြန်ရန်အတွက် လူ၊ တိရစ္ဆာန်များနှင့် အပင်များ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်း ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ၊ ပြောင်းလဲလာသော ဂေဟစနစ်များ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ဆိုင်ကလုန်းမုန်တိုင်းများ ကဲ့သို့ ပြင်းထန်သော ရာသီဥတုအခြေ အနေများနှင့် ရောဂါပြန့်ပွားမှုပုံစံများ ပြောင်းလဲခြင်းအပါအဝင် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ပတ်သက်သည့် အကျိုးဆက်များသည် ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုများ ဖြစ်ပေါ်လာ စေရန် တွန်းအားပေးလျက်ရှိသည်။
ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်း၏ သက်ရောက်မှုများသည် လူသား အသိုင်းအဝိုင်းများ သာမက တောရိုင်း တိရစ္ဆာန်များနှင့် ဂေဟစနစ်တစ်ခုလုံး ကိုပါ ထိခိုက်စေနိုင်သည်။

ဖြေရှင်းရခက်သည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရ

လူသားများအတွက် ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုများသည် ထိခိုက်လွယ်သော အသိုက်အဝန်းများအကြား အိုးမဲ့အိမ်မဲ့ဖြစ်မှုကြောင့် ခိုလှုံရာ နေရာအသစ်များနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများရှာဖွေရန် ဖြေရှင်းရခက်သည့် စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်။ ၂၀၅၀ ပြည့်နှစ်တွင် လူပေါင်း သန်း ၁၄၀ ကျော်ခန့်သည် ပြောင်းရွှေ့နေထိုင်သူများ ဖြစ်လာနိုင်မည်ဟု ကမ္ဘာ့ ဘဏ်၏ သုတေသနပြုချက်အရ ခန့်မှန်းထားပြီး ရာသီဥတုကြောင့် ရွှေ့ပြောင်း နေထိုင်သူများသည် ဒေသသုံးခုဖြစ်သည့် လက်တင်အမေရိက၊ အာဖရိကဆာဟာရဒေသနှင့် အရှေ့တောင်အာရှ ဒေသများမှ ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းနေရပ် စွန့်ခွာသူများ စောင့်ကြည့်လေ့လာရေးစင်တာ (IDMC) မှ အချက်အလက်များ အပါအဝင် နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IOM)က ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုနှင့် ဆက်နွှယ်သော အခက်အခဲများကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ပျမ်းမျှလူပေါင်း ၂၁ ဒသမ ၆ သန်းသည် ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ ဖြစ်လာခဲ့သည်။ အဆိုပါအစီရင်ခံစာအရ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှုနှင့်ဆက်နွှယ်သော ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်မှုအရှိဆုံး ဒေသများဖြစ်သည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၌ (၁၀ သန်းကျော်)၊ အရှေ့ တောင်အာရှ၌ (ရှစ်သန်းကျော်)၊ ဆာဟာရ အာဖရိက၌ (နှစ်သန်းကျော်)၊ အမေရိက၌ (နှစ်သန်းခန့်)၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၌ (နှစ်သန်းနီးပါး)၊ ဥရောပနှင့် အလယ်ပိုင်းအာရှတို့၌ လူ နှစ်သန်းနီးပါးသည် ရေလွှမ်းမိုးမှုဘေး ဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်း အစီရင်ခံစာက မီးမောင်းထိုးပြထားသည်။

