09/02/2026
၄၅၃။ AI နှင့်ပြိုင် ဘယ်သူနိုင်?
တချို့တွေ ပြောကြတယ်။ "AI ကို မေးပြီး အကုန်လုပ်လို့ရတယ်"၊"နည်းပညာ လုပ်မလား၊ ဆေးကုမလား၊ စာရေးမလား"တဲ့၊ "ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်မှ တက်စရာမလိုဘူး"တဲ့၊...ပြောလဲပြီးတော့..."ခဏလေးဗျာ"တဲ့၊ "ကျွန်တော့်ကလေး ကျောင်းသွားပို့လိုက်အုန်းမယ်" တဲ့😅😁
တချို့ဆိုလည်း ပြောကြသေးတယ်။ မြန်မာပြည်က အင်ဂျင်နီယာတွေ/ဆရာဝန်တွေကို အထင်ကို မကြီးတာတဲ့...စာရေးသူကတော့ နောက်သလိုလိုနဲ့..."အာ့ဆို ခင်ဗျားတို့ သား/သမီးတွေကြီးလာရင် ဆရာဝန်/အင်ဂျင်နီယာ မဖြစ်စေနဲ့" လို့😅။
စဉ်းစားကြည့်ရင် အဆင့်အတန်းမရှိဘူးဆိုတဲ့ ပညာရေးမှာတောင် အမှတ်ကောင်းကောင်းနဲ့မအောင်နိုင်ရင် တကယ့် အဆင့်အတန်းရှိတဲ့ပညာရေးမှာဆို အဆင်ပြေနိုင်ပါ့မလား? 'ဒါကျက် ဒါဖြေ' ဆိုတာတောင် မရရင် 'အကုန်ကြည့် ကြိုက်တာမေး' ဆိုရင် ရပါ့မလား?
ပြောချင်တာက 'AI ကို ပိုင်ရင် ဘာမှ မလိုတော့ဘူးလား' ဆိုတာပါ😁
ပထမဆုံးအရေးကြီးတဲ့အချက်က " AI ဟာ သင့်ကို ကူပြီး စဉ်းစားပေးနိုင်သော်လည်း ကူပြီးနားလည်မပေးနိုင်ပါဘူး။"
AI က သင်မေးလိုသမျှ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘာမေးရမလဲဆိုတာကို သင်က ဆုံးဖြတ်ရမှာပါ။ ကြုံဖူးမှာပေါ့ ကျောင်းတုန်းက ဆရာ စာရှင်းပြပြီးတဲ့အချိန် "မေးစရာရှိလား" ဆိုတော့ ဘာမေးရမှန်းမသိဘူး။ ဆရာက " မင်းတို့မမေးရင် ငါပြန်မေးမယ်"ဆိုတော့ သူပြန်မေးသမျှ မဖြေနိုင်တော့ဘူး😁။
ဆိုလိုတာက မေးခွန်းထုတ်ဖို့ဆိုတာ အကြောင်းအရာကို နားလည်ထားဖို့ လိုပါတယ်။ နားမလည်ရင် မေးခွန်း မထုတ်နိုင်ပါဘူး။
ဥပမာ- ကမ္ဘာ့အရှည်ဆုံး မြစ်ကို ပြောပြပါဆိုပြီး AI ကိုမေးရင် "အမေဇုံမြစ်" လို့ ဖြေပါလိမ့်မယ်။ ဟင်...ငါတို့သိထားတာက နိုင်းမြစ်ပါ ဆိုရင်... ခုခေတ်မှာ 'ရှယ်'တိုင်းတာ (measurement) ထားလို့ အမေဇုံမြစ်က ပိုရှည်ပါတယ်ဆိုပြီး လုပ်ပါလိမ့်မယ်။ Google Search မှာတော့ 'နိုင်းမြစ်'ပဲ ပြပါလိမ့်မယ်။ ဒါဆို တစ်ခုပဲရွေးပါဆို သင် ဘယ်မြစ်ကို ရွေးမလဲ?
AI ကို ပြန်ပြီးမေးကြည့်ပါ။ AI မှာ တစ်ခုပဲရွေးပါဆိုရင် 'နိုင်းမြစ်'ကို ပြန်ရွေးပေးပါလိမ့်မယ်။
ဒုတိယအရေးကြီးတဲ့အချက်က AI ဟာ ရွေးခြယ်ဆုံးဖြတ်နိုင်စွမ်း မရှိပါဘူး။ Determination ဟာ သင့်မှာသာ ရှိနေပါတယ်။ အခု နမူနာပြတာက ကလေးကအစ သိထားကြတဲ့ ကမ္ဘာ့အရှည်ဆုံးမြစ် ပါ။ တကယ်လို့သာ ရှုပ်ထွေးနေတဲ့ Engineering ပညာရပ်တစ်ခုသာဆိုရင် AI နဲ့ ဘယ်လိုဆုံးဖြတ်ရွေးခြယ်ကြမလဲဆိုတာ စဉ်းစားစရာပါ။
တတိယအရေးကြီးတဲ့အချက်က AI မရှိခင်ခေတ်နဲ့ AI ခေတ်နဲ့ အဓိက ကွာခြားချက်ဟာ တစ်ခုပဲ ရှိပါတယ်။ အာ့ကတော့ "အချိန်" ပါပဲ။ အရင်က မသိရင် စာအုပ်တွေထဲမှာ ရှာရတယ်။ သိတဲ့သူတွေကို မေးရတယ်။ အဲ့အတွက် အချိန်ကြာတယ်။ အခုက AI ကို ချက်ချင်းမေး (လိုင်းကောင်းရင်) ချက်ချင်းဖြေ ဆိုတော့ အချိန် မကုန်ဘူး။ ဒါပါပဲ။
အရင်က စာလုပ်ရမှာ ပျင်းလွန်းတဲ့သူတစ်ယောက်ဟာ AI ခေတ်မှာ တချိန်လုံး AI နဲ့ စာသင်နေမယ်လို့ ထင်ပါသလား? 😅
အရင်က ဘေးမှာ ဆရာက မေးပါ ဆိုရင်တောင် မေးစရာမရှိတာ ဘယ်က Motivation နဲ့ AI ကို မေးမှာလဲ? ပထမအချက်လို AI ဟာ သင့်ကို သင့်နေရာကနေ ဝင်ပြီး စာတွေကိုနားလည်ပေးလို့ မရပါဘူး။ အကြောင်းအရာတွေကို သင်ကိုယ်တိုင်နားလည်မှသာ AI နဲ့ Confirm လုပ်နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က AI ဟာ Tool တစ်ခုဖြစ်ပါတယ်။ Tool ဆိုတာက လူတွေအသုံးချတဲ့ ပစ္စည်းတစ်ခု သက်သက်သာဖြစ်ပြီး "လူကြံရင် ထရံတောင် အိမ်သာသုံးတဲ့ပစ္စည်း ဖြစ်တယ်"😅 ဆိုသလိုပါပဲ ကိုယ်တိုင်က Smart ဖြစ်နေရင် ရှိတဲ့ပစ္စည်းနဲ့ရအောင် လုပ်နိုင်ပါတယ်။ AI ရှိမှ ဆိုတာ မဟုတ်ပါဘူး။ AI ဟာ Knowledge Tool ဖြစ်တဲ့အတွက် ဟိုးယခင်ကလို စာကြည့်တိုက်ကို အားကိုးပြီး အချိန်ကုန်ခံစရာ မလိုတော့ဘူးဆိုပေမယ့်၊ AI မရှိရင်လည်း စာကြည့်တိုက်ကို ပြန်ပြီး အားကိုးလိုက်ရုံပါပဲ။
AI ကို ဖုံး/ Laptop ထဲထည့်ပြီး မိမိနဲ့အတူတူထားခြင်းဟာ ပညာရှိတစ်ယောက်နဲ့ အတူတူတွဲပြီး နေထိုင်ခြင်းပါပဲ။ ဒါပေမယ့် သင် မေ့နေတာကတော့ 'သင်'ဟာ ပညာရှိ မဟုတ်ပါဘူး။ AI ကသာ 'ရှိ'နေတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ပညာရေးကို အထင်မကြီးတဲ့သူတွေဟာ ဟိုးအရင်က Self-taught ပညာရှင်တွေကို သဘောကျ တတ်ပါတယ်။ "ဘယ်သူဆိုရင် ဘာကျောင်းမှ မတက်ဘဲနဲ့ ဘာကြီးကို တီထွင်ခဲ့တာ" စသည်ဖြင့် လေးစားအားကျ ကြပါတယ်။ ဥပမာ- ကားနည်းပညာလောကမှာ လူတိုင်းသိကြတဲ့ Otto Cycle ကို တီထွင်ခဲ့တဲ့ Nikolaus August Otto ဟာ အခြေခံကျောင်းလေး ခဏတက်ပြီး ကျောင်းထွက်ကာ လက်တွေ့အလုပ်လုပ်ရင်း ကိုယ့်ကိုယ်ကို Self-taught လုပ်ပြီး ယနေ့ခေတ် Mechanical Engineering မှာ ဆရာကြီး ဖြစ်ခဲ့ပါတယ်။ အာ့မျိုးကို အားကျရင်တော့ သူ့လိုလူ တစ်ယောက်ပေါ်ဖို့ ဆယ်စုနှစ်များစွာ ထိုင်စောင့်နေရပါလိမ့်မယ်။ အဲ့လိုလူဟာ သင်ဖြစ်နိုင်ပါ့မလားဆိုတာ မရေရာမသေချာပါဘူး။
Self-taught ဆိုတာဟာ မိမိဘာသာ စာတွေ့လက်တွေ့လေ့လာပြီး သင်ယူခြင်းဖြစ်ပါတယ်။
ဒါဆို AI နဲ့ Self-taught လုပ်လို့ရသလား? ဆိုရင်... မရပါဘူး။ ဘာလို့ဆို လက်တွေ့မပါလို့ဘဲ ဖြစ်ပါတယ်။ စာတွေ့ချည်းပဲနဲ့ အင်ဂျင်နီယာ မဖြစ်နိုင်သလို လက်တွေ့ချည်းပဲနဲ့လည်း အင်ဂျင်နီယာမဖြစ်နိုင်ပါဘူး။ အာ့ဆို စာတွေ့နဲ့လက်တွေ့ကို ဘယ်လို ပေါင်းစပ်ပြီး လုပ်ရမလဲ???
