19/06/2026
端午节 (Duānwǔ Jié) – နဂါးလှေပွဲတော်
端午节 (Duanwu Festival) သည် တရုတ်နိုင်ငံ၏ အရေးပါဆုံး ရိုးရာပွဲတော်များထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ် တရုတ်လပြက္ခဒိန်အရ ငါးလပိုင်း ငါးရက်နေ့တွင် ကျင်းပကြသည်။ ဤပွဲတော်ကို Dragon Boat Festival ဟုလည်း ခေါ်ကြပြီး တရုတ်လူမျိုးများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် မျိုးချစ်စိတ်ဓာတ်များကို ထင်ဟပ်ဖော်ပြသော ပွဲတော်တစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်တွင် တရုတ်နိုင်ငံသာမက ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင်းပလျက်ရှိပြီး လူအများ၏ စိတ်ဝင်စားမှုကို ရရှိထားသည်။
端午节 ၏ မူလအစနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုး ရှိကြသော်လည်း လူအများ လက်ခံယုံကြည်ထားသည့် အကျော်ကြားဆုံး သမိုင်းဇာတ်လမ်းမှာ နိုင်ငံချစ်ကဗျာဆရာ 屈原 (Qu Yuan) နှင့် ဆက်စပ်နေသည်။ 屈原 သည် စစ်နိုင်ငံခေတ်က 楚国 (Chu Kingdom) ၏ သစ္စာရှိ အရာရှိတစ်ဦးဖြစ်ပြီး ဉာဏ်ပညာထက်မြက်သူ၊ ရိုးသားဖြောင့်မတ်သူနှင့် နိုင်ငံအပေါ် အသက်ထက်တန်ဖိုးထားသူအဖြစ် လူအများ၏ လေးစားမှုကို ရရှိခဲ့သူဖြစ်သည်။
နိုင်ငံတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများ တင်ပြခဲ့သော်လည်း မနာလိုသော အရာရှိအချို့၏ ချောက်တွန်းမှုကြောင့် ဘုရင်၏ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်းတွင် Chu နိုင်ငံသည် ရန်သူများ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးလုနီးပါး ဖြစ်လာသောအခါ 屈原 သည် နိုင်ငံ၏ ကံကြမ္မာအတွက် အလွန်ဝမ်းနည်းကြေကွဲကာ Miluo မြစ် အတွင်းသို့ မိမိကိုယ်ကို စွန့်လွှတ်ခဲ့သည်။ ထိုသတင်းကို ကြားသိရသော ပြည်သူများသည် လှေများဖြင့် မြစ်အတွင်း အပြေးအလွှား ထွက်ရှာကြပြီး ငါးများက သူ၏ ခန္ဓာကိုယ်ကို မထိခိုက်စေရန် ကောက်ညှင်းဆန်ထုပ်များကို မြစ်ထဲသို့ ပစ်ချခဲ့ကြသည်။ ထိုသစ္စာ၊ ထိုမျိုးချစ်စိတ်ဓာတ်ကို အစဉ်အမြဲ အမှတ်တရပြုနိုင်ရန်အတွက် နှစ်စဉ် ငါးလပိုင်း ငါးရက်နေ့တွင် 端午节 ကို ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။
端午节 ကို ရောက်တိုင်း အိမ်တိုင်းနီးပါးတွင် 粽子 (Zòngzi) ၏ မွှေးပျံ့သော ရနံ့များ လွင့်ပျံ့နေတတ်သည်။ ကောက်ညှင်းဆန်ကို ဝါးရွက်ဖြင့် ဂရုတစိုက် ထုပ်ပိုးပြီး အတွင်းတွင် ဝက်သား၊ ပဲနီ၊ ကြက်ဥအနှစ်၊ သစ်အယ်သီးနှင့် အခြားအရသာမျိုးစုံကို ထည့်သွင်းပြုလုပ်ထားသော 粽子 သည် 端午节 ၏ အထင်ရှားဆုံး ရိုးရာအစားအစာဖြစ်သည်။ တရုတ်နိုင်ငံ၏ ဒေသအသီးသီးတွင် အရသာနှင့် ပုံစံကွဲပြားသော်လည်း ထိုမုန့်တစ်ထုပ်ချင်းစီက 屈原 အပေါ် ထားရှိသော လေးစားမှုနှင့် မိသားစုစည်းလုံးညီညွတ်ခြင်းကို ကိုယ်စားပြုနေသည်။