သန်းပေါင်းများစွာတိုးလာဖွယ်ရှိ

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုသည်လည်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း အရှေ့အာဖရိကကမ်းရိုးတန်းရှိ ရာသီဥတုဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူ ခုနစ်သိန်းခွဲခန့် ရှိနိုင်မည်ဟု ဖော်ပြထားသည်။ ထို့အတူ ၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်ရေမျက်နှာပြင် ၀ ဒသမ ၄၄ မီတာ တက်လာပါက ဘင်္ဂလားဒေ့ရှ်၌ ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၇၃၀၀၀၀ ခန့် ရှိလာနိုင်ပြီး ကမ္ဘာ့ဒေသအသီးသီး၌ ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာ တိုးလာဖွယ်ရှိ ကြောင်း ခန့်မှန်းထားသည်။ ဥပမာ အားဖြင့် မိမိတို့မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေလအတွင်း ဝင်ရောက်တိုက်ခတ် ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် လူနေအဆောက် အအုံများ၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ အပါအဝင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုများ၏ ပျမ်းမျှခန့်မှန်းချက်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံခန့်ရှိပြီး ယင်းပမာဏ သည် ၂၀၂၁ ခုနှစ် မြန်မာ့ GDP၏ ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ကမ္ဘာ့ ဘဏ်က ခန့်မှန်းခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပျက်စီးမှုအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်သည်တွင် ထိခိုက်သူ ၁ ဒသမ နှစ်သန်းခန့်ရှိပြီး ပြည်တွင်း အိုးအိမ်မဲ့ဒုက္ခသည်စခန်းများ ပျက်စီးခဲ့ကာ လူအများအပြားလည်း သေဆုံးခဲ့သည်။ အဆိုပါမုန်တိုင်း မဝင်ရောက်မီ အချိန်ကတည်းက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့မှုနှင့်အတူ မုန်တိုင်း တိုက်ခတ်ပြီးနောက် အိုးအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကြောင့်လည်း ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ယင်းသည် သိသာ ထင်ရှားသည့် ရာသီဥတုဆိုင်ရာ အိုးအိမ် စွန့်ခွာ ရွှေ့ပြောင်းရမှုများကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများပင်ဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အစိုးရ ၏ ရန်ပုံငွေများစွာလည်း ကုန်ကျခဲ့ရသည်။

ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်မှုများ

ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်မှုများမှာ များသောအားဖြင့် မြေယာပျက်စီးခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်မှု ၇၁ ရာခိုင်နှုန်း၊ မိုးခေါင်ရေရှားမှုကြောင့် ၅၀ ရာခိုင်နှုန်းနှင့် သစ်တောပြုန်းတီးမှု ကြောင့် ၄၅ ရာခိုင်နှုန်းတို့ ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုးရွား လာသည်နှင့်အမျှ သဲကန္တာရဖြစ်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ လေထုညစ်ညမ်းခြင်း၊ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့်စစ်မက်ဖြစ်ပွားမှုများ ကြောင့်လည်း ကမ္ဘာတစ်ဝန်းလုံးရှိ အနည်းဆုံး လူပေါင်း ၈၉ ဒသမ ၃ သန်းခန့်တို့သည် ၎င်းတို့၏နေအိမ်များမှ စွန့်ခွာထွက်ပြေးလာစေရန် တွန်းအား ပေးနေကြောင်း ကုသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားသည်။
တစ်ချိန်တည်းတွင် ဟာရီကိန်း မုန်တိုင်းများ၊ ရေကြီးရေလျှံခြင်းနှင့် တောမီးများကဲ့သို့သော သဘာဝဘေး အန္တရာယ်များသည် လူများကို အိုးအိမ် စွန့်ခွာထွက်ပြေးစေရန် တွန်းအားပေးနေပြီး၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသခံများ ရေလွှမ်းမိုးမှုအန္တရာယ်များ ကြုံတွေ့လာ သည်နှင့်အမျှ နေရာရွှေ့ပြောင်းနေထိုင်ရန် လိုအပ်မှုမှာ ပိုမိုအရေးတကြီး လိုအပ် လာလျက်သည်။ ထို့ပြင် ရာသီဥတုပုံစံ ပြောင်းလဲလာခြင်းနှင့် ရောဂါပြန့်ပွားမှုများသည်လည်း ပြည်သူ့ကျန်းမာရေးနှင့် လူဦးရေရွှေ့ပြောင်းမှု၏ အသွင်အပြင်ကို ပြောင်းလဲစေလျက်ရှိသည်။

