18/06/2023
အတူနေပေမယ့် အတူမရှိတဲ့မိဘတွေဆိုတော့ ဘာကိုဆိုလိုတာပါလိမ့်။ မိဘနဲ့သားသမီး တမိုးအောက်ထဲမှာ အတူနေတာနဲ့ မလုံလောက်ဘူးလားလို့ ဒွိဟဖြစ်စရာရှိပါတယ်။
ဟုတ်ပါတယ်။ မိဘတွေဟာ မိမိတို့သားသမီးကလေးတွေနဲ့ အတူနေတယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။ မိဘတွေရဲ့လိုအပ်ချက်ကြောင့် ငယ်ငယ်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခဲ့ရတဲ့ ကလေးတွေဟာ အသက်ကြီးတဲ့အခါမှာ ပေါင်းသင်းဆက်ဆံရေး ခက်ခဲတဲ့ပြဿနာတွေ၊ မိမိကိုယ်မိမိ ယုံကြည်မှု အထင်ကြီးမှုမရှိတဲ့ ပြဿနာတွေ၊ စိတ်ရောဂါအထူးကုတွေနဲ့ပြသပြီး အကြံဉာဏ်ယူနေရတဲ့အဖြစ်တွေ၊ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကနေ မလွတ်မြောက်နိုင်တာတွေဖြစ်ကြပါတယ်။ အဲဒီလိုလူတွေအထဲမှာ ငယ်စဉ်က abuse လုပ်ခံရတာမျိုးမရှိဘဲ ပုံမှန်မိသားစုက မွေးဖွားလာကြတဲ့ ကလေးတွေပါ ပါနေပါတယ်။ အဲဒီလို ပုံမှန်မိသားစုက မွေးဖွားလာကြတဲ့ကလေးတွေက ဘာကြောင့်ဒီလိုဖြစ်လာကြသလဲဆိုရင် "အတူနေပေမယ့် အတူမရှိတဲ့မိဘတွေ" ကြောင့်ဖြစ်နေတာကို မကြာခဏတွေ့ရပါတယ်။
⌫ အတူနေပေမယ့် အတူမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။
မိဘဖြစ်သူက ကလေးနဲ့တစ်အိမ်ထဲမှာ အတူနေပေမယ့် ကလေးအတွက် စိတ်ပါလက်ပါ အချိန်မပေးတာမျိုး၊ ကလေးကိုချစ်တဲ့အကြောင်း သေချာပြုမူပြောဆိုခြင်း မရှိတာမျိုးကို ပြောတာဖြစ်ပါတယ်။ Emotionally unavailable ဖြစ်တာကို အဓိကဆိုလိုတာဖြစ်ပါတယ်။ ကလေးလိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေဝယ်ပေးပြီး ဖြည့်စည်းပေးနေပေမယ့် နှလုံးသားက လိုအပ်တာကိုတော့ အပြည့်အဝ မဖြည့်စည်းပေးတာမျိုးကို Emotionally unavailable ဖြစ်တယ်လို့ခေါ်ပါတယ်။
ဥပမာ ..
