01/05/2023
အဓိပ္ပာယ် လေးနက်တဲ့ မနောတိုင်များအကြောင်း
သိပ်လှပြီး သိပ်ချစ်ဖို့ကောင်းတဲ့ ပြည်နယ်တွေထဲမှာ ကချင်ပြည်နယ်လည်း အပါအဝင် ဖြစ်ပါတယ်။ တောင်ကုန်းတောင်တန်းများ ပေါများပြီး မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်များဖြစ်တဲ့ ခါကာဘိုရာဇီ (၁၉,၂၉၆ ပေ) နှင့် ဂမ်လန်ရာဇီ (၁၉,၁၄၂ ပေ) စသည့် တောင်ထိပ်များတည်ရှိကာ ဆီးနှင်းရေခဲများ အမြဲဖုံးလွှမ်းလျက်ရှိတယ်။အကျယ်ဆုံးလွင်ပြင်တွေဖြစ်တဲ့ ... ချင်းတွင်းမြစ်ဖျားရှိ တနိုင်းခမြစ်ဝှမ်းမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မလိခမြစ်ဝှမ်းရှိ ပူတာအိုလွင်ပြင်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဝန်းကျင်ဒေသများ၊ အင်းတော်ကြီးကန်၊ မိုးကောင်းချောင်း၊ ကောက်ကွေ့ချောင်း ပတ်ဝန်းကျင်ဒေသများဖြစ်ကြတယ်။ မြစ်၊ချောင်းများ ပေါများပြီး ဧရာဝတီမြစ်၊ မေခမြစ်၊မလိခမြစ်၊ တာပိန်မြစ်နှင့် ဥရုချောင်းတို့မှာ ထင်ရှားတယ်။ ဒီလို တောတောင် ရေမြေ သဘာဝတရားတို့နဲ့ အံ့သြဘွယ်ကောင်းလွန်းတဲ့ ကချင်ပြည်နယ်မှာ အင်မတန် ထူးခြားပြီး ထပ်ပြီး အံ့သြစရာတွေ စိတ်ဝင်စားစရာတွေ ရှိနေပြန်ပါသေးတယ် ..
အဲ့ဒါကတော့ အဓိပ္ပာယ်လေးနက်တဲ့ မနောကွင်းက မနောတိုင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ မနောဟူရာမှာ ဆွတ်မနော၊ ဂျူမနော၊ အိမ်သစ်တက် မနော၊ ပဒန်းမနောဟူ၍ ၄ မျိုးရှိတယ်လို့ ဆိုပါတယ်။ ဆွတ်မနောကတော့ မနော (၄) မျိုးတွင် အကြီးအကျယ်ဆုံးဖြစ်ပါတယ်။ နှစ်စဉ်ကချင် ပြည်နယ် နေ့တိုင်းတွင် ကျင်းပသော မနောမှ ဤမနော မျိုးဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝခြင်း စသည်တို့ကို ဂုဏ်ယူသော အားဖြင့် ကျင်းပခြင်းလည်း ဖြစ်တယ်။ဂျူမနောမှာ ရောဂါ အန္တရာယ်ထူပြော သည့် အခါများ၌ နတ်များအား ပသခြင်းဖြစ်တယ်။ အိမ်သစ် တက် မနောမှာ အိမ်သစ်တက်ပွဲဟုလည်း ခေါ်ဆိုကြပါတယ်။
