12/11/2020
#ဂျိုးဘိုင်ဒင်နှင့်နိုင်ပွဲအလွန်..
ဒီစာကို စပြီးရေးဖို့စဉ်းစားထားတုန်းက ဂျိုးနဲ့ထရမ့်တို့ အပြိုင်အဆိုင်အဆိုင်ဖြစ်နေတဲ့အချိန်ပါ။ ဒါပေမဲ့ ဒီအချိန်မှာ ဂျိုးက အနိုင်ရရှိသွားပါပြီ။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဆိုင်ရာဆိုင်ရာ EC များက သူတို့နှစ်ဦးကို မဲပေးရွေးချယ်တော့မှာပါ။ မည်သို့ပင် ဆိုစေ... ဘိုင်ဒင်သမ္မတဖြစ်မယ်ဆိုတာကတော့ ခြွင်းချက်မဲ့ သေချာသွားပါပြီ။ သို့သော် ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ ၂၀၂၁၊ ဇန်နဝါရီ ၂၀ ရက်နေ့အထိ ရှိနေဦးမှာပါ။
အမေရိကန် ဥပဒေအရ Electoral Vote အရေအတွက်ဟာ သမ္မတဖြစ်ဖို့ အခြေအနေကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့အနေအထားမရှိရင် မဲရလာဒ် ၁ ရာခိုင်နှုန်းအောက်မဲကွာဟမှုရှိတဲ့ မဲရုံတွေက မဲတွေကို ပြန်လည်ရေတွက်ဖို့ ရှုံးနိမ့်နေသူဘက်က တောင်းဆိုခွင့်ရှိပါတယ်။ လက်ရှိသမ္မတ ထရမ့်ကလည်း ၁ ရာခိုင်နှုန်းအောက် မဲကွာဟမှုရှိတဲ့ မဲရုံတွေကို ပြန်လည်ရေတွက်ဖို့ တောင်းဆိုနေပါတယ်။ သို့သော် မဲရလာဒ်ကို သိပ်ကိုကွာခြားသွားပြီဖြစ်တဲ့အတွက် ပြန်လည်ရေတွက်ရင်လည်း အချည်းအနှီးဖြစ်မှာပါ။ ဒါကြောင့် အရှုံးကို လက်ခံလိုက်ဖို့ ထရမ့်ရဲ့ မိသားစုဝင်တွေက သူ့ကို ဝိုင်းဝန်းနားချနေရတယ်လို့ဆိုပါတယ်။
ထားပါတော့ ...
မည်သို့ဆိုစေ... ထရမ့်ရှုံးပါပြီ...။ ဒါကြောင့် ဒီနေရာမှာ ဂျိုးဘိုင်ဒင်နိုင်ရင် ဘာဖြစ်မယ်... ထရမ့်နိုင်ရင် တရုတ်ကို အမှုန့်ကြိတ်မယ်ဆိုတဲ့ တောင်စဉ်ရေမရ ယူဆချက်များစွာကို ခဏမေ့ထား...
ဂျိုးဘိုင်ဒင်ကာလများမှာ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်တဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး (ကျွန်တော့်ယူဆချက်) ကို စတင်ပြီး သုံးသပ်ပါရစေ..။ ဒီလိုသုံးသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံတကာ မျက်နှာစာမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်း၊ စိန်ခေါ်မှုလေးတွေကိုလည်း သိဖို့လိုပါလိမ့်မယ်။ ကြည့်ကြပါစို့။
#မြန်မာနှင့်နိုင်ငံတကာဖိအားများ...