ကြီးထွားလာနေသော ခြိမ်းခြောက်မှုတစ်ခု

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ လက်ထောက်ညွှန်ကြား ရေးမှူး ဘက်သ်ဘီချ်ဒေါက ရာသီဥတု ဖောက်ပြန်မှုသည် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်နိုင်ပြီး ၎င်း၏သက်ရောက်မှုများ သည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ပါ ကြီးထွားလာနေသော ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း သိပ္ပံနည်းကျ အထောက်အထားများက ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။ ‘‘ငြိမ်းချမ်းရေးမရှိရင် စားနပ်ရိက္ခာဖူလုံမှုမရှိသလို စားနပ်ရိက္ခာ ဖူလုံမှုမရှိဘဲ ငြိမ်းချမ်းရေးလည်း မရှိနိုင်’’ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကလည်း ထပ်လောင်းသတိပေးထားသည်။ လက်ရှိကမ္ဘာ့နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် လူပေါင်း ၂၅၈ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှု မြင့်မားမှုနှင့် ရင်ဆိုင်နေရပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံကျော်မှာ ရာသီဥတုနှင့် ပဋိပက္ခများ ကြောင့် ငတ်မွတ်မှုနှုန်း မြင့်မားနေကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် လုံခြုံရေးဆိုင်ရာ ဖိအားများကြောင့်လည်း ရေနှင့် မြေအရင်းအမြစ်များ ရှားပါးလာမှုအတွက် မွေးမြူရေးနှင့် လယ်သမားများကြား တင်းမာမှုနှင့် ပြိုင်ဆိုင်မှုများ တိုးမြင့်လာခဲ့ကြောင်း ဘီချ်ဒေါက ဆိုထားသည်။
ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ ဝင်ရိုးစွန်းရေခဲလွှာများ ဆုံးရှုံးခြင်းနှင့် ဆက်နွှယ်နေသော ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် သမုဒ္ဒရာရေစီးကြောင်းများ ပြောင်းလဲခြင်းတို့အပါအဝင် ကမ္ဘာ၏ ရာသီဥတုစနစ်တွင် နောက်ပြန်လှည့်၍မရသော အန္တရာယ်ကြီးမားလှသည့် ‘‘စံချိန်မှတ်များ” ကို တဖြည်းဖြည်း ဖြတ်ကျော်လာခဲ့ရသည်။ ဥပမာ စံချိန်တင်မိုးရွာသွန်းခြင်း၊ စံချိန် တင် အပူချိန်မြင့်မားခြင်း၊ ကမ္ဘာ့အပူချိန် စံချိန်သစ်များရောက်ရှိလာခြင်း အစရှိသည့် စံချိန်မှတ်များကို ဖြတ်ကျော်လာမှုများသည် လူသားမျိုးနွယ်တို့အတွက် မကြုံစဖူးကြီးမားသော သဘာဝဘေး အန္တရာယ်ဆိုင်ရာ ခြိမ်းခြောက်မှုများ၏ သံချောင်းခေါက်သံများပင် ဖြစ်ပါကြောင်း။ ။
ကိုးကား-
(၁) Climate change and displace-ment: the myths and the facts
(၂) Extremely Severe Cyclonic Storm Mocha, May 2023, Myanmar: Global Rapid Post-Disaster Damage Estimation (GRADE) Report

25/09/2023

အားလုံးပဲ မင်္ဂလာပါ…..

MCCL မှ “ဇီဝမျိုးစုံမျိုးကွဲအကြောင်း သိကောင်းစရာ” အစီအစဉ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီအစီအစဉ်မှာတော့ ဇီဝမျိုးစုံမျိုးကွဲ အခြေခံသဘောတရား၊ ဇီဝမျိုးစုံမျိုးကွဲ ပေါများခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံမျိုးကွဲများကို လျော့ပါးပျောက်ကွယ်စေသော အကြောင်းတရားများနှင့် နဂိုအတိုင်း ပြန်လည်ပြုပြင်ခြင်း အကြောင်းအရာများ ပါဝင်မှာဖြစ်ပါတယ်။
စက်တင်ဘာလရဲ့ တတိယအပတ်မှာတော့ ဇီဝမျိုးစုံမျိုးကွဲ အခြေခံသဘောတရားခေါင်းစဉ်လေးနဲ့ စလိုက်ရအောင်။ အဲ့ဒီတော့ ဇီဝမျိုးစုံမျိုးကွဲ ဆိုတာဘာလဲ?