အဖြေကတော့ ရှင်းပါတယ်!!!
ကျောင်းတက်မှ ရပါမယ်။ ကျောင်းဆိုတာဟာ နိုင်ငံအတွင်းရှိ ကျောင်းအားလုံး၊ ဒါမှမဟုတ် အရှေ့တောင်အာရှ၊ အာရှပစိဖိတ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျောင်းများနဲ့ ဆက်စပ်ပြီး သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို ညှိနှိုင်းရေးဆွဲပြီးမှသာ စာသင်ချိန်များ၊ လက်တွေ့ချိန်များ၊ ဘာသာရပ်များ၊ စာမေးပွဲများ၊ အတန်းလိုက် Project များ၊ Group work များ၊ ကျောင်းဆင်း Thesis များ... စသည်တို့ကို အင်ဂျင်နီယာဆိုရင် ၄ နှစ်မှ ၆ နှစ်၊ သိပ္ပံဆိုရင် ၂ နှစ်မှ ၃ နှစ် စသည်ဖြင့် စာသင်ချိန်စုစုပေါင်း၊ လက်တွေ့ချိန်စုစုပေါင်း၊ Assessment စုစုပေါင်း၊ စသည်ဖြင့် အားလုံးကို ကိုက်ညီမှသာ Bachelor ဘွဲ့ ပေးခြင်းဖြစ်ပါတယ်။ ဆိုတော့ကာ AI မှာ မဖြစ်နိုင်တဲ့ Self-taught ကြီးကို ခက်ခက်ခဲခဲ ကြိုးစားသင်ယူနေမယ့်အစား၊ သက်ဆိုင်ရာပညာရေး အဖွဲ့အစည်းများကနေ တာဝန်ယူပြီး ပြင်ဆင်ပေးထားတဲ့ ကျောင်းတွေမှာ အဆင်သင့် ဝင်ပြီးတက်လိုက်ခြင်းဟာ အလွန်လွယ်ကူမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားများအနေနဲ့ ကိုယ့်လမ်းကြောင်းကိုရွေးခြယ်တဲ့အခါ ဘယ်လမ်းကပိုပြီး ဖြောင့်ဖြူးမလဲဆိုတာ သိသာနေပါတယ်။ အထူးသတိမူရမယ့် နောက်ဆုံးအချက်က မိမိ AI သုံးနေသလို လူတိုင်း လူတိုင်း AI သုံးနေပါတယ်။ မိမိရှာဖွေသိရှိသလို လူတိုင်းရှာဖွေသိရှိနိုင်ပါတယ်။ ဒါဆို အားလုံးက AI နဲ့ ပတ်သတ်ရင် Level တူတွေဖြစ်နေပြီဆိုတာ သတိထားရပါမယ်။ Level မတူတာက ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ပိုင်ပညာရေးဘွဲ့တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် AI သုံးတာချင်းအတူတူ မိမိက ပညာရေးသာလွန်နေအောင် ကြိုးစားထားသင့်ပါကြောင်းဖြင့်။ ။LinHtet(EEM)
04/02/2026
၄၅၂။ လာပါP Quantum Tunneling !
အစကတော့ ရှုပ်မှာစိုးလို့ မရေးတော့မလို့ပါပဲ။ ဒါပေမယ့် "Quantum Tunneling မရှိရင် ကျော်တို့တောင် 'လူ' ဖြစ်မလာဘူး" ဆိုတာတော့ များသွားပါP။😁
နေ လုံးကြီးက နျူကလီးယားပေါင်းစပ်ခြင်း (Nuclear Fusion) ကြောင့် အလင်း စွမ်းအင်တွေ ထွက်နေတာ သိကြပြီးသားပါ။ အဲ့ Fusion ဆိုတာက Proton တစ်လုံးစီရှိတဲ့ Hydrogen atom နှစ်ခု ပေါင်းစပ်ပြီး Helium atom တစ်ခု ဖြစ်တယ်ဆိုပါစို့။ Proton တွေက အပေါင်းလျှပ်စစ်ဂုဏ်သတ္တိရှိတဲ့ကောင်ချင်းဆိုတော့ တွန်းကန်ဖို့ပဲရှိတယ်။ ဟိုးအရှေ့က Post တွေမှာ စာရေးသူ ရေးထားသလို Proton တွေကို ဖမ်းဆွဲထားနိုင်တဲ့ 'အား'ဟာ Strong Nuclear Force ပဲ ရှိပါတယ်။ ဒါပေမယ့် အဲ့ Force ရဲ့ ဆွဲအားအကွာအဝေးက femtometer (0.000,000,000,000,001 meter) အတွင်းပဲ သက်ရောက်ပါတယ်။ Proton ၂ လုံးကလည်း အချင်းချင်းတွန်းကန်နေတာဖြစ်လို့ အဲ့လောက်ကြီး နီးကပ်သွားဖို့က မဖြစ်နိုင်ပါဘူး။
နောက်တစ်ခုက Fusion ဖြစ်ဖို့ လိုအပ်တဲ့ အပူချိန်ဟာ ဘီလျံ Kelvin လောက် ရှိရပါမယ်။ နေ မှာက အမြင့်ဆုံး Core temperature ဟာ ၁၅ မီလျံ လောက်သာ ရှိလို့ အပူကြောင့် Fusion မဖြစ်နိုင်ပါဘူး။
Fusion မဖြစ်ရင် 'နေ' ဆိုတာ ဖြစ်နေမှာမဟုတ်သလို 'နေ' မရှိရင် နေကို မီခိုနေရတဲ့ ကမ္ဘာကြီးလည်း လစ် သွားမှာ ဖြစ်ပါတယ်။ သီအိုရီအရ Proton တွေ အချင်းချင်း အနားမကပ်နိုင်တာဟာ positive-positive charge ချင်း တွန်းကန်အားဖြစ်တဲ့ Coulomb Force ကြောင့် ဖြစ်ပါတယ်။ အဲ့ အတားအဆီးကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ စွမ်းအင်မရှိဘဲ Proton တွေဟာ နီးစပ်သွားပြီး Fusion ဖြစ်သွားတာကို Quantum နည်းပညာကတော့ Tunneling ဖြစ်သွားတယ်လို့ သတ်မှတ်ပါတယ်။ ဖြစ်စဉ်ကလည်း Proton အလုံးရေ 10^(28) မှာမှ တစ်စုံလောက်ပဲ ဖြစ်ပါမယ်။ ဒါပေမယ့် နေ မှာက Proton တွေ အများကြီးမှ အများကြီးရှိလို့သာ Fusion နဲ့ လင်းထိန်နေတာ ဖြစ်ပါတယ်။
ကျောင်းသားတွေအနေနဲ့က Scanning Electron Microscope ဆိုတဲ့ SEM ကို သိကြမှာပါ။ မြန်မာပြည်မှာမရှိသေးတဲ့ နောက်တစ်ခုက Scanning Tunneling Microscope ပဲ ဖြစ်ပါတယ်။ Atom တွေကို တစ်လုံးချင်းစီမြင်ရတဲ့ Microscope ဖြစ်ပါမယ်။ သူ့မှာက Scanner ဟာ Sample မျက်နှာပြင်ကို မထိဘဲနဲ့ Scan ဖတ်သွားမှာဖြစ်ပါတယ်။ Voltage ပေးထားတဲ့ Metal tip (Scanner) က အကြည့်ခံပစ္စည်း (Sample) ကို မထိပေမယ့် Metal Scanner မှ electron တချို့က Quantum Tunneling နဲ့ Sample ဆီ အရောက်သွားပြီး ပုံကိုအကြီးချဲ့ပေးပါတယ်။ 'နေ' မှာတုန်းက Proton လိုကောင်မျိုးတောင် wave အသွင်ဆောင်ပြီး Tunneling လုပ်နိုင်သေးရင် သူ့ထက် အဆထောင်ကျော်သေးတဲ့ electron တွေက ပိုပြီး Tunneling နိုင်ပါမယ်။
