ICTC Private High School

ICTC Private High School ICTC "OUR VISION"
We Produce youth of new generation with
fully developed personality and our school
must be one with an international standards.

"OUR MISSION"
We will provide and help our students to have
21st century competencies. We use international curriculum teaching method
and students are taught by fully qualified teachers. The principle and practice will be balance for the
development of “Knowledge”, “Skills” and “Attitude”.

"စုဗူးကလေးက ပိုက်ဆံစု၊ ဦးနှောက်ကလေးက အသိဥာဏ်စု"ဒီနေ့ခေတ်ကလေးငယ်တွေဟာ သိပ္ပံနည်းပညာတွေ၊အင်တာနက်နည်းပညာတွေ တိုးတက်လာတာနဲ့...
29/08/2025

"စုဗူးကလေးက ပိုက်ဆံစု၊ ဦးနှောက်ကလေးက အသိဥာဏ်စု"

ဒီနေ့ခေတ်ကလေးငယ်တွေဟာ သိပ္ပံနည်းပညာတွေ၊အင်တာနက်နည်းပညာတွေ တိုးတက်လာတာနဲ့အတူ သူတို့ရဲ့ တစ်နေ့တာဖြတ်သန်းမှုပုံစံတွေဟာလည်း အရင်တုန်းကနဲ့မတူပဲ တကယ်ကို ပြောင်းလဲနေပါပြီ။ အိမ်မှာ ချစ်ခင်တဲ့
မိသားစုတွေနဲ့ နေတဲ့အချိန်ထက် ဖုန်းမျက်နှာပြင်နဲ့ ပိုပြီးအချိန်ဖြုန်းနေတဲ့
ကလေးတွေတဖြည်းဖြည်းများလာပါပြီ။ ဖုန်းအသုံးပြုပြီး အသိပညာတွေ
ရှာဖွေလေ့လာတာထက် ဂိမ်းတွေဆော့ရင်း အချိန်ဖြုန်းနေကြတာပိုများလာတယ်။
ဆယ်ကျော်သက်တွေဆိုရင် ဆိုရှယ်မီဒီယာကနေတဆင့် မကောင်းတဲ့အမူအကျင့်
တွေကို အတုယူနေကြပြီ ။ ဒါကြောင့်မို့ ငယ်ရွယ်စဉ်အခါမှာ မှန်ကန်တဲ့အသိပညာ
အတတ်ပညာတွေကို ရှာဖွေမှတ်သားတတ်အောင်သင်ပေးဖို့ မိဘတိုင်းမှာ
တာဝန်ရှိလာပါပြီ။ လူတိုင်း အသက်ရှင်နေထိုင်ဖို့အတွက် ငွေကအရေးကြီးသလို အသိပညာကလည်း မဖြစ်မနေအရေးပါတဲ့အရာဖြစ်ပါတယ်။

ကလေးတစ်ယောက်ကို အရုပ်စုဗူးထဲ တစ်နေ့လျှင် ငါးရာ၊တစ်ထောင်
စုသွားခိုင်းရင် တစ်နှစ်အကြာမှာ ပိုက်ဆံအများကြီးစုထားနိုင်တာကိုသိလာပြီး တန်ဖိုးတစ်ခုကိုနားလည်နိုင်လာစေသလို - ဦးနှောက်ကလေးထဲကိုလည်း တစ်နေ့တစ်ခု ဗဟုသုတသေးသေးလေးတွေ၊ စဥ်းစားခေါ်ယူနည်းတွေနဲ့ အကျင့်စာရိတ္တကောင်းတွေ စုဆောင်းပေးသွားမယ်ဆိုရင်၊ ထိုကလေးဟာအနာဂတ်မှာ မိမိဘဝကို ဉာဏ်နဲ့တည်ဆောက်တတ်တဲ့၊ အကောင်းအဆိုး အမှားအမှန် စဉ်းစားနိုင်တဲ့၊
မိမိကိုယ်ပိုင်အမြင်နဲ့တန်ဖိုးရှိတဲ့ လူကြီးတစ်ယောက်ဖြစ်လာမှာ မလွဲအောင်ပါပဲ။

—အခုခေတ်ကလေးတွေရဲ့အချိန်ကို အွန်လိုင်းကမ္ဘာကြီးက ဆွဲခေါ်ယူနေတာပါ။ ဖုန်းထဲက ဗွီဒီယိုဖိုင်လေးတစ်ခု၊ ဂိမ်းတစ်ခုကြောင့်ပဲ သူတို့စိတ်ဝင်စားမှုတွေက
တဖြည်းဖြည်းနဲ့ မကောင်းတဲ့အရာတွေကိုပိုသဘောကျနေတာတွေ့ရပါတယ်။

ဒါကြောင့် မိဘတွေရဲ့ တာဝန်တစ်ခုအဖြစ်—ဖုန်းတစ်လုံးအစား စာအုပ်တစ်အုပ်၊ ဂိမ်းအစား စဉ်းစားရတဲ့ကစားနည်းတစ်ခုကို မိတ်ဆက်ပေးဖို့ လိုပါတယ်။
ပြောရရင် စုဗူးထဲငွေစုသလို ဦးနှောက်ထဲအသိဥာဏ်စုပေးခြင်းကို
ဖော်ဆောင်ပေးဖို့လိုပါတယ်။

အသိဉာဏ်ကိုဘယ်လိုစုပေးမလဲ
၁။ နေ့တိုင်းသင်ယူစေခြင်း – နေ့တိုင်းအသစ်တစ်ခုသင်ယူမှတ်သားဖို့
တွန်းအားပေးပါ။
ဥပမာ၊ တစ်နေ့ကို ပစ္စည်းတစ်ခုအကြောင်း၊
စကားလုံးအသစ်အကြောင်း၊ သတင်းကောင်းတစ်ခုအကြောင်း ပြောပြခြင်း။
၂။ တန်ဖိုးရှိတဲ့အတွေ့အကြုံပေးခြင်း –
ကလေးတွေကို အိမ်မှုကိစ္စကူညီခိုင်းပါ အားလပ်ချိန်များများမထားပါနှင့်
ဥပမာ ၊ စျေးဝယ်ခိုင်းခြင်း၊ တစ်နေ့တာလုပ်ငန်းစဉ်တွေထဲမှာ ပါဝင်စေခြင်း။
၃။ ဖုန်းသုံးစွဲမှုကိုထိန်းသိမ်းခြင်း –
ဖုန်းကို အချိန်အကန့်အသတ်ဖြင့်သုံးရန် စည်းကမ်းတင်းကြပ်ပေးပါ။
ဗဟုသုတဗွီဒီယိုများ၊ ပညာရေးဂိမ်းများကိုအချိန်သတ်မှတ်၍ သုံးစေခြင်း။
၄။ အိမ်မှာ စာအုပ်ဖတ်ချိန်သတ်မှတ်ပေးပြီး စာအုပ်အတူတူဖတ်တဲ့ အလေ့အကျင့်လုပ်ပေးတာ၊ ဉာဏ်စမ်း ပဟေဠိ မေးခွန်းတွေနဲ့ကစားပေးတာမျိုးက ကောင်းမွန်တဲ့
နည်းလမ်းတွေဖြစ်ပါတယ်။
ဒီလိုမျိုး ဦးနှောက်ကို အလုပ်လုပ်စေတဲ့ကစားနည်းတွေဟာ ကလေးတွေရဲ့
စဉ်းစားတွေးခေါ်မှု စွမ်းရည် ၊ ဖန်တီးတတ်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်တတ်မှု
တွေကို မြှင့်တင်ပေးနိုင်တဲ့အပြင် မိဘနှင့် သားသမီးကြား ဆက်ဆံရေးကိုလည်း
ပိုမိုနွေးထွေးစေနိုင်ပါတယ်။

မိဘတို့ရဲ့စောင့်ကြည့်မှုနဲ့ မှန်ကန်သော လမ်းညွှန်မှုကို ပုံမှန်ပြုလုပ်ပေးသွားမယ်
ဆိုရင် ကလေးငယ်တစ်ယောက်ဟာ ငွေထက်ကောင်းတဲ့ ဉာဏ်အထုပ်ကြီးနဲ့
ကြီးပြင်းလာနိုင်ပါတယ်။ ဒါတွေအားလုံးကို မိမိရဲ့ကလေး မူကြိုမနေခင်
ကလေးငယ်အရွယ်ကစလို့ အမူအကျင့်ကောင်းတစ်ခုဖြစ်လာအောင်
ပုံမှန်လေ့ကျင့်ပေးရမယ့် အရာတွေဖြစ်ပါတယ်။
ငယ်စဉ်က အစစအရာရာ အလိုလိုက်လာပြီး ဆယ်ကျော်သက်အရွယ်ရောက်
လာမှထိန်းမနိုင်သိမ်းမရဖြစ်လာရင် ဒါတွေအားလုံးရဲ့ အဓိကတရားခံဟာ
မိဘတွေပါ။ ခုခေတ်ကာလဟာ နည်းပညာခေတ်ဖြစ်လာတဲ့အတွက်
ခေတ်ရေစီးကြောင်းကိုမျက်ခြေမပျက်ဖို့ မိဘတိုင်းက အားထုတ်ရပါမယ်။
မိဘတွေအလိုလိုက်လို့ ပျက်ယွင်းလာတဲ့အရာတွေကို စာသင်ကျောင်းက
အလုံးစုံပြောင်းလဲပေးနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူတော့ဘူးဆိုတာ
သတိချပ်ရပါမယ်။

