18/11/2022
မရဏခေါင်းလောင်းသံ // ကျော်ရင်မြင့်
(7Day News Page, 12th january 2019)
---
အိပ်မောကျနေရာက ငေါက်ခနဲသူထထိုင်မိတယ်။ ကြည့်စမ်း။ သူအသက်ကို ခက်ခက်ခဲခဲ ရှူနေရတာပါလား။ အသက်ရှူရပ်ပြီး သူအိပ်ရာက နိုးသွားတာပဲ။ နှာခေါင်းက နှာစေးပြီး ပိတ်နေတယ်။
အိပ်ရာပေါ် ပြန်လှဲတယ်။ အသက်ရှူရတာ မ၀ဘူး။ အသက်ကိုကြိုးစားရှူတော့ အာခေါင်တွေ ခြောက်ပြီးသလိပ်တွေ ပိတ်နေတယ်။ အိပ်နေရာက ထထိုင်တယ်။ သလိပ်တွေ သိမ်းပြီး ထွေးထုတ်လိုက်တော့ နည်းနည်း ပေါ့သွားသလိုလို။ ဒါပေမဲ့ ခဏပဲ။ အိပ်ခန်းနံရံတန်းပေါ်က လျက်ဆား ပုလင်း လက်နဲ့စမ်းပြီးယူ၊ အဖုံးကိုဖွင့်ပြီး လက်ညှိုးနဲ့ တစ်တို့ တစ်တို့ လျက်လိုက်တော့ အာခေါင်မှာ ခိုနေတဲ့သလိပ်တွေ ပျော်သွားသလိုပဲ။ မိန်းမနဲ့ အခန်းချင်း ခွဲအိပ်နေလိုက်မိတာ နှစ်ယောက်စလုံး အတွက် ကောင်းတာပဲ။ ယခုလိုအ်ိပ်ရာက ထချည်လှဲချည်လုပ်နေတာ တစ်အိပ်ရာတည်းသာဆိုရင် မိန်းမအိပ်ရေးပျက်မှာ အသေအချာပေါ့။
ခေါင်းရင်းက မီးလုံးကို ဖွင့်တယ်။ စားပွဲတင်နာရီကို လှမ်းကြည့်တော့ ၁၀ နာရီ ၄၉ မိနစ်။အစောကြီး ရှိသေးတာပဲ။ ည ၁၁နာရီတောင် မထိုးသေးဘူး။ ပြန်အ်ိပ်မှ...အိပ်မှ။ မအိပ်ရင် ရုံးမှာ အိပ်ငိုက်နေမှာပေါ့။ လင်းနေရင်အိပ်လို့ ပျော်မှာ မဟုတ်ဘူး။ ခုတင်ခေါင်းရင်းက မီးလုံးကို ပိတ်တယ်။ ခုတင်ပေါ်ပြန်ပြီး လျောင်းတယ်။ မျက်စိကို ဇွတ်မှိတ်တယ်။အသက်ရှူလို့မ၀တဲ့ ဇာတ်လမ်းက စလာပြန်တယ်။ ခက်ပြီ။ သူငုတ်တုတ် ထထိုင်တယ်။ အိပ်မရလို့ ငုတ်တုတ်ထိုင်နေရတာချင်း အတူတူ တရားမှတ်နေရင် ကောင်းမှာပေါ့။ ကုသိုလ်လည်းရ၊ ခဏနေ အိပ်ချင်လာရင် လှဲအိပ်မယ်။
နှာသီးဖျားက တိုးဝင်လာတဲ့ ၀င်လေကို ၀င်လေအဖြစ် သတိကပ်ပြီး မှတ်တယ်။ ထွက်လေကို သတိကပ်ပြီး မှတ်တယ်။ မရ။ မရ။ အသက်ရှူရ ခက်ပါဘိ။ အချို့တရားထိုင်တဲ့အခါ လေကိုပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်တာကို သူသတိရတယ်။ အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်တယ်။ ရှူးရှဲ...ရှူးရှဲ။ သိပ်မဆိုးဘူး။ စိတ်က မလွင့်ပါးဘဲ အသက်ရှူတဲ့ ၀င်လေ၊ ထွက်လေပေါ် သတိကပ်နေတယ်။ ငါဘာဖြစ်တာပါလိမ့်။ အသက်ရှူလို့ မ၀ရင် အောက်ဆီဂျင် အလုံအလောက်ရမှာ မဟုတ်ဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင် မရဘူးဆိုရင်...