29/08/2025
"စုဗူးကလေးက ပိုက်ဆံစု၊ ဦးနှောက်ကလေးက အသိဥာဏ်စု"
ဒီနေ့ခေတ်ကလေးငယ်တွေဟာ သိပ္ပံနည်းပညာတွေ၊အင်တာနက်နည်းပညာတွေ တိုးတက်လာတာနဲ့အတူ သူတို့ရဲ့ တစ်နေ့တာဖြတ်သန်းမှုပုံစံတွေဟာလည်း အရင်တုန်းကနဲ့မတူပဲ တကယ်ကို ပြောင်းလဲနေပါပြီ။ အိမ်မှာ ချစ်ခင်တဲ့
မိသားစုတွေနဲ့ နေတဲ့အချိန်ထက် ဖုန်းမျက်နှာပြင်နဲ့ ပိုပြီးအချိန်ဖြုန်းနေတဲ့
ကလေးတွေတဖြည်းဖြည်းများလာပါပြီ။ ဖုန်းအသုံးပြုပြီး အသိပညာတွေ
ရှာဖွေလေ့လာတာထက် ဂိမ်းတွေဆော့ရင်း အချိန်ဖြုန်းနေကြတာပိုများလာတယ်။
ဆယ်ကျော်သက်တွေဆိုရင် ဆိုရှယ်မီဒီယာကနေတဆင့် မကောင်းတဲ့အမူအကျင့်
တွေကို အတုယူနေကြပြီ ။ ဒါကြောင့်မို့ ငယ်ရွယ်စဉ်အခါမှာ မှန်ကန်တဲ့အသိပညာ
အတတ်ပညာတွေကို ရှာဖွေမှတ်သားတတ်အောင်သင်ပေးဖို့ မိဘတိုင်းမှာ
တာဝန်ရှိလာပါပြီ။ လူတိုင်း အသက်ရှင်နေထိုင်ဖို့အတွက် ငွေကအရေးကြီးသလို အသိပညာကလည်း မဖြစ်မနေအရေးပါတဲ့အရာဖြစ်ပါတယ်။
ကလေးတစ်ယောက်ကို အရုပ်စုဗူးထဲ တစ်နေ့လျှင် ငါးရာ၊တစ်ထောင်
စုသွားခိုင်းရင် တစ်နှစ်အကြာမှာ ပိုက်ဆံအများကြီးစုထားနိုင်တာကိုသိလာပြီး တန်ဖိုးတစ်ခုကိုနားလည်နိုင်လာစေသလို - ဦးနှောက်ကလေးထဲကိုလည်း တစ်နေ့တစ်ခု ဗဟုသုတသေးသေးလေးတွေ၊ စဥ်းစားခေါ်ယူနည်းတွေနဲ့ အကျင့်စာရိတ္တကောင်းတွေ စုဆောင်းပေးသွားမယ်ဆိုရင်၊ ထိုကလေးဟာအနာဂတ်မှာ မိမိဘဝကို ဉာဏ်နဲ့တည်ဆောက်တတ်တဲ့၊ အကောင်းအဆိုး အမှားအမှန် စဉ်းစားနိုင်တဲ့၊
မိမိကိုယ်ပိုင်အမြင်နဲ့တန်ဖိုးရှိတဲ့ လူကြီးတစ်ယောက်ဖြစ်လာမှာ မလွဲအောင်ပါပဲ။
—အခုခေတ်ကလေးတွေရဲ့အချိန်ကို အွန်လိုင်းကမ္ဘာကြီးက ဆွဲခေါ်ယူနေတာပါ။ ဖုန်းထဲက ဗွီဒီယိုဖိုင်လေးတစ်ခု၊ ဂိမ်းတစ်ခုကြောင့်ပဲ သူတို့စိတ်ဝင်စားမှုတွေက
တဖြည်းဖြည်းနဲ့ မကောင်းတဲ့အရာတွေကိုပိုသဘောကျနေတာတွေ့ရပါတယ်။
