22/01/2021
Credit Newstain
🔳 String Theory ၏ အတက်အကျ။
ကျွန်တော် ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား အချိန်တုန်းက ဆူးလေ လမ်းမပေါ်က အဟောင်းစာအုပ်ဆိုင်တွေမှာ သိပ္ပံစာအုပ်တွေ လိုက်ရှာရှင်း စိုးစိုး (အင်္ဂပူ) ရေးတဲ့ အိုင်းစတိုင်းရဲ့ နှစ် ၁၀၀ ပြည့်မှာ ထုတ်ဝေခဲ့တဲ့ အိုင်းစတိုင်းအလွန်စကြဝဠာ ဆိုတဲ့စာအုပ်ကို တွေ့ခဲ့တယ်။ ဒီစာအုပ်ထဲမှာ ခေတ်ပေါ်သီအိုရီတွေအပြင် ကျွန်တော်တစ်ခါမှ မသိမမြင်ဖူးတဲ့ String Theory အကြောင်းလေးပါလာတယ်။ ဒီသီအိုရီမှာက ကျွန်တော်တို့ အထက်တန်းကျောင်းတုန်းက သိခဲ့သလိုမျိုး အခြေခံအမှုန်တွေဆိုတာ အခြေခံတည်ဆောက်ပုံတွေမဟုတ်ဘဲ စွမ်းအင်လေးတွေရဲ့ တုန်ခါမှုကို အခြေခံပစ္စည်းလေးတွေ အဖြစ် ပုံဖော်ထားတယ်။
ကျွန်တော် အဲ့အချိန်တုန်းက ထင်ခဲ့တာက ဒီသီအိုရီက စကြဝဠာကြီးရဲ့ အရာရာအတိုင်းသီအိုရီများလားပေါ့။ ဘာလို့လဲဆို စာအုပ်တော်တော်များများမှာလည်း String Theory ဟာ အရာရာတိုင်းရဲ့ သီအိုရီတစ်ခုအဖြစ် ရေးသားနေကြတယ်။ ဒါပေမယ့် ကျွန်တော့်အထင်နဲ့ အမြင်နဲ့ဟာ လွဲမှားနေခဲ့ရတယ်။ String Theory ပေါ်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ ဆိုပေမယ့် အခုအချိန်ထိ တိကျတဲ့ အဖြေတစ်ခုကို မရရှိသေးဘူး။
တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သီအိုရီတစ်ခုဟာ ဘာကြောင့်မှေးမှိန်သွားရသလဲဆိုတာကိုတော့ ကျွန်တော်က ဒီနေ့မှာ ဖော်ပြသွားပေးမှာဖြစ်ပါတယ်။ (အခုရက်ပိုင်း စာအုပ်ကိစ္စလေးတွေ ရှုပ်နေလို့ ဆောင်းပါးရှည်တွေမတင်နိုင်တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ဗျို့။) The Rise and the Fall of String Theory ဆိုတဲ့ ဆောင်းပါးလေးကိုတော့ Steve Nadis က Discover Magazine ၌ ရေးသားထားတာ ဖြစ်ပြီး ဘာသာပြန် ဖော်ပြလိုက်ပါတယ်။
🔳 Theory of Everything
(အရာရာတိုင်းရဲ့ သီအိုရီ)
String Theory ဟာ ရူပဗေဒမှာ တစ်ခေတ်တစ်ခါတုန်းက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သီအိုရီတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် နဲ့ ၁၉၉၀ ခုနှစ်လောက်မှာ ယင်းသီအိုရီဟာ ဘုရားသခင်ရဲ့ အကန့်အသတ်မဲ့တဲ့ ဆုလာဘ်တစ်ခုအဖြစ် မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ ယင်းရဲ့ ဆိုလိုရင်းမှာတော့ ဒြပ်ထုနဲ့ စွမ်းအင်ဟာ အရင်ကသိခဲ့သလို အမှုန်လေးတွေနဲ့ တည်ဆောက်ထားတာမဟုတ်ဘဲ အခြေခံအားဖြင့် အလွန်သေးငယ်သော တန်ခါနေတဲ့ ကြိုးမျှင်လေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်သလို သီအိုရီအနေနဲ သဘာဝရဲ့ အားလေးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးနိုင်မယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ တချို့သော ရူပဗေဒပညာရှင်တွေဟာ String Theory ကို အရာရာတိုင်းရဲ့ သီအိုရီ (Theory of Everything) အဖြစ် အကြိုဂုဏ်ပြုကြခဲ့ပါသေးတယ်။
နှစ်ပေါင်းများစွာကြာအောင် String Theory ရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်ခဲ့တဲ့ ဟာဗတ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် အင်ဒရူး စထရောင်း မင်ဂါ (Andrew Strominger) ကနေပြီးတော့ အစောပိုင်း စိတ်အားထက်သက်ခဲ့သူတွေကို အမှတ်ရတဲ့ အနေနဲ့ String Theory စတင်ကျော်ကြားလာခဲ့ချိန်တုန်းက ကြေငြာချက်တစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ ရူပဗေဒမှာရှိတဲ့ ပြဿနာအားလုံကို ဖြေရှင်းနိုင်ခဲ့ပြီး နောက်ဆုံးသော သီအိုရီတစ်ခုဟာ ငါတို့လက်ထဲ ရောက်ရှိခဲ့ပြီဆိုတဲ့ အဆိုပေါ့ လို့ သူကပြောပါတယ်။
အင်ဒရူးအနေနဲ့ ဒီလိုအခိုင်အမာပြောဆိုမှုမျိုးဟာ ၁၉၈၀ လို အချိန်မျိုး၌တောင် ပြိုကွဲသွားနိုင်တယ်ဆိုတာကို သိနေခဲ့ပါတယ်။ နောက်တော့ အသေအချာပါပဲ ယင်းနှစ်တွေ တစ်လျှောက်မှာ သံသယရှိတဲ့သူတွေဟာ စိမ့်ထွက် ပျံ့နှံ့လာခဲ့ပါတယ်။ တစ်စုံတစ်ယောက်ကမျှ String Theory ကို အတည်ပြုနိုင်ဖို့ လက်တွေ့စမ်းသပ်ချက်မလုပ်ဆောင်နိုင်ခဲ့သလို တစ်စုံစစ်ယောက်ကမျှလည်း ဒီသီအိုရီကို ဆန့်ကျင်ဖို့ လက်တွေ့စမ်းသပ်ချက်မလုပ်ဆောင် နိုင်ခဲ့ကြပါဘူး။
ဒီလိုနဲ့ဆန့်ကျင်မှုတွေဟာ ၂၀၀၆ ခုနှစ်လောက်မှာ အမြင့်ဆုံးရောက်ရှိလာခဲ့ပြီး နာမည်ကြီး စာအုပ်တွေနဲ့ ဆောင်းပါးတွေမှာ String Theory ကို အပြင်းအထန် တိုက်ခိုက်လာကြပါတော့တယ်။ သို့ပေမယ့် String Theory ဟာ ပရိတ်သတ်ရဲ့ အာရုံစိုက်မှုမှ စွန့်ခွာသွားခဲ့တယ်ဆိုပေမယ့်လည်း လုံးဝကြီးပျောက်ကွယ်သွားခဲ့တာတော့ မဟုတ်ပါဘူး။ ဒီသီအိုရီက ဆက်လက်တိုးတက်နေပြီး ပိုမိုကောင်းမွန်လာကာ ပိုမို နားလည်လာနေပြီလို့ နယူးဂျာစီရှိ ပရင်စတင် သင်တန်းကျောင်းမှ ဂျူအန် မယ်လ်ဒယ်စီနာ (Juan Maldecena) က ဆိုပါတယ်။