ဇီဝမျိုးစုံ လို့ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်တဲ့ အပင်တွေ၊ သတ္တဝါတွေ၊ မှိုတွေ၊ အဏုဇီဝပိုးမွှားလေးတွေကအစ သက်ရှိအားလုံး ပါဝင်ပါတယ်။
ဇီဝမျိုးကွဲမှုကိုတော့ အဆင့် (၃) ဆင့်ခွဲပြီး နားလည်နိုင်ပါတယ်။
(၁) မျိုးရိုးဗီဇကွဲပြားမှု = မျိုးစိတ်တူ အပင်၊ သတ္တဝါများအတွင်း မတူညီကွဲပြားခြင်း။ ဥပမာ - လူ - အရပ်၊ ဆံပင်၊ အသားအရောင် စသည်အားဖြင့် မတူညီကြခြင်းဖြစ်ပါတယ်။
(၂) မျိုးစိတ်ကွဲပြားမှု =ကမ္ဘာပေါ်မှာရှိတဲ့ အပင်၊ သတ္တဝါနဲ့ အခြားသက်ရှိမျိုးစိတ်အားလုံးဟာ ပုံပန်းသွင်ပြင်၊ အရောင်၊ အရွယ်အစား စသည်အားဖြင့် မတူကွဲပြားခြင်း ကိုဆိုလိုပါတယ်။
(၃) ဂေဟစနစ်ကွဲပြားမှု = နေထိုင်ရာ ပတ်ဝန်းကျင် မတူကွဲပြားခြင်း။ ဥပမာ - သစ်တော၊ တောင်၊ မြက်ခင်းပြင်၊ သဲကန္တာရ၊ မြစ်ချောင်း၊ ပင်လယ် စသည့် မတူညီတဲ့ ပတ်ဝန်းကျင်တို့မှာ မတူကွဲပြား၊ ထူးခြားတဲ့ အပင်၊ သတ္တဝါတွေ ရှင်သန်၊ နေထိုင်ကျက်စားကြပါတယ်။

ယခုလိုမျိုး ဇီဝမျိုးစုံမျိုးကွဲမှု အဆင့်တွေကို သိရှိခြင်းအားဖြင့် မျိုးသုဉ်းပျောက်ကွယ်ဖို့နဲ့ ပျက်စီးဖို့ အန္တရာယ်ရှိနေတဲ့ ဂေဟစနစ်တွေ မျိုးစိတ်တွေကို ဦးစားပေးသတ်မှတ် ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာဆိုရင် ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အင်ဒို-ဘားမား ဇီဝမျိုးစုံမျိုးကွဲဗဟိုချက်မှာ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ဇီဝမျိုးစုံမျိုးကွဲ ကိန်းဂဏန်းဆိုင်ရာ အချက်အလက် အချို့ကိုတော့ အောက်ပါ ပုံစာမှာ လေ့လာကြည့်ကြပါအုံးနော်....