“စုဗူးကလေးက ပိုက်ဆံစု၊ ဦးနှောက်ကလေးက အသိဥာဏ်စု” ဆိုတဲ့စကားလေးက တကယ်ကိုအနာဂတ်အတွက် အဓိကကျတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ ငွေရေးကြေးရေးအဓိပ္ပာယ်နဲ့တန်ဖိုးကိုနားလည်သလို
အသိပညာနဲ့ အကျင့်စာရိတ္တရဲ့တန်ဖိုးအမြင်တွေကိုလည်း သိရှိနားလည်လာအောင်
တည်ဆောက်ပေးဖို့ မိဘများနှင့်သက်ဆိုင်သူများ၏တာဝန်ယူမှုက အရေးကြီးလှပါတယ်။
“စိတ်ဓာတ်၊စည်းကမ်း၊ပညာ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း
ကလေးငယ်တိုင်းကို စိတ်ဓာတ်ကောင်းအောင် သင်ပေးရပါမယ်။
စည်းကမ်းကောင်းအောင် သင်ပေးရပါမယ်။
ပညာတတ်အောင် သင်ပေးရပါမယ်။
ဘာဖြစ်လိုလည်းဆိုတော့ မိဘဆိုတာ လက်ဦးဆရာမို့လို့ပါ။
( စကားချပ်။ ပညာဆိုတာ ကျောင်းစာကိုပဲဆိုလိုတာမုဟုတ်ပါ အမှားနဲ့အမှန်၊အကောင်းနဲ့အဆိုး၊လုပ်သင့်တာနဲ့မလုပ်သင့်တာ၊ပြောသင့်တာနဲ့ မပြောသင့်တာ
စတာတွေကိုဝေဖန်ပိုင်းခြားနိုင်တာကို ဆိုလိုတာပါ)

မိမိကလေးက ပြောမရဆိုမရ ဖြစ်နေရင်
ခေတ်ကြီးကိုအပြစ်မတင်ပါနဲ့ ခေတ်အတိုင်းကလေးကိုအတုယူသင်ပေးပါ။
မိဘတွေက စံနမူနာဖြစ်ဖို့လိုပါတယ် မိဘတွေက ကလေးတွေရဲ့ အနီးကပ်
ဆရာ ဆရာမတွေပါ စံပြဖြစ်အောင် နေပေးဖို့လိုပါတယ်။
ဖုန်းက သင်မပေးနိုင်တဲ့ အသိဉာဏ်ကို သင်ပေးနိုင်တာက မိဘတစ်ဦးရဲ့
အမှန်တကယ်အောင်မြင်မှုပါ။
မိမိကလေးတွေရဲ့ ဦးနှောက်စုဗူးလေးထဲ တစ်နေ့ကို အသိတစ်ခု
ထည့်ပေးနိုင်ကြပါစေ။

စိုင်းအေး( ICTC)

- အကဲပိုတဲ့အချစ် -မိဘတိုင်းဟာ သားသမီးတွေကို ချစ်ကြပါတယ်။ ချစ်လို့ပဲ အရာအားလုံးကို ဖြည့်ဆည်းပေးချင်ကြတာမဟုတ်လား။ သူတို့လေ...
30/06/2025

- အကဲပိုတဲ့အချစ် -

မိဘတိုင်းဟာ သားသမီးတွေကို ချစ်ကြပါတယ်။ ချစ်လို့ပဲ အရာအားလုံးကို ဖြည့်ဆည်းပေးချင်ကြတာမဟုတ်လား။ သူတို့လေးတွေလိုချင်တာ၊ သူတို့အိပ်မက်တွေကို မိဘတွေကတခြားဘေးအန္တရာယ်မရှိစေဘဲ(လိုတာထက် မပိုစေပဲ)ဖြည့်ဆည်းပေးနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ – မကြာခဏဆိုသလို
"လိုတာထက်ပိုပြီး" ဖြည့်ဆည်းပေးတဲ့အခါမှာ၊ ချစ်ခြင်းတရားဟာ ဖျက်ဆီးခြင်းသို့ ပြောင်းလဲသွားနိုင်ပါတယ်။
ခုခေတ်မိဘတွေက ကလေးငယ်တွေကို ချစ်ကြတာ အကဲပိုလွန်းတယ်လို့
ပြောရမလားပဲ။ ကျောင်းကြီးတက်နေတဲ့ ကလေးကြီးတွေကို ခုချိန်ထိ
ထမင်းခွန့်ကျွေးနေကြတုန်း။ အမှန်တကယ်ဆို မူကြိုအရွယ်ကထဲက
မိမိကိုယ်တိုင် စားတတ်အောင် လေ့ကျင့်ပေးထားရမယ်မဟုတ်လား။
ငယ်ရွယ်စဉ်ကလေးဘဝကထဲက ဘယ်အရာကိုမှ လိုအပ်တာထက်
ပိုပြီးမလုပ်ပေးမိဖို့ သတိထားစေချင်တယ်။
မိဘတွေရဲ့ အကဲပိုတဲ့အချစ်တွေက တစ်ခါတလေ ကလေးငယ်တွေကို
ဖျက်ဆီးသလိုဖြစ်သွားစေနိုင်တယ်ဆိုတာ သတိထားပေးကြပါ။

*မိဘတွေရဲ့အကဲပိုတဲ့အချစ်က တစ်ခါတလေ
ဘာကြောင့်ဖျက်ဆီးသလိုဖြစ်သွားစေနိုင်တာလဲ?

၁။ လွယ်လွယ်နဲ့ရရှိစေတာက တန်ဖိုးနားမလည်မှုကိုဖြစ်စေတယ်။
ကလေးတစ်ယောက်အနေနဲ့ သူ့ဆန္ဒမှန်သမျှ သူစိတ်ကူးထားတာတိုင်း၊
သူတောင်းတဲ့အရာတိုင်းကို မိဘကဖြည့်ဆည်းပေးနေရင် သူ့အနေနဲ့
အဲဒီအရာရဖို့ ကြိုးစားစရာမလိုတော့ဘူးလို့မြင်သွားတတ်ပါတယ်။
ဒါတွေအားလုံးဟာ သူ့ရပိုင်ခွင့်လို့ မြင်သွားပြီး ကြီးလာတဲ့အထိ မိဘကလုပ်ပေးရမယ်ဆိုတဲ့ အကျင့်ကပါသွားတတ်ပါတယ်။ ခွန်အားမစိုက်ရပဲ အလုပ်မလုပ်ဘဲရလာတဲ့အရာတွေကို တန်ဖိုးမထားတတ်တော့ပါဘူး။

၂။ ကိုယ်တိုင်ဖြေရှင်းတတ်မှုကိုလျော့ကျနိုင်စေတယ်။
မိဘတွေက သူတို့ကလေးတွေအတွက် အရာအားလုံးကို လိုလေသေးမရှိ
ပြင်ဆင်ပေးတတ်ကြပါတယ်။ အဲ့လိုပြင်ဆင်ပေးနေတဲ့အခါ ကလေးတွေမှာ
ကိုယ့်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းဖို့ အခွင့်အရေး နည်းသွားပါတယ်။
ကလေးတွေကို လိုလေသေးမရှိ ဖြည့်ဆည်းပေးနေရင် – ကလေးတွေကိုယ့်ဘဝကို ကိုယ်တိုင်ဖြတ်သန်းရတဲ့အခါ ပြဿနာကိုကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းမရှိဘဲဖြစ်
တတ်ပါတယ်။ လိုတရနေတဲ့ကလေးတွေဟာ ဘဝနဲ့တိုက်ရိုက်ရင်ဆိုင်ရတဲ့အခါ
ခံနိုင်ရည်နည်းတဲ့ လူငယ်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ဘဝမှာ တကယ်အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်လာဖို့ဆိုရင်
အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတတ်တဲ့စွမ်းရည်ရှိဖို့ လိုအပ်တာမို့
အရာအားလုံးကို လိုက်ပြီးမဖြည့်ဆည်းမိဖို့ ဆင်ခြင်ရပါမယ်။

၃။ လိုအပ်ချက်(Need)နဲ့ ဆန္ဒ/လိုချင်တာ (Want )ခွဲခြားတတ်မှု။
ကလေးတိုင်း ငယ်စဉ်ကထဲက လိုအပ်ချက် နဲ့ ဆန္ဒ ကို ခွဲခြားတတ်ဖို့
ကလည်း အရေးကြီးပါတယ်။မိဘတွေက ကလေးတွေ ဆန္ဒအတိုင်း
ဖြည့်ဆည်းပေးနေရင် – သူတို့မှာ “လိုအပ်တာ” နဲ့ “လိုချင်တာ” ကို
မခွဲခြားတတ်တော့ပါဘူး။ တစ်ဆက်တည်းမှာပဲ လိုချင်တောင့်တစိတ်တွေကို
မထိန်းနိုင်ပဲ ချွေတာတတ်ဖို့ စွမ်းရည်တွေ တဖြည်းဖြည်းပျက်စီးလာနိုင်ပါတယ်။

၄။ အကျင့်ပျက်မှု
ကလေးတွေကို ချစ်ကဲပိုပြီး လိုတိုင်းတ၊တောင်းတိုင်းရစေတဲ့
မိဘတွေရဲ့ လုပ်ရပ်တွေဟာ ကလေးငယ်တွေကို
“တောင်းတိုင်းရမယ်” ဆိုတဲ့စိတ်အတွေး( Entitlement mindset)
တဖြည်းဖြည်းဖြစ်လာနိုင်စေပါတယ်။ ဒီလို အတွေးမျိုးဝင်လာပြီဆိုရင်
မိဘတွေအတွက်လည်း အခက်အခဲဖြစ်လာနိုင်သလို လူမှုအသိုင်း
အဝိုင်းထဲမှာလည်း ကလေးငယ်အတွက် စိန်ခေါ်မှု ပိုဖြစ်လာနိုင်ပါတယ်။
ဘာမဆို အလွယ်တကူပေးတာတွေ များလာရင် – တောင်းတိုင်းရတယ်
ဆိုတဲ့အတွေးအမြင်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေတဆင့်
အကျင့်စရိုက်ဆိုးတဲ့ကလေးငယ်တွေ ဖြစ်လာနိုင်ပါတယ်။

ဒါဆို – မိဘအနေနဲ့ ဘယ်လိုမျိုးလုပ်သင့်လဲ?
😘ချစ်ခြင်းနဲ့အတူ တန်ဖိုးသိစေခြင်း
မိဘတိုင်းသားသမီးကိုချစ်ကြတာက အမှန်ပါပဲ၊ ဒါပေမယ့်
ချစ်တာနဲ့ ဖျက်တာ ကြားမှာ နုနယ်တဲ့မျဉ်းတစ်ကြောင်းရှိတယ်ဆိုတာ
သတိထားဖို့လိုပါတယ်။ အသက်အရွယ်အလိုက် လိုအပ်တာကိုပဲ
ဖြည့်ဆည်းပေးပါ၊ လုပ်ပေးကြပါ။ သူတို့အသက်အရွယ်အလိုက်
လုပ်သင့်တာကို သူတို့ကိုယ်တိုင် လုပ်ပါစေ။
လိုချင်တာမှန်သမျှကိုအလွယ်တကူပေးမယ့်အစား – တန်ဖိုးသိအောင် သင်ပေးပါ။ ဘာမဆို လွယ်လွယ်နဲ့မရဘူး၊ ကြိုးစားဖို့လိုတယ်ဆိုတာသိလာတဲ့အခါ သူတို့မှာ တာဝန်ယူမှု နဲ့ ခံနိုင်ရည်ရှိမှုတွေ တိုးတက်လာပါလိမ့်မယ်။