ယနေ့ခေတ် String Theory ပညာရှင်တော်တော်များများဟာ လှပမှုထက် အသုံးဝင်မှုကို ပိုပြီး ဦးစားပေးတဲ့ ချဉ်းကပ်မှုကို ဦးတည်နေကြပြီး သူ့ရဲအလားအလာရှိတဲ့ အရာတွေထက် လက်တွေ့မျက်မြင်ပေါ်မှာ ပိုပြီး ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ တချို့သော ပညာရှင်တွေဟာ String Theory ရဲ့ နည်းလမ်းတွေကို သင်္ချာဘာသာရပ်မှ ပြဿနာတွေအတွက် အသုံးချနေကြပြီ ဖြစ်ပါတယ်။ စထရောင်း မင်ဂါ ကတော့ တွင်းနက်တွေအတွက် ပိုပြီး နက်နဲတဲ့ အယူအဆတွေကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေပြီး တချို့တွေကတော့ ယခုအချိန်ထိ String Theory အပေါ်၌သာ မှီခိုနေသေးပြီး အမှုန်ရူပဗေဒ (Particle Physics) နဲ့ ဒြပ်သားတွေရဲ့ Exotic State မှ မျှော်လင့်မထားတဲ့ အကူအညီတွေများ ရနိုင်မလားလို့ မျှော်လင့်နေကြပါတယ်။
ဒီလို ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက်တွေမှ ရလဒ်အနေဖြင့် ထွက်ပေါ်လာတာကတော့ String Theory ဟာ ကျွန်တော်တို့ ထင်ထားသလို အရာရာတိုင်းရဲ့ သီအိုရီ (Theory of Everything) တစ်ခုမဟုတ်ပဲ တစ်စုံတစ်ခုရဲ့ သီအိုရီတော့ ဖြစ်ရမယ် လို့ စထရောင်း မင်ဂါ လို့ ဆိုပါတယ်။
🔳 ပုံးကွယ်နေသော ဒိုင်မန်းရှင်းများ။
(Hidden Depths)
စထရောင်း မင်ဂါက အောင်မြင်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်ခဲ့ရတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက စကြဝဠာကြီးကို သီအိုရီရူပဗေဒပညာအားဖြင့် သက်သေပြနိုင်ဖို့အတွက် ၁၉၇၀ ခုနှစ် နှစ်များတွင် ဟားဗတ်တက္ကသိုလ်မှ နှစ်ကြိမ်တိုင်အောင် ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ MIT ကျောင်းဆင်းတစ်ယောက်အနေနဲ့ စထရောင်း မင်ဂါကို String Theory လိုမျိုး အန္တရာယ်များတဲ့ ဘာသာရပ်ကို ရှောင်ရှားဖို့အတွက် ပြောဆိုခဲ့ကြသော်လည်း သူက ဒီအကြံဉာဏ်တွေကို လက်မခံခဲ့ပါဘူး။ စွန့်းစားခန်းဟာ နောက်ဆုံးတော့ အောင်မြင်ခဲ့ပါပြီ။ ၁၉၈၅ ခုနှစ် သူ့ရဲ့ Ph.D ဘွဲ့ကို ရရှိပြီး သုံးနှစ်အကြာမှာတော့ First string evolution ဆိုတဲ့ စာတမ်းမှာ တွဲဖက်ရေးသားသူအဖြစ် ပါဝင်ခဲ့ပါတယ်။