Dလိုပါပဲ အီလက်ထရောနစ်နည်းပညာမှာလည်း Transistor တွေလို လျှပ်စီး (electron) စီးဆင်းမှုကို ထိန်းချုပ်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အရမ်းသေးအောင် ပြုလုပ်လာကြတဲ့အခါ Quantum Tunneling ကြောင့် electron တွေကို ရပ်တန့်မရတဲ့ အခက်အခဲတွေ ရှိပါတယ်။ အာ့ကြောင့် MOSFET တွေကို ထပ်ပြီးသေးရင် electron တွေက Tunneling နဲ့ စည်းကျော်ကုန်လို့ Design တွေ ပြောင်းရခြင်းဖြစ်ပါတယ်။
လက်တွေ့အနေနဲ့ သင့်ရှေ့မှာ အုတ်နံရံကြီး ကာထားမယ်ဆိုရင် ဖောက်ထွက်လို့ မရပါဘူး။ သင့်မှာ လုံလောက်တဲ့ အင်အား (စွမ်းအင်) ရှိမှသာ နံရံကို ကျော်တက်သွားနိုင်ပါမယ်။ ဒါပေမယ့် Quantum လောကမှာတော့ Fundamental particles တွေဟာ စွမ်းအင်မလိုဘဲ အတားအဆီးအချို့ကို လှိုင်းအသွင်နဲ့ ကျော်ဖြတ်သွားနိုင်ခြင်းကို Quantum Tunneling လို့ခေါ်ပါတယ်။ ဒါ့ကြောင့် FA တွေအနေနဲ့လည်း စိတ်ဓာတ်မကျဘဲ မိမိ Crushရဲ့ နှလုံးသား❤️ဆီသို့ Quantum Tunneling ဖြင့် Valentine Day အမီ ချဉ်းကပ်ဝင်ရောက်နိုင်ကြပါစေကြောင်းဖြင့်။ ။😅😁LinHtet(EEM)
31/01/2026
၄၅၁။ ထူးခြားဆန်းပြား နံပါတ်များ (3/6/9)
နီးစပ်သူတွေအားလုံး သိကြတဲ့ Nikola Tesla ပြောခဲ့တာကတော့ 3 6 9 ဆိုတဲ့ ဂဏန်း ၃ လုံးဟာ စကြဝဠာကြီးရဲ့ သော့ချက် ဖြစ်ပါတယ်တဲ့။ Tesla အနေနဲ့ သင်္ချာကိန်းဂဏန်းတွေကို ရိုးရိုးဂဏန်းတွေလို့ မမြင်ဘဲ ထူးခြားတဲ့ သီးသန့် သော့ချက်တွေလို မြင်ပါတယ်။ Tesla ကတော့ တိတိကျကျကြီး ရှင်းပြခဲ့တာ မဟုတ်ပေမယ့် နောက်လူတွေက အမျိုးမျိုး ဖော်ထုတ်နေကြခြင်း ဖြစ်ပါတယ်။ Tesla ဟာ ၃ ဂဏန်းကို စွဲလန်းပြီး 'ဟိုတယ်'တည်းရင်တောင် အခန်းနံပါတ်ကို ၃ ဒါမှမဟုတ် ၃ နဲ့စားလို့ ပြတ်တဲ့ ၆၊ ၉ စတဲ့ အခန်းတွေမှာပဲ တည်းတယ်လို့ ဆိုကြပါတယ်။ Tesla ဟာ စိတ္တဇတော့ မဟုတ်ပါဘူး။ သူများတွေက မီးသီးကို မီးလင်းဖို့ တီထွင်နေတဲ့အချိန်မှာ သူက ကမ္ဘာကြီးတစ်ခုလုံးကို အလင်းပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ AC system ကို ဖော်ဆောင်ခဲ့သူလည်း ဖြစ်သလို၊ သူစွဲလမ်းခဲ့တဲ့ ကိန်းတွေဟာလည်း ပတ်လည်ရိုက်ချက် ဖြစ်နေတာကို တွေ့ရပါတယ်။
၃ ၆ ၉ ကို ဆက်ပြီး အလီလို သွားကြည့်ရင်၊ ရတဲ့ ရလာဒ်တွေဟာ ဂဏန်းတစ်လုံးတည်း (One Digit) လုပ်ကြည့်ပါက...
3 x 1 = 3
3 x 2 = 6
3 x 3 = 9
3 x 4 = 12 (1+2= 3)
3 x 5 = 15 (1+5= 6)
3 x 6 = 18 (1+8= 9)
3 x 7 = 21 (2+1= 3)
3 x 8 = 24 (2+4= 6)
3 x 9 = 27 (2+7= 9) စသည်ဖြင့် ဆက်မြှောက် သွားရင်လည်း 3 6 9 ပဲ လည်နေမှာဖြစ်ပါတယ်။
ပိရမစ်တွေဟာ တြိဂံတွေနဲ့ ဖွဲ့စည်းထားတာ၊ ပျားအုံတွေရဲ့ တည်ဆောက်ပုံ (Beehive) နဲ့ နှင်းပွင့်တွေရဲ့ တည်ဆောက်ပုံ (Snow Structure) ❄️ ဟာ အနား ခြောက်နား ရှိနေတာတွေက တိုက်ဆိုင်မှုမဟုတ်ပါဘူး။
9 ဆိုရင်လည်း တော်တော်ထူးခြားပါတယ်။
9 x 1 = 9
9 x 2 = 18 (1+8=9)
9 x 3 = 27 (2+7=9) စသည်ဖြင့်
..
9 x 12 = 108 (1+0+8=9)
..
9 x 36 = 324 (3+2+4=9)
အကုန် 9 ပဲ ပြန်ရမှာဖြစ်ပါတယ်။
နောက်ထပ် 9 ကို doubling လုပ်ကြည့်ရင်လည်း
9
9 x 2 = 18 (1+8=9)
18 x 2 = 36 (3+6=9)
36 x 2 = 72 (7+2=9)
72 x 2 = 144 (1+4+4=9)
144 x 2 = 288 (2+8+8= 18 = 1+8=9)
စသည်ဖြင့် ၉ ပဲ ပြန်ရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း တရုတ်လူမျိုးတွေက ၉ ဂဏန်းကို ကောင်းကင်ဘုံရဲ့ နံပါတ်လို့ သတ်မှတ်ကြခြင်းပါ။
စာရေးသူစဉ်းစားကြည့်တယ် 🤔
အစ္စလာမ်ဘာသာရဲ့ 786 ဆိုတာလည်း 7+8+6= 3
ဗုဒ္ဓဘာသာမှာ ပြောနေကြတဲ့ 969 ဆိုလည်း 9+6+9= 6
ကျေင်းသားတွေကိုင်ကြတဲ့ Set square 📐 မှာဆိုလည်း 30, 60, 90 degree ထောင့်တွေပဲ။ စက်ဝိုင်းတစ်ခုမှာ 360° ရှိတာ။ Physics Dimension မှာလည်း အတိအကျရှိတာက 3 Dimensions အထိပါပဲ။ လျှပ်စစ်မှာဆိုလည်း efficient အဖြစ်ဆုံးက 3-Phase ပဲလေ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ဆိုတာလည်း ၃ ခု။ စ၊ လယ်၊ ဆုံး ဆိုတာလည်း ရှိသေး။
နောက်ပြီး သင်္ချာမှာရှိသေးပါတယ်။
1
1 x 2 = 2
2 x 2 = 4
4 x 2 = 8
8 x 2 = 16 (1+6 = 7)
16 x 2 = 32 (3+2=5)
32 x 2 = 64 (6+4= 10 = 1+0= 1)
64 x 2 = 128 (1+2+8= 11 = 1+1=2)
128 x 2 = 256 (2+5+6= 13 = 1+3=4)
256 x 2 = 512 (5+1+2=8)
512 x 2 = 1024 = (1+0+2+4= 7)
1024 x 2 = 2048 (2+0+4+8 = 14 = 1+4 = 5)
2048 x 2 = 4096 (4+0+9+6= 19 = 10 = 1+0= 1)
..
