23/04/2025
✍️ ကလေး ဘယ်အရွယ်မှာ စာရေး စသင်သင့်သလဲ?
ကလေးတွေကို အကြမ်းဖျင်းအားဖြင့် ၅နှစ်ကျော်မှ စာရေးဖို့ စ သင် သင့်တယ်လို့ သတ်မှတ်ပါတယ်။ စ သင်မယ့် အနေအထားကို ဆိုလိုတာပါ။ လေးကြောင်းမျဉ်းမှာ ဝ လုံး ပီပီပြင်ပြင်ဆွဲတာမျိုးလို အရေးသင်တာကိုတော့ ၆နှစ်ပြည့်မှ သင်သင့်ပါတယ်။ ဘာလို့လဲဆိုရင်တော့ သိပ်ငယ်လွန်းသေးရင် ကလေးတွေရဲ့ လက်ဖဝါး၊ လက်ဖနောင့်အရိုးလေးတွေက သေချာလုံလောက်စွာ မဖွံ့ဖြိုးသေးတာကြောင့်ပါ။
စာရေးရလောက်တဲ့အထိ ကလေးတွေရဲ့ လက်လေး သေချာစွာဖွံ့ဖြိုးတဲ့ အရွယ်က ၇နှစ် နောက်ပိုင်းမှပါ။ ဒီအရွယ်မတိုင်ခင်မှာတော့ ဝလုံး စာမျက်နှာအပြည့်ရေးခိုင်းတာမျိုးလို စာအများကြီးရေးပြီး ကလေးတွေရဲ့ လက်လေးကို မညှာမတာမခိုင်းသင့်သေးပါဘူး။ ဒီအရွယ်တောင် ဒါမျိုး မခိုင်းသင့်တာ ၅နှစ်အောက် ကလေးတွေကို စာရေးသင်တာဟာ လုံးဝ ကန့်ကွက်ရမယ့်ကိစ္စပါနော်။
မိဘများဟာ ဖြည့်စွက်စာစကျွေးကာစမှာဆိုလဲ စောကျွေးချင်တော့ ကျွေးကြ၊ ကလေးမှာ အခန့်မသင့်ရင်အူပိတ်တာမျိုးဖြစ်တတ်ပြီး ကံကောင်းရင်တော့ ငယ်စဉ်ဘာမှမဖြစ်ပဲ ကြီးလာမှ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ကြုံရမှာပါ။ လမ်းလျှောက်တတ်စဆိုလဲ စောလျှောက်စေချင်တော့ ကလေးက ခြေမခိုင်သေးပဲ ဇွတ်တွန်းအားပေး၊ ဒီလိုနဲ့ ကလေးက ခြေခွင်ပါရော။ စကားမပြောခင်ဆိုလဲ စကားစောပြောတတ်စေချင်တော့ YouTube, TV တွေပြကြတယ်။ ဒီလိုနဲ့ စာနဲ့ပတ်သက်တော့လဲ စောစောတတ်စေချင်ဇောနဲ့ ကကြီးခခွေး၊ ABC ဇွတ်သင်၊ စာရေးစေချင်၊ စာတတ်မြန်စေချင်နေကြပြန်တယ်။
မိဘတို့ရေ ကျွန်မလဲ မိခင်တယောက်မို့ မိဘတွေရဲ့ လောဘကို နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်အတ္တကြောင့် ကလေးကို ဒုက္ခမရောက်ပါစေနဲ့။
အနည်းဆုံး ကလေး၅နှစ်ပြည့်ပြီးမှသာ စာရေးစသင်ရပါမယ်။ ၅နှစ်မတိုင်ခင်မှာတော့ ကလေးတွေရဲ့ လက်ချောင်းသန်မာမှုနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းလေးတွေလုပ်ပေးလို့ရပါတယ်။ အခုခေတ်မှာဆို သင်ထောက်ကူပစ္စည်းတွေဆိုတာလဲ အလွယ်တကူဝယ်လို့ရတာဖြစ်လို့ ကလေးအနေနဲ့လဲ ကစားရင်းကနေ သင်ယူလို့ရတဲ့ သင်ထောက်ကူတွေ သင်နည်းစနစ်တွေ အများကြီးပါ။ ဒါက မူကြိုတွေအနေနဲ့လဲ အထူးသတိထားစေချင်ပါတယ်။ မိဘတွေက တောင်းဆိုရင်တောင် လမ်းမှားနေရင် ရှင်းပြပြီး လမ်းမှန်ညွှန်ရမှာ ဆရာကောင်းတို့ရဲ့ အလုပ်ပါပဲ။ ညွှန်ပြလိုက်လို့ မိဘငြိုငြင်မှာစိုးလို့ မိဘအကြိုက်လိုက်ကာ စာရေးသင်ဆိုလို့ သင်တဲ့ဆရာဟာ ဆရာကောင်းမပီသပါဘူး။ မိဘငြိုငြင်မှာက တခဏပါ။ ကလေးဘဝအတွက် ထိခိုက်သွားစေရင် ဆရာအနေနဲ့ လိပ်ပြာလုံနိုင်ပါ့မလား။ ဒါကြောင့် ဆရာများအနေနဲ့လဲ မသိနားမလည်တဲ့ မိဘများကို ရှင်းပြပါ။ မိဘများအနေနဲ့ကလဲ တအားလောဘမကြီးကြပါနဲ့။ သင်ပေးချင်ရင် ဘာတွေသင်ပေးလို့ရမလဲပြောပြပါမယ်။