။ ကြည့်စမ်း သတိလွတ်သွားပြန်ပြီ။ ၀င်လေ၊ ထွက်လေကို ဒီအတိုင်းမှတ်နေလို့ကတော့ သတိက လွတ်နေမှာပဲ။ ဒါကြောင့် ၀င်လေ၊ ထွက်လေကို ဂဏန်းထိုးပြီး သူလိုက်ရေတွက်တယ်။ ၁၊၂၊ ၃၊ ၄၊...။ စိတ်တွေ တင်းကျပ်လာတယ်။ တစ်ကိုယ်လုံးကို မမြင်ရတဲ့ ကြိုးတွေနဲ့ တစ်ရစ်ပြီး တစ်ရစ် တင်းတင်းပတ်နေ သလိုပါလား။
သူ့ကိုယ်သူ သေ၀ံ့တယ်ထင်ခဲ့တယ်။ အထိုက်အလျောက် တရားအလုပ်လည်း လုပ်ထားတယ်။ ကျန်းမာရေး မကောင်းတော့ဘူးဆိုရင် သူတရားမှတ်နေမယ်။ တရားမှတ်နေရင်း ဇီဝိန်ချုပ်သွားရင်လည်း မဆိုးပါဘူး။ တကယ်တော့ အထင်နဲ့ လက်တွေ့က တခြားစီပါလား။ ခန္ဓာကိုယ်က ဖောက်ပြန်လာပြီဆိုတော့ တရားမှတ်ရတာလည်း မလွယ်ဘူး။ မွန်းပြီး တင်းကျပ်နေတဲ့ ဒုက္ခကို သူမခံနိုင်တော့ဘူး။ ခြေတွေ၊ လက်တွေကို အားရပါးရ ဆန့်ထုတ်ပြီး ‘ အား...’ ခနဲအသံကုန် ဟစ်အော်ပစ်လိုက်ချင်တယ်။ အော်ပစ်လိုက်ရင် သက်သာသွားမှာလား၊ သူ့ကိုယ်ခန္ဓာက ဘာကြောင့်ရုတ်တရက် ဖောက်ပြန်ပြောင်းလဲ သွားတာပါလိမ့်။ ရာသီ အကူးအပြောင်းမို့လား။ သူသတိမထားမိဘဲ ကိုယ်ခန္ဓာက Signal ပြနေခဲ့တာပဲ။ သရိုးသရီနဲ့ နေလို့ထိုင်လို့ မကောင်းတာ နည်းနည်းကြာပြီ။ ၀မ်းမသွားတာ နှစ်ရက်ရှိပြီ။ ဆီးသွားရင်လည်း ကျန်နေသလို ခံစားရတယ်။ အလုပ်ကများတော့ အပရိကထင်ခဲ့တာ။ အရင်တစ်ပတ်ထဲတုန်းက ခေါင်းမူးလိုက်သေးတယ်။ ကြည့်စမ်း Warning Sign တွေပါလား။
အို...တရားသဘောရှိတာပဲ။ ဖြစ်ပြီးရင် ပျက်မယ်။ အခုခံစားနေရတဲ့ ဒုက္ခတွေဟာလည်း ခဏနေပျက်သွားမှာ၊ ပျောက်သွားမှာ။ တွေးတယ်။ စိတ်ကိုဖြေသာအောင် တွေးယူပါတယ်။ ဒါပေမဲ့ ခက်တာကခဏဆိုတာ အသင်္ချေ ကြာလှချည့်။ တကယ်ဖြစ်လာတော့ တရားကိုလည်း နှလုံးမသွင်းနိုင်တော့ပါလား။ သူ့ကိုယ်သူ အထင်ကြီးခဲ့တာ မှားပြီ။ တရားဆိုတာ ဘယ်မှာ လွယ်လွယ်ရှိနိုင်လို့လဲ။
သူသေခါနီးပြီလား။ အသက်ရှူရပ်တယ်ဆိုတာ သေခြင်းပဲ။ လူတစ်ယောက် သေတော့မယ်ဆိုရင် ဘ၀ကူးကောင်းအောင် တရားတိပ်ခွေ ဖွင့်ပေးလေ့ရှိတယ်။ သူခေါင်းရင်းက မီးကို ပြန်ဖွင့်တယ်။ MP-3 ကိုယူပြီး ဆရာတော်ကြီးရဲ့ တရားကို ဖွင့်နာတယ်။ စိတ်အာရုံကို တရားထဲမှာ နှစ်လိုက်တော့ သက်သာသွားသလိုပဲ။ ဆယ်မိနစ်တောင်မှ ကြာတယ် မထင်ဘူး။ တရားသံ သူမခံနိုင်တော့ဘူး။ ဘုရား...ဘုရား။ သူမလှုပ်နိုင်၊ မယှက်နိုင် သေငယ်ဇောနဲ့ မျောနေချိန်မှာ တစ်ယောက်ယောက်က သူ့ဘေးလာပြီး တရားတိပ်ခွေဖွင့်ရင် သူခံနိုင်ပါ့မလား။ ဒေါသနဲ့သေရင် အပါယ်ငရဲတဲ့။ ကြောက်လိုက်တာ။