ဆက်သွားရင် 1 2 4 8 7 5 1 ပဲ ပတ်လည်ရိုက်သွားပါလိမ့်မယ်။
ထူးခြားတာက 3 6 9 မပါဝင်နေခြင်းပါ။
အမြဲတမ်းပါနေတာက ထူးခြားနေသလို လုံးဝ မပါနေတာကလည်း ထူးခြားနေပါတယ်။ ဆိုလိုတာက 3 6 9 ကလွဲရင် ကျန်တဲ့ ဂဏန်းတွေဟာ သာမန် သင်္ချာဂဏန်းတွေ ဖြစ်ပြီး 3 6 9 ကတော့ မွေးဂဏန်း...အဲ😅 ရှုပ်ကုန်P။ တမင်ဖန်တီးယူထားတဲ့ ဂဏန်းတွေလို ဖြစ်နေပါတယ်။ D post ကို ဖတ်မိပြီး ကိုယ့် ပတ်ဝန်းကျင်က ကိန်းဂဏန်းတွေကို လိုက်ပြီး + ပေါင်းကြည့်မိနေမယ်ဆိုရင်တော့ စာရေးသူရဲ့ ရည်ရွယ်ချက်အောင်မြင်မည်😁 ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)
#3 #6 #9
26/01/2026
"လိုက်ပိုဖိုး" (Lifepo4) ဆိုတဲ့ အခေါ်အဝေါ်ကြီးကို ဘယ်လိုမှ ပြင်မရတော့ပါဘူး။😅
Lithium ရဲ့ Symbol က Li
Iron ရဲ့ Symbol က Fe
Phosphate က PO မှာ 4 က အောက်စာ (subscript)
ခေါ်မယ်ဆိုရင်-
"အယ်အိုင် အက်ဖ်အီး ပီအိုဖိုး"
"လီသီယမ် အိုင်းရွန်း ဖော့စဖိတ်"
ဒါမှမဟုတ် အတိုကောက် "LFP" ဆိုပြီး ၃မျိုးရမှာဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)
23/01/2026
၄၅၀။ Phonon ဆိုတာ ဘာလဲ???
Photon ဆိုတာကိုတော့ ကြားဖူးကြမှာပါ။ အလင်းဆိုတာ Wave ဂုဏ်သတ္တိအပြင်၊ Particle တွေ အဖြစ်လည်း ပြုမူပါတယ်ဆိုပြီး Einstein က ၁၉၂၁ မှာ Noble ဆု ရယူခဲ့တာဖြစ်ပါတယ်။ Einstein က သူ့ရဲ့ သီအိုရီဖြစ်တဲ့ Photoelectric Effect မှာ အလင်းဆိုတာဟာ တိကျတဲ့ စွမ်းအင်အထုတ်ကလေးတွေ (Discrete Energy Packets) ဖြစ်တဲ့ Photon တွေနဲ့ ဖွဲ့စည်းထားကြောင်းတွက်ချက်ပြခဲ့ပါတယ်။
Phonon ဆိုတာကရော Photon ရဲ့ညီလား😅?
ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Phonon ဆိုတာကလည်း စွမ်းအင်အထုတ်လေးပဲ ဖြစ်ပါတယ်။ Vibrational Energy ဆိုတဲ့ အရာဝတ္ထုတွေရဲ့ အတွင်းထဲမှာ ဖြစ်တဲ့ တုန်ခါမှုစွမ်းအင်ကို သယ်ဆောင်တဲ့ အမှုန်ဖြစ်ပါတယ်။ အရာဝတ္ထုအစိုင်အခဲ Solid တွေကို Atom တွေနဲ့ တည်ဆောက်ထားပြီး အဲ့ Atom တွေရဲ့ တုန်ခါမှုကြောင့် Solid အထဲမှာ လှိုင်းထစေပါတယ်။ လှိုင်းကတော့ အရာဝတ္ထုရဲ့ ပတ်ဝန်းကျင် အခြေအနေပေါ်မူတည်ပြီး အသံလှိုင်း၊ ဒါမှမဟုတ် အပူလှိုင်း ဖြစ်နိုင်ပါတယ်။ အဲ့ လှိုင်းမှာ စွမ်းအင်ပါနေတဲ့အတွက် သယ်ဆောင်တဲ့ အမှုန်ကို Phonon လို့ ခေါ်ပါတယ်။
ထူးခြားတာက အဲ့ Phonon အမှုန်တွေက အရာဝတ္ထုအတွင်းထဲမှာသာ ဖြစ်ပြီး အပြင်ကိုတော့ ထွက်မလာပါဘူး။ ဒါ့ကြောင့် အပြင်လောကမှာ Phonon အမှုန်ဆိုတာ မရှိဘူးပေါ့။ သူ့မှာ စွမ်းအင်နဲ့ အဟုန် (momentum) ရှိလို့သာ အမှုန်အဖြစ်သတ်မှတ်တာပါ။
တကယ်လို့ Solid အချောင်းတစ်ခုရဲ့ တစ်ဘက်မှာ အပူပေးထားရင် အပူချိန်မြင့်တဲ့ နေရာက Atom တွေဟာ ပိုပြီးတုန်လာလို့ အပူလှိုင်းဟာ အဲ့ အပူချိန်မြင့်တဲ့ နေရာကနေ အပူချိန်နိမ့်တဲ့ ဘက်ဆီ ရွေ့လာပါမယ်။ အဲ့မှာ Heat Transfer ဖြစ်ပါတယ်။ အဲ့လို ဝတ္ထုရဲ့ Lattice တွေကြားကနေ ရွေ့လာတဲ့ အပူလှိုင်းကို Phonon တွေက သယ်ဆောင်လာတာပါ။ Phonon wave တွေဟာ အသံရဲ့ အလျင်နဲ့ သွားတယ်လို့ ဆိုပါတယ်။ Solid တွေမှာဖြစ်တဲ့ Conduction Heat Transfer မှာ Phonon ကလည်း အရေးပါနေပါတယ်။ Thermal Conductivity (k) မှာတောင် k = 1/3 x C x v x L ဆိုပြီး ဝင်လာပါတယ်။
C = Heat Capacity, v = Velocity of phonon နဲ့ L = mean free path of phonon ဖြစ်ပါတယ်။
စာရေးသူက Heat Transfer ဘာသာရပ်ကို ဆယ်စုနှစ်တစ်ခုကျော် သင်လာပေမယ့် Phonon အကြောင်းကို Heat Transfer မှာ ထည့်မသင်ဖူးပါဘူး။ Text Book ဖြစ်တဲ့ Unit Operations of Chemical Engineering မှာလည်း Phonon အကြောင်း မပါပါဘူး။ Conduction Heat Transfer အခန်းမှာလည်း Heat ကို Unbound electron တွေကပဲ သယ်ဆောင်တယ်လို့ ရေးထားပါတယ်။
တကယ်တော့ Phonon တွေရဲ့ Heat Transfer အခန်းကဏ္ဍဟာ Non metal တွေ Semiconductor တွေ အတွက်သာ ဖြစ်လို့ပါ။ ပြီးတော့ Microscopic Level ဖြစ်ပါတယ်။ Engineering မှာက Macroscopic Level ဖြစ်တဲ့အပြင် Chemical Engineering မှာ Metal တွေနဲ့ တည်ဆောက်ထားတဲ့ Heat Exchange Equipment တွေကို ဦးတည်တာဖြစ်လို့ Conduction မှာ Free electron ကသာ heat ကို သယ်ဆောင်ခြင်း ဖြစ်ပါတယ်။ Heat ကို ဘာကပဲ သယ်သယ် Fourier's Law ကတော့ ဂရုမစိုက်ပါဘူး။ ဒါ့ကြောင့် Phonon အကြောင်းကို Heat Transfer in Engineering မှာ ထည့်သွင်း မထားခြင်းဖြစ်ပါတယ်။
Phonon wave တွေ ပျက်ပြယ်မှုကတော့ သူတို့အချင်းချင်း တိုက်မိပြီးလည်း ပျက်ပြယ်သွားနိုင်ပါတယ်။ Phonon-phonon scattering လို့ ခေါ်ပါတယ်။ Phonon တွေ သွားရာလမ်းကြောင်းမှာ ဝတ္ထုအထဲက doped လုပ်ထားတဲ့ အခြား Atom တစ်ခုခု/ defect တစ်ခုခု စတဲ့ အတားအဆီးတစ်ခုခုနဲ့ တွေ့ရင်လည်း ပျက်ပြယ်နိုင်ပါတယ်။ Phonon-impurity scattering လို့ခေါ်ပါတယ်။ ဝတ္ထုအတွင်းလမ်း ဆုံးသွားရင်လည်း Phonon လှိုင်း ရပ်သွားပါမယ်။ Phonon-boundary scattering ဖြစ်ပါတယ်။ Electron တွေ ဝင်ရှုပ်ရင်လည်း Phonon လှိုင်း ပျက်ပြီး Phonon-electron scattering လို့ ခေါ်ပါမယ်။
ပြန်ချုပ်ရရင် Phonon တွေဟာ Lattice လို့ခေါ်တဲ့ atom arrangement တွေ ကြားထဲမှာ ဖြတ်သန်းတာဖြစ်လို့ Solid တွေ အတွင်းမှာသာ ဖြစ်ပြီး Gas တွေထဲမှာ မရှိနိုင်သော်လည်း၊ Liquid အတွင်းမှာတော့ ခဏတာ ပေါ်/ပျောက် အဖြစ် ရှိနိုင်ပါကြောင်းဖြင့်။ ။LinHtet(EEM)
06/01/2026
၄၄၉။ လျှပ်စီးဆိုတာ အပေါင်းကနေ အနုတ်ကို သွားတာလား၊ အနုတ်ကနေ အပေါင်းကို သွားတာလား???