မြန်မာဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂရဲ့ ပဋိဉာဉ်၊ စဉ်းမျဉ်းစည်းကမ်းများကို နိုင်ငံတကာနဲ့အညီ လိုက်နာကျင့်သုံးရပါတယ်။ လက်ရှိ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဟာ အတော်လေးကို ကြပ်တည်းတဲ့ အခြေအနေကိုရင်ဆိုင်နေရတာ အများအသိဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာဖိအားဟာ တပ်မတော်အစိုးရလက်ထက်၊ ယခင် သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်ကထက် များစွာပိုတဲ့အခြေအနေမှာရှိပါတယ်။
နိုင်ငံတစ်နိုင်ငံကို အရေးယူဖွယ် ကိစ္စရပ်တွေကြုံလာတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် (resolution) တွေကို ချလေ့ရှိပါတယ်။ လေ့လာမိသလောက် လုံခြုံရေးကောင်စီမှာ တစ်နှစ်ကို resolution ပေါင်း ၃၀၀ ကနေ ၃၃၀ လောက်အထိ ချတယ်လို့ သိရပါတယ်။ အတော်များပြားတဲ့ ပမာဏပါ။ သို့သော် အဲဒီအထဲက တကယ်တမ်း အများအာရုံစိုက်ခံရတဲ့ resolution ပေါင်းက ၁၀ ခု ၁၅ ခုထက်မပိုပါဘူး။ အဲဒီလို အများ စောင့်ကြည့်ခံရတဲ့ resolution မျိုးချခံရဖို့ဝိုင်းဝန်းဖိအားပေးခံနေရတဲ့ နိုင်ငံတွေထဲမှာ မြန်မာပါဝင်နေတယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။
လိုရင်းကို မြန်မြန်သွားလိုက်ပါစို့။
လက်ရှိမြန်မာ့အရေးကို အရေးယူကိုင်တွယ်ဖို့အတွက် မြန်မာ့အရေးကို ICC ထံ လွှဲပြောင်းပေးဖို့ OIC နိုင်ငံအများစုက တောင်းဆိုနေတာရှိပါတယ်။ ဒါကို အများလည်း သိပြီးဖြစ်မှာပါ။ ICC အဖွဲ့ဝင်နိုင်ငံတွေဟာ ရောမပဋိဉာဉ် (Rome Statue) ကို လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။ သို့သော် အဲဒီအထဲမှာ မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိပါဘူး။ မည်သို့ပင်ဖြစ်စေကာမူ OIC နိုင်ငံများဘက်ကတော့ Rome Statue ခေါ် ရောမစာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ(ဘင်္ဂလားဒေ့ရှ်) ကို စာချုပ်ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံ (မြန်မာ) က ကျူးလွန်မှုဖြစ်တယ်လို့ ယူဆပြီး ဖြစ်စဉ်မှာ စာချုပ်ဝင်နိုင်ငံပါဝင်တဲ့အတွက် ICC က အရေးယူဆောင်ရွက်ခွင့် ရှိတယ်လို့ အထပ်ထပ်အခါခါ ပြောဆိုနေပါတယ်။ မြန်မာကလည်း မိမိတို့ဟာ ရောမစာချုပ်ဝင် နိုင်ငံမဟုတ်တဲ့အတွက် ICC က အရေးယူဖို့ အဆိုပြုချက်တွေကို အထပ်ထပ်အခါခါ ပယ်ချပြီးဖြစ်ပါတယ်။
သို့သော် တစ်ဘက်ကလည်း ဒီအခြေအနေမျိုးကို လွယ်လွယ်အလျှော့မပေးပါဘူး။ အထပ်ထပ်အခါခါ အဆိုပြုနေပါတယ်။
ကောင်းပါပြီ။ ဒီလိုအဆိုပြုမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသံလေးတွေကို တစ်ချက်နားစွင့်ကြည့်ရအောင်ပါ။ လတ်တလောမှာ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပလျက်ရှိပါတယ်။ အဲဒီညီလာခံကြီးမှာ အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး-ICC ရဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်ချက်များဆိုင်ရာ အစီရင်ခံစာကိုအပေါ် မျက်နှာစုံညီဆွေးနွေးခဲ့ရာမှာ မြန်မာနဲ့ပတ်သက်တဲ့ နိုင်ငံတကာရဲ့ အသံကိုနားစွင့်နိုင်ပါတယ်။
ကနေဒါက အဲဒီညီလာခံမှာ မြန်မာ/ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ်နေတာတွေကိုထောက်ခံကြိုဆိုခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ICC ထံ လွှဲပြောင်းပေးဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။
သို့သော် တရုတ်နိုင်ငံကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစီရင်ခွင့်ကို အလွဲသုံးစားလုပ်တာမျိုးမရှိသင့်ကြောင်း ထောက်ပြထားပါတယ်။