ဘယ်လိုမှလည်း အိပ်မရပါလား။ မီးလုံးကိုပိတ်တယ်။ ဧည့်ခန်းထဲထွက်လာပြီး မီးချောင်းကိုဖွင့်တယ်။ လမ်းလျှောက်လိုက်တော့ နေသာသလိုလိုပဲ။ ဧည့်ခန်းနဲ့ ထမင်းစားခန်းကို ခေါက်တုံ့ ခေါက်ပြန် သူလမ်းလျှောက်တယ်။ လမ်းလျှောက်ရင်း သူ့အကြောင်းသူ ပြန်စဉ်းစားတယ်။ တစ်ခါကသူပြောဖူးတယ်။ သူ့သားသမီးတွေလည်း အရွယ်ရောက်ကုန်ပြီ၊ အလုပ်အကိုင်တွေလည်း ကိုယ်စီရှိပြီ။ နောက်ဆံ တင်းစရာ မလိုတော့ပါဘူး။ သူ့ဇနီးလည်း နေရစ်ရမယ်ဆိုလည်း နေလို့ရပြီ။ ပူပန်စရာ မရှိလောက်ပါဘူး။ သူသေလို့ရပြီလို့ တွေးဖူးတယ်။ ထုတ်လည်း ပြောဖူးတယ်။ ယခုလို သေပေါက် သေ၀ရောက်တော့ သေလို့တကယ်ရပြီလားလို့ သူ့ကိုယ်သူ မေးခွန်းထုတ်မိတယ်။ မသေချင်သေးပါဘူးလို့ အဖြေထွက်လာ တယ်။
ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတာ နာရီဝက်ကြာသွားတော့ ညောင်းလာပြီ။ အိပ်လိုက်ရင် ရမှာလား၊ မထင်။ နောက်ထပ် နာရီဝက် ဆက်လျှောက်ဦးမယ်။ လူပဲ သိပ်ပင်ပန်းလာရင်တော့ မအိပ်ဘဲနေမှာ မဟုတ်ပါဘူး။ အိပ်လို့ရမှာပါ။ လူတွေက ပြောတယ်။ တချို့လူတွေ ကိုယ့်ပင်စင်တောင်မှ ကိုယ်စားမသွားရဘူးတဲ့။ သူကတော့ သူ့ပင်စင်ကို အေးအေး လူလူနေပြီး စားသွားချင်ပါသေးတယ်။ သူသေသွားလို့ ကြာရင်တော့ လူတွေက မေ့သွားကြမှာပါပဲ။ ခုတော့ သူက အရေးပါသလိုလိုပဲ။ ဒါပေမဲ့ သူမရှိလည်း ဖြစ်သင့် ဖြစ်ထိုက်တာကတော့ ဖြစ်သွားမှာ။ သူမရှိလို့ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ဟာ။ သူမရှိရင် မဖြစ်တဲ့ ကိစ္စရှိနေပါလား။ ဘဏ်မှာ သူ့နာမည်နဲ့ အပ်ထားတဲ့ ပိုက်ဆံတွေ ဘယ်လို ထုတ်ကြမှာလဲ။ သူသိပ်ပေါ့ဆတာပါလား။ သူ့ကိုယ်သူ အပြစ်တင်မိတယ်။ ဘဏ်မှာသူ့ Saving Account တွေ ဖွင့်ထားတယ်။ သူကလည်း သူပဲ။ တစ်ဘဏ်တည်းမှာ အကောင့်တစ်ခုတည်း ပေါင်းဖွင့်ရင် ရသားနဲ့၊ သုံးဘဏ်မှာ ငွေစုစာရင်း သုံးခုဖွင့်ထားမိတယ်။ ဘဏ်က စုငွေထုတ်တဲ့ ပုံစံစာရွက်တွေယူပြီး သူ့လက်မှတ်တွေ ထိုးပေးထားမိရင် အကောင်းသား။ သူ့မိသားစုဝင် တစ်ယောက်ယောက်က သွားထုတ်ရုံပဲ။ ပြဿနာက သူ့လက်မှတ်တွေ ကြိုထိုးမထားမိတာ။ မနက်ဖြန်တော့ ဒါကို ဦးစားပေး လုပ်ရမယ်။