𖧷 သားသမီးကို "ချစ်တယ်" လို့ တစ်ခါမှမပြောတဲ့မိဘ
𖧷 ကလေးကို မချီးကျူးတတ်တဲ့မိဘ
𖧷 အိမ်မှာအတူရှိပေမယ့် အနားကပ်ပြီး နေလို့မရတဲ့မိဘ
𖧷 အမြဲတမ်းအလုပ်လုပ်နေလို့သော်လည်းကောင်း၊ မကြာခဏ TV ကြည့်နေလို့သော်လည်းကောင်း ကလေးကို အာရုံမစိုက်နိုင်တဲ့မိဘ
𖧷 ကလေးကို ပွေ့ဖက်နမ်းရှုပ်တာမျိုး မလုပ်တဲ့မိဘ
𖧷 စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ ကလေးကိုအချိန်မပေးနိုင်၊ ကလေးနဲ့ ရင်းရင်းနှီးနှီး မနေနိုင်တဲ့မိဘ
"အတူနေပေမယ့် အတူမရှိတဲ့မိဘများ" လို့ပြောတဲ့အခါမှာ အပေါ်မှာပြောခဲ့တဲ့အချက်တွေကို အမြဲတမ်းလုပ်နေတဲ့ သူများကိုပြောတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ အဲဒီလိုပြုမူတဲ့အခါ ကလေးတွေကို "မင်းတို့အတွက် ငါ့မှာအချိန်မရှိဘူး" ဆိုတာမျိုး ခံစားရစေပါတယ်။
⌫ အတူနေပေမယ့် အတူမရှိခြင်းရဲ့ရလာဒ်တွေက ဘာတွေလဲ။
ကလေးတွေဟာ မိဘရဲ့အသိအမှတ်ပြုခြင်းကို အရမ်းလိုချင်တောင့်တပါတယ်။ ကလေးတစ်ယောက်ဟာ လူကြီးမိဘဆီက ချီးကျူးအသိအမှတ်ပြုခြင်းကို တစ်ခါမှမခံရရင် အိမ်သားတွေ အများကြီးရှိတဲ့အိမ်မှာ နေရင်တောင် အထီးကျန်သလို ခံစားနေရမှာဖြစ်ပါတယ်။ ကလေးတွေဆိုတာ ကလေးသဘာဝအရကိုက အချစ်ခံရဖို့၊ အရှိအတိုင်းလက်ခံပေးဖို့နဲ့ ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးတာ ခံရစေဖို့ဖြစ်ပါတယ်။ အဲဒီအရာတွေလုပ်ဖို့အတွက် မိဘကပျက်ကွက်တဲ့အခါ ကလေးကအပယ်ခံရသလို ခံစားရပါတယ်။
အချိန်မပေး၊ ချီးကျူးပြောဆိုလေ့မရှိတဲ့မိဘတွေရဲ့ကလေးတွေဟာ အသက်ကြီးလာတဲ့အခါမှာ မိမိကိုယ်မိမိယုံကြည်အထင်ကြီးမှုပိုင်းမှာ ပြဿနာရှိတတ်ကြပါတယ်။ ငါကမတော်ဘူး၊ မချောဘူး၊ ချစ်စရာမကောင်းဘူး၊ တန်ဖိုးမရှိဘူးစသဖြင့် ထင်တတ်ကြပါတယ်။ ဒါမှမဟုတ် မိမိရဲ့နာကျင်ခြင်းတွေကို ကာကွယ်ဖို့အတွက် Low self-esteem ရဲ့အခြားအစွန်းတဖက်ဖြစ်တဲ့ မိမိကိုယ်မိမိယုံကြည်မှုလွန်ကဲခြင်း၊ ရန်လိုတတ်ခြင်း၊ မာနကြီး အထက်စီးဆန်ခြင်းတွေဖြစ်လာပါတယ်။
မိဘက ကလေးတွေလိုအပ်နေတဲ့ အချိန်၊ ချစ်ခြင်းမေတ္တာ၊ ကြင်နာဂရုစိုက်ခြင်းတွေ မပေးတဲ့အခါ ကလေးတွေဟာ တခြားနေရာကနေ ရှာကြပါတယ်။ သူငယ်ချင်းတွေကို တရားလွန်ခင်တွယ်လိုအပ်တာမျိုးရှိတတ်သလို၊ ကိုယ့်ကို သူတပါးက လိုချင်တန်ဖိုးထားတယ်ဆိုတဲ့ ခံစားချက်တွေရဖို့အတွက် ရည်းစားတွေ ထားကြတာမျိုးလည်း ရှိပါတယ်။ မိဘက ကလေးအပေါ်မှာ အမြဲတမ်းပျက်ကွက်နေတဲ့အခါ ကလေးကဒေါသဖြစ်လာမယ်၊ အထီးကျန်လာမယ်၊ သစ္စာဖောက်ခံရသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေတဲ့ အပြုအမူတွေအထိ လုပ်တတ်ပါတယ်။ (ဥပမာ မူးယစ်ဆေးသုံးစွဲခြင်း၊ မိမိကိုယ်ကိုယ်နာကျင်စေခြင်း)