String Theory ရဲ့ပင်မသွေးကြောကတော့ ဒိုင်မန်းရှင်း ၁၀ ခု (သို့) ၁၁ ခုပါဝင်တဲ့ စကြဝဠာအတွင်းမှာ တုန်ခါနေတဲ့ သဘာဝရဲ့ အခြေခံအကျဆုံး ယူနစ်လေးတွေဖြစ်တဲ့ ကြိုးမျှင်လေးတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရင်းနှီးပြီးသာ ဒိုင်မန်းရှင်းသုံးခုအပြင် အချိန်ဒိုင်မန်းရှင်းနဲ့ တခြားပုန်းကွယ်နေတဲ့ ကျွန်တော်တို့ မမြင်နိုင်လောက်အောင် ခွေလိပ်နေသော ဒိုင်မန်းရှင်း ၆ ခု (သို့) ၇ ခုတို့ ဖြစ်ကြပါတယ်။ ဒီလို အလွန့်ကို သေးငယ်တဲ့ ဒိုင်မန်းရှင်းလေးတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ ရူပဗေဒ ဘောင်အတွင်းရောက်လာအောင်လို့ နည်းလမ်းတစ်ခုခုနဲ့ လိုက်ဖက်ညီအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
စထရောင်း မင်ဂါနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကနေပြီးတော့ ဒီလိုခွေလိပ်နေတဲ့ ပုံသဏ္ဌာန်လေးဟာ ကလာဘီ ရော ဟင်းလင်းပြင် (Calibi-Yau Space) လို့ခေါ်တဲ့ ဒိုင်မန်းရှင်း ခြောက်ခုရှိတဲ့ သင်္ချာဝတ္ထုလေးတစ်ခု ဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အမှုန်တစ်ခုရဲ့ ဒြပ်ထု၊ အားသက်ရောက်မှုနဲ့ တခြားသော အခြေခံဂုဏ်သတ္တိတွေဟာ ဒီရစ်ခွေနေတဲ့ ဟင်းလင်းပြင်လေးရဲ့ ပုံသဏ္ဌာန်နဲ့ ဂျီဩမေတြီပေါ်မှာ မူတည်နေပါတယ်။
မကြာခင်မှာ String Theory ပညာရှင် တွေဟာ ပြောင်မြောက်ဖွယ် တွေ့ရှိမှုတစ်ရပ်ကို ပြလုပ်နိုင်ခဲ့ကြပါတယ်။ Calibi-Yau Space ကို အထူးနည်းလမ်းတွေဖြင့် လှည့်ပတ်စေခြင်းအားဖြင့် မတူကွဲပြားတဲ့ ပုံသဏ္ဌာန်ရှိတဲ့ ပြောင်းပြန်ပုံရိပ်တွေကို ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ အံဩဖို့ကောင်းတာ တစ်ခုကတော့ ဒီတစ်ခုခုနဲ့တစ်ခုခြားနားနေတဲ့ Calibi-Yau ပုံပန်းသွင်ပြင်တွေဟာ ဆွေမျိုးတော်စပ်နေပြီး တူညီတဲ့ရူပဗေဒတစ်ခုကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သီအိုရီ ရူပဗေဒပညာရှင်တွေကတော့ ပြောင်းပြန် ဘက်ညီခြင်း Mirror symmetry လို အမည်ပေးထားပါတယ်။
သိပ္ပံပညာရှင်တွေက အလျင်အမြန်ပဲ ယခုတွေ့ရှိခဲ့တဲ့ ဘက်ညီမှုအသစ်က အမျိုးမျိုးသော ဖြေရှင်းမရတဲ့ သင်္ချာပုစ္ဆာတွေသို့ လိပ်မူနိုင်ဖို့အတွက် အသုံးချနိုင်တယ်ဆိုတဲ့ အကြောင်းကို လေ့လာသိရှိခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ရူပဗေဒပညာရှင် ဖီးလစ်ပ် ကန်ဒီးလတ်စ် (Philip Candelas) နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ရာစုနှစ်တစ်ခုကျော်ကြာ ပြဿနာတစ်ခုဖြစ်တဲ့ Calibi-Yau ဟင်းလင်ပြင်အတွင်းမှာ စက်လုံးဘယ်နှစ်ခုဝင်ဆံ့နိုင်မလဲဆိုတဲ့ အဖြေအား Mirror symmetry ကို အသုံးပြုပြီးတော့ ဖြေရှင်းနိုင်ခဲ့ပါတယ်။