ဒါကြောင့် မိဘတွေရဲ့ တာဝန်တစ်ခုအဖြစ်—ဖုန်းတစ်လုံးအစား စာအုပ်တစ်အုပ်၊ ဂိမ်းအစား စဉ်းစားရတဲ့ကစားနည်းတစ်ခုကို မိတ်ဆက်ပေးဖို့ လိုပါတယ်။
ပြောရရင် စုဗူးထဲငွေစုသလို ဦးနှောက်ထဲအသိဥာဏ်စုပေးခြင်းကို
ဖော်ဆောင်ပေးဖို့လိုပါတယ်။
အသိဉာဏ်ကိုဘယ်လိုစုပေးမလဲ
၁။ နေ့တိုင်းသင်ယူစေခြင်း – နေ့တိုင်းအသစ်တစ်ခုသင်ယူမှတ်သားဖို့
တွန်းအားပေးပါ။
ဥပမာ၊ တစ်နေ့ကို ပစ္စည်းတစ်ခုအကြောင်း၊
စကားလုံးအသစ်အကြောင်း၊ သတင်းကောင်းတစ်ခုအကြောင်း ပြောပြခြင်း။
၂။ တန်ဖိုးရှိတဲ့အတွေ့အကြုံပေးခြင်း –
ကလေးတွေကို အိမ်မှုကိစ္စကူညီခိုင်းပါ အားလပ်ချိန်များများမထားပါနှင့်
ဥပမာ ၊ စျေးဝယ်ခိုင်းခြင်း၊ တစ်နေ့တာလုပ်ငန်းစဉ်တွေထဲမှာ ပါဝင်စေခြင်း။
၃။ ဖုန်းသုံးစွဲမှုကိုထိန်းသိမ်းခြင်း –
ဖုန်းကို အချိန်အကန့်အသတ်ဖြင့်သုံးရန် စည်းကမ်းတင်းကြပ်ပေးပါ။
ဗဟုသုတဗွီဒီယိုများ၊ ပညာရေးဂိမ်းများကိုအချိန်သတ်မှတ်၍ သုံးစေခြင်း။
၄။ အိမ်မှာ စာအုပ်ဖတ်ချိန်သတ်မှတ်ပေးပြီး စာအုပ်အတူတူဖတ်တဲ့ အလေ့အကျင့်လုပ်ပေးတာ၊ ဉာဏ်စမ်း ပဟေဠိ မေးခွန်းတွေနဲ့ကစားပေးတာမျိုးက ကောင်းမွန်တဲ့
နည်းလမ်းတွေဖြစ်ပါတယ်။
ဒီလိုမျိုး ဦးနှောက်ကို အလုပ်လုပ်စေတဲ့ကစားနည်းတွေဟာ ကလေးတွေရဲ့
စဉ်းစားတွေးခေါ်မှု စွမ်းရည် ၊ ဖန်တီးတတ်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်တတ်မှု
တွေကို မြှင့်တင်ပေးနိုင်တဲ့အပြင် မိဘနှင့် သားသမီးကြား ဆက်ဆံရေးကိုလည်း
ပိုမိုနွေးထွေးစေနိုင်ပါတယ်။
မိဘတို့ရဲ့စောင့်ကြည့်မှုနဲ့ မှန်ကန်သော လမ်းညွှန်မှုကို ပုံမှန်ပြုလုပ်ပေးသွားမယ်
ဆိုရင် ကလေးငယ်တစ်ယောက်ဟာ ငွေထက်ကောင်းတဲ့ ဉာဏ်အထုပ်ကြီးနဲ့
ကြီးပြင်းလာနိုင်ပါတယ်။ ဒါတွေအားလုံးကို မိမိရဲ့ကလေး မူကြိုမနေခင်
ကလေးငယ်အရွယ်ကစလို့ အမူအကျင့်ကောင်းတစ်ခုဖြစ်လာအောင်
ပုံမှန်လေ့ကျင့်ပေးရမယ့် အရာတွေဖြစ်ပါတယ်။
ငယ်စဉ်က အစစအရာရာ အလိုလိုက်လာပြီး ဆယ်ကျော်သက်အရွယ်ရောက်