👉🏿 မပေးတာကောင်းတဲ့ အချစ်လည်းရှိတယ်
ကလေးတွေကို အရမ်းချစ်လို့ တောင်းတိုင်းပေးနေရင် ဒါဟာ နည်းမှန်
လမ်းမှန်ချစ်တာ မဟုတ်ပါဘူး။ ချစ်ရာမရောက်ပဲ နှစ်ရာရောက်တတ်တယ်
ဆိုတဲ့စကား အတိုင်း တချို့အရာတွေမှာ “မပေးဖို့” ကောင်းတဲ့
အချစ်လည်းရှိပါတယ်။ မပေးတာဟာ တကယ်အရေးကြီးတဲ့သင်ခန်းစာ
ဖြစ်နိုင်ပါတယ်။ သားသမီးအနေနဲ့ တောင်းတိုင်းမရနိုင်ဘူးဆိုတာကို
သင်ယူဖို့လိုပါတယ်။ တစ်ခါတစ်ရံ “ မလုပ်ပေးတာ” ကပင် အကျိုးအရှိဆုံး
သောသင်ခန်းစာတစ်ခု ဖြစ်လာနိုင်ပါတယ်။

🙋‍♂️ကိုယ်တိုင်ဖြေရှင်းစေခြင်း
ဘဝမှာ ပြဿနာတွေရှိတာဟာ သာမန်ဖြစ်စဉ်ပါ။ မိဘက ဖြည့်ဆည်းမပေးဘဲ၊ သူတို့ကိုယ်တိုင်စဉ်းစားဖို့၊ ပြဿနာကို ရင်ဆိုင်ဖို့ အခွင့်အရေးပေးပါ။
မိဘဖြစ်သူတိုင်း ချစ်ခြင်းတရားနဲ့ သားသမီးတို့ကို ပံ့ပိုးပေးချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် ချစ်ခြင်းဆိုတာ လိုချင်တာကို ဖြည့်ဆည်းပေးခြင်းလောက်နဲ့မကဘဲ – တန်ဖိုးသိစေဖို့၊ တာဝန်ယူမှုသိစေဖို့၊ ကိုယ်တိုင်အောင်မြင်နိုင်ဖို့ပြဿနာဖြေရှင်နိုင်တဲ့စွမ်းရည်တွေ ရှိလာအောင် လုပ်ပေးဖို့လည်းလိုပါတယ်။

လိုအပ်တာထက်ပိုပြီးဖြည့်ဆည်းပေးချင်တဲ့ အကဲပိုတဲ့အချစ်တွေဟာ
ချစ်ခြင်းတရားကြီးမားတာကိုပြသရာရောက်ပေမယ့် မိမိရဲ့ဖြည့်ဆည်း
ပေးမှုဟာ အမြဲတမ်း ကောင်းတဲ့ရလာဒ်ဖြစ်လာမယ်ဆိုတာ မရှိပါဘူး။
တစ်ခါတလေ ဖျက်ဆီးမှုကိုဖြစ်စေနိုင်ပါတယ်။
သားသမီးလေးတွေကို ထူးချွန်အောင် ပြုစုပျိုးထောင်ပေးနေတဲ့ မိဘတစ်ဦး
အနေနဲ့ ချစ်ခြင်းတရားတစ်ခုနဲ့တင် မလုံလောက်ပဲ ဉာဏ်ရှိမှု ၊ အမျှော်အမြင်ရှိမှု
တွေက မှန်ကန်သောနည်းနဲ့ ကလေးငယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စေပါတယ်။

( စိုင်းအေး )

 # ကလေးငယ်များအား ဝေဖန်ပိုင်းခြားတွေးခေါ်တတ်တဲ့စွမ်းရည်(Critical Thinking Skills ) တိုးတက်လာစေဖို့  #         ကလေးငယ်တို...
19/06/2025

# ကလေးငယ်များအား ဝေဖန်ပိုင်းခြားတွေးခေါ်တတ်တဲ့စွမ်းရည်(Critical Thinking Skills ) တိုးတက်လာစေဖို့ #

ကလေးငယ်တိုင်း ဝေဖန်ပိုင်းခြားတွေးခေါ်တတ်တဲ့စွမ်းရည် မြင့်မားဖို့
အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့အတွေးအခေါ်ဟာ အဲဒီလူတစ်ယောက်ရဲ့ အောင်မြင်မှု့နဲ့ တိုက်ရိုက်အချိုးကျနေလို့ပါပဲ၊ အတွေးအခေါ်ကောင်းတဲ့လူတိုင်း ဘဝရဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ကြတယ်၊ မိမိတို့ မျှော်မှန်းတဲ့ပန်းတိုင်ကို
အမြန်ဆုံးရောက်ရှိစေနိုင်တယ်။ ဒါကြောင့်မို့ ကျောင်းနေအရွယ်ကလေးဘဝ
ကထဲဲကဝေဖန်ပိုင်းခြားတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိအောင် လေ့ကျင့်
ပျိုးထောင်ပေးဖို့လိုပါတယ်။
ဝေဖန်ပိုင်းခြားတွေးခေါ်တတ်တဲ့ စွမ်းရည် ဘာကြောင့် အရေးကြီးပါသလဲ
ဝေဖန်ပိုင်းခြားတွေးခေါ်တတ်တဲ့သူတွေဟာ…
၁။ ဆုံးဖြတ်ချက်ကောင်းခြင်း ( Better Decision Making)
၂။ ပြဿနာများကို ကောင်းမွန်စွာဖြေရှင်းတတ်ခြင်း( Problem Solving)
၃။သူတပါး၏လိမ်ညာလှည့်ဖြားမှုမှကာကွယ်တတ်ခြင်း( Avoiding Manipulation)
၄။ အခြားလူများ၏ရှုထောင့်၊ အမြင်များကိုနာလည်နိုင်စွမ်းရှိ
ခြင်း(Understanding Different Perspectives)
၅။ အချက်အလက်ကျကျပြောဆိုတတ်ခြင်း (Stronger Communication)
၆။ ပညာရေးနှင့်ဘဝတွင်အောင်မြင်မှုရှိခြင်း(Academic and Career Success)
အစရှိသည့် ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးတွေရှိလာမှာဖြစ်ပါတယ်။

ကလေးငယ်များအား ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း ဖွံ့ဖြိုးတိုးတက်စေရန်
အတွက် ဆရာ ဆရာမများကအောက်ပါနည်းများဖြင့် ပံ့ပိုးပေးနိုင်ပါတယ်။

၁။ မေးခွန်းများဖြင့် စူးစမ်းလိုစိတ်၊သိလိုစိတ်ကို လှုံ့ဆော်ပေးပါ ။
ကလေးများသည် သဘာဝအားဖြင့် စူးစမ်းလိုစိတ်ရှိကြသည့်အတွက်
ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို လှုံ့ဆော်ရန် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့အား မေးခွန်းများမေးတတ်စေရန် အားပေးခြင်းဖြစ်သည်။ အဖြေများကို တိုက်ရိုက်ပေးခြင်းထက် ခေါင်းစဉ်နှင့်ပတ်သက်၍ စဉ်းစားတွေးခေါ်နိုင်စေရန် လမ်းညွှန်မေးခွန်းများမေးပေးပါ။
ဥပမာ။ ။ အကြောင်းအရာတစ်ခုကိုဆွေးနွေးသည့်အခါ "နောက်ဘာဖြစ်မယ်ထင်လဲ" သို့မဟုတ် "ဒါဘာကြောင့်ဖြစ်တာလဲ" ကဲ့သို့သော အဖြေမျိုးစုံရနိုင်သည့် မေးခွန်းများကိုမေးပေးပါ။
* ကျောင်းသားများအား ကိုယ်ပိုင်မေးခွန်းများမေးတတ်ရန်နှင့် အဖြေရှာရန်
နည်းလမ်းအမျိုးမျိုးကို လက်တွေ့လုပ်ဆောင်စူးစမ်းရှာဖွေတတ်ရန် အားပေးပါ။
* မေးခွန်းများမေးခြင်းကို အဖြေများမှန်အောင်ဖြေနိုင်သကဲ့သို့ပင်ချီးကျူးပေးပါ။ သိလိုစိတ်ကို နိုးဆွပေးပြီး စူးစမ်းလေ့လာလိုစိတ်ကိုမြှင့်တင်ပေးခြင်းသည် သင်ယူမှုလုပ်ငန်းစဉ်၏ တန်ဖိုးရှိသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

၂။ ပုံပြင်ပြောခြင်းနှင့် ပြဿနာဖြေရှင်းမှုဇာတ်လမ်းများ အသုံးပြုပါ။
ပုံပြင်များသည် ကလေးငယ်များအား ဝေဖန်ပိုင်းခြားတွေးခေါ်မှုတွင် စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။ ကလေးများအားအခြေအနေများကို
စိစစ်ဆန်းစစ်ခြင်း၊ ခန့်မှန်းခြင်းနှင့် အဖြေများရှာဖွေခြင်းများပြုလုပ်
လေ့ကျင့်နိုင်ရန် စိတ်ကူးယဉ်ဇာတ်လမ်းများ၊ပုံပြင်များနှင့်လက်တွေ့ဘဝ
အခြေအနေများကို ဆက်စပ်ပေးခြင်းအားဖြင့် အသုံးပြုနိုင်သည်။
ဥပမာအားဖြင့်။
ပုံပြင်တစ်ပုဒ်ဖတ်ပြီးသောအခါ "မင်းသာ ဇာတ်ကောင်ဖြစ်ခဲ့ရင် ဘာလုပ်မလဲ" သို့မဟုတ် "ဇာတ်ကောင်က ဘာကြောင့် ဒီရွေးချယ်မှုကိုလုပ်ခဲ့တာလဲ" ကဲ့သို့သော မေးခွန်းများမေးပါ။
* ၎င်းတို့၏ နေ့စဉ်ဘဝနှင့် သက်ဆိုင်သော ရိုးရှင်းသည့် ပြဿနာဖြေရှင်းမှုဇာတ်လမ်းများကိုပြောပြပါ။ ဥပမာ - "မင်းရဲ့ ချစ်စရာကောင်းတဲ့ ယုန်လေးက လှောင်အိမ်ထဲကနေ လွတ်သွားရင် ဘာလုပ်မလဲ?"
* အဖြေအမျိုးမျိုးနှင့် ဖြစ်နိုင်ခြေရှိသော ရလဒ်များအကြောင်း စဉ်းစားရန် ကလေးများအား အားပေးပါ။