端午节 ၏ အလှပဆုံး မြင်ကွင်းများအနက် တစ်ခုမှာ နဂါးလှေပြိုင်ပွဲ ဖြစ်သည်။ နဂါးခေါင်းနှင့် နဂါးအမြီးများဖြင့် အလှဆင်ထားသော လှေရှည်ကြီးများသည် မြစ်ပြင်ပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေကြပြီး ဗုံတီးသံများနှင့်အညီ လှေသမားများက တစ်သွေးတစ်သံတည်း ညီညာစွာ လှော်ခတ်ကြသည်။ ကမ်းတစ်လျှောက်တွင် ရပ်နေသော ပရိသတ်များ၏ အားပေးသံများက မြစ်ရေတစ်ပြင်လုံးကို အသက်ဝင်စေသကဲ့သို့ ခံစားရသည်။ ဤပြိုင်ပွဲသည် 屈原 ကို ရှာဖွေခဲ့ကြသော ပြည်သူများ၏ ဖြစ်ရပ်ကို အောက်မေ့သတိရစေရုံသာမက စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လနှင့် အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု၏ တန်ဖိုးကိုလည်း ဖော်ပြပေးသည်။
ပွဲတော်ရောက်သည့်အခါ အိမ်တံခါးများတွင် 艾草 (Mugwort) နှင့် 菖蒲 (Calamus) တို့ကို ချိတ်ဆွဲထားလေ့ရှိကြသည်။ ရှေးယခင်က လူများသည် ထိုအပင်များက မကောင်းဆိုးဝါးများနှင့် ရောဂါဘယများကို ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ ယနေ့ခေတ်တွင် သိပ္ပံပညာအရလည်း အချို့သော ဆေးဖက်ဝင်ဂုဏ်သတ္တိများနှင့် ပိုးမွှားများကို တားဆီးနိုင်သော အနံ့များ ပါဝင်ကြောင်း တွေ့ရှိထားသဖြင့် ယင်းဓလေ့သည် ကျန်းမာရေးနှင့်လည်း ဆက်စပ်နေသော ရိုးရာအစဉ်အလာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။
ထို့အပြင် ကလေးငယ်များ၏ လည်ပင်းတွင် 香包 (Xiāngbāo) ဟုခေါ်သော မွှေးကြိုင်သည့် အိတ်ငယ်များကို ဆွဲပေးလေ့ရှိကြသည်။ အိတ်အတွင်း၌ မွှေးရနံ့ရှိသော ဆေးဖက်ဝင်အပင်များကို ထည့်ထားပြီး ကံကောင်းခြင်း၊ ကျန်းမာခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းခြင်းတို့ကို ဆုတောင်းသည့် အဓိပ္ပာယ်ကို ဆောင်ထားသည်။
端午节 သည် ပွဲတော်တစ်ခုမျှသာ မဟုတ်ဘဲ နိုင်ငံချစ်စိတ်၊ သစ္စာတရား၊ မိသားစုစည်းလုံးညီညွတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများကို မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာသော အဖိုးတန် အစဉ်အလာတစ်ခုဖြစ်သည်။ မြစ်ပြင်ပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသော နဂါးလှေများ၊ 粽子 ၏ မွှေးပျံ့သော ရနံ့များနှင့် လူအများ၏ ရင်ထဲတွင် ကိန်းအောင်းနေသော 屈原 အပေါ် လေးစားမှုတို့က 端午节 ကို ယနေ့တိုင် တရုတ်လူမျိုးတို့၏ နှလုံးသားထဲတွင် မပျောက်ပျက်နိုင်သော ရိုးရာပွဲတော်တစ်ခုအဖြစ် ဆက်လက်ရှင်သန်စေလျက်ရှိသည်။
一一一一一
端午节 မှာ တရုတ်လူမျိုးတွေ ပြောလေ့ရှိတဲ့ ဆုတောင်းစကားလေးတွေလည်း မှတ်သားထားသင့်ပါတယ်နော်။
端午安康!
Duānwǔ ānkāng!
端午节 မှာ ကျန်းမာပျော်ရွှင်ပါစေ။
端午节快乐!
Duānwǔ jié kuàilè!
端午节 ပျော်ရွှင်ပါစေ။
祝您端午安康,幸福美满!
Zhù nín duānwǔ ānkāng, xìngfú měimǎn!
端午节 တွင် ကျန်းမာပျော်ရွှင်ပြီး ဘဝသာယာပြည့်စုံပါစေ။
愿你端午平安,万事顺遂!
Yuàn nǐ duānwǔ píng’ān, wànshì shùnsuì!
端午节 တွင် ဘေးကင်းလုံခြုံပြီး အရာရာ အဆင်ပြေချောမွေ့ပါစေ။
粽香传情,端午安康!
Zòng xiāng chuán qíng, duānwǔ ānkāng!
粽子 ရနံ့နဲ့အတူ မေတ္တာများပို့သရင်း 端午节 ကျန်းမာပျော်ရွှင်ပါစေ။
龙舟竞渡迎端午,平安吉祥伴君行!
Lóngzhōu jìngdù yíng duānwǔ, píng’ān jíxiáng bàn jūn xíng!
နဂါးလှေပြိုင်ပွဲနှင့်အတူ 端午节 ကို ကြိုဆိုရင်း ကံကောင်းခြင်းနှင့် ဘေးကင်းခြင်းများ အမြဲရှိပါစေ။
ယနေ့ခေတ်မှာ “端午安康” ကို “端午节快乐” ထက် ပိုအသုံးများပါတယ်။ အကြောင်းကတော့ 端午节 ဟာ 屈原 ကို အမှတ်တရပြုတဲ့နေ့ဖြစ်လို့ “ 快乐” ထက် “安康” ဆိုတာကို ပိုသင့်တော်တယ်လို့ လူအများက ယူဆကြလို့ပါ။
一 海浪