ဥပမာအားဖြင့် ဘက်ထရီတစ်လုံးမှာ လျှပ်စီး (Current) ဟာ အပေါင်းငုတ်ကနေ အနုတ်ငုတ်ကို စီးနေတာလား? အနုတ်ငုတ်ကနေ အပေါင်းငုတ်ကို စီးနေတာလား? သိပြီးသားသူတွေအတွက်ကတော့ ၂မျိုးစလုံး မှန်တယ်လို့ ပြောပါလိမ့်မယ်။
ခေတ်ပေါ်ပညာရေးမှာ လျှပ်စီးဆိုတာဟာ electron flow ဖြစ်လို့ အနုတ်ကနေ အပေါင်းကို စီးဆင်းပါတယ်။ အာ့ကို Electron flow Theory လို့ ခေါ်ပါတယ်။
အရင်ခေတ်မှာတော့ လျှပ်စီးဆိုတာဟာ အပေါင်းကနေ အနုတ်ဘက်ကို သွားပြီး Conventional current flow Theory လို့ ခေါ်ပါတယ်။ ဘက်ထရီနဲ့ ဥပမာပြတာက မြင်လွယ်အောင်ဖြစ်ပြီး သီအိုရီတွေကတော့ DC ရော AC current ရော အကျုံးဝင်ပါမယ်။
Conventional current flow က ဘာလို့ (+) ကနေ (-) ကို သွားရသလဲဆိုတော့ ရှင်းပါတယ်-အဲ့သီအိုရီပေါ်တုန်းက electron ကို ရှာဖွေမတွေ့ရှိသေးလို့ ပညာရှင်တွေဟာ လျှပ်စစ်စီးနေမှန်းတော့သိတယ် ဒါပေမယ့် ဘယ်ဟာက စီးနေမှန်းမသိခဲ့ကြပါဘူး။
၁၈ ရာစုမှာ Benjamin Franklin က Conventional current flow ကို ထုတ်ဖော်ခဲ့ပါတယ်။ အဲ့ခေတ်က ဘက်ထရီလည်း မပေါ်သေးပါဘူး။ လျှပ်စီးကို Invisible Fluid 🫥 တမျိုးလို့ ယူဆထားခဲ့ပါတယ်။
တောင်ပေါ်ကရေကန် ရေအပြည့်ကနေ တောင်အောက်က ရေကန်အလွတ်ထဲကို ရေတွေ ဖောက်ချလိုက်သလိုပါပဲ လျှပ်စစ်များနေတဲ့နေရာကနေ နည်းနေတဲ့နေရာကို စီးတယ်လို့ ယူဆပြီး များတာဆိုတော့ အပေါင်း၊ နည်းတာဆိုတော့ အနုတ် စသည်ဖြင့် သတ်မှတ်ခဲ့ခြင်းပါ။
အဲ့အယူအဆကို အခြေခံပြီး Ohm's law, Kirchhoff's laws, Maxwell's equations နဲ့ Circuit theory တွေ ပေါ်ပေါက်လာခဲ့ပါတယ်။
၁၈၉၇ ခုနှစ်မှာ JJ Thomson က electron ကို ရှာဖွေတွေ့ရှိခဲ့ပြီး အနုတ်လျှပ်စစ်တွေက ရွေ့လျားစီးဆင်းနေတာကို သိရှိခဲ့ပေမယ့် ပေါ်ခဲ့ပြီးသား လျှပ်စစ်နိယာမတွေကို မပြင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Conventional current flow Theory ကို အခြေခံထားတဲ့ နိယာမတွေဟာ electron flow Theory နဲ့ပြန်စိစစ်ကြည့်တဲ့အခါ ပြောင်းလဲမှုမရှိတဲ့အတွက် နောင်လာမယ့် ကျောင်းသားတွေ အာရုံနောက်အောင် သီအိုရီ နှစ်ခုစလုံးကို Dအတိုင်းပဲ ထားခဲ့ပါတယ်😅။
စာရေးသူတို့ ကျောင်းသားဘဝတုန်းကလည်း ငြင်းခဲ့ဖူးပါတယ်။ အနုတ်ကတော့ electron တွေ ရွေ့သွားတာ သိသာထင်ရှားပါတယ်၊ အပေါင်းတွေက ဘယ်လို ရွေ့သွားတာလဲပေါ့ ?
တကယ်တော့ အပေါင်းတွေက ရွေ့လျားနိုင်တဲ့ အရာတွေ မဟုတ်ဘဲ Hole လို့ ခေါ်တဲ့ electron တွေဝင်ပြီးနေရာယူတဲ့ 'နေရာ'ကဲ့သို့သော အရာတွေဖြစ်ပါတယ်။
Hole လေးတွေ ၁ ကနေ ၁၀ အထိ တန်းနေတယ်ဆိုပါစို့၊ ၁၀ ရဲ့ဘေးက (၁၁) နေရာမှာ electron ရှိမယ်ဆိုပါတော့၊ အဲ့ electron က (၁၁) ကနေထွက်ပြီး (၁၀) နေရာက Hole ကို ဝင်ဖြည့်လိုက်ရင် ၁၀-Hole ကပျောက်သွားပြီး (၁၁) မှာ Hole ပေါ်သွားပါမယ်။
နောက် ၁၂ နေရာက electron က ၁၁ ကို ကူးလာရင် ၁၁-Hole ပျောက်ပြီး ၁၂ မှာ Hole ပေါ်သွားပါမယ်။ အဲ့လိုနဲ့ Hole တွေ ရွေ့လျားသလို ဖြစ်သွားခြင်းပါ။ ပြောရရင် electron ရဲ့ ခြေရာတွေဟာ Hole တွေဖြစ်ပြီး ဆန့်ကျင်ဘက်ကို သွားနေကြပါမယ်။
ဒါ့ကြောင့် ဘက်ထရီတစ်လုံးမှာ electron flow က အနုတ်ကနေ အပေါင်းကို သွားနေပြီး current flow ကတော့ အပေါင်းကနေ အနုတ်ကို သွားတယ်လို့ ဖြစ်လာပါကြောင်းဖြင့်။ ။LinHtet(EEM)
04/01/2026
ရှမ်းခေါက်ဆွဲတစ်ပွဲနဲ့ ကော်ဖီတစ်ခွက်စာသာရှိတဲ့ All in One Car နည်းပညာ အကြောင်း😅
31/12/2025
စာဖတ်သူများအားလုံး 🎈🎈🎈🎈🎈နှစ်သစ်မှာ
ကျန်းမာချမ်းသာပျော်ရွှင်ကြပါစေကြောင်းဖြင့်။ ။LinHtet(EEM)
24/12/2025
၄၄၈။ Lead-acid ဘက်ထရီချင်းအတူတူ ဘာလို့ Tubular Battery က ပိုကောင်းနေတာလဲ???