၃။ စဉ်းစားတွေးခေါ်မှုဆိုင်ရာဉာဏ်စမ်းဂိမ်းများနှင့်ပဟေဠိများ ကစားပေးပါ။
ကလေးများအား စဉ်းစားတွေးခေါ်ခြင်း၊ အကြောင်းနှင့်အကျိုးဆက်စပ်တတ်
ခြင်းနှင့် ယုတ္တိရှိရှိစဉ်းစားအသုံးချရန် လိုအပ်သည့် ဂိမ်းများသည် ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးစေရန်အတွက် ကောင်းမွန်ပါသည်။ ဤကစားနည်းများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ပုံစံအလိုက် ခွဲခြားသိမြင်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို တိုးတက်စေပါသည်။
ဥပမာ။ ကလေးများ၏ ဝေဖန်ပိုင်းခြားစဉ်းစားနိုင်စွမ်းကို မြှင့်တင်ရန် ပဟေဠိများ၊ ဉာဏ်စမ်းမေးခွန်းများ သို့မဟုတ် မှတ်ဉာဏ်ဂိမ်းများ အသုံးပြုပေးပါ။
“Connect Four" သို့မဟုတ် "Guess Who?" ကဲ့သို့သော အကြောင်းနှင့်အကျိုး
ဆက်စပ်တွေးခေါ်ရသည့် ဂိမ်းများ ကစားပေးနိုင်ပါသည်။
၎င်းတို့အား ဖန်တီးနိုင်စွမ်းနှင့် ယုတ္တိတန်စွာ စဉ်းစားတတ်စေရန်
ဉာဏ်စမ်းမေးခွန်းများ သို့မဟုတ် "ဒါဖြစ်ရင် ဘာဖြစ်မလဲ?" ဆိုသည့်
ပဟေဠိဇာတ်လမ်းများ ပေါင်းစပ်ဖန်တီးပေးပါ။

၄။ ပူးပေါင်းလေ့လာခြင်းနှင့် အုပ်စုလိုက်ဆွေးနွေးမှုများကို အားပေးပါ။
ကျောင်းသားများ အတူတကွလုပ်ဆောင်သောအခါ ၎င်းတို့သည် စိတ်ကူးများမျှဝေခြင်း၊ အခြားသူများအားနားထောင်ပေးခြင်းနှင့် ရှုထောင့်အမျိုးမျိုးကို သုံးသပ်ရန် အခွင့်အလမ်းရရှိကြသည်။ အုပ်စုလိုက်ဆွေးနွေးမှုများသည် ကလေးငယ်များအား ရှုထောင့်အသစ်များနှင့် ထိတွေ့စေခြင်းဖြင့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို မြှင့်တင်ပေးပြီး ၎င်းတို့၏ ဆင်ခြင်စဉ်းစားတွေးခေါ်နိုင်စွမ်းကိုအားပေးပါသည်။
ဥပမာ။
* ပုံပြင်တစ်ပုဒ်ဖတ်ပြီးနောက် သို့မဟုတ် ခေါင်းစဉ်တစ်ခုဆွေးနွေးပြီးနောက် ကျောင်းသားများအား ၎င်းတို့၏အတွေးများကို အတန်းဖော်တစ်ဦးနှင့် သို့မဟုတ် အုပ်စုငယ်များဖြင့် မျှဝေခိုင်းပါ။
* ကျောင်းသားများအား အတူတကွလုပ်ဆောင်စေပြီး ပြဿနာဖြေရှင်းရန် လိုအပ်သည့် အုပ်စုဖွဲ့လှုပ်ဆောင်မှုများကိုစီစဉ်ပေးပါ။
(ဥပမာ - အတုံးများဖြင့် တည်ဆောက်ခြင်း သို့မဟုတ် ရိုးရှင်းသော သိပ္ပံစမ်းသပ်မှုတစ်ခု ဖန်တီးခြင်း။ )
* ၎င်းတို့၏ရှာဖွေတွေ့ရှိမှုများကို အခြားသူများအား ရှင်းပြစေရန်နှင့် အခြား
သူများ၏ အဖြေများ သို့မဟုတ် စိတ်ကူးများကို နားထောင်ရန် ကျောင်းသားများအား အားပေးပါ။

၅။ လက်တွေ့လုပ်ဆောင်မှုများ အသုံးပြုပါ။
လက်တွေ့လုပ်ဆောင်မှုများသည် ကလေးငယ်များအား စူးစမ်းလေ့လာခြင်းနှင့် စမ်းသပ်ခြင်းတို့တွင် ပါဝင်စေခြင်းဖြင့် အယူအဆများကို ပိုမိုနက်ရှိုင်းစွာ နားလည်စေပါသည်။ ဤလှုပ်ရှားမှုများသည် ဝေဖန်ပိုင်းခြားတွေးခေါ်မှု၏ အဓိကအစိတ်အပိုင်းများဖြစ်သော စူးစမ်းလိုစိတ်၊ လေ့လာသုံးသပ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းတို့ကို မြှင့်တင်ပေးပါသည်။
ဥပမာ။
ခန့်မှန်းချက်ပြုလုပ်ရန်၊ ရလဒ်များကို လေ့လာသုံးသပ်ရန်နှင့် ၎င်းတို့၏တွေ့ရှိချက်များကို ဆန်းစစ်ရန် လိုအပ်သည့် သိပ္ပံစမ်းသပ်မှုများတွင် ကျောင်းသားများအား ပါဝင်ခွင့်ပေးပါ။
* ကျောင်းသားများအား စွန့်ပစ်ပစ္စည်းများကိုအသုံးပြုပြီးတီထွင်ဖန်တီး
စဉ်းစားလုပ်ဆောင်ရသည့် လက်မှုပညာပရောဂျက်များ ဖန်တီးပေးပါ။

၆။ မှားယွင်းမှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းကို အားပေးပါ။
ဝေဖန်ပိုင်းခြားတွေးခေါ်မှုတွင် မှားယွင်းမှုများမှ သင်ယူခြင်းနှင့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ခြင်းလည်း ပါဝင်သည်။ ကျောင်းသားများသည် ၎င်းတို့ မှားခဲ့သည်များနှင့် မည်သို့တိုးတက်အောင် လုပ်ဆောင်နိုင်သည်ကို သုံးသပ်သောအခါ ၎င်းတို့သည် မိမိကိုယ်ကို သတိပြုမိမှုနှင့် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းများ ဖွံ့ဖြိုးလာကြသည်။
ဥပမာ ။ * လှုပ်ရှားမှု သို့မဟုတ် ပရောဂျက်တစ်ခု ပြီးဆုံးသောအခါ ကျောင်းသားများအား ဘာတွေ ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့သလဲ၊ ဘာတွေ ကွဲပြားစွာ လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာ စဉ်းစားရန် မေးပေးပါ။ "ဒါကို နောက်တစ်ကြိမ်ထပ်လုပ်ရင် ဘာတွေ ပြောင်းလဲချင်မလဲ?" သို့မဟုတ် "ဒါ ဘာကြောင့်ဖြစ်တာလဲ?" ကဲ့သို့သော မေးခွန်းများဖြင့် လှုံ့ဆော်ပေးပါ။
* ကျောင်းသားများ လုပ်ခဲ့မိသော မှားယွင်းမှုများနှင့် ၎င်းတို့မှ သင်ယူခဲ့သည်များကို ရေးသားရန်( သို့မဟုတ် )ပြောပြနိုင်သည့် "မှားယွင်းမှုနံရံ" ( ဘုတ် )တစ်ခု ဖန်တီးထားပေးပါ။ ဤသည်မှာ သင်ယူမှုလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှားယွင်းမှုများမှ သင်ယူမှုကို ပုံမှန်ဖြစ်စေရန် ကူညီပေးပါသည်။

၇။ ရိုးရှင်းသောယုတ္တိဆန်သည့် ဆက်စပ်စဉ်းစားလှုပ်ရှားမှုဂိမ်းများကိုကစားပေးပါ။
ကလေးငယ်များသည် စိတ်ကူးများကို စီစဉ်ခြင်း၊ ဆက်စပ်ခြင်းနှင့် ပုံစံများကို ခွဲခြားသိမြင်ရန် လိုအပ်သည့် ရိုးရှင်းသောလေ့ကျင့်ခန်းများဖြင့် ယုတ္တိဆန်စွာ တွေးခေါ်ခြင်းကို စတင်လေ့ကျင့်နိုင်ပါသည်။
ဥပမာ ။ * အသေးစိတ်ကို အာရုံစိုက်ခြင်းနှင့် ယုတ္တိဆန်သော တွေးခေါ်မှုကို အားပေးရန် "Simon Says" ကဲ့သို့သော ဂိမ်းများ ကစားပါ။

၈။ ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်များကို စံနမူနာပြပေးပါ
ကလေးငယ်များသည် မကြာခဏ ဆရာများအား စံပြအဖြစ် ရှုမြင်ကြသည်။ မိမိ၏တွေးခေါ်မှုလုပ်ငန်းစဉ်ကို ပြောပြပေးခြင်းအားဖြင့် ပြဿနာများကို ချဉ်းကပ်နည်းနှင့် ဆုံးဖြတ်ချက်များချမှတ်နည်းကို သူတို့အားဝေမျှနိုင်ပါသည်။
ဥပမာ ။
* လှုပ်ရှားမှုများ သို့မဟုတ် သင်ခန်းစာများအတွင်း သင်ကအခြေအနေများကို မည်သို့ဆန်းစစ်သည်၊ ရွေးချယ်စရာများကို မည်သို့ချိန်ဆသည်၊ ကောက်ချက်များကို မည်သို့ချသည် စသည်ကို ရှင်းပြပေးနိုင်သည်။
* ပြဿနာဖြေရှင်းနေစဉ် သင်၏ဆက်စပ်တွေးမြင်ပုံကို မျှဝေပါ - "ဒါကအဖြေမှန်လို့ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့..." စသဖြင့်။
* စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အေးဆေးတည်ငြိမ်စွာနေနည်းနှင့် ယုတ္တိရှိရှိ
စဉ်းစားဆုံးဖြတ်နည်းကို ပြသပါ။ ဝေဖန်ပိုင်းခြားတွေးခေါ်မှုသည် လေ့ကျင့်မှုနှင့် သည်းခံမှုများ လိုအပ်သော စွမ်းရည်ဖြစ်ကြောင်း ကလေးများအား ပြသပါ။