⌫ အတူလည်းနေ အတူလည်းရှိဖို့ ဘာလုပ်ရမလဲ။
ကလေးကို ၂၄ နာရီအချိန်ပေးနေဖို့မလိုပါဘူး။ ပြစ်မျိုးမှဲ့မထင် Perfect မိဘဖြစ်နေဖို့လည်း မလိုပါဘူး။ ပွင့်ပွင့်လင်းလင်းပဲပြောရရင် ပြစ်မျိုးမှဲ့မထင် Perfect မိဘဆိုတာ လောကမှာမရှိပါဘူး။ Perfect ဖြစ်ချင်ယောင်ဆောင်ထားတာတွေပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့က တနေ့ထက်တနေ့ ပိုကောင်းတဲ့လူသားတစ်ယောက်၊ ပိုကောင်းတဲ့မိခင်တစ်ယောက်၊ ပိုကောင်းတဲ့ဖခင်တစ်ယောက်ဖြစ်ဖို့အတွက် နေ့စဉ်ကြိုးစားသွားရင်းနဲ့ အကောင်းဆုံးနေထိုင်သွားကြဖို့သာဖြစ်ပါတယ်။
မအားတဲ့ကြားကနေပဲ ကျွန်မတို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို ဥပမာအနေနဲ့ နည်းလမ်းလေးတွေပြောပြပါမယ်။
♥ ကလေးကိုရေချိုးပေးတဲ့အချိန်မှာ သူနဲ့ကစားတာ၊ မျက်လုံးချင်းဆုံ စကားပြောတာတွေလုပ်ပါ။ ပျော်စရာကောင်းတဲ့ရေချိုးချိန်ဟာလည်း ကလေးနဲ့မိဘအတွက် Quality Time ပါပဲ။
♥ သူ့ကို စျေးခေါ်သွားလို့ရပါတယ်။ ကလေးတွေက အဲဒီလိုလိုက်ရတာ ကြိုက်တတ်ပါတယ်။ ဒါပေမယ့် စျေးထဲမှာ ဟိုငေးဒီငေးလုပ်နေလို့ ပိုကြာတယ်ဆိုပြီး ငေါက်ငမ်းနေရင်တော့ အဆင်မပြေပါဘူး။ ကလေးသဘာဝအရ သူစူးစမ်းချင်မှာမို့လို့ ကိုယ်ကညင်ညင်သာသာနဲ့တော့ ပြောဆိုတတ်ဖို့လိုပါမယ်။
♥ တစ်ပတ်တစ်ခါတော့ ကစားကွင်း (သို့်မဟုတ်) ပန်းခြံ (သို့်မဟုတ်) သူကြိုက်တဲ့နေရာတစ်ခု ပို့ပေးသင့်ပါတယ်။
♥ အိပ်ယာဝင်ပုံပြင် ပြောပြပါ။ ပုံပြင်စာအုပ်တွေ အများကြီးရှိပါတယ်။ ကိုယ့်ဘာသာကိုယ် ကြားဖူးနားဝရှိထားတဲ့ပုံပြင်တွေကို ပြန်ပြောရင်လည်း ရပါတယ်။
♥ ပြီးတော့ နည်းနည်းကြီးတဲ့ကလေးတွေကို ရွှေသွေး၊ ပုတက်စသဖြင့် ကာတွန်းဂျာနယ်လေးတွေဝယ်ပေးပါ။ သူတို့ကို "ဖတ်ပြီးရင် ဘာအကြောင်းလဲဆိုတာ မေမေ့ကို/ဖေဖေ့ကိုပြောပြဦးနော်" ဆိုပြီးပြောလို့ရပါတယ်။ သူတို့ပြန်ပြောပြတဲ့အခါ စိတ်ဝင်တစားနားထောင်ပေးရင်း၊ သူပြောတဲ့အထဲက ကိုယ်နားမလည်လိုက်တာလေးတွေပြန်မေးရင်း၊ ရယ်ရင်းမောရင်း ကလေးနဲ့အချိန်ယူလို့ရပါတယ်။ စာမေးသလိုမျိုးမဟုတ်ဘဲ ရုပ်ရှင်တခုကိုပြန်ပြောခိုင်းသလို ပေါ့ပေါ့ပါးပါးလေးနဲ့ မိသားစုပျော်စရာအချိန်တစ်ခု ဖန်တီးထားတဲ့အခါ စာဖတ်ရတာပျော်တဲ့ကလေးတွေ၊ ဖတ်ထားတဲ့အကြောင်းကိုပြန်ဆွေးနွေးရတာပျော်တဲ့ ကလေးတွေဖြစ်လာပါလိမ့်မယ်။ စာဖတ်အားလည်း ကောင်းလာမယ်၊ အတွေးအခေါ်လည်း ပိုကောင်းလာမယ်စသဖြင့် အခြားကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။