25/09/2023

ကျုးကျော်ဝင်ရောက်လာသော မျိုးစိတ်များ အန္တရာယ်
---------------------သီဟစည်သူ--------------------
ကမ္ဘာတစ်ဝန်း ဒေသရင်းဖွားမဟုတ်သော ကျူးကျော်ဝင်ရောက်လာသည့် မျိုးစိတ်များသည် လူသား များ၏ စားရေရိက္ခာ ဖူလုံရေးနှင့် ပြည်သူ့ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုများကြောင့် နှစ်စဉ်ဒေါ်လာ ၄၂၃ ဘီလီယံကျော် ကုန်ကျလျက်ရှိသဖြင့် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ်သို့ ရောက်ရှိနေ ကြောင်း သိရသည်။
ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်များကို “အလေးမထားမိခြင်းနှင့် လျှော့တွက်မိခြင်း” တို့ကြောင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၂၃ ဘီလီယံကျော် ရှိပြီး ယင်းမျိုးစိတ်များသည် အပင်နှင့်တိရစ္ဆာန်မျိုးသုဉ်းမှုများ၏ အဓိကတရားခံဖြစ်ကြောင်း ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း(IPBES)၏ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။
ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေ
ဥပမာအားဖြင့် ပင်လယ်ကူးသင်္ဘောများ၏ ဝမ်းဗိုက်အတွင်း ရေများသယ်ဆောင်လာခြင်းကြောင့် ကမ္ဘာ တစ်ဝန်း ကျူးကျော်မျိုးစိတ်ပေါင်း ၃၇၀၀၀ ကျော်ကိုပျံ့နှံ့ရောက်ရှိစေခဲ့သည်။ ယင်းကျူးကျော် မျိုးစိတ် များအနက် မျိုးစိတ်ပေါင်း ၃၅၀၀ ခန့်သည် ဒေသခံတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များကို ထိခိုက်စေခဲ့သဖြင့် အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းနှစ်စဉ် ကျူးကျော်မျိုးစိတ်သစ်ပေါင်း ၂၀၀ ခန့် ပျံ့နှံ့လျက်ရှိပြီး ကမ္ဘာကြီးပူနွေးလာချိန်တွင် ကမ္ဘာ့မြောက်ဘက် ပိုင်းသို့ ရွှေ့ပြောင်းလာသော ခြင်မျိုးစိတ်များကြောင့် ငှက်ဖျား၊ ဇီကာဗိုင်းရပ်စ် နှင့်နိုင်းမြစ် အဖျားရောဂါ (West Nile fever)များကို ယခင်က မထိခိုက်နိုင်သောဒေသများသို့ ပျံ့နှံ့ရောက်ရှိစေခဲ့ကာ ပြည်သူ့ ကျန်းမာရေးကို ထိခိုက်စေခဲ့သည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကျူးကျော်မျိုးစိတ်များ၏ နယ်မြေသစ် ရွှေ့ပြောင်းမှုများ ဆက်တိုက် ဖြစ်ပေါ်နေသဖြင့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလာမှုများတွင် ကမ္ဘာ့နိုင်ငံများသည် နယ်စပ်ဇီဝလုံခြုံရေးကို မြှင့်တင်ရန်၊ သွင်းကုန်ထိန်းချုပ်မှုများကို တင်းတင်းကျပ်ကျပ် ကြပ်မတ် လုပ်ဆောင်ရန်နှင့် စောစီးစွာထောက်လှမ်းသည့်စနစ်များကို အသုံးပြုရန် လိုအပ်သည်ဟု အစီရင်ခံစာက ဆိုသည်။
ထို့ကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ရန်လိုသော ကျုးကျော်မျိုးစိတ်များ၏ ဝင်ရောက်မှုကို အနည်းဆုံး ၅၀ ရာခိုင်နှုန်း အထိ လျှော့ချတားဆီးကာကွယ်ရေး “ကူမင်း-မွန်ထရီရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲများမူဘောင်” ကို အရှိန်မြှင့်လုပ်ဆောင်ရန်လည်း အစီရင်ခံစာက ထပ်လောင်း အကြံပြုထားသည်။