ကလေးငယ်များအား ဝေဖန်ပိုင်းခြားတွေးခေါ်တတ်အောင် သင်ကြားပေးခြင်း
သည် ၎င်းတို့၏ သဘာဝကျသော စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးခြင်း၊ အပြန်အလှန်ဆက်သွယ်မှုကိုဖွံ့ဖြိုးစေခြင်း၊စူးစမ်းလိုစိတ်မြင့်လာခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းစသည့် စွမ်းရည်ကိုပါ တိုးတက်စေသည်။ မေးခွန်းထုတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံများကို ပေါင်းစပ်ခြင်းဖြင့် ကလေးများအား ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းအတွက် ခိုင်မာသော ဉာဏ်ရည်ဖွံ့ဖြိုးမှုအခြေခံကို တည်ဆောက်ပေးနိုင်ပါသည်။

ကလေးငယ်တိုင်းဖွံ့ဖြိုးဖို့ ဆရာ၊ ဆရာမတွေအားလုံး ကြိုးစားအားထုတ်ကြဖို့
တိုက်တွန်းပါရစေ။

စိုင်းအေး(ICTC)

✨ A New Chapter Begins! 📚🎉This week marks a historic moment — our very first academic assembly and the joyful return of ...
08/06/2025

✨ A New Chapter Begins! 📚🎉
This week marks a historic moment — our very first academic assembly and the joyful return of our students! 🌟
With bright smiles, curious minds, and hearts full of dreams, we welcome everyone to a year of discovery, growth, and unforgettable memories. 🚀💡
Let’s make this journey together—one step, one story, one success at a time. 💫

ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဟာ သင်ယူမှုကို အထောက်အကူဖြစ်စေတယ်ဆိုတာသိပ္ပံနဲ့ပညာရေးသုတေသနတွေကအတည်ပြုထားပါတယ်။ICTC ကျောင်းမှာ ဒ...
31/05/2025

ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဟာ သင်ယူမှုကို
အထောက်အကူဖြစ်စေတယ်ဆိုတာ
သိပ္ပံနဲ့ပညာရေးသုတေသနတွေက
အတည်ပြုထားပါတယ်။
ICTC ကျောင်းမှာ ဒီအချက်ကို အရေးကြီးဆုံးအဖြစ်
ခံယူထားပြီး သဘာဝနဲ့ ပေါင်းစည်းသင်ယူနိုင်တဲ့
သင်ကြားရေးပတ်ဝန်ကျင်ကောင်းတစ်ခုဖြစ်အောင်
အတတ်နိုင်ဆုံးဖန်တီးပေးထားပါတယ်။

စိုပြေလန်းဆန်းနေတဲ့သစ်ပင်ပန်းပင်တွေဟာ
သဘာဝရဲ့အေးချမ်းမှုကို ပေးစွမ်းနိုင်ရုံမက
ကျောင်းသားတွေရဲ့စိတ်ကိုလည်း လန်းဆန်း
တက်ကြွစေနိုင်ပါတယ်။

သင်ယူခြင်းဆိုတာ စာအုပ်ထဲမှာသာမက
သဘာဝပတ်ဝန်းကျင်ထဲမှာပါ ဖြစ်တည်
နေတာမို့ သဘာဝနဲ့ပညာရေးကို ပေါင်းစပ်
ပေးထားတဲ့ ICTC ကျောင်းတော်ကြီးဆီကို
လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။

G-10 အပ်နှံမည့် ကျောင်းသူ ကျောင်းသားများအတွက် အထူးသတင်းကောင်း ။G-9 စာမေးပွဲတွင် ငါးဘာသာနှင့်အထက် “A” ရသူများ အတွက်၁၀၀% က...
20/05/2025

G-10 အပ်နှံမည့် ကျောင်းသူ ကျောင်းသားများအတွက် အထူးသတင်းကောင်း ။

G-9 စာမေးပွဲတွင်
ငါးဘာသာနှင့်အထက် “A” ရသူများ အတွက်
၁၀၀% ကျောင်းလခ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပြီး ၊ သုံးဘာသာ (သို့) လေးဘာသာ “A”ရသူများအတွက် ၅၀% ကျောင်းလခ သက်သာခွင် ဆုများ ရရှိမည်ဖြစ်သည့်အတွက် အမြန်ဆုံးလာရောက် ကျောင်းအပ်နှံပေးဖို့ သတင်းကောင်းပါးလိုက်ပါသည်။

ဘာသာရပ်အလိုက် “A”ရရှိကြောင်း တင်ပြပေးရပါမည်။

Welcome 🤗 to ICTC

ကလေးကို လူကြီးလိုမဆက်ဆံပါနဲ့========================ယနေ့ခေတ် မိဘများအားလုံး မိမိတို့ကလေးငယ်များမှန်ကန်စွာ ဖွံ့ဖြိုးတိုးတ...
23/02/2025

ကလေးကို လူကြီးလိုမဆက်ဆံပါနဲ့
========================

ယနေ့ခေတ် မိဘများအားလုံး မိမိတို့ကလေးငယ်များ
မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့ ပြုစုပျိုးထောင်ရာတွင်
စိတ်နှင့်ရုပ်တို့ အပြန်အလှန်ဖြစ်တည်ဆက်နွယ်နေကြခြင်း၏အရေးပါမှုကို
မဖြစ်မနေ သိရှိထားသင့်ပေသည်။
🔺လူ့ခံစားချက်နှင့်ဟော်မုန်းများအကြားဆက်သွယ်မှုသည်အတော်လေး
ချိတ်ဆက်မှုရှိပါသည်။ ဟော်မုန်းများသည်ခန္ဓာကိုယ်တွင် chemical messenger အဖြစ် လုပ်ဆောင်ပြီး ရုပ်နှင့်စိတ်ခံစားချက်များကိုညှိနှိုင်းပေးနေသည်။
ခက်ခဲမှုများ၊ ပျော်ရွှင်မှုများ သို့မဟုတ် စိုးရိမ်မှုများကိုခံစားနေရသောအခါ
ခန္ဓာကိုယ်တွင် ဟော်မုန်းများကိုထုတ်လွှတ်ပေးပြီး စိတ်ပိုင်းဆိုင်ရာနှင့်
ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအတွက်ထိန်းချုပ်ပေးရာတွင်အရေးကြီးသော
အခန်းကဏ္ဍတစ်ခုဖြစ်လာသည်။
ဥပမာ-
🔹စိုးရိမ်မှုလွန်ကဲလာလျှင်ခန္ဓာကိုယ်သည်ကော်တစ်ဆော (Cortisol) ကို
ထုတ်လွှတ်ပေးသည်။ ၎င်းဟော်မုန်းသည်နှလုံးရောဂါနှင့်စိတ်ကျရောဂါများကို
ဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်နိုင်စေသည့်အဓိကအကြောင်းအရင်းတစ်ခုဖြစ်လာသည်။
🔹ကောင်းသောခံစားချက်များ၊ ဥပမာ ပျော်ရွှင်ခြင်းသည် ဒိုပါမင်း (Dopamine) နှင့်ဆဲရိုတိုနင် (Serotonin)ဟော်မုန်းများကိုထုတ်လွှတ်ပေးပြီး ပျော်ရွှင်ခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုရစေခြင်းဖြင့်ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုကိုဖြစ်စေသည်။