သိကြတဲ့အတိုင်း ပုံမှန် Lead-acid ဘက်ထရီတွေကတော့ ၁၉ ရာစုကတည်းက ပေါ်ပေါက်လာခဲ့ကြပြီး၊ အလွယ်ပြန်ပြောရရင် ခဲဇကာချပ် (Lead alloy Grit) တွေထဲကို ခဲမှုန့် (Lead Oxide)တွေကို အနှစ်(Paste) လုပ်ကာ သိပ်ထည့်ထားတဲ့ Cathode နဲ့ Anode အချပ်တွေကို Separator ခြားပြီး Acid ရည်စိမ်ထားသော 2V potential ရှိတဲ့ ဘက်ထရီဖြစ်ပါမယ်။
Lead-acid ဘက်ထရီရဲ့ အားသွင်း/အားထုတ် cycle မှာ reaction အနေနဲ့ PbO2 နဲ့ PbSO4 ပတ်လည်ဖြစ်နေပါမယ်။ အဲ့မှာ cycle များလာတာနဲ့အမျှ ခဲဇကာကြားမှာ ထည့်ထားတဲ့ ခဲတွေဟာ ကျုံ့တာ ကြွတာဖြစ်လာပြီး ဘက်ထရီအိုး အောက်ခြေကို ကြွေကျကုန်တာပဲ ဖြစ်ပါတယ်။ အဓိကဖြစ်တာက Positive plate (Cathode) မှာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကို Shedding လို့ ခေါ်ပြီး ဘက်ထရီရဲ့ Active material တွေ လျော့ကျသွားခြင်းဖြစ်လို့ ဘက်ထရီကောင်းကောင်း အလုပ် မလုပ်တော့ပါဘူး။ Anode ဘက်မှာက Pb နဲ့ PbSO4 ပြောင်းလဲမှုဟာ Cathode ဘက်ထက် တည်ငြိမ်ပြီး cycle ကြာလာမှသာ PbSO4 crystal တွေ ဖြစ်လာပြီး သူလည်း ဘက်ထရီအောက်ခြေကို ကြွေကျကုန်ပါတယ်။ အာ့ကို Sulfation လို့ခေါ်ပြီး ဘက်ထရီ Capacity ကို ကျစေပါတယ်။
Sulfation ဟာ ဘက်ထရီကို ခဏခဏ အားကုန်သုံးလို့ အဓိကဖြစ်တာပါ။ Shedding ကတော့ Charge/Discharge cycle တိုင်းမှာ ဖြစ်တဲ့အတွက် ဘက်ထရီရဲ့ Cathode structure design ကို ပြောင်းလဲဖို့နဲ့ အားကုန်သုံးနိုင်ဖို့ နည်းပညာလိုအပ်ချက်ဖြစ်လာပါတယ်။
ဖြေရှင်းလိုက်တာကတော့ Tubular Battery ပဲ ဖြစ်ပါတယ်။ Cathode မှာပါတဲ့ ခဲအနှစ် (Lead oxide paste) တွေ ကြွေမကျအောင် အိတ်နဲ့ ထုပ်ထားလိုက်ခြင်းဖြင့် Shedding ကို ကာကွယ်လိုက်ပါတယ်။ အိတ်ဆိုတာက glass fibre လို polymer fibre များနဲ့ ပြုလုပ်ထားတဲ့ Gauntlet tube ပဲ ဖြစ်ပါတယ်။
Anode ဘက်ကိုတော့ ယခင်ပုံဟောင်းလိုပဲ Lead Grit နဲ့ တည်ဆောက်ပြီး ခဲအနှစ်ထဲမှာတော့ Sulfation ကို ကာကွယ်ဖို့ Additive တွေ ထပ်ရောပေးလိုက်ပါတယ်။ အဲ့မှာ Tubular Battery တွေရဲ့ ကောင်းကျိုးတွေအနေနဲ့...
Cycle life 1500 ကနေ 2000 လောက်အထိ ရလာခြင်း။ (ပုံမှန် 300~500 cycles)
လျှပ်စစ်ထုတ်ယူသုံးစွဲနိုင်မှု ရာခိုင်နှုန်း ၈၀% အထိ အသုံးပြုနိုင်ခြင်း။ (ပုံမှန် ၅၀%)
Vibration နဲ့ Short ကို ပို၍ ခံနိုင်ခြင်း။
အပူချိန်ပို၍ ခံနိုင်ခြင်း။
Float life လို့ခေါ်တဲ့ ဘက်ထရီဗို့အား တည်ငြိမ်စွာ သုံးစွဲနိုင်မှု သက်တမ်း ကြာရှည်ခြင်းနှင့် Maintenance မှာလည်း ပုံမှန် ဘက်ထရီအစိုအိုးထက် နည်းခြင်းစသည့် များစွာသော ကောင်းကျိုးတွေရှိသော်လည်း ဈေးနှုန်းအနေဖြင့် ပုံမှန် Lead-acid ဘက်ထရီများထက် ၂ ဆ ကျော်ခန့် ပိုကြီးမည် ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)
22/12/2025
၄၄၇။ Satellite တွေ ကမ္ဘာကြီးကို ဘယ်လိုပတ်နေသလဲ???
အရှေ့က Centrifugal/Centripetal Force နဲ့ ဆက်စပ်ပြီး စိတ်ဝင်စားကြလို့ ထပ်ရေးလိုက်ပါတယ်။ Satellite တွေဟာ ကမ္ဘာကြီးကို ပတ်ဖို့ ဘယ်အင်ဂျင်မှ မသုံးရလို့ ဘာလောင်စာမှ မလိုပါဘူး။ ဒါဆို Satellite တွေဟာ Newton ရဲ့ ပန်းသီး ကြွေကျသလို ကမ္ဘာပေါ်ကို ဘာလို့ ပြုတ်ကျမလာတာလဲ???
Satellite တွေကို ကမ္ဘာ့ဆွဲအားကပဲ ဆွဲနေပါတယ်။ Dနေရာမှာ ကမ္ဘာ့ဆွဲအားက Centripetal Force ဖြစ်ပါမယ်။ တချို့ကလည်း "Satellite ကို ကမ္ဘာ့ဗဟိုကနေ Centripetal Force နဲ့ ဆွဲမယ်။ ပြီးရင် အဲ့ Centripetal Force နဲ့ပမာဏတူပြီး လားရာ ဆန့်ကျင်တဲ့ Centrifugal Force က ကမ္ဘာ့အပြင်ကို ဆွဲနေမယ်။ Force နှစ်ခု Balance ဖြစ်ပြီး Satellite က ကမ္ဘာပေါ်ပြုတ်မကျဘဲ လှည့်ပတ်နေမယ်။"
အဲ့မှာ Satellite ကို Centripetal Force အဖြစ် ကမ္ဘာ့ဆွဲအားက ဆွဲနေတာဟာ တကယ့် Force ဖြစ်ပါမယ်။ (Newton ရဲ့ ဆွဲအားပဲ ဖြစ်ဖြစ်/ Einstein ရဲ့ Space-time ပဲ ဖြစ်ဖြစ်ပါ😅)
ဒါပေမယ့် Centrifugal Force အတွက်ကတော့ အရှေ့ Post မှာ ရေးခဲ့သလိုပဲ တကယ် မရှိပါဘူး။ တကယ်လို့သာ Centripetal နဲ့ Centrifugal Force တို့ balance ဖြစ်နေမယ်ဆိုရင် Satellite ကြီးက ငြိမ်နေရပါမယ်။ ဒါပေမယ့် Satellite က သွားနေတဲ့အတွက် Balance ဖြစ်နေတဲ့ Force တွေ မရှိပါဘူး။
Newton ရဲ့ Third Law က အမြဲတမ်း ရောတတ်ပါတယ်။ Dနေရာမှာ Third Law ကို သုံးမယ်ဆိုရင် ကမ္ဘာကြီးက Satellite ကိုဆွဲတဲ့ 'အား'အတိုင်း Satellite ကလည်း ကမ္ဘာကြီးကို ပြန်ဆွဲနေတယ်ဆိုတာကမှ Third Law အမှန်ဖြစ်ပါမယ်။
အမှန်တကယ်က Satellite ကို ဆွဲထားတဲ့ Centripetal Force (Gravity) တစ်ခုသာရှိပြီး သူသွားတဲ့ လမ်းကြောင်းဟာ ကမ္ဘာပေါ်ကို ကျလာရမှာ ဖြစ်ပေမယ့် ကမ္ဘာကြီးက လုံးနေပါတယ်။ အဲ့လို Curve ဖြစ်နေတဲ့အတွက် Satellite ရဲ့ လမ်းကြောင်းဟာ ပုံပါအတိုင်း ကမ္ဘာနဲ့ လွတ်ထွက်ပြီး ပတ်နေခြင်းဖြစ်ပါတယ်။