သုတေသနမှတ်တမ်းများအရ ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ မျိုးသုဉ်းမှုများ၏ ၆၀ ရာခိုင်နှုန်းသည် ကျူးကျော်ဝင်ရောက်လာသည့် မျိုးစိတ်များ၏ အန္တရာယ်ကြောင့်ဖြစ်ကြောင်း၊ ကျူးကျော်မျိုးစိတ်များသည် အပင်မျိုးစိတ်များ၏ ၆ ရာခိုင်နှုန်းဝန်းကျင်၊ ကျောရိုးမဲ့သတ္တဝါ မျိုးစိတ်များ ၏ ၂၂ ရာခိုင်နှုန်း၊ ကျောရိုးရှိသတ္တဝါမျိုးစိတ်များ၏ ၁၄ ရာခိုင်နှုန်းနှင့် ဘက်တီးရီးယားရောဂါပိုးမွှားများ ၏ ၁၁ ရာခိုင်နှုန်းခန့်တွင် ကျူးကျော်ဝင်ရောက်နေကြောင်း ညွှန်ပြနေပြီး ဌာနေတိုင်းရင်းသား အသိုင်း အဝိုင်းများနှင့် သဘာဝကိုမှီခိုလုပ်ကိုင်နေရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အန္တရာယ်များ ကျရောက်လျက်ရှိကြောင်း သုတေသနအကဲဖြတ်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ပါမောက္ခ အန်နီဘယ် ပေါချပ်ဒ်က ဆိုသည်။
ကျူးကျော်ဝင်ရောက်လာသောမျိုးစိတ်များ
ကျူးကျော်ဝင်ရောက်လာသောမျိုးစိတ်များ (Invasive Alien Species - IAS)ဆိုသည်မှာ ဂေဟစနစ် တစ်ခုတွင် ဒေသမျိုးစိတ်မဟုတ်ဘဲ အခြားဒေသများမှ ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုးဖြင့်ဝင်ရောက်လာပြီး နောက်ပိုင်းတွင် အခြေကျလာကာ လူတို့၏ ကျန်းမာရေး၊ ဇီဝမျိုးစုံမျိုးကွဲများ၊ တိရစ္ဆာန်များ၊ စိုက်ပျိုးရေး နှင့် စီးပွားရေးတို့အပေါ် ဆိုးကျိုးသက်ရောက်စေသော မျိုးစိတ်များကို ခေါ်ဆိုသည်။ ၎င်းမျိုးစိတ်များ တွင် တိရစ္ဆာန်များ၊ အပင်များ၊ မှိုများ၊ အလွန်သေးငယ်သော သက်ရှိများပါဝင်ပြီး ၎င်းတို့၏ မူလနေထိုင် ကျက်စားရာ ဒေသများမှ ရောက်ရှိလာပြီး ဒေသသစ်ရှိ မူလမျိုးရင်း မျိုးစိတ်များ၊ အစားအစာများနှင့် ကျက်စားရာ နေရာတို့၌ ယှဉ်ပြိုင်နိုင်သော စွမ်းရည်များ ရှိကြသည်။
မြန်မာနိုင်ငံရှိ သစ်တောသုတေသနဌာန၏ မှတ်တမ်းများအရ ကျူးကျော်မျိုးစိတ်များဖြစ်ကြသော ကန္တာစိမ်းမျိုးစိတ်များ၊ အော်ရေးရှား၊ ဘောစကိုင်း၊ ယူကလစ်မျိုးစိတ်များ၊ ဘိစပ်မျိုးစိတ်များ၊ ပင်စိမ်း မျိုးစိတ်များ၊ ထိကရုန်းမျိုးစိတ်များ၊ မြက်ရိုင်းမျိုးစိတ်များ၊ ပေါင်းမြက်များ၊ သက်ကယ်၊ မြက်ချို၊ ဆင်ငိုမြက်နှင့် အခြားသောမျိုးစိတ်များသည် နိုင်ငံအနှံ့ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်ပျံ့နှံ့ လျှက်ရှိ သည်။ ၎င်းတို့သည် သစ်တောစိုက်ခင်းများ၊ စိုက်ပျိုးမြေများ၊ စားကျက်မြေများ၊ မြို့ပြနှင့် ရေဝပ်ဒေသ များအပါအဝင် သဘာဝကုန်းမြေများအထိ ဝင်ရောက်ပျံ့နှံ့ ပွားများလျက်ရှိနေသည်။ ထိုသို့ ကျူးကျော် မျိုးစိတ်များ သစ်တောမြေများနှင့် စိုက်ပျိုးမြေများအတွင်း ဝင်ရောက်ပျံ့နှံ့လာမှုကြောင့် နိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲများ၏ ရှိရင်းစွဲ သဘာဝအနေအထားများကို ခြိမ်းခြောက်ရုံသာမက ရေရှည်တွင် ဒေသမျိုးစိတ်များ ပျောက်ကွယ်သည်အထိ အန္တရာယ်ကြီးမားစေနိုင်သည်။