“စိတ်ထောင်းကိုယ်ကျေ” “စိတ်ပျိုကိုယ်နု”ဟူသော စကားပုံသည် စိတ်နှင့်ရုပ်
အပြန်အလှန်ဆက်စပ်နေသည်ကို သက်သေပြနေသည်။
ထိုကြောင့်ခံစားချက်များသည်ဟော်မုန်းများကိုဖြစ်စေပြီး၊ ဟော်မုန်းများမှရရှိသောပြောင်းလဲမှုများကလည်း ခံစားချက်များကိုပြောင်းလဲစေသည့်အပြင်
ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုလည်းဖြစ်ပေါ်စေသည်။
ခံစားချက်များနှင့်ဟော်မုန်းများသည်တစ်ခုချင်းစီကိုအပြန်အလှန်ဆက်စပ်နေပြီး ရုပ်ပြောင်းလဲမှုအတွက်အဆက်မပြတ်အကျိုးသက်ရောက်မှုများကိုဖြစ်ပေါ်စေပါသည်။
🔹လူသားတို့၏ စိတ်ခံစားချက်များ(ပျော်ရွှင်ခြင်းဝမ်းနည်းခြင်း)သည်
မိမိပါတ်ဝန်းကျင်၏ရိုက်ခတ်မှုများမှတဆင့်ဖြစ်ပါ်နေသည်။
စကားအပြောအဆိုအသုံးအနုန်းနှင့်အဝတ်အစားများကလည်း စိတ်ခံစားချက်
ပြောင်းလဲမှုကိုဖြစ်စေသည့်အကြောင်းအရင်းများစွာထဲတွင် တစ်ခုအပါအဝင်
ဖြစ်သည်ကို မေ့မထားသင့်ပါ။ အထူးသဖြင့် ငယ်ရွယ်သောကလေးများတွင်
သက်ရောက်မှုကြီးစွာဖြစ်နိုင်သည်ကို သတိထားရပေမည်။ ထို့ကြောင့်
မိမိ၏ကလေးငယ်များ မှန်ကန်စွာဖွံ့ဖြိုးပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ
ကျန်းမာမှုရှိစေရေးအတွက် မှန်ကန်သေားနည်းလမ်းများဖြင့် ပြုစုပျိုးထောင်
ပေးကြရန် အကြံပြုလိုပါသည်။
🔺ကလေးငယ်များသည် လူကြီးဖြစ်ရန် သူတို့၏အသက်အရွယ်အလိုက်
အဆင့်ဆင့် တိုးတက်ရန်လိုအပ်ပါသည်။ သို့သော် အချို့မိဘများသည်
သူတို့၏ကလေးများကိုလူကြီးလိုဆက်ဆံခြင်း၊ လူကြီးကဲ့သို့ ပြုမူစေခြင်း၊
လူကြီးကဲ့သို့ဝတ်စားဆင်ယင်မှုများ ပြုစေခြင်းများကို ပြုလုပ်လေ့ရှိကြသည်။ ဤကဲ့သို့ဆက်ဆံမှုသည် ကလေး၏ စိတ်ပိုင်းဆိုင်ရာခံစားမှုများကို ထိခိုက်
စေနိုင်သည့်အပြင်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုလည်း ကမောက်ကမဖြစ်စေ
နိုင်သည်ကို သိရှိထားသင့်ပေသည်။
ကလေးများ၏ အသက်အရွယ်နှင့် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတိုးတက်မှုသည်
ကလေးစိတ်ပညာသဘောအရ မတူညီသည့် အဆင့်များကို အဆင့်ဆင့်ဖြတ်ကျော်
ပြီးမှ လူကြီးအဖြစ်တိုးတက်ပြောင်းလဲလာသည်။ စိတ်နှင့်ရုပ်သည် အပြန်အလှန်
ဆက်စပ်ဖြစ်ပေါ်နေသောသဘောကို ကလေးများကို ပြုစုစောင့်ရှောက်သည့်
မိဘများအားလုံးကအမြဲသတိရှိနေဖို့လိုပါသည်။
ငယ်ရွယ်စဉ်ကလေးဘဝ၌ ကလေးတစ်ဦး၏ဖြစ်တည်မှုထက်ပိုသောဂရုစိုက်မှုများ သို့မဟုတ် လူကြီးလို ဆက်ဆံခြင်းက ကလေးငယ်၏ စိတ်ပိုင်း၊ရုပ်ပိုင်း
ဆိုင်ရာ ဖွံ့ဖြိုးမှုများကို ထိခိုက်နိုင်စေပါသည်။ ကလေးများအား အသက်အရွယ်
အလိုက် မှန်ကန်သောပြုစုစောင့်ရှောက်မှုပုံစံဖြစ်ရန်အလွန်အရေးကြီးပါသည်။ အထူးသဖြင့် ငယ်ရွယ်သောကလေးများကို လူကြီးလို ဆက်ဆံပြောဆိုခြင်း နှင့် လူကြီးပုံစံ ဝတ်ဆင်ပေးခြင်းသည်စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကို
ဖြစ်ပေါ်စေနိုင်သည်။
🔸ဥပမာပြောရလျှင် မရင့်သေးသောအသီးကို စောစောခူးပြီး မမှည့် မှည့်အောင်
အုပ်ကြ ဆေးဖျန်းကြလုပ်ပြီး အသီးကို အချိန်မတိုင်ခင်မြန်မြန်မှည့်အောင်
လုပ်နေသည်နှင့် အလားတူနေပေသည်။ မိမိတို့ အမှတ်တမဲ့ပြုလုပ်ခဲ့မိသော အပြုအမူများသည် ကလေးငယ်များပေါ် သက်ရောက်မှုများစွာဖြစ်နိုင်သည်ကို သတိထားဆင်ခြင်စေချင်ပါသည်။

🔸မိခင်အချို့သည် မိမိ၏သားငယ် သမီးငယ်များကို ချစ်လွန်သောစိတ်များဖြင့်
ငယ်ရွယ်စဉ် ကလေးဘဝကထဲက လူကြီးပုံစံဝတ်ဆင်ပေးခြင်း၊ လူကြီးပုံစံ ဆံပင်
ညှပ်ပေးခြင်း၊ကောက်ပေးခြင်း၊ဆေးဆိုးပေးခြင်းများ ပြုလုပ်တတ်ကြသည်။
“ဟယ်ချစ်စရာကောင်းလိုက်တာ လူကြီးလေးကျနေတာပဲ”လို့ လူတွေကချီးမွှမ်း
လျှင် သဘောကျတတ်သည်။အပေါ်ယံကြည့်လျှင် ဘာမျှထိခိုက်မှု မရှိနိုင်ဟု
ထင်ကြပေလိမ့်မည်။ ကလေးကို လူကြီးလို ဝတ်ဆင်ပေးနေခြင်းသည်
သွယ်ဝိုက်သောနည်းဖြင့်လူကြီးလို့သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။
အပြုအမူတစ်ခုသည် ကြိမ်ဖန်များစွာပြုမူလျှင် အမူအကျင့်
ဖြစ်သွားတတ်သည်ကို နားလည်ထားရမည်။
ကလေးငယ်များ၏မသိစိတ်တွင်လူကြီးကဲ့သို့ လိုက်တုပနေထိုင်လာရင်း
စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဖြစ်လာတော့သည်။
ကလေးအရွယ်မှာ လူကြီးပုံစံဆင်ယင်ပေးခြင်းသည် ကလေးကို
နန့်တတ်အောင်သင်ပေးနေတာနှင့်တူပါသည်။
ငယ်စဉ်အခါမှာ မသိသာပေမယ့် ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့
လူကြီးတစ်ယောက်လို ပြောဆိုနေထိုင်လာတတ်ပြီး မိဘနှင့်သားသမီးအကြား ပြဿနာများ ဖြစ်လာန်ိုင်သလို ပတ်ဝန်းကျင်အသိုင်းအဝိုင်းများအကြားတွင်လည်း
လူမှုရေးဆိုင်ရာပြဿနားများဖြစ်လာတတ်ပါသည်။
🔺သမီးမိန်းခလေးအချို့ အသက် ၁၀ နှစ်အရွယ်နဲ့ စောစောစီးစီးအပျိုဖေါ်
ဝင်လာရခြင်းသည်လည်း ငယ်ရွယ်စဉ်အခါက လူကြီးပုံစံဝတ်ဆင်ပေးခဲ့ခြင်း
သည် အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါသည်။
မတူညီသည့် ဝတ်စားဆင်ယင်မှုပုံစံသည် မတူညီသည့် စိတ်ခံစားမှုကို
ဖြစ်ပေါ်စေသည်။ စိတ်ခံစားချက်ကြောင့် ဟော်မုန်းဓါတ်တွေပြောင်းလဲပြီး
အချိန်မတိုင်မီ အရွယ်ရောက်မှုကို ဖြစ်စေနိုင်သည်ဆိုတာကို မိဘတိုင်း
သတိထားရမည့်အချက်ဖြစ်သည်။
🔺ကလေးငယ်များကို လူကြီးကိုဆက်ဆံသကဲ့သို့လွှဲမှားသောစကားလုံး
အသုံးအနှုန်းများဖြင့် ပြောဆိုဆက်ဆံတတ်သော မိဘများလည်း ရှိသေးသည်။
မိမိ၏ ကလေးငယ်များကို ပြောဆိုဆုံးမသည့်အခါ သားရေ၊ သမီးရေ ဟု
ခေါ်ဝေါ်သုံးစွဲရမည့်အစား ဟိုကောင်၊ဟိုကောင်မ ၊ မင်း၊ ညည်း စသည်ဖြင့် တလွဲနာမ်စား သုံးတတ်ကြသည်။ မိဘတွေက မိမိကိုယ်ကို အမေ၊ အဖေ ဆိုသည့်နာမ်စားမသုံးပဲ “ငါ”ဆိုသည့်နာမ်စားအသုံးကို လွယ်ကူစွာ သုံးတတ်ကြသည်။
ထိုအသုံးများက မိမိနှင့်သက်တူရွယ်တူများကိုသာ သုံးသည့်အသုံးများ
ဖြစ်သည့်အတွက် ထိုသို့သုံးနုန်းခြင်းသည် ကလေးများကို မိမိနှင့်ရွယ်တူ
ဖြစ်သည်ဟု့ သတ်မှတ်ပေးသလိုဖြစ်လာတတ်ပြီး သူတို့ကိုယ်တိုင်
လူကြီးမိဘများကို ရွယ်တူပုံစံ ပြန်တုန့်ပြန်လာတတ်ကြသည်။

🔹ကလေးများသည် လူကြီးကဲ့သို့ ပြု့မူဆက်ဆံခံရခြင်း ကြောင့်
အရွယ်မတိုင်ခင်လူကြီးကဲ့သို့ ပြုမူပြောဆိုခြင်းများပြုလုပ်လာတတ်ပြီး
ကလေးအရွယ်နှင့်မသက်ဆိုင်သေးသော အပြုအမူများကို ပြုလုပ်လာတတ်
ကြသည်။ငယ်ငယ်ရွယ်ရွယ်ရည်းစားထားတတ်ခြင်း ၊ဆေးလိပ်အရက်သောက်
ခြင်း၊အပြင်ထွက်လည်ပတ်ခြင်း၊ဘားကလပ်သွားခြင်း၊ KTV သွားခြင်းများ
ပြုလုပ်လာတတ်ကြသည်။ ထိုအခါ မိဘနှင့်သားသမီးများအကြား ပြဿနာ
များ ဖြစ်လာနိုင်သည်။

မိဘများအနေဖြင့် ကလေးများကို လူကြီးလိုမဆက်ဆံဘဲ သူတို့အသက်အရွယ်
အလိုက် သင့်လျော်သောနည်းလမ်းများဖြင့် ပြုစုပျိုးထောင်ပေးပါက ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ ပိုမိုကောင်းမွန်လာမည်
ဖြစ်သည့်အပြင် အရွယ်နှင့်ရုပ် ၊ ရုပ်နှင့်ပြုမူပြောဆိုပုံတို့သည် သူ့အသက်အရွယ်
နှင့်သူ ချစ်စရာကောင်းနေမည်မှာအမှန်ပင်ဖြစ်သည်။

*ကလေးကို ကလေးလိုပဲဆက်ဆံပေးနိုင်ကြပါစေ*

( စိုင်းအေး )

ကလေးများ၏ ပညာရေးအတွက် မိဘများ၏ အရေးပါမှု======================================               ကလေးတစ်ဦး၏ ပညာရေးအောင်မြင်မ...
17/02/2025