ဟာ...။ သွားပြီ။ မနက်ဖြန်ကစနေနေ့။ သေချာပေါက် ဘဏ်ပိတ်မှာပဲ။ တနင်္ဂနွေ။ ပိတ်ဦးမှာပဲ။ တနင်္လာနေ့ အထိတော့ စောင့်ရမယ်။ ဟင်... ဟုတ်သေးပါဘူး။ တနင်္လာကလည်း ရုံးပိတ်ရက် ဖြစ်နေပြန်တယ်။ နေ့တွေ၊ ရက်တွေ ရုံးပိတ်ရက်တွေတောင်မှ သူသတိမထားနိုင်တော့ပါလား။ အရင်ကတော့ စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်ဆက်ရင် သူပျော်တယ်။ ခုတော့ စနေ၊ တနင်္ဂနွေနဲ့ ရုံးပိတ်ရက် ဆက်တာသူစိတ်ညစ်ပြီ။ အင်္ဂါနေ့ အထိတော့ သူ့အသက်ရှည်တန် ကောင်းပါရဲ့။ ဘဏ်က ငွေထုတ်ပုံစံအလွတ်မှာ လက်မှတ်ထိုးထားမယ့်အစား အင်္ဂါနေ့ရောက်ရင် ဘဏ်ထဲက ငွေတွေအကုန်ထုတ်ခဲ့မယ်။ ရွှေဝယ်ထားမယ်။ ရွှေဆိုတာ ကိုယ့်အိမ်မှာ ကိုယ်သိမ်းထားရုံပဲ။ ဘယ်သူ့မျက်နှာမှ ကြည့်စရာ မလိုဘူး။ ငွေလိုရင် ပေါက်ဈေးနဲ့ ထုတ်ရောင်း။ ဒါပေမဲ့လည်း မဖြစ်သေးဘူး ထင်တယ်။ ရွှေဈေးက တက်နေတာ။ ၀ယ်ဖို့ မကောင်းသေးဘူး။ ပြီးတော့ အခုလို ကြားရက်ကြီး ဘဏ်ကငွေတွေ ထုတ်လိုက်ရင် တစ်လစာ အတိုးအပြည့် မရဘဲရှိမယ်။ သြော်... သေကောင်ပေါင်းလဲ ဖြစ်နေတာတောင်မှ တစ်မူး၊ တစ်ပဲဘဏ်တိုးကို မျှော်နေတုန်းပါလား။
လမ်းလျှောက်တာ တစ်နာရီကြာသွားပြီ။ ခရီးဆန့်ရင်တော့ မိုင်နဲ့ ချီရောပေါ့။ ညောင်းလည်းညောင်းပြီ။ ဒါပေမဲ့ လှဲမအိပ်ရဲသေးဘူး။ လှဲအိပ်လိုက်တုန်း အသက်ရှူရပ်ပြီး သေသွားရင်။
သူ့စိတ်ထဲမှာ သူ့အသုဘအခမ်းအနားကို တွေးကြည့်တယ်။ ခုတင်ပေါ်မှာ ပက်လက်ကလေး ပြင်ထားမယ့် သူ့အလောင်းက တော်တော်အကြည့်ရဆိုးမှာပဲ။ ပါးချောင်ကျလေးနဲ့။ ဒီပုံကိုဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်မတင်ကြစေချင်ပါဘူး။ ဒါလောက်အကြည့်ရဆိုးတဲ့ ပုံတွေကို ဘာကြောင့်များ ဖေ့စ်ဘွတ်ခ် တင်နေကြပါလိမ့်။ ကိုယ့်မသာပုံ ဆိုရင်ကော ကိုကိုတင်တို့၊ မမတင်တို့ လူတကာမြင်အောင် တင်ချင်ကြရဲ့ လား။ ကိုယ်ချင်းစာ စိတ်မထားကြဘူး။