မြန်မာနိုင်ငံရှိ ကျူးကျော်မျိုးစိတ်များ
ဥပမာအားဖြင့် - ဗေဒါပင်ကို အလှစိုက်ပျိုးရန် ရေကန်များ နှင့် ရေအိုင်များ အတွင်း ထည့်သွင်း စိုက်ပျိုးခဲ့ရာမှ ယခုအခါ အဆမတန်ပွားများလာပြီး သဘာ၀ရေပြင်များ၊ ရေကန်၊ ရေအိုင်များ တိမ်ကော လာခြင်း၊ ရေလမ်းကြောင်း ပိတ်ဆို့ခြင်း၊ ရေနေသတ္တဝါများနှင့် မူလရေပြင်ရှိ ဒေသရင်းမျိုးစိတ်များ အပေါ်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အခြားမျိုးစိတ်တစ်ခုအနေဖြင့် Giant Apple Snail - Achatina fulic ခရုမျိုးစိတ်သည် မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်မှုများမှတစ်ဆင့် ဝင်ရောက်လာခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအတွင်းရှိနေရာဒေသ အနှံ့အပြားသို့ ဝင်ရောက်ဖျက်ဆီးလျှက်ရှိသည်။ အခြားသော ရေနေသတ္တဝါများဖြစ်သည့် စုပ်ခွက်ငါး (Sucker fish) ကျူးကျော်မျိုးစိတ်သည် သဘာဝအင်းအိုင်များ အတွင်း ပျံ့နှံ့ရောက်ရှိပြီး ရေနေသတ္တဝါနှင့် အပင်များအား ကိုက်ဖြတ်စားသောက်မှုကြောင့် ရေကန်၊ အင်းအိုင်၊ ဆည်နှင့် ရေဝပ်ဒေသများကို ပျက်စီးစေသည့် မျိုးစိတ်ဖြစ်သည် လူသားများ၏ အကျိုးစီးပွား ထိခိုက်လာသည်အထိ ဆိုးကျိုးများရှိနေသည်ကို တွေ့မြင်နေရပြီဖြစ်သည်။ ထို့အပြင် အာဖရိကငါးခူ (Africa catfish - Clarias gariepinus) မျိုးစိတ်သည် လွန်ခဲ့သော ၁၀ စုနှစ်များအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ယခုအချိန်တွင် မြစ်ချောင်းများအတွင်း ပျံ့နှံ့ဝင်ရောက်လျက်ရှိနေပြီဖြစ်သည်။ ထို့ပြင် လိပ်ပါးနီ (Red-eared Slider Turtle) သည်လည်း မြန်မာနိုင်ငံအတွင်း ကျူးကျော်မျိုးစိတ် အဖြစ် ဝင်ရောက်ကာ ဒေသရင်းမျိုးစိတ်များအား အန္တရာယ်ပေးသည့် အနေအထားသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများအား မပျောက်ပျက်စေရေး ထိန်းသိမ်းရေးလုပ်ငန်းများကို အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများက ကြိုးစားဆောင်ရွက်လျက်ရှိရာ နိုင်ငံ့ဇီဝရတနာများ ရေရှည်တည်တံ့ရေး ကျူးကျော်မျိုးစိတ်များ၏အန္တရာယ်ကို သိရှိလိုက်နာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားကြရမည်ဖြစ်ပါသည်။
ကိုးကား -
(၁) https://www.facebook.com/BANCAmyanmar/posts/757843634409596/
(၂) https://phys.org/news/2023-09-invasive-species-threaten-food-health.html

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Nay Pyi Daw
Naypyidaw