ကလေးများ၏ ပညာရေးအတွက် မိဘများ၏ အရေးပါမှု
======================================

ကလေးတစ်ဦး၏ ပညာရေးအောင်မြင်မှုသည် ကျောင်း၊ဆရာ/ဆရာမများနှင့် သင်ကြားမှုစနစ်ပေါ်သာမက မိဘများ၏ ပူးပေါင်းပါဝင်မှုနှင့်လည်း
ချိတ်ဆက်မှုရှိသည်။ သားသမီး တစ်ဦးသည် ကျောင်းတွင်သာမက မိဘများ
ထံမှလည်း သင်ကြားမှုကို ရယူနေကြသည်ကို မမေ့လျော့သင့်ပါ။ မိဘများသည် သားသမီးများ၏ ပညာရေးတွင် ပထမဆုံးသော လက်ဦးဆရာများ ဖြစ်ကြသည်။
အိမ်တွင် သင်ကြားမှုသည် ကျောင်းထဲရှိ သင်ကြားမှုကို အားဖြည့်ပေးနိုင်ပြီး၊
သားသမီး၏ သင်ယူမှုစွမ်းရည်ကို ပိုမိုတိုးတက်စေသည်။ မိဘများသည်
လက်ဦးဆရာများဖြစ်သည့်အားလျှော်စွာ သားသမီးတို့၏ ဖွံ့ဖြိုးတိုးတက်မှု
အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်အားဖြည့်နေသောသူများဖြစ်နေသည်ကို
သတိမူရပေမည်။ မိမိ၏သားသမီး ပညာရေးတိုးတက်မှုအတွက် ကျောင်းနှင့်
ဆရာ ဆရာမများကိုသာ အလုံးစုံပုံချထားပြီး မိမိမှာ ဘာမှတာဝန်မရှိသလို
လစ်လျူရှု့ထား၍မရပါ။ “ ကိုယ်ပိုင်ကျောင်းမှာ ပိုက်ဆံပေးပြီးထားတယ်ဆိုတာ
အလုံးစုံကို ကျောင်းကတာဝန်ယူပေးရမယ်” ဆိုသည့်အမြင်မျိုးရှိနေသေးသည့်
မိဘအချို့၏ ကျဉ်းမြောင်းသော အယူအဆကြောင့် ထိုက်သင့်သလောက်
မတိုးတက်လာသော ကလေးငယ်များ မြို့တိုင်း ကျောင်းတိုင်းမှာ ရှိနေသည်ကို
မိဘများ ကိုယ်တိုင် သိမြင်ဖို့ လိုအပ်ပါသည်။

🗝️မိဘများ၏ အခန်းကဏ္ဍ
———————————-
မိဘများသည် သားသမီးများ၏ ပညာရေးတွင် အောက်ပါနည်းလမ်းများဖြင့်
ပါဝင်နိုင်သည်။

1️⃣ ပညာသင်ကြားရေးကို အလေးထားမှုပြသခြင်း။
- မိဘများသည် သားသမီးများ၏ ပညာရေးကို တန်ဖိုးထားသည်ဟု
ပြသခြင်းသည် အလွန်အရေးကြီးသည်။ သားသမီးသည် မိဘ၏စိတ်အား
ထက်သန်မှုကိုမြင်လိုက်သည်နှင့် ပညာရေးအပေါ် ပိုမိုစိတ်ဝင်စားလာနိုင်သည်။
မိဘများကိုယ်တိုင် ပညာသင်ကြားရေးအပေါ် ပေါ့ပျက်ပျက်သဘောထားခြင်း
(သို့မဟုတ်) လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်သာ ကျောင်းအပ်ထားခြင်း( သို့မဟုတ်)
ကျောင်း၏ သင်ကြားမှု လုပ်ငန်းစဉ်များအပေါ် အလေးထားမှု မရှိခြင်း ၊
ဝတ်ကျေတန်းကျေရုံမျှလောက်သာ လုပ်ဆောင်ခြင်းသည် သားသမီးများ၏
ပညာရေးအပေါ် အလေးထားစိတ်ဝင်စားမှု့ကို လျော့နည်းစေနိုင်သည်။
ထို့ကြောင့် မိဘများကိုယ်တိုင် ပညာရေးကို အလေးထားကြောင်း ပြသ
လုပ်ဆောင်ရန် လိုအပ်ပါသည်။
ပညာသင်ကြားရေးကို စိတ်ဝင်စားသောမိဘများသည် မိမိ၏သားသမီးများကို
အောက်ပါအချက်များဖြင့် ပါဝင်ပံ့ပိုးပေးနေကြသည်ကို တွေ့မြင်ရပါသည်။
ဥပမာ—
🔸ပညာရေးကို ပိုမိုစိတ်ဝင်စားစေရန် သားသမီးများကို စာဖတ်သည့်အလေ့အကျင့်ကို ပျိုးထောင်ပေးခြင်း
🔸ကျောင်းသင်ခန်းစာအခြေအနေများကို အမြဲမပြတ် စောင့်ကြည့်ခြင်း
🔸 ကျောင်းချိန်မှန်အောင် ဂရုစိုက်ပေးခြင်း ၊ ကျောင်းဝတ်စုံကို စနစ်တကျ
ဝတ်ဆင်စေခြင်း
🔸 ကျောင်းစည်းကမ်းများကို မိမိကိုယ်တိုင် သိရှိအောင်မှတ်သားထားပြီး
စည်းကမ်းလိုက်နာတတ်အောင် သင်ကြားပေးခြင်း
🔸ကျောင်းတွင် ပြုလုပ်သော ပြပွဲ ပြိုင်ပွဲ ဆွေးနွေးပွဲများကို အလေးထားပြီး
စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ခြင်းနှင့်စိတ်ဝင်စားမှုကို ပြသခြင်း။

2️⃣သားသမီးများကို စနစ်တကျ လေ့လာမှတ်သားရန် ကူညီခြင်း
ကလေးငယ်များသည် တစ်ဦးနှင့်တစ်ဦး သင်ယူမှုပုံစံများမတူညီကြပါ အချို့က စာဖတ်ခြင်းမှတ်သားခြင်းတွင် လွယ်ကူပြီး အချို့ကလေးများသည်
ကိုယ်တိုင်ရှာဖွေ စူးစမ်းလေ့လာရသည်ကို နှစ်သက်ကြသည်။ မိဘများသည် မိမိသားသမီးများ၏ သင်ယူမှုပုံစံကို သိရှိနားလည်အောင် ကြိုးစားခြင်းအားဖြင့် ထိရောက်စွာ ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်သည်။
🔹စာဖတ်ခြင်း၊ အိမ်စာပြုလုပ်ခြင်းများကို စနစ်တကျ ပြုလုပ်နိုင်ရန်
ဆိတ်ငြိမ်သော စာဖတ်ခန်း ( သို့ ) စာကြည့်ရန်နေရာတစ်ခု ပြုလုပ်ပေးခြင်း
🔹ပုံမှန်စာကြည့်ချိန်သတ်မှတ်ပေးပြီး အိမ်စာပြုလုပ်ရန်အတွက် တိုက်တွန်
ပံ့ပိုးပေးခြင်း
🔹အချိန်မှန်မှန် စာကျက်မှတ်ခြင်း ၊အိပ် ထ ခြင်း အလေ့အကျင့်များကို
လေ့ကျင့် ပျိုးထောင်ပေးခြင်း
🔹သားသမီး၏ သင်ယူမှုပုံစံကို နားလည်ရန် ကြိုးစားခြင်း ဖြင့် မိမိ၏
သားသမီးများ၏ လေ့လာသင်ယူမှုအတွက် ထိရောက်စွာ ကူညီပံ့ပိုးနိုင်သည်။