ပဟန်းမနောကတော့ အောင်ပွဲခံဖြစ်ပြီး ဘိသိက်ခံပွဲ တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် နွမ်ရှလိုင်း မနောဟူ ၍လည်း မနောတစ်မျိုး ရှိသေးတယ်။ ရိုးရာနတ်တို့ကို ပသသော ယဇ်ပူဇော်ပွဲမှာ ရွာလုံးကျွတ်၊ နတ်လုံးကျွတ်မျှ ပါဝင်ဆင်နွဲသည် ဖြစ်ပေရာ၊ ရပ်နီးရပ်ဝေး ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့နှင့် တွေ့ဆုံကြရတယ်။ ပူဇော်အပ်သူတို့ကို ပူဇော်ခြင်း၊ ချီးမြှင့် အပ်သူကို ချီးမြှင့်ခြင်း၊ မိတ်သင်္ဂဟတို့ကို ကျွေးမွေးပေးကမ်း ခြင်းတို့မှာ မနောပွဲ၏ ရည်ရွယ် ချက်များဖြစ်တယ်လို့ သိရတယ်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍လည်း ဖြစ်တယ်လို့သိရပါတယ်။
မနောပွဲမှာ အစဉ်အလာ အားဖြင့် နတ်ပသပူဇော်ပွဲ (၄) ရက်၊ ကပွဲ (၄) ရက်၊ ပေါင်း (၈) ရက်မျှ ကြာတတ်ပါတယ်။ မနောပွဲ များကို အထူးသဖြင့် မိုးတိမ်များ ကင်းစင်သည့် ဆောင်းရာသီနှင့် နွေရာသီတို့တွင် ကျင်းပလေ့ ရှိပေကြတယ်။ မနောအဆောင်တော်ကို မြစ်ကြီးနားမြို့ထိပ် စီတာပူရပ်ကွက်ရှိ ကွင်းပြင်ကြီး အလယ်တွင် အခိုင်အခံ့ ပြုလုပ်ပြီး စီတာပူမနောကွင်းလို့လည်း ခေါ်တယ်။ မနောအဆောင် တော်ကို ရှေးထုံးစဉ်လာ ပုံစံအတိုင်း ဆောက်လုပ်၍ အဆောင် ဦးကင်းတွင် ရှေးထုံးစဉ်လာအတိုင်း ကျွဲချိုကြီးတင်၍ တန်ဆာ ဆင်ထားတာ မြင်တွေ့နိုင်ပါတယ်။
ကချင်ရိုးရာ မနောပွဲကျင်းပရာ မနောကွင်း၌ စိုက်ထူထားသည့် မနောတိုင်များ၏ အဓိပ္ပါယ်မှာလေး နက်လှပါတယ်။ မနောတိုင်များနှင့် အတူ မနောတိုင်ရှိ ရုပ်ပုံများဟာ လေးနက်သော အဓိပ္ပါယ်ကို ဆောင် နေပါတယ်။ ရှေးအခါက ကချင်လူမျိုးတို့ဟာ နတ်ကောင်းနတ်မြတ် (၆) ပါးကိုပူဇော်ပသပြီး မနောတိုင်များကို စိုက်ထူကာ မနောပွဲကျင်းပလေ့ရှိခဲ့ ကြပါတယ်။
တည့်မတ်စွာ စိုက်ထူထားတဲ့ မနောတိုင် (၆) တိုင်ဟာ နတ်မင်းတစ်ပါးစီကို ကိုယ် စားပြု စိုက်ထူထားခြင်းဖြစ်တယ်။ တည့်မတ်စွာ စိုက်ထူထားသော မနောတိုင် (၆) တိုင်အနက်၊ မနော တိုင်များရဲ့ အောက်ခြေရှိ အောက် ချင်းငှက်၏ အမြီးဘက်မှ ရေထွက်သော ပထမတိုင်ဟာ အလယ်ဗဟိုက (၂) တိုင်ထက် ပိုနိမ့်ပါတယ်။ ယင်းတိုင်ကို အစ်မတိုင်ဟုခေါ်တယ်လို့ သိရပါတယ်။ အဖျားခွက်ပါတယ်။ Ga Nat (မြေနတ်မင်း)ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။
