27/04/2026
ကလေးကို စာမသင်ရဘူးလား ???
(မိမိ ကလေးကိုချစ်ရင် ဒီစာကို ဆုံးအောင် သေချာဖတ်ပါ)
စာနဲနဲရှည်ပါမယ်။
ဘယ်သူက ထွင်လိုက်မှန်းမသိတဲ့ ကလေးကို စာလုံးဝ မသင်ရဘူး။ ဆော့ကစားတာတခုပဲ လုပ်ခိုင်းမှ အမှန် နဲ့ အချို့တွေကလည်း သူတို့ရောက်ရှိနေတဲ့ နိုင်ငံရဲ့ preschool မှာ သူတို့ကလေးကတော့ ဘာမှ မသင်ရဘူး ဆော့ပြီးပဲ ပြန်လာပါတယ် စသဖြင့် ပို့စ်တွေ အများကြီးတွေ့ရပါတယ်။
မြန်မာပြည်ကလူတွေက အရင်ကတည်းက research skill ကို အခြေခံပညာမှာ ကတည်းက ဖောင်ဒေးရှင်းအချ မခံခဲ့ရတော့ ကိုယ်ရောက်ရှိတဲ့နေရာမှာ ဒါပဲလုပ်တယ်ဆို အကုန်လုံးသိမ်းကြုံးပြီး universal truth လို့ ပြောချပစ်တာ ပါပဲ။
အချက်အလက်အမှန် ကို ဖြန့်ဝေနေတဲ့social influencer တွေကို မဆိုလိုပါ။ အခြားနိုင်ငံ တစ်ခုခု ဘယ်နိုင်ငံဖြစ်ဖြစ် ရောက်သွားပြီဆို ဒီနိုင်ငံမှာတော့ ဘယ်လိုဆိုပြီး... အစချီ ဝါးလုံးရှည်နဲ့သိမ်းရမ်းပြီး ဆရာကြီးအထာလုပ်တဲ့သူတွေက ခပ်များများပါပဲ။
တကယ်တော့ ဆော့ကစားခြင်း သက်သက်သာ အောင်မြင်ပျော်ရွှင်တဲ့ ကလေးတွေဖြစ်လာမယ်ဆိုရင် အရင်တုန်းက မြန်မာပြည် မူကြိုတော်တော်များများလည်း ကလေးထိန်းကျောင်း သာသာ ဆော့ကစားလိုက် ကဗျာလေးရွတ်လိုက်ပါပဲ။ ခုချိန်ဆို အရမ်းကို တိုးတက်အောင်မြင်ပျော်ရွှင်နေကြပြီပေါ့။
ကျွန်မကျောင်းကိုရောက်လာတဲ့ အချို့မေမေတွေကလည်း "ကျွန်မတို့က ကလေးကိုစာသင်တာမကြိုက်ဘူးတွေ.. ကလေးပျော်အောင်လောက်ပဲတွေ နဲ့ social influencer တွေရဲ့ ဒေတာပြည့်စုံမှုမရှိတဲ့ ဂယက်ရိုက်ခတ်မှုတွေကလည်း တော်တော် ကြီးလာပါတယ်။
social media မှာ follower များတာဟာ ရေးသားဖြန့်ဝေသမျှ မှန်ကန်တယ် ဆိုတဲ့ သဘောမသက်ရောက်ပါဘူး။
အရင်ဆုံးအနေနဲ့ ကမ္ဘာပေါ်မှာ နိုင်ငံတကာက ကျင့်သုံးသင်ယူနေတဲ့ မူကြိုသင်နည်းတွေဟာ အမျိုးအစားများစွာရှိပါတယ်။
အမေရိကန် သြဇီ ယူကေ စင်ကာပူ ဂျပန်နဲ့ အခြား ဖွံံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံအားလုံးဖြစ်ဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပဲဖြစ်ဖြစ် သူတို့နိုင်ငံက သက်ဆိုင်ရာအစိုးရဌာနတွေက ပြဌာန်းသင်ကြားစေတဲ့ အစိုးရအထောက်အပံ့မူကြိုကျောင်းတွေရှိသလို ပုဂ္ဂလိက မူကြိုကျောင်းတွေလဲရှိပါတယ်။
မြန်မာပြည်မှာ ECCD သင်နည်းနဲ့ ပြဌာန်းသင်ကြားစေသလိုပဲ သူတို့နိုင်ငံတွေမှာလည်း သူတို့သတ်မှတ်ပြဌာန်းထားတာရှိပါတယ်။
ဉပမာ- ဂျပန်မှာဆိုရင် Youchien လို့ခေါ်တဲ့ အသက် ၃ နှစ်ကနေ ၆နှစ်ကလေးတွေ တက်ရောက်ရမယ့် Kindergarten အပိုင်းနဲ့
Hoikuen လို့ခေါ်တဲ့ လသားအရွယ်တွေကနေ ၅ နှစ်အရွယ်တွေထိ တက်ရောက်နိုင်တဲ့ Daycare Center သို့မဟုတ် Nursery School အပိုင်းဆိုပြီးနှစ်မျိုးသတ်မှတ်ထားပါတယ်။
သူတို့နိုင်ငံ English လို ဆိုရင် Care and Education လည်းခေါ်ကြသလို ECEC လို့ခေါ်တဲ့ Early Childhood Education and Care လို့လည်းခေါ်လို့ရပါတယ်။
ဘယ်နိုင်ငံက မူကြိုပညာရေးပိုင်း ပဲဖြစ်ဖြစ် အစောပိုင်းကာလ ကလေးပညာရေးလို့ ဆိုလိုက်တာနဲ့ Early Childhood Education ဆိုတဲ့ အသုံးနှုန်းတွေကနေ မလွတ်ပါဘူး။