အဓိကက Satellite တွေရဲ့ Speed ဖြစ်ပြီး ကမ္ဘာနဲ့ အနီးဆုံး Low Earth Orbit Satellite တွေဟာ 28000 km/h ရှိပါတယ်။ ကမ္ဘာတစ်ပတ်ကို မိနစ် ၉၀ ကြာပါတယ်။ Satellite တွေကို ကမ္ဘာကနေ Rocket engine တွေနဲ့ Vertical ပစ်လွှတ်ပြီး သက်ဆိုင်ရာ အမြင့်ကို ရောက်တဲ့အခါ Rocket တွေနဲ့ပဲ Horizontal Speed ရအောင် တင်ပေးပါတယ်။ အဲ့ Speed ဟာ ကမ္ဘာ့ဗဟို ဆွဲအား Centripetal Force ကြောင့် ကမ္ဘာပေါ်ကို ပြုတ်ကျလာမယ့် Satellite ကို ကမ္ဘာကျော်ပြီး ပတ်နေအောင် ဖြစ်ပါတယ်။ Speed ရရင် Rocket engine ရပ်လိုက်ပြီး အရှိန် (Inertia) နဲ့ပဲ ဆက်လက်လှည့်ပတ်နေမှာ ဖြစ်ပါတယ်။ ကမ္ဘာအထက်မြင့်လေလေ လေထုမရှိလေလေဖြစ်လို့ Air Resistance (Friction) မရှိဘဲ နှစ်ချီပြီး လှည့်ပတ်နေနိုင်တာ ဖြစ်ပါတယ်။
ပြန်ချုပ်ရရင် Satellite တွေဟာ လွှတ်တင်ပေးလိုက်တဲ့ Inertia နဲ့ ကမ္ဘာပတ်လမ်းမှာ Straight line သွားနေတာကို ကမ္ဘာ့ဆွဲအား Centripetal Force က လှမ်းဆွဲနေတဲ့အတွက် လမ်းကြောင်းကွေးသွားပြီး (Curve path) ဖြစ်ကာ ပတ်လမ်း (Orbit) အတိုင်း လှည့်ပတ်နေခြင်းသာ ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)
20/12/2025
၄၄၆။ Centrifugal Force ဆိုတာ တကယ်မရှိဘူး ဆိုရင်ရော😅
စာရေးသူတို့ ငယ်ငယ်ကတည်းက မှတ်လာခဲ့ကြတဲ့ ဗဟိုခွာအား (Centrifugal Force) ဟာ တကယ်တော့ Force အစစ်တစ်ခု မဟုတ်ပါဘူး။
အရာဝတ္ထုတစ်ခုကို လှည့်ပြီး လွှတ်ပေးလိုက်ရင် အပြင်ကို လွင့်ထွက်သွားတာကို Centrifugal Force ကြောင့် ဆိုပြီး မှတ်ခဲ့ကြပါတယ်။
တကယ်တမ်း စမ်းသပ်မှုတွေ လက်တွေ့လုပ်ကြည့်တဲ့အခါ လည်ပြီးလွင့်ထွက်သွားတဲ့ အရာဝတ္ထုတွေဟာ Straight line အတိုင်း ထွက်သွားကြတာကို တွေ့ရပါမယ်။ ဥပမာ- ကျောက်ခဲ တစ်လုံးကို ကြိုးချည်ပြီး ကြိုးစကနေ ကိုင်လှည့် ကြည့်ပါ။ ပြီးရင် ကြိုးကို လွှတ်ပေးလိုက်ပါ။ အဲ့ ကျောက်ခဲက မျဉ်းဖြောင့်အတိုင်း လွင့်ထွက်သွားပါလိမ့်မယ်။ Video ရိုက်ထားပြီး ကြည့်ဖို့တော့ လိုပါမယ်။ အာ့ကို Centrifugal Force ကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်က အဲ့ ကျောက်တုံးလွင့်ထွက်သွားဖို့ ဘာ Force မှ မလိုပါဘူး။ စက်ဝိုင်းပုံ သွားနေတဲ့ ကျောက်ခဲက ကြိုးလွတ်သွားလို့ ဆက်သွားနေတဲ့အတွက် Newton's First Law အရ Inertia သဘောပဲ ဖြစ်ပါတယ်။ အာ့ကြောင့်လည်း Straight line ထွက်သွားခြင်းဖြစ်ပါတယ်။
ကြိုးကို မလွှတ်ခင်က ဘာလို့ စက်ဝိုင်းပုံ သွားနေရသလဲဆိုရင် ကြိုးရဲ့ ဗဟိုဆွဲအားကြောင့် လွင့်ထွက်မသွားခြင်း ဖြစ်ပါတယ်။ အဲ့အားကို ဗဟိုချဥ်းကပ်အား (Centripetal Force) လို့ ခေါ်ပါတယ်။ Centripetal Force ဆိုတာဟာလည်း နာမည်သာဖြစ်ပြီး အမျိုးမျိုးသော ဆွဲအားတွေဖြစ်နေပါမယ်။ အပေါ်က ဥပမာအရဆိုရင် ကြိုးရဲ့ Tension ကို Centripetal Force လို့ သတ်မှတ်ပါတယ်။
ကားသမားတွေအတွက် ကား ဥပမာနဲ့ဆိုရင် ကားတစ်စီးဟာ အဝိုင်းပတ်ကို ပတ်မောင်းနေမယ်ဆိုပါစို့၊ သူပတ်မောင်းနေသ၍ လမ်းနဲ့ဘီးရဲ့ friction တွေဟာ Centripetal Force အသွင် ဆောင်နေပါမယ်။ လမ်းမှာသာ Friction မရှိရင် Newton's First Law အရ မျဉ်းဖြောင့်အတိုင်း လမ်းကနေ ချော်ထွက်သွားမှာ ဖြစ်ပါတယ်။ အဲ့မှာ ကားထဲက လူတွေအနေနဲ့ အဝိုင်းပတ်ကို ညာပတ်ရင် ဘယ်ဘက်ကိုယိမ်းမယ်၊ ဘယ်ပတ်ရင် ညာဘက်ယိမ်းမှာ ဖြစ်ပါတယ်။ Centripetal Force က လည်တဲ့ဘက်ကို ဗဟိုကနေ လှမ်းဆွဲနေသလို ဖြစ်လို့ နောက်ထပ် အား တစ်ခုက ကားထဲက လူတွေကို ဆန့်ကျင်ဘက်ကို တွန်းနေသလို ဖြစ်ပါမယ်။ အာ့ကို Centrifugal Force လို့ ယူဆခဲ့ကြပါတယ်။
တကယ်တမ်း ကားထဲက လူတွေဟာ ကားထဲကနေ မျဉ်းဖြောင့်အတိုင်း ရှေ့ကို ရွေ့သွားခြင်းဖြစ်ပြီး ကားကကွေ့သွားလို့သာ ဆန့်ကျင်ဘက်ကို ယိုင်သွားခြင်း ဖြစ်ပါတယ်။ သူတို့ကို ဘာ အား တစ်ခုမှ မသက်ရောက်ပါဘူး။ အဲ့မှာ ကားထိုင်ခုံ ခါးပတ် ပတ်ထားမယ်ဆိုရင် ခါးပတ် Tension ဟာ Centripetal Force အနေနဲ့ လူကို ဆွဲထားမှာ ဖြစ်ပါတယ်။ ဒါဆို Centrifugal Force ဆိုတာ ပျောက်သွားပါပြီ😁။
Dနေရာမှာ လမ်းချော်ပြီး ကားက အဝိုင်းပတ်ကနေ လမ်းဘေးကို ထွက်သွားပြီ ဆိုပါစို့ Inertia နဲ့ပဲ ထွက်သွားပါတယ်ဆိုတာကို သတ်မှတ်ဖို့ reference အနေနဲ့ သတ်မှတ်တဲ့သူက ကားလမ်းမပေါ်မှာ ရပ်ကြည့်နေရပါမယ်။ အာ့ကို Inertial frame လို့ ခေါ်ပါတယ်။ တကယ်လို့ အဲ့ သတ်မှတ်တဲ့လူပါ တခါတည်း ကားနဲ့ပါသွားပြီဆိုရင် လူတွေနဲ့ကားနဲ့က အတူတူရွေ့သွားတာမို့ Reference လုပ်တဲ့သူကလည်း Non Inertial frame ထဲ ရောက်သွားပါမယ်။ သဘောက ကားနဲ့ လူဟာ at rest မို့လို့ ကားအတွင်းပစ္စည်းတွေ၊ ကားခုံတွေလည်း အငြိမ်ပါပဲ။ ဒါပေမယ့် လူတွေက ကားထဲမှာ အတွင်းတံခါးနဲ့ ဒါမှမဟုတ် တနေရာရာနဲ့ သွားပြီး ကပ်နေပါလိမ့်မယ်။ အဲ့မှာ ဘာ Force မှ မရှိဘူးဆိုရင် Newton's Law တွေ ကျရှူံးပါပြီ။ ဒါကြောင့် မရှိမဖြစ် အားတစ်ခု ထည့်သွင်းပြီး Centrifugal Force လို့ ခေါ်ပါကြောင်းဖြင့်။ ။LinHtet(EEM)
15/12/2025
၄၄၅။ Thermal Conductivity Vs Heat Capacity
Dတခါတော့ Heat Transfer သင်ရတဲ့ ကျောင်းသားတွေ မှားတတ်ကြတဲ့ Thermal Conductivity နဲ့ Heat Capacity အကြောင်း ရေးချင်ပါတယ်။ အဲ့ နှစ်ခုကို ဆက်စပ်မှု ရှိတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်က သူတို့နှစ်ခုဟာ တိုက်ရိုက်ရော၊ ပြောင်းပြန်ရော အချိုးမကျပါဘူး။