3️⃣ပညာရေးထဲတွင် စိတ်ပိုင်းဆိုင်ရာ အားထားမှုကိုထောက်ပံ့ခြင်း
ကလေးတစ်ဦး၏ ပညာရေး အောင်မြင်မှုသည် သင်ယူမှုစွမ်းရည်
နှင့်သာမက စိတ်ပိုင်းဆိုင်ရာ အားထားမှုနှင့်လည်းဆက်နွယ်နေသည်။
မိဘများသည် သားသမီးများ၏ ပညာရေးတွင် စိတ်ဖိစီးမှု မရှိစေရန်
အမြဲမပြတ် အကဲဖြတ်စောင့်ကြည့်ပြီး စိတ်ဓါတ်ခွန်အားများကို မြှင့်တင်
ပေးကာ ကျောင်းသင်ခန်းစာများကို စိတ်အားထက်သန်စွာ သင်ယူလိုစိတ်
ဖြစ်အောင် အမြဲ ပံ့ပိုးပေးနိုင်ရမည်။
▪️တိုးတက်မှုကို ချီးမြှောက်ခြင်း။ ။မိဘများက သားသမီး၏ အားထုတ်မှုကို
အသိအမှတ်ပြုသည့်အနေဖြင့် ကလေးငယ်၏ တိုးတက်မှုအခြေအနေကို
စောင့်ကြည့်ကာ ပြောင်းလဲတိုးတက်လာသည့်အပေါ် အသိအမှတ်ပြု ချီးမြှောက်ပေးရန် လိုအပ်ပါသည်။ လူသားတိုင်းက မိမိတို့၏ လုပ်ရပ်အပေါ် အမြဲ
အသိအမှတ်ပြုခံခြင်ကြသည် ကြိုးစားအားထုတ်မှုရလာဒ်အတွက် ချီးမြှောက်
ခြင်းကိုလည်း ခံယူခြင်ကြသည်မှာ သဘာဝဖြစ်သောကြောင့် မိမိ၏သားသမီးများ၏ တိုးတက်ပြောင်းလဲမှုကို အသိအမှတ်ပြုချီးမြှောက်ပေးရန် မမေ့ကြပါနှင့်။
▪️ဖိအားမဖြစ်စေရန် ထောက်ပံ့မှုပေးခြင်း။ ။ မိဘများသည် မိမိ၏သားသမီး
များ၏ ပညာရေးတိုးတက်မှုကို သဘောမကျလျှင် အခြားလူများနှင့် ခိုင်း နိုင်း
ပြောဆို ဆုံးမတတ်ကြသည်။ လူတိုင်း စွမ်းရည်မတူညီကြောင်း မိဘများ နား
လည်ထားရန် လိုအပ်ပါသည်။ မည်သူကမျှ အခြားတစ်ယောက်နှင့် နိုင်းယှဉ်
ဆုံးမသည်ကို သဘောမကျပါ မိမိကိုယ်တိုင်လည်း သဘောကျမည် မဟုတ်သော
ကြောင့် မိမိ၏သားသမီးများကို ဖိအားမဖြစ်စေရန် ခိုင်းနှိုင်းပြောဆိုခြင်းကို
ရှောင်ကျဉ်ပါ။ သား သမီးများ၏ ပြောစကားများကိုလည်း အလေးထား
နားထောင်ပေးပါ။ မိမိ၏ချစ်ခြင်းမေတ္တာကို ပြောဆိုပြသပေးပါ။ ရလာဒ်ထက်
ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးပါ။
▪️ပြစ်တင်မှု နှင့် နားလည်မှု။ ။ မိမိ၏သားသမီးများ အမှားလုပ်မိသောအခါ မိဘများကဒေါသဖြင့်တုံ့ပြန်တတ်ကြသည် ပြစ်တင်ပြောဆိုတတ်ကြသည်။
မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ပါ အမှားသည် သင်ယူမှုအတွက် အခွင့်အလမ်း
ဖြစ်သည်ကို သတိရပြီး သင်ခန်းစာယူတတ်အောင် သင်ကြားပေးပါ။အခြေအနေပေါ်မူတည်ပြီး မိမိ၏သားသမီးများအပေါ် နားလည်မှုပေးပြီး ပြဿနာကို
သက်တောင့်သက်သာ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။
▪️မိဘနှင့် သားသမီး ဆက်ဆံရေး ပိုမိုခိုင်မာစေရန် တည်ဆောက်တတ်ဖို့
မိဘတိုင်းက နားလည်တတ်ကျွမ်းရမည်။ မိဘနှင့် သားသမီးဆက်ဆံရေးသည်
အစဉ် နွေးထွေးမှု ရှိနေရမည် ။မိဘသည် သားသမီးတိုင်းအတွက် စံပြဖြစ်သည်။
ကလေးတစ်ဦး၏ ပညာရေးအောင်မြင်မှုသည် မိဘနှင့်သားသမီးအကြား ဆက်ဆံ
ရေးကောင်းမွန်မှုနှင့် သက်ဆိုင်နေသည်ကို မိဘတိုင်းက သိရှိပြီး ကောင်းမွန်သော
ဆက်ဆံရေးဖြစ်နေအောင် အစဉ်အမြဲ အားထုတ်နေရမည်ဖြစ်သည်။
သားသမီးများနှင့် စကားစမြည်ပြောရန် နေ့တိုင်းအချိန်ပေးဖို့ မမေ့ပါနှင့်။

4️⃣ကျောင်းနှင့် ပူးပေါင်းပါဝင်ခြင်း
မိဘများအနေဖြင့်ကျောင်းနှင့်အတူ ပူးပေါင်းပါဝင်ခြင်းသည်
သားသမီးတို့၏ ပညာရေးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေသည်။
မိဘများသည် ကျောင်းနှင့်ဆက်သွယ်မှုကို တိုးမြှင့်ခြင်း ၊ကျောင်းပွဲများတွင် မိဘများ ပူးပေါင်းပါဝင်ခြင်း ၊ ကျောင်းတွင်းပညာရေးဆိုင်ရာ အစည်းအဝေးများ သို့ တက်ရောက်ခြင်း ၊ ဆရာ ဆရာမများနှင့် ဆက်သွယ်ပြီး သားသမီး၏ တိုးတက်မှုကိုနားလည်နိုင်ရန် ဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ပါသည်။ ကျောင်းနှင့် အတူ
ပူးပေါင်းဆောင်ရွက်မှုသည် သားသမီးများ၏ သင်ယူမှုကို ထိရောက်စေပြီး
ကျောင်းသင်ခန်းစားများအပေါ် စိတ်ဝင်စားမှုကို ပိုမို တိုးတက်လာစေမည်
ဖြစ်သည်။

5️⃣နည်းပညာအသုံးချမှုကို ထိန်းသိမ်းပေးခြင်း
ယနေ့ခေတ်တွင် နည်းပညာအသုံးချမှု များပြားလာသည်နှင့်အညီ
ကျောင်းသားကလေးသူငယ်များသည် ဖုန်းသုံးစွဲမှု အချိန် ပိုမိုများလာသည်ကို
တွေ့ရပါသည်။ မိမိတို့ တတ်နိုင်၍ မိမိတို့ သားသမီးများကို ဖုန်းများဝယ်ပေးထား
လျှင် ဖုန်းအသုံးပြုခြင်း၏ ကောင်းကျိုး ဆိုးကျိုးများကို သိရှိနားလည်ကာ
စည်းမဲ့ကမ်းမဲ့ အသုံးပြုခြင်း အလွဲသုံးစားပြုလုပ်ခြင်း မဖြစ်စေရန် မိဘများ
အားလုံးက သေခြာစွာ ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ ယနေ့ခေတ်တွင်
Internet နှင့် social media အသုံးပြုမှုများသည် သင်ယူမှုကို ထိခိုက်စေနိုင်သည်ကို မိဘများ သတိမူသင့်ပါသည်။
🔺Screen Time ကို ထိန်းချုပ်ခြင်း ။ ။ မိဘတိုင်းသည် မိမိ၏သားသမီး
များ၏ ဖုန်းအသုံးပြုချိန်ကို တိကျစွာ လိုက်နာစေရန် တင်းကြပ်သော စည်းကမ်း
အဖြစ် သတ်မှတ်ထားပေးရန် လိုအပ်ပါသည်။ မိမိ၏ သားသမီးများလိုချင်သော
ဖုန်းကိုဝယ်ထားပေးပြီးပါက ဆောင်ရန်ရှောင်ရန် လိုက်နာရန် စည်းကမ်းချက်များ
ကို ရှင်းပြ ပြောပြပြီး သားသမီးထံမှ သဘောတူညီမှု ရမှသာလျှင် ဖုန်းကိုင်ခွင့်
ပေးပါ။ သတ်မှတ် စည်းကမ်းချက်ဖေါက်ဖျက်လျှင် ပေးထားသောဖုန်းကို
ချက်ခြင်း ပြန်သိမ်းယူပါ။
🔺အင်တာနက် အသုံးပြုမှုကို ကြပ်မတ်ပေးခြင်း ။ ။ ယနေ့ခေတ်တွင်
အင်တာနက်ကို လွှဲမှားစွာ အသုံးပြုခြင်းကြောင်း မဖြစ်သင့်သော အရာများ
( လူမှုရေး ၊ စီးပွါးရေး ၊ ကျန်းမာရေး ) ထိခိုက်နှစ်နာဆုံးရှုံးမှုများ နေ့စဉ်နှင့်အမျှ
ဖြစ်ပေါ်နေသည်ကို မိဘများ သတိထားသင့်ပေသည်။ မိမိသားသမီးများအသုံး
ပြုသောဖုန်း screen lock လုပ်ထားလျှင် password ကို မိဘတိုင်း သိထားရမည်
လိုင်းပေါ်တွင် မည်သူနှင့် စကားပြောသည် လိုင်းအသုံးပြုသည့်အချိန် မည့်သည့်
Website ကိုကြည့်တတ်သည် ၊ လိုင်းပေါ်တွင်စကားပြောနေသော သူငယ်ချင်းက
အတန်းဖေါ်သူငယ်ချင်းလား သူစိမ်းလား သိနေဖို့လိုသည်။ အင်တာနက် အသုံးပြု
မှုကြောင့် အချိန်မတိုင်ခင် အိမ်ထောင်ကျ သူများရှိသလို လူလိမ်ခံရ လူကုန်ကူးခံ
ရသူများလည်း ရှိနေသည်ကို မိဘများ သိထားသင့်သည်။ ထို့ကြောင့် မိဘများ
သည် အင်တာနက်အသုံးပြုမှု မှန်ကန်စေရန် သားသမီးများအား နားလည်အောင် ဆွေးနွေးပေးရမည်။ မိဘများအနေဖြင့် အင်တာနက်သုံးစွဲခြင်းဖြင့် ကောင်းကျိုး
ဖြစ်နိုင်သော အထောက်အကူပြုနည်းပညာများကို သုံးစွဲတတ်ရန် လမ်းညွှန်
စီမံပေးသင့်ပါသည်။ ပညာရေးဆိုင်ရာ Apps , E-books တိုကို အသုံးပြုတတ်စေရန် လမ်းညွှန်ပေးသင့်ပါသည်။ Digital Safety ကို သားသမီးများနားလည်စေရန်
နှင့် မလိုလားအပ်သော Website များ ဝင်ရောက်ကြည့်ရှု့ခြင်းကို ထိန်းချုပ်ပေး
နိုင်ရမည်။

အချုပ်အားဖြင့်ဆိုသော် မိဘများသည် သားသမီး၏ ပညာရေးတွင် အရေးပါသော အခန်းကဏ္ဍ တွင်ပါဝင်နေကြသည်။ ပညာရေး ၊လူမှုရေး၊ စီးပွားရေး နှင့် ကျန်းမာရေးကဏ္ဍများတွင် တိုးတက်အောင်မြင်ရန် မိဘများ၏ ထောက်ပံ့မှုသည် သားသမီး၏ အနာဂတ်အတွက် အရေးကြီးဆုံးသော အရင်းမြစ် ဖြစ်သည်။
မိဘများ၏တာဝန်ယူမှုသည် သားသမီးများ၏ အနာဂတ် တည်ဆောက်မှုအတွက်
အဓိက သော့ချက် ဖြစ်သည်။ ထို့ကြောင့် မိဘများသည် ကျောင်းနှင်အတူ
ပူးပေါင်း လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့သားသမီးများ၏ ပညာရေးကို
ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သင့်ပေသည်။

( စိုင်းအေး )

Address

No. 48, New Homon Ward, Mu-Se
Mu-se
06401

Opening Hours

Monday 09:00 - 15:30
Tuesday 09:00 - 15:30
Wednesday 09:00 - 15:30
Thursday 09:00 - 15:30
Friday 09:00 - 15:30
Saturday 08:00 - 11:30

Alerts

Be the first to know and let us send you an email when ICTC Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ICTC Private High School:

Shortcuts

Share

Category