သင်္ချာပညာရှင်တွေလည်း ဒီဆန်းသစ်တဲ့ အနုပညာသို့ ခုန်ဝင်လာခဲ့ပြီး ဂျီဩမေတြီတွေကို ရေတွက်ရာ၌ တခြားသော မဖြေရှင်းနိုင်တဲ့ ပြဿနာများဖြစ်တဲ့ များသောအားဖြင့် အလွန်ရှပ်ထွေးတဲ့ မျက်နှာပြင်နှင့် သုံးဖက်မြင် ပုံစံများ၌ မျဉ်းကြောင်းများနှင့် အကွေးမျဉ်းများကို ရေတွက်ခြင်းတို့၌ Mirror symmetry ကို အသုံးပြုခဲ့ကြပါတယ်။ Mirror symmetry ဟာ ဒီလိုအခက်တွေ့နေရတဲ့ နယ်ပယ်တွေကို ပြန်လည်နုပျိုသက်ဝင်စေခဲ့ပြီး ယင်းနဲ့ပတ်သက်ပြီး သုတေသနပြုမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီလိုတိုးတက်မှုတွေမှတစ်ဆင့် ဒီအိုင်ဒီယာကို အကျဉ်းချုပ်ပြီးတော့ ဖော်မြူလာတစ်ခုတည်းမှာ ဖော်ပြနိုင်ဖို့အတွက် ပြုလုပ်ခဲ့ကြပါတယ် လို့ ဘရန်ဒီရက်စ် တက္ကသိုလ်မှ သင်္ချာပညာရှင် ဘွန်းဂ် လီယန် (B**g Lian) က ဆိုပါတယ်။ ဂျီဩမေတြီ၊ အယ်ဂျီဘရာရစ်ခ် နဲ့ Mirror symmetry ရဲ့ ရူပဗေဒဆိုင်ရာ ပုံရပ်တို့ဟာ တစ်နေရာတည်းမှာ စုဆုံတော့မှာပါ။
🔳 တွင်းနက် အတွင်းသတင်း။
(Blackhole Revelation)
စထရောင်း မင်ဂါ တွဲဖက်ရေးသားခဲ့တဲ့ ၁၉၉၆ စာတမ်းကနေပြီးတော့ Mirror symmetry ဘယ်လိုအလုပ်သလဲဆိုတာနဲ့ပတ်သက်ပြီး သင်္ချာနည်းအားဖြင့် ဖြေရှင်းချက်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း သူအဓိကဆောင်ရွက်နေတဲ့ အရာကတော့ String Theory ကို အသုံးပြုခြင်းဖြင့် တွင်းနက်တွေရဲ့ အတွင်းပိုင်းကို အတွင်းကျကျသိမြင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ တစ်ခုကို အဖြေရှာနိုင်ဖို့အတွက် သူနဲ့ သူ့ရဲ့ဟားဗတ်လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကမ်ရမ် ဗာဖာ (Cumrun Vafa) တို့ကနေပြီးတော့ ၁၉၇၀ ခုနှစ်အစောပိုင်းလောက်တုန်းက စတီဖင်ဟော့ကင်းနဲ့ ဂျေကော့ ဘတ်ကင်စတိုင်း (Jacob Bekenstein) တို့ ရှာတွေ့ခဲ့တဲ့ ပဟေဠိတစ်ခုကို စူးစမ်းရှာဖွေခဲ့ကြပါတယ်။
ယင်းမတိုင်ခင်အချိန်ထိတော့ သိပ္ပံပညာရှင်တွေအနေနဲ့ တွင်းနက်တွေဟာ အလွန်ရိုးရှင်းတဲ့ အရာဝတ္ထုတွေလို့သာ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟင်းလင်ပြင်အတွင်းမှ တွင်းကြီးတွေဖြစ်ပြီး သူတို့ကို Variable သုံးခုဖြစ်တဲ့ ဒြပ်ထု၊ စပင်နဲ့ လျှပ်စစ်ဓာတ်တို့နဲ့ သာအပြည့်အဝ ဖော်ပြနိုင်တာ ဖြစ်ပါတယ်။ အိုင်းစတိုင်းရဲ့ General Relativity, Thermodynamics နဲ့ Quantum Theory တို့ကို အသုံးပြုပြီးတော့ ဘတ်ကင်စတိုင်းနဲ့ ဟော့ကင်းတို့ဟာ ဖော်မြူလာတစ်ခုကို တွက်ထုတ်နိုင်ခဲ့ပြီး အံ့ဩဖို့ကောင်းစွာပဲ တွင်းနက်တွေဟာ အင်ထရိုပီမြင့်ကြောင်း ပြသနိုင်ခဲ့ကြပါတယ်။ အင်ထရိုပီဆိုတာကတော့ အရာဝတ္ထုတစ်ခုရဲ့ အတွင်း၌ အမှုန်တွေ ဘယ်လိုနည်းလမ်းတွေနဲ့ စီစဉ်နိုင်သလဲဆိုတာကို တိုင်းတာခြင်း ဖြစ်ပါတယ်။ တခြားတစ်မျိုးဆိုရသော် တွင်းနက်ရဲ့အတွင်းပိုင်းတည်ဆောက်ပုံဟာ အရမ်းကိုရှုပ်ထွေးပြီး အလွန်ကြီးမားတဲ့ Potential State တစ်ခုအဖြစ် ယူဆလို့ ရပါတယ်။ ဘတ်ကင်စတိုင်းနဲ့ ဟော့ကင်းဖော်မြူလာမှ အင်ထရိုပီအတွက် တိကျတဲ့အဖြေတစ်ခုကို ရရှိခဲ့ပြီး ဖြစ်နိုင်ခြေရှိတဲ့ အတွင်းပိုင်းအခြေအနေတွေကို ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်လောက်မှာ စထရောင်း မင်ဂါနဲ့ ဗာဖာတို့ကနေပြီးတော့ တွင်းနက်တွေအတွက် အလွန်သေးငယ်တဲ့ မြင်ကွင်းကနေ ပုံဖော်ဖို့အတွက် String Theory ဘက်လှည့်ခဲ့ပါတယ်။ အတွင်းဘက်မြင်ကွင်းကို မြင်နိုင်ဖို့ သူတို့ရဲ့ နည်းလမ်းက ကန်းဒီးလတ်စ်ရဲ့ အလုပ်တုန်းကလိုပဲ Calibi-Yau Space အတွင်း ဝင်ဆံ့နိုင်တဲ့ စက်လုံးအရေအတွက်ကို ရေတွက်ခြင်းနဲ့ ဆင်တူပါတယ်။ နောက်တော့ စထရောင်း မင်ဂါနဲ့ ဗာဖာတို့ရဲ့ အဖြေဟာ ဘတ်ကင်စတိုင်း-ဟော့ကင်း ရလဒ်နဲ့ လုံးဝကိုက်ညီနေခဲ့ပါတယ်။ ဒီဟာက String Theory ရဲ့ အဓိကအောင်ပွဲတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သီအိုရီနဲ့မှ မချဉ်းကပ်နိုင်တဲ့ တွင်းနက်တွေရဲ့ အတွင်းပိုင်းတည်ဆောက်ပုံကို လေ့လာနိုင်ဖို့ သဲလွန်စတွေကို ထောက်ပံ့ပေးနိုင်လို့ ဖြစ်ပါတယ်။
စထရောင်း မင်ဂါက ဒီထပ်ပိုပြီး သိနိုင်အောင် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ဗာဇာ နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တို့ကနေပြီးတော့ အလွန်လျင်မြန်စွာ လည်ပတ်နေတဲ့ တွင်းနက်များဟာ Conformal symmetry တစ်ခုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ Conformal symmetry ဆိုတာကတော့ တချို့သော ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေဟာ တွင်းနက်ရဲ့ အရွယ်အစားပေါ်မမူတည်ဘူးလို့ အကြမ်းအားဖြင့် ဆိုလို့ရပါတယ်။ စထရောင်း မင်ဂါ အနေနဲ့ ဆက်တိုက်ဆိုသလိုပဲ အရင်တုန်းက သတိမပြုမိခဲ့တဲ့ ဒီဘက်ညီမှုကနေ ခန့်မှန်းမှုများစွာကို ပြုလုပ်ဖို့အတွက် အသုံးချနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ယခုလက်ရှိ၌ တွင်းနက်တစ်ခုရဲ့ နယ်နိမိတ်မှ ထွက်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်တွေရဲ့ ပြင်းအားကိုတိုင်းတာနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ နောင်နှစ်အနည်းငယ်အတွင်း Event Horizon Telescope အလုပ်စလုပ်တဲ့အချိန်မှာ နက္ခတ္တဗေဒပညာရှင်တွေအနေနဲ့ ဒီရောင်ခြည်တွေကို တိုက်ရိုက်တိုင်းတာပြီး စမ်းသပ်စစ်ဆေးနိုင်လိမ့်မယ်လို့ စထရောင်း မင်ဂါက ဆိုပါတယ်။
ဒီလိုမျိုးပဲ String Theory ကနေ တစ်ဆင့် ရရှိလာတဲ့ တခြားသော နည်းလမ်းတွေကို အသုံးပြုပြီးတော့ စထရောင်း မင်ဂါရဲ့အဖွဲ့ဟာ သိပ်သည်းတဲ့ အာကာသဝတ္ထုတွေဖြစ်တဲ့ ကြယ်တစ်စင်း တွင်းနက်အတွင်းသို့ ကျဆင်းတဲ့အခါ ထွက်ပေါ်လာသော ဒြပ်ဆွဲလှိုင်းတွေရဲ့ ရောင်စဉ်ကိုတွက်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီခန့်မှန်းချက်ကိုတော့ အနာဂတ်ကာလ နောင်နှစ်ပေါင်း ၂၀ လောက်ကြာမှာ ထွက်ပေါ်လာမယ့် Laser Interferometer Space Antenna ကနေ အတည်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စထရောင်း မင်ဂါအနေနဲ့ Conformal symmetry ရဲ့ သက်သေအထောက်အထားတွေကို Laser Interferometer Gravitational-Wave Observatory ၌ မြင်တွေ့နိုင်မယ်လို့ ယုံကြည်နေပါတယ်။ နက္ခတ္တဗေဒပညာရှင်တွေဟာ သူတို့နားမလည်နိုင်တဲ့ ဒေတာတွေနဲ့ ပြည့်နှက်နေနိုင်ပြီး String Theory မှ ရရှိလာတဲ့ အိုင်ဒီယာတွေကို အသုံးပြုပြီးတော့ ဒီဟာတွေကို အလင်းပြနိုင်မှာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။
🔳 ကဲကုလပ်စ် အသစ်။
(A New Calculus)
ဒီအချိန်အတွင်းမှာပဲ တခြားသော ရူပဗေဒပညာရှင်တွေဟာ String Theory ရဲ့ နည်းပညာကို သူတို့လေ့လာနေတဲ့ Extreme Matter State တွေဖြစ်တဲ့ အမှုန်တိုက်ခွဲစက်တွေ၌ ထုတ်လုပ်သော အလွန်ပြင်ထန် ပူပြင်းတဲ့ ပလပ်စမာတွေကနေ ပကတိအပူချိန်လောက်၌ ဓာတ်ခွဲခန်းများတွင် ဖန်တီးထားသော ပစ္စည်းများအထိ အသုံးပြုနေကြပါတယ်။