သူ့မသာက အထိုက်အလျောက်တော့ စည်မယ်ထင် တယ်။ သူကဓမ္မာရုံမှာလည်း ဂေါပကလူကြီး၊ လူမှုရေး အသင်းထဲလည်း ပါတယ်။ ရပ်ရေးရွာရေးမှာ သူပါခဲ့တာတွေ အများကြီးပါ။ ပြီးတော့ ဌာနဆိုင်ရာ အသိုင်း အ၀ိုင်းလည်း ရှိသေးတယ်။ သူ့ရုံးကလည်း လာကြမှာ။ ရုံးဆိုခါမှ ‘ စမီး’ ကို သူသတိရတယ်။ ‘စမီး’ လည်း အသုဘတော့ လာမှာပဲ။ ‘ စမီး’ ဆိုတာ သူတို့ဌာနက အငယ်တန်း စာရေးမလေးပါ။ ကောင်မလေးက သူ့ကိုယ် သူ ‘သမီး’ လို့ပြောတာ သိပ်မပီတော့‘စမီး’တဲ့။ ချစ်စရာလေး။ သူ့ကို တစ်ရုံးလုံးက စသလိုနောက်သလိုနဲ့ ‘စမီး’ လို့ ၀ိုင်းခေါ်တယ်။ သူ့ခမျာ တစ်မိသားစုလုံးကို လုပ်ကိုင်ကျွေးနေရရှာတာ။ သူ့လခလေးနဲ့ ဘယ်မှာ လောက်ငပါ့ မလဲ။ ‘စမီး’ ကိုသနားလို့ သူ့ မိန်းမမသိအောင် ကဲ့ဝှက်ထားတဲ့ ‘ဘတ်ငွေ’ ထဲက တစ်သိန်းလောက် သူချေး ပေးထားတယ်။
ရုတ်တရက် သူသေသွားပါပြီတဲ့။ ‘ စမီး’ က သစ္စာရှိရှိဆရာပေးထားတဲ့ ပိုက်ဆံပြန်ဆပ်တာပါ ဆိုပြီး သူ့မိန်းမကို ငွေတွေလာပေးပါပြီတဲ့။ သူ့မိန်းမက ‘စမီး’ နဲ့သူ့ ဆက်စပ်မှုကို ဘယ်လိုထင်မှာလဲ။ သေခါမှ အပုပ်တွေပေါ်ရင် အခက်။ အပုပ်တွေဆိုခါမှ ဓမ္မာရုံက ငွေစာရင်းသူ မရှင်းရသေးဘူး။ ဒုက္ခပဲ။ အများက လှူထားတဲ့ငွေတွေ။ သူ့ဘဏ်စာရင်းထဲ ထည့်အပ်ထားတာ။ အတိုးတော့ ရတာပေါ့။ အဲ...။ အဲဒါ ငရဲကြီးတတ်သလား။ သူ လူကြီးလူကောင်းအဖြစ်နဲ့ပဲ သေချင်ပါတယ်။ မကောင်းခဲ့တာတွေ ပေါ်မလာပါစေနဲ့ ဆုတောင်းတယ်။
လောလောဆယ်တော့ မသေလိုက်ပါနဲ့ဦး။ သူ့နောက်ကြောင်းတွေ အားလုံး ရှင်းလိုက်ချင်သေးတယ်။ ကွန်ပျူတာလို All Clear ဆိုပြီး ခလုတ်တစ်ချက် နှိပ်ရုံနဲ့ မကောင်းတဲ့ သမိုင်း ကြောင်းတွေ အားလုံးပျက်သွားရင် သိပ်ကောင်းမှာပဲနော်။
လမ်းလျှောက်ရတာလည်း ညောင်းလှပြီ။ သူ့ခြေထောက်ကို သူမသယ်ချင်တော့ဘူး။ ဧည့်ခန်းမီးချောင်းပိတ်ပြီး အိပ်ခန်းထဲပြန်ဝင်တယ်။ အိပ်ရာပေါ်လှဲတော့ ရင်ထဲက ကျပ်ပြီး မောလာပြန်တယ်။ ခေါင်းအုံးကိုနှစ်လုံး ဆင့်ပြီး လှဲအိပ်တာလည်းမကျ၊ ထိုင်ရာလည်းမကျ နေလိုက်တော့မှ သက်သာသလိုလို။ နောက်လအထိ မနေရရင်တောင်မှ အင်္ဂါနေ့အထိတော့ သူအသက်ရှည်ပါရစေ။ ဘဏ်သွားမယ်၊ ငွေထုတ်တဲ့ ပုံစံတွေ လက်မှတ်ထိုးမယ်၊ ရှင်းသင့် တာတွေ တံမြက်လှည်းမယ်။ ရုံးရောက်ရင် ‘စမီး’ကို ...။
အသက်ရှူရတာကလည်း ပိုပြီးကျပ်လာလိုက်တာ။ သေပေါက်သေ၀ ကျခါနီးပြီလား မသိပါဘူး။ ။
---
#ကျော်ရင်မြင့်
#မရဏခေါင်းလောင်းသံ