Thermal Conductivity ဆိုတာက material တခုချင်းစီရဲ့ ဂုဏ်သတ္တိဖြစ်ပြီး အဲ့ material အတွင်းကို အပူစီးဆင်းဖို့ ဘယ်လောက်လွယ်သလဲဆိုတာပြတဲ့ တန်ဖိုးဖြစ်ပါတယ်။ Symbol အနေနဲ့ k ဆိုပြီး အသုံးများပါတယ်။ Equation အနေနဲ့ စာရေးသူ Chemical Engineer ကျောင်းသားတွေကို စာသင်တုန်းက Fourth year မှာ အဲ့အကြောင်းသင်ရလို့ မှတ်မိအောင် Fourier's Law ဆိုပြီးမှတ်ဖို့ သင်ပါတယ်။
Q = - k .A .dT/dx ဖြစ်ပါတယ်။
k ရဲ့ Unit ဟာ W/m K ဖြစ်ပါမယ်။
1 W/m K ဆိုရင် 1 meter အထူရှိတဲ့ material တစ်ခုအတွင်းကို အပူချိန် 1 K အပြောင်းအလဲမှာ ဖြတ်သန်းစီးဆင်းနိုင်တဲ့ အပူစွမ်းအင်ပမာဏ 1W ဖြစ်ပါတယ်။
k တန်ဖိုးနည်းရင် အပူစီးကူးမှု နည်းပြီး k တန်ဖိုးကြီးရင် အပူစီးကူးမှု များပါမယ်။ ဥပမာ စိန် ရဲ့ k တန်ဖိုးဟာ 2000 W/ m K ဖြစ်လို့ အပူချိန် 1 K အပြောင်းအလဲမှာ စိန်သားအထူ တစ်မီတာကို အပူချိန် 2000W ဖြတ်သန်းနိုင်ပါမယ်။ မရှင်းရင် ရေနဲ့ နှိုင်းယှဉ်ပြပါမယ်။
ရေ အမြင့် 1m ကနေ ရေတွေ 2000 L စီးကျ လာသလိုဖြစ်ပါမယ်။
သဲ ရဲ့ k တန်ဖိုးက 0.2 W/ m K ဆိုရင်
ရေ အမြင့် 1m ကနေ ရေ 0.2 L သာ စီးကျလာသလို ဖြစ်ပါမယ်။
Material တွေရဲ့ k တန်ဖိုးက ရေပိုက် အရွယ်အစားနဲ့ တူပါမယ်။ k တန်ဖိုးကြီးရင် ရေပိုက်လုံး ကြီးမယ် ရေများများကျမယ်။ 1m အမြင့်ဆိုတာဟာ 1K အပူချိန်နဲ့ တူပါမယ်။ ရေ ဆိုတာကတော့ အပူတွေ ဖြစ်ပါတယ်။
Thermal Conductivity ဟာ material ရဲ့ state တွေဖြစ်တဲ့ အစိုင်အခဲ၊ အရည်၊ အငွေ့တွေမှာ အပူသယ်ဆောင်တဲ့ zလမ်းတွေ မတူပါဘူး။ စာသင်သလိုဖြစ်နေမှာစိုးလို့ ထားပါတော့😅။
Heat Capacity ဆိုတာက material တွေရဲ့ အပူချိန် 1K တိုးတက်ဖို့အတွက် လိုအပ်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ သူကလည်း material ပေါ်မူတည်ပြီး နားလည်ရလွယ်ပါတယ်။
တကယ်လို့ material တခုရဲ့ အလေးချိန် 1 kg မှာ 1K တိုးအောင် လိုအပ်တဲ့အပူကိုတော့ Specific Heat Capacity လို့ ခေါ်ပါမယ်။
Symbol က C နဲ့ပြပြီး C = q/∆T ဖြစ်လို့
Unit အနေနဲ့ J/K ဖြစ်ပါတယ်။ Specific Heat Capacity ဆိုရင်တော့ J/kg K ဖြစ်ပါမယ်။
ဥပမာ- ရေ တစ်ကီလိုဂရမ်ကို မူလအပူချိန်ကနေ 1K တက်ဖို့ အပူပမာဏ 4186 J လိုအပ်ပါမယ်။
ထားပါတော့ 298K ရှိတဲ့ ရေ 1kg ကို 4186 J အပူပေးလိုက်ရင် 299K ဖြစ်သွားပါမယ်။
စိန်နဲ့ပြန်ပြောရင် စိန် တစ်ကီလိုဂရမ်ကို 1K တက်အောင် အပူပမာဏ 510 J ပေးရပါမယ်။
ရေ-ဥပမာနဲ့ ပေးရရင် 'c' ဟာ ရေကန်နဲ့တူမယ်။ 'k' က ရေပိုက်နဲ့တူမယ်။
အဲ့တော့ ရေကန်ကျယ်တာ ကြီးတာက သပ်သပ်၊ ပိုက်လုံးကြီးတာ သေးတာက သပ်သပ်ဖြစ်ပါမယ်။
တခုနဲ့တခုက Independent ဖြစ်ပါတယ်။
ဒါပေမယ့် ကန်သေးသေးလေးထဲကို ပိုက်လုံးကြီးကြီးနဲ့ ရေဖြည့်ရင် အမြန်ပြည့်မယ်။ ကန်ကြီးကြီးထဲကို ပိုက်လုံးသေးသေးနဲ့ ရေဖြည့်ရင် အကြာကြီးနေမှ ရေပြည့်မယ်။ အဲ့သဘောတော့ ရှိပါတယ်။
စိန်ရဲ့ c တန်ဖိုး 510 J/kg K နဲ့ k တန်ဖိုး 2000 W/m K ဆိုတော့ ကန်သေးသေးကို ရေပိုက်ကြီးကြီးနဲ့ ဖြည့်သလိုမျိုး မြန်ပါမယ်။
ရေ ရဲ့ c က 4186 J/kg K နဲ့ k က 0.62 W/ m K ဆိုတော့ ကန်ကြီးကြီးကို ပိုက်သေးသေးနဲ့ ဖြည့်သလို ဖြစ်လို့ နှေးပါမယ်။
Chemical engineer တွေအတွက် Coolant Design ဆွဲတဲ့အခါ Specific Heat Capacity နဲ့ Thermal Conductivity ကို အဓိက အခြေခံရမှာဖြစ်ပါတယ်။
Design အပြည့်အစုံကတော့ Heat Transfer ပါမယ်၊ Fluid Mechanics ပါမယ်ပေါ့။ ဒါပေမယ့် အခြေခံအကျဆုံးကတော့ Specific Heat Capacity ဖြစ်ပြီး နောက်ဆက်တွဲက Thermal Conductivity ဖြစ်ပါမယ်။
Coolant ဆိုတဲ့အတိုင်း အအေးခံမှာဖြစ်လို့ 'c' တန်ဖိုးမြင့်လေလေ အပူတွေကို flow နဲ့ များများဆွဲယူသွားနိုင်လေလေ ဖြစ်ပါမယ်၊ ပြီးမှ အပူဒဏ်ကို လုံးဝအထိမခံနိုင်တဲ့ system တွေအတွက် 'k' တန်ဖိုးမြင့်တာကို ရွေးမှသာ အပူကိုမြန်မြန်စုပ်ယူနိုင်မှာဖြစ်ပါတယ်။
စာရေးသူတို့ အသုံးပြုနေကြတဲ့ ကား coolant ဆိုတာဟာ ရေ ကို Ethylene Glycol (EG) အရည်နဲ့ အများအားဖြင့် 50/50 ရောစပ်ထားပါတယ်။ တချို့ဆို Ethylene Glycol က ဘာမှန်းမသိပေမယ့် ရေ ထက်ကောင်းတယ်ဆိုပြီး % များများပါလေ ပိုကောင်းလေလို့ ထင်တတ်ကြပါတယ်😅။
တကယ်က အရမ်းအေးတဲ့နိုင်ငံတွေအတွက် coolant ကို ရေ ချည်းပဲသုံးရင် ခဲသွားမှာစိုးလို့ EG ကို Freezing Point Depression အတွက် ရောစပ်တာပါ။ water/EG (50/50) ဆိုရင် ခဲမှတ်က -37 °C အထိ ရောက်နိုင်ပါတယ်။ Boiling point ကိုလည်း နည်းနည်းတက်စေတယ် ဆိုပေမယ့် ကားရေတိုင်ကီမှာက ရေဆူမှတ်ကို (Radiator Cap) pressure နဲ့ပဲ အဓိကထိန်းတာပါ။
ရေချည်းပဲ သုံးရင် သံချေးတက်မယ် ဘာညာပြောကြပေမယ့်၊ EG နဲ့ ရောလည်း သံချေးတက်တာကို မကာကွယ်ပါဘူး။ EG က Corrosion Inhibitor မဟုတ်ပါဘူး။ သံချေးတက်တာ ဘာညာတွေ ကာကွယ်ဖို့က Additive တွေ ထပ်ပြီးထည့်လို့သာ ကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။
သီအိုရီအရ ရေကို EG ရောလိုက်ရင် k ရော c ရော တန်ဖိုးတွေ ကျစေပြီး Coolant ဂုဏ်သတ္တိကို ကျစေပါတယ်။ ဒါ့ကြောင့် EG များတိုင်း မကောင်းနိုင်ပါဘူး။ ကောင်းလာရင်လည်း Coolant 'ဈေး'သာ😅 ဖြစ်ပါကြောင်းဖြင့်။ ။LinHtet(EEM)