လာမှထိန်းမနိုင်သိမ်းမရဖြစ်လာရင် ဒါတွေအားလုံးရဲ့ အဓိကတရားခံဟာ
မိဘတွေပါ။ ခုခေတ်ကာလဟာ နည်းပညာခေတ်ဖြစ်လာတဲ့အတွက်
ခေတ်ရေစီးကြောင်းကိုမျက်ခြေမပျက်ဖို့ မိဘတိုင်းက အားထုတ်ရပါမယ်။
မိဘတွေအလိုလိုက်လို့ ပျက်ယွင်းလာတဲ့အရာတွေကို စာသင်ကျောင်းက
အလုံးစုံပြောင်းလဲပေးနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူတော့ဘူးဆိုတာ
သတိချပ်ရပါမယ်။
“စုဗူးကလေးက ပိုက်ဆံစု၊ ဦးနှောက်ကလေးက အသိဥာဏ်စု” ဆိုတဲ့စကားလေးက တကယ်ကိုအနာဂတ်အတွက် အဓိကကျတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ ငွေရေးကြေးရေးအဓိပ္ပာယ်နဲ့တန်ဖိုးကိုနားလည်သလို
အသိပညာနဲ့ အကျင့်စာရိတ္တရဲ့တန်ဖိုးအမြင်တွေကိုလည်း သိရှိနားလည်လာအောင်
တည်ဆောက်ပေးဖို့ မိဘများနှင့်သက်ဆိုင်သူများ၏တာဝန်ယူမှုက အရေးကြီးလှပါတယ်။
“စိတ်ဓာတ်၊စည်းကမ်း၊ပညာ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း
ကလေးငယ်တိုင်းကို စိတ်ဓာတ်ကောင်းအောင် သင်ပေးရပါမယ်။
စည်းကမ်းကောင်းအောင် သင်ပေးရပါမယ်။
ပညာတတ်အောင် သင်ပေးရပါမယ်။
ဘာဖြစ်လိုလည်းဆိုတော့ မိဘဆိုတာ လက်ဦးဆရာမို့လို့ပါ။
( စကားချပ်။ ပညာဆိုတာ ကျောင်းစာကိုပဲဆိုလိုတာမုဟုတ်ပါ အမှားနဲ့အမှန်၊အကောင်းနဲ့အဆိုး၊လုပ်သင့်တာနဲ့မလုပ်သင့်တာ၊ပြောသင့်တာနဲ့ မပြောသင့်တာ
စတာတွေကိုဝေဖန်ပိုင်းခြားနိုင်တာကို ဆိုလိုတာပါ)
မိမိကလေးက ပြောမရဆိုမရ ဖြစ်နေရင်
ခေတ်ကြီးကိုအပြစ်မတင်ပါနဲ့ ခေတ်အတိုင်းကလေးကိုအတုယူသင်ပေးပါ။
မိဘတွေက စံနမူနာဖြစ်ဖို့လိုပါတယ် မိဘတွေက ကလေးတွေရဲ့ အနီးကပ်
ဆရာ ဆရာမတွေပါ စံပြဖြစ်အောင် နေပေးဖို့လိုပါတယ်။
ဖုန်းက သင်မပေးနိုင်တဲ့ အသိဉာဏ်ကို သင်ပေးနိုင်တာက မိဘတစ်ဦးရဲ့
အမှန်တကယ်အောင်မြင်မှုပါ။
မိမိကလေးတွေရဲ့ ဦးနှောက်စုဗူးလေးထဲ တစ်နေ့ကို အသိတစ်ခု
ထည့်ပေးနိုင်ကြပါစေ။
စိုင်းအေး( ICTC)