ဒုတိယတိုင်က အစ်မတိုင် နဲ့ အမြင့်ချင်းတူပြီး အဖျားခုံးပါတယ်။ အဖိုတိုင်အငယ်ဟုခေါ်ပါတယ်။ Mathum Mahta Shalap Gam (မထွမ်မထရှလပ်ဂမ်နတ်မင်း)ကို ကိုယ်စားပြုပါတယ်။ တတိယတိုင်ကတော့ အခြားသော (၄)တိုင်ထက် မြင့်ပြီး အဖျားခွက်ပါတယ်။ အစ်မ တိုင်အကြီးဟုခေါ်ပြီး Jan Na (နေနတ်မင်း)ကို ကိုယ်စားပြုပါတယ်။
စတုတ္ထတိုင်ကတော့ တတိယတိုင်နှင့် အမြင့်ချင်းတူပြီး အဖိုတိုင်အကြီးဟု ခေါ်၍ အဖျားခုံးပါတယ်။ Shata
Nat (လနတ်မင်း)ကို ကိုယ်စားပြုပါတယ်။ ပဉ္စမတိုင်ကတော့ ပထမ၊ ဒုတိယတိုင်များနဲ့ အမြင့်ချင်းတူတာ တွေ့ရမှာ ဖြစ်ပါတယ်။ အစ်မ တိုင်အငယ်ဟုခေါ်ပြီး အဖျားခွက်ပါတယ်။ Hta Wa Mahtang Nat (ထဝါမထန်နတ်မင်း)ကို ကိုယ်စားပြုသည်။
ဆဋ္ဌမတိုင်က ပဉ္စမတိုင်း နှင့် အမြင့်ချင်းတူပါတယ်။ အဖိုတိုင် အငယ်ဟုခေါ်ပြီး အဖျားခုံးပါတယ်။ Lamn Madai Nat (လမုမဒိုင်နတ်မင်း)ခေါ် ကောင်းကင်နတ်မင်းကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ အောက်ချင်းငှက်က ယခင် လူသားတို့ရဲ့ မနောပွဲ မရှိမီ အချိန်က ငှက်များ၏မနောပွဲကို ဦးစီးဦးဆောင်တာဝန်ယူခဲ့သည်ကို အမှတ်ရစေရန်အတွက် ယင်းပုံကို အသုံးပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အောက်ချင်း ငှက်ကို "ပုံကိုဒုံဟုံ"ဟုခေါ်ဆိုကြပါတယ်။ မနောပွဲတွင် စည်တော်ကို တီးခတ်ခြင်းဖြင့် ပထဝီမြေကြီးနှင့် နေ၊ လ မိုးနတ်မင်း များကို ဂါရဝပြုခြင်းနှင့် မနဿလူ သားများ ဥစ္စာဓနပေါကြွယ်ဝစေရန် ဖြစ်ပါတယ်။
ယင်းအတိတ်ဖြင့် မနောစည်တော်ပုံကို ထည့်ထားပါတယ်။
ဒုတိ ယတိုင်အောက်ခြေရှိ ကြယ်ပုံကတော့ သတ္တိ၊ ဗျတ္တိပြည့်စုံခြင်းတို့၊ ကြယ်များ ကဲ့သို့ များပြားခြင်းတို့ အဓိပ္ပါယ် ဆောင်ပါတယ်။ နေပုံက နေနတ်မင်း ကို ကိုယ်စားပြုပြီး၊ လူသားများအား အေးမြခြင်းနှင့် သာယာစေခြင်း အဓိပ္ပါယ်ဆောင်၍၊ လနတ်မင်းကို ကိုယ်စားပြုပြီး လပုံဖော်ထားတယ်လို့ ဆိုပါတယ်။
လူများ၏ မနောပွဲ မရှိမီက ငှက်များရဲ့ မနောပွဲတွင် Chyau Gawng U ခေါ် ငှက်က မောင်းသံကဲ့သို့