အလွန်အေးခဲတဲ့ အပူချိန်၌ထွက်ပေါ်လာသော ရုပ်ဝတ္ထုတစ်ခုရဲ့ ထူးခြားတဲ့အသွင်အပြင်ကို လေ့လာနေသော ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ အင်ဒရူး ဂရင်း (Andrew green) ကနေပြီးတော့ String Theory ထဲကို ဝင်ရောက်ဖို့တစ်ခါမှ စိတ်တောင်မကူးမိခဲ့ပါဘူး။ ဝင်ခဲ့မိတော့လည်း တော်တော်လေး အကျိုးရှိတယ်ဆိုတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီသီအိုရီက လောကအမှန်တရားရဲ့ နားလည်နိုင်တဲ့ သီအိုရီတစ်ခုတော့မဟုတ်ပေမယ့် ရူပဗေဒနယ်ပယ်အသီးသီးမှာ အသုံးဝင်မယ့် သင်္ချာနည်းစနစ်တွေကို တိုးတက်စေခဲ့တဲ့ သီအိုရီတစ်ခုတော့ ဖြစ်ပါတယ်။
ချဉ်းကပ်မှုအများစုထဲမှာတော့ ဒိုင်မန်းရှင်းအမြင့် ဂျီဩမေတြီတွေပါဝင်ပါတယ်။ သူက ဆက်လက်ပြီးတော့ အရင်တုန်းက အယ်ဂျီဘရားရစ် ဖော်မြူလာ (Algebraic formulation) တွေ၌သာ ရှိခဲ့တဲ့ အရာတွေကို ဂျီဩမေတြီပုံတွေအဖြစ် ပုံဖော်နိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။ ဂရင်းကတော့ String Theory ကို ကဲကုလပ်စ်အသစ် လို့ တင်စားထားပြီး ဒီသီအိုရဲ့ အိုင်ဒီယာတွေက နောက်ဆုံးမှာတော့ သီအိုရီရူပဗေဒရဲ့ စံအသုံးအဆောင်ပစ္စည်းတွေကို ဆက်သွယ်ပေးနိုင်မယ်လို့ သူကဆိုပါတယ်။
စထရောင်း မင်ဂါကလည်း သဘောတူပါတယ်။ ရူပဗေဒပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က အရာရာတိုင်းရဲ့ နောက်ဆုံးသော သီအိုရီတစ်ခုကို မတွေ့ရှိခဲ့ကြပေမယ့် သူကတော့ String Theory ကို ဒီလိုမျိုးသော သီအိုရီတစ်ခု ထွက်ပေါ်လာဖို့အတွက် အစမှတ်တစ်ခုအဖြစ် မြင်တယ်လို့ ဆိုပါတယ်။ ဒီမေးခွန်းအတွက် အဖြေဟာ အလှည့်အပြောင်းဘယ်လိုပဲ ဖြစ်နိုင်ပါစေ String Theory ကတော့ လုံးဝစေ့စပ်လို့မရဘူးလို့ ထင်ရခဲ့တဲ့ အရာတွေကို ဆက်သွယ်ပေးနိုင်ကြောင်း သက်သေ သာဓကတွေ ပြသခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်စောင့်ကြည့်ရမယ့် အသစ်သစ်တွေလည်းရှိသေးတာကြောင့် String Theory က လုံးဝကြီး ခေတ်မရှိတော့တာ တော့မဟုတ်ဘူးဆိုတာ အသိအသာကြီးပါပဲ။
ကဲ စာဖတ်သူတို့ကော ဘယ်လိုထင်သလဲဗျာ။ String Theory ဟာ တကယ်ပဲ အရာရာတိုင်းရဲ့ သီအိုရီတစ်ခုပဲလား။ ဒါမှမဟုတ် အပိုင်းအစတစ်ခုပဲလားဆိုတာကိုတော့ ကွန်းမန့်မှာ ရေးခဲ့ကြပါဦးနော်။
Photos are credited to Google
သိပ္ပံဆောင်းပါးများ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
Edited by Watty G
ကိုးကား
While the novel theory may never live up to the early hype, its innovative tools have helped scientists for decades, and the best may be yet to come.