♥ ကျွန်မအိမ်မှာအကူမရှိတဲ့အချိန် ကျွန်မဟင်းချက်ဖို့ပြင်ဆင်တဲ့အခါ ကျွန်မရဲ့သမီးလေး (နှစ်နှစ်ငါးလ) ကိုပါ အနားမှာခေါ်ထားပါတယ်။ မီးတွေ ဂက်စ်တွေမဖွင့်သေးဘဲ ဟင်းချက်ဖို့ပြင်ဆင်ပါတယ်။ ဓါးတွေ၊ ဖန်ခွက်၊ ဖန်ပုလင်းတွေ၊ ရေနွေးပူတွေလို အန္တရာယ်ရှိနိုင်တဲ့ပစ္စည်းတွေကို သူလက်လှမ်းမှီနိုင်တဲ့နေရာမှာ လုံးဝမထားပါဘူး။ အပူတွေ မီးတွေ လုံးဝမရှိသေးဘဲ ပြင်ဆင်တာပါ။ ပြီးရင် သူကိုင်လို့ရမယ့် အသီးအနှံတချို့ကို ဇကာတစ်ခုထဲထည့်ပြီး သူ့ကိုပါပေးထားပါတယ်။ ကျွန်မက ကလေးမမှီနိုင်တဲ့ အမြင့်မှာ မတ်တပ်ရပ်ပြီး ပြင်ဆင်ပါတယ်။ ကျွန်မဟင်းချက်ဖို့ ပြင်ဆင်နေတုန်းမှာ သူကထိုင်ပြီး အသီးအနှံတွေနဲ့ ကစားပါတယ်။ ပြင်ဆင်နေရင်းနဲ့ ကလေးနဲ့စကားတော့ ပြောနေရပါမယ်။ ကလေးနည်းနည်းကြီးရင် အမေကိုကူခိုင်းရင်းနဲ့ အချိန်ယူလို့ရပါတယ်။ သူက အမေနဲ့အတူလုပ်နေရတယ်ဆိုပြီး သိပ်သဘောကျပါတယ်။
♥ ကိုယ်က ကလေးနဲ့ ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနေပါ။ ကလေးကိုတန်ဖိုးထားပါ။ ချစ်တယ်လို့ အမြဲပြောပါ။ ပွေ့ဖက်ပါ။
♥ ကလေးက ပြောစရာရှိနေရင် နားထောင်ပေးပါ။ မေးတဲ့မေးခွန်းတွေကို အတတ်နိုင်ဆုံးကြိုးစားပြီးဖြေပေးပါ။
♥ မိဘများအနေနဲ့ ကလေးရဲ့တနေ့တာဖြတ်သန်းမှုလေးတွေကို နေ့စဉ်မေးပါ။ သေချာနားထောင်ပေးပါ။ သူ့ရဲ့တနေ့တာဖြတ်သန်းမှုနဲ့ စိတ်ခံစားမှုတွေကို ကိုယ်သိဖို့လိုပါတယ်။
♥ ကလေးနဲ့နေတဲ့အခါ စိတ်ရောကိုယ်ပါ အတူရှိပါ။
အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေဟာ အိမ်မှာကလေးတွေနဲ့နေရတဲ့မိဘတွေအပြင်၊ အပြင်အလုပ်လုပ်နေတဲ့မိဘတွေပါ သုံးလို့ရတဲ့နည်းလေးတွေဖြစ်ပါတယ်။ မိမိရဲ့မိသားစုနဲ့ကိုက်ညီတဲ့ အခြားနည်းလမ်းတွေလည်း လုပ်လို့ရပါတယ်။ ဒီလို Family Time တွေကို ပုံမှန်လုပ်ပေးကြခြင်းဖြင့် နွေးထွေးသက်ဝင်တဲ့မိသားစုလေးတွေ ဖန်တီးလို့ရပါတယ်။ မိသားစုတိုင်းပျော်ရွှင်ပါစေ။
𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓
Feb 1, 2017
Reference: http://amotherfarfromhome.com
⚠️ Copy ပြန်တင်ခြင်း ခွင့်မပြုပါ။
✅ လွတ်လပ်စွာ Share နိုင်ပါသည်။
03/06/2023
27/05/2023
26/05/2023
20/05/2023
19/05/2023
18/05/2023
16/05/2023
13/05/2023
11/05/2023
10/05/2023