ဂျပန်နိုင်ငံက ပြဌာန်းထားတဲ့ မူကြိုပညာရေးကလည်း အနောက်တိုင်း early childhood education philosophy တွေ အများကြီးပါဝင် လွှမ်းမိုးထားပါတယ်။
ဘယ်နိုင်ငံက မူကြိုပညာရေးပဲဖြစ်ဖြစ် play based ကို အခြေခံကြတာချည်းပါပဲ။
ဒါပေမယ့် play based လို့ဆိုထားတာက "ကစားခြင်းအပေါ်ကို အခြေခံထားတယ်" ဆိုတဲ့စကားအတိုင်းပဲ ကလေးတွေစိတ်ကြိုက်ကစားတာကို လွှတ်ထားတဲ့ free play သက်သက်မဟုတ်ပါဘူး။
play based မှာ structured play နဲ့ unstructured play ဆိုပြီး နှစ်မျိုးထပ်ခွဲ ထည့်သွင်းသင်ကြားကြတာပါ။
Structured play ဆိုတာက ဆရာဆရာမတွေက သင်ပေးချင်တဲ့ သင်ခန်းစာတစ်ခုခုကို သေချာ lesson plan ဆွဲပြီး ဆော့ကစားခြင်းနည်းလမ်းကို အသုံးပြုပြီး ... ကိုယ်သင်ပေးချင် ကလေးကိုတတ်မြောက် သိမြင်စေချင်တဲ့ သင်ခန်းစာကို သင်ကြားပေးတာပါ။
အဲ့ဒီအထဲမှာ ဗဟုသုတတွေ စာတွေ ယဉ်ကျေးမှုတွေ ပွဲတော်တွေ စကားပြောဆိုပုံ .. တည်ဆောက်ပေးချင်တဲ့ အပြုအမူ အမူအကျင့်တွေ ဘာသာစကားတွေ အခြေခံ ဗျည်းသရတွေ သီချင်း ကဗျာ စာ အကုန်ပါပါတယ်။
ခု မြန်မာပြည်မှာ အချို့ ရေးသားနေသလိုမျိုး ကစားခြင်းသီးသန့်မဟုတ်ပါ။ ဆော့ကစားတယ်ဆိုတာ နည်းလမ်းပေါင်းစုံရှိပါတယ်။
✅"ဆော့ကစားနည်းကို အခြေခံပြီး လို့ပဲ ပြောတာပါ။ ဆော့ကစားခြင်းသီးသန့်မဟုတ်ပါ။
အမေရိကန်မှာဆိုလည်း Head Start ဆိုတဲ့ government အထောက်အပံ့နဲ့ ပြဌာန်းပေးထားတဲ့ preschool program ရှိပါတယ်။
head start program လို့ပဲနာမည်ပေးထားတာပါ။
ဒီ Head start program မှာလည်းအဲ့လိုပါပဲ။
play based ကိုမှ integrated curriculum တွေဖြစ်တဲ့ literacy, math, science, and social studies တွေပါပါတယ်။ တစ်နေ့ လုပ်ဆောင်ရတဲ့ routines တွေကလည်း နိုင်ငံတိုင်းနီးပါး activity ကလွဲ general based timetable တွေက အတူတူနီးပါးတွေပါပဲ။
မတူတာကတော့ မြန်မာပြည်မှာ ဘယ်ဆရာ့ ဆရာကြီးတွေက စလိုက်လဲ မသိတဲ့ ကလေးအစောပိုင်းအရွယ်တွေကို စာမသင်ရဘူးဆိုတာကိုပဲ။
ကလေးအစောပိုင်းအရွယ်တွေကို သူတို့ရဲ့ သင်နည်းနဲ့ သင်ရတာပဲရှိတာပါ။
စာသင်တယ်လို့ပြောလိုက်ရင် တော်တော်များများထင်ကြတာက ကျောက်သင်ပုန်း whiteboard , digital board မှာ ရေးပြ ဆိုပြ လိုက်ဆို အလွတ်ကျက်မှတ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ ကလေးသင်နည်းရေးပြရင်လည်း သင်တန်းကာလ နှစ်လစာကို အကုန် ၏သည်မရွေး ရေးမှသာ ရပါတော့မယ်။
အဲ့တော့ ကလေးက ဆော့ကစားခြင်းနည်းလမ်းနဲ့သင်ယူလာခဲ့ရတာဟာ စာင်မသင်ရဘူးဆိုပြီး သူများထင်ယောင်ထင်မှားဖြစ်အောင် မပြောသင့်ပါ။
အစိုးရပြဌာန်းတာတွေကလွဲပြီး အခြား ပုဂ္ဂလိက မူကြိုကျောင်းတော်တော်များများမှာ အသုံးပြုသင်ကြားကြတဲ့ နည်းတွေက -
1. Montessori Method
2. Reggio Emilia Approach
3. Waldorf(Steiner Education)
4. HighScope Approach
5. Forest Schools
(ဒီဟာက သင်နည်းထက် outdoor activity နဲ့ nature environment ကို ပို focus သွားတဲ့ သင်နည်းကျောင်းတွေကိုပြောတာပါ)
ဒီနည်းတွေက နိုင်ငံတကာမှာ အများစုသုံးနေကြတဲ့နည်းတွေပါ။ အခြားနည်းတွေလည်း သုံးကြပါသေးတယ်။
အားလုံး အချက် အလက် အမှန်နဲ့ သင်ယူတတ်မြောက်
နိုင်ပါစေ။