• အသက်၅နှစ်မတိုင်ခင်မှာ ကလေးကို ဆေးရောင်ခြယ်တဲ့ crayonနဲ့ စာရွက်တွေ များများပေးပါ။
• သဲကန်၊ ရေကန်ထားပြီး သဘာဝကို ထိတွေ့ရင်း လှုပ်ရှားမှုတွေ သဘာဝဆန်ဆန်တိုးတက်ပါစေ။
• ဂျုံနယ်ခိုင်းပါ။ ကုန်ကျစရိတ်သက်သာပြီး ကလေးအပျော်ဆုံး activity တမျိုးပါပဲ။
• စာရွက်အစုတ်၊ စက္ကူအစုတ်တွေကို လုံးခြေခိုင်းပါ။
• သစ်ရွက်ခူး၊ သစ်ရွက်ကောက်ခိုင်းပါ။
• ကတ်ကြေးညှပ်ခိုင်းပါ။
• ဘလော့တုံးတွေ၊ ခွက်တွေစီကာဆင့်ခိုင်းပါ။
ဒီလိုတွေလုပ်ပြီး ကလေးက ၄နှစ်ခွဲလောက်မှာ crayonကို သပ်ရပ်စွာခြယ်လာနိုင်ရင်၊ ကတ်ကြေးညှပ်တာသပ်ရပ်လာရင် tracing စလို့ရပါပြီ။ Google မှာ tracing worksheet တွေအများကြီးပါ။ 5နှစ် နောက်ပိုင်းမှာတော့ letter writing သင်လို့ရပြီ။ စာအုပ်မှာချရေးတာမျိုးမဟုတ်ပဲ သဲပေါ်မှာရေးတာ၊ ရေနဲ့ရေးတာ၊ ကျောမှာရေးတာ စသဖြင့် စာလုံးအရစ်အဆွဲသိရရုံ trace လိုက်ခိုင်းတာပါ။ ဒီလိုတဆင့်ချင်းစီသွားမှ ကလေးတွေရဲ့ လက်ချောင်းလေးတွေ လုံလောက်စွာသန်မာပြီးထိခိုက်မှုနည်းပါမယ်။ တချို့ကလေးတွေကတော့ အပေါ်ကပြောတဲ့ activity တွေ မလုပ်ထားခဲ့ရရင်တော့ ၅နှစ်ကျော်မှသာ tracing ကို စတင်သင့်ပါတယ်။
အပေါ်ကပြောတဲ့ activity လေးတွေက မူကြိုထားတဲ့ကလေးတွေဆိုရင်တော့ စနစ်တကျလုပ်ခွင့်ရကြမှာပါ။ တချို့မိဘတွေအနေနဲ့ မူကြိုထားလို့ အဆင်မပြေဘူး။ စိတ်ကြိုက်ကျောင်းမတွေ့တာ၊ ကလေးငယ်သေးလို့ ကျန်းမာရေးမကောင်းလို့ စသဖြင့် အကြောင်းတခုခုကြောင့် အိမ်မှာပဲ သင်ချင်တယ်ဆိုရင်လဲ စနစ်တကျနည်းလမ်းတကျ သင်ပေးဖို့ လိုပါတယ်။
စာစောစောရေးခဲ့ရလို့ လက်ရေးပိုမလှပါဘူး။ ပြီးတော့ ခုခေတ်က digital ခေတ်ဖြစ်နေပြီမို့ လက်ရေးလှဖို့က အဓိကမဟုတ်လို့ စိတ်လောဖို့ မလိုပါဘူး။ လက်မသန်မာစဉ် စောစီးစွာစာရေးရတဲ့ လက်ကလေးတွေဟာ ကြီးလာတဲ့အခါ တခုခုကို ကြာကြာကိုင်ရင် လက်ထုံကျင်တာ၊ လက်မမြဲတာတွေဖြစ်တတ်ပါတယ်။ ဒါတွေက နောက်ပိုင်းကြီးလာမှဖြစ်မှာပါ။ လက်ရှိမှာတော့ ကလေးက စာသင်ရမှာကို ကြောက်သွားတာ၊ တွန်းအားပေးလွန်းတာကြောင့် စာနဲ့ပတ်သက်လို့ စိတ်ဒဏ်ရာရသွားတာတွေဖြစ်နိုင်ပါတယ်။
ဒါကြောင့် စာရေးဖို့စိတ်လောနေတဲ့မိဘများအနေနဲ့ ဒီစာပိုဒ်လေးဖတ်ပြီး အသိတခုခုရကြပါစေကြောင်း ရည်ရွယ်ရေးသားလိုက်ပါတယ်။
Credit to happy may may