မည်တွန်ပေးခဲ့ခြင်းကို အမှတ်ရစေရန် မောင်းပုံကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မနောတိုင်များတွင်မနောကကွက် ကနုတ်ပန်းများကိုလည်း အဓိပ္ပါယ်ပြည့်ဝစွာ ထည့်သွင်း ထားတယ်လို့ သိရပါတယ်။ ကနုတ်ပန်းကွက်များက Kashun Magyi လက်ယာရစ် (ဍ)ရင်ကောက်ပုံဖြစ်သည်။ စည်းလုံးခြင်းနှင့် ကျစ်လျစ်သိပ်သည်းသော ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်လို့ သိရပါတယ်။
မနောပွဲမှာ Lagoi Lap (ခေါ်) တောင်စဉ်ဖက်နဲ့ Laja Lap လို့ခေါ်တဲ့ အပင်ရဲ့ အရွက်ကို ခေါက်ကိုင်ပြီး မနေအက ကခဲ့ကြတဲ့ အစဉ်အလာကို ထိန်းသိမ်းသော အားဖြင့် Shing Jep Make (ခေါ်) ကနုတ်ပန်း ဒီဇိုင်းပုံကိုလည်း ထည့်သွင်း ရေးဆွဲထားတာတွေ့မြင်ရအုံးမှာပါ။ ဓါးဖြင့် လုပ်ကိုင် စားသောက်ခြင်း ၊ ရန်သူနှင့် သားရဲတိရစ္ဆာန်များ ဘေးရန်မှ ခုခံကာကွယ်ခြင်းဟူသော အဓိပ္ပါယ်ဆောင်ပြီး အမြှောက်(ထ)လက္ခဏာပုံသဏ္ဍာန်ပြု ဓါးနှစ်လက်ကိုလည်း ဖော်ပြထားပါတယ်။
အမြှောက် (ထ) လက္ခဏာပုံသဏ္ဍာန်ရှိ မနောတိုင် (၂)စုံကို (Dung Chyai) ဟုခေါ်ပြီး အောက်ချင်းငှက်ရဲ့ ဦးခေါင်းဘက်မှ Duag Chyai မှာ မဒိုင်နတ်မင်းကို ပူဇော်မယ့် ကျွဲပေါက်ကို ချည်ထားရန် ဖြစ်ပါတယ်။ အမြီးဘက်မှာတော့ Duag Chyai ဟာ ပုံပန်းသဏ္ဍာန်အလှဆုံး အကြီးဆုံးအဖြစ်တဲ့ ကျောက်ဖရုံသီး (Sut Wa Hkum Si) တစ်လုံးကို ကျွဲချည်သကဲ့သို့ ချည်နှောင်ထားရန် အသုံးပြုကြပါတယ်။
ထိုကျောက်ဖရုံသီးကို Joi Wa ခေါ် မဒိုင်နတ်ဟောဆရာက ထောမနာပြုပြီးခွဲလိုက်တဲ့အခါ ထွက်လာတဲ့ အစေ့များကို ပေးဝေပါတယ်။ ထိုအစေ့ကို စိုက်ပျိုးသူများကတော့ သားသမီးရတနာများ ထွန်းကားပြီး ကြီးပွားချမ်းသာလာမယ်လို့လည်း ယုံကြည်ကြပါတယ်။
ယခုလို လေးနက်တဲ့ အဓိပ္ပါယ်တွေ ပြည့်နှက်နေတဲ့ မနောတိုင် အကြောင်းလေးကို ATW အန်တီဝင်း Express ခရီးသွား မိဘ ညီအစ်ကို မောင်နှများ ဗဟုသုတ ရစေရန် အလိုငှာ ရှာဖွေ ဖော်ပြလိုက်ရပါတော့တယ်။
ခရီးလမ်းမှာ ပျော်ရွှင်စွာ ATW အန်တီဝင်း Express ရဲ့ စေတနာ
Ref ; wikipedia , ကချင်ရိုးရာ ယဉ်ကျေးမှုဗဟိုကော်မတီ၏ ကချင်ပြည်နယ် ကိုယ်စားပြု အမှတ်အသားများ ရှင်းလင်းချက်, Popularmyanmar
ဂျိမ်းဖော - ရာထူးဝင်ခွင့်သင်တန်း