ရုရှနဲ့ အစ္စရေးကလည်း ရောမစာချုပ်ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံများအပေါ် ICC က တရားစီရင်ဖို့ကြိုးစားတာကို လုံးဝလက်မခံဘဲ ပယ်ချခဲ့ကြပါတယ်။ အဲဒီလိုလုပ်တာတွေဟာ တရားဥပဒေနဲ့လည်း မညီကြောင်း ထောက်ပြခဲ့ကြတာကိုတွေ့ရပါတယ်။
ကောင်းပါပြီ ဒီကိစ္စမှာ အမေရိကန်ကရော ဘာပြောသလဲ..။
သူက... “The United States objects to any attempt to assert the Court’s jurisdiction over nations that are not party to the Rome Statute, absent a Security Council referral or the consent of such a State.” လို့ အတိအကျဆိုပါတယ်။ ဆိုလိုတာက အမေရိကန်ပြည်ထောင်စုသည် သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီမှုမပါဝင်ဘဲ ရောမစာချုပ်ဝင်မဟုတ်သည့် မည်သည့်နိုင်ငံမျိုးကိုမဆို ICC သို့လွှဲပြောင်းခြင်းအားငြင်းဆိုသည်လို့ ပြောထားတာဖြစ်ပါတယ်။ ဒီလိုဆိုတာဟာ သူ့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ငဲ့ကွက်လိုခြင်းကြောင့် ဖြစ်စေ၊ သူ့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအရဖြစ်စေ ပြောကြားခြင်းဖြစ်နိုင်စေကာမူ... မိမိနိုင်ငံအတွက်တော့ တစ်ထောင့်တစ်နေရာက ထောက်ခံမှုရလိုက်တဲ့ သဘောပါပဲ။ ပြောရရင် ဒါဟာ ထရမ့်လက်ထက်မှာ လက်ရှိကျင်းပနေတဲ့ အထွေထွေညီလာခံမှာ အမေရိကရဲ့ရပ်တည်ချက်ပါပဲ။
(UN စာမျက်နှာမှာ ၂-၁၁-၂၀၂၀ ရက်နေ့က အထက်ဖော်ပြပါကိစ္စရပ်များနဲ့ ပတ်သက်တဲ့ General Assembly, Adopting Draft Upholding International Criminal Court’s Goal to End Impunity, Calls for Cooperation in Arresting Fugitives မှာဖော်ပြထားတဲ့ အချက်အလက်အသေးစိတ် ကို အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်-
https://www.un.org/press/en/2020/ga12280.doc.htm )
ဒါအပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြောကြားချက်များကိုလည်း စာသားဓာတ်ပုံများအဖြစ် စုစည်းဖော်ပြပေးလိုက်ပါတယ်။
ကဲ.... ကောင်းပါပြီ... နောက်တစ်ပိုင်းကို ဆက်သွားကြပါစို့....။
#အမေရိကန်သမ္မသစ်ဂျိုးဘိုင်ဒင်
အမေရိကန်သမ္မတသစ်ဟာ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့အတူ ဒုတိယသမ္မတတာဝန်ကို နှစ်ကြိမ်ဆက်ထမ်းဆောင်ခဲ့ဖူးသူပါ။ အသက်အားဖြင် ၇၇ နှစ်ရှိနေပါပြီ။ လွန်ခဲ့တဲ့ ဧပြီလက ဒီမိုကရက်တစ်သမ္မတလောင်း ဘာနီး ဆန်ဒါစ် နုတ်ထွက်သွားခြင်းနဲ့ အတူ ဂျိုးဘိုင်ဒင်ဟာ သမ္မတလောင်းဖြစ်ဖို့ အလားအလာအလွန်ကောင်းစွာနဲ့ ရွေးချယ်ခံခဲ့ရပြီး ယခုလည်း အမေရိကန်သမ္မတတိုင်း နှစ်ကြိမ်ဆက်တာဝန်ထမ်းဆောင်ခွင့်ရဖူးတဲ့ စံချိန်ကို ရိုက်ချိုးကာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်ဖြစ်လာခဲ့ပါတယ်။
အဲဒီလို စံချိန်ကိုချိုးပြီးသမ္မတဖြစ်ဖို့ရာ တကယ်တော့ မလွယ်တဲ့ကိစ္စပါ။ Hard Power အားကောင်းတဲ့ ထရမ့်ကိုSoft Power နဲ့ အနိုင်ယူသွားတယ်လို့ဆိုရမှာပါ။ ဘိုင်ဒင်ဟာ Black Lives Matter ကိစ္စမှာ ကွယ်လွန်သူမိသားစုထံ ဗီဒီယိုဖိုင်ပို့ပြီး သူ့ပါတီကိုယ်စား ဝမ်းနည်းကြောင်းဖော်ပြခဲ့သလို ဒေါ်နယ်ထရမ့် ကိုဗစ်ကူးခံရချိန်မှာလည်း ဝမ်းနည်းကြောင်းပြောကြားနှစ်သိမ့်ခဲ့သူပါ။ တစ်ဖက်မှာ.. အမျိုးသားအကျိုးစီးပွားကိုသာ ရှေ့ရှုမယ်လို့ဒေါင်းတင်မောင်းတင်ပြောပြီးတက်လာခဲ့တဲ့ ဒေါ်နယ်ထရမ့်မှာတော့ ကိုဗစ်ကို အာရုံမစိုက်မှု၊ ဂျီဆယ်ဗင်းမှာ နာမည်ကောင်းမရမှု၊ လူမည်းအရေးအခင်းကို မကိုင်တွယ်နိုင်မှု၊ WHO လို အရေးကြီးတဲ့ အဖွဲ့အစည်းတွေက နှုတ်ထွက်မှု၊ တရုတ်ကိုဒေသတွင်းလွှမ်းမိုးမှုတွေကိုခွင့်ပြုရစေနိုင်တဲ့ Trans-Pacific Partnerships ကနေ နှုတ်ထွက်မှု၊ ကမ္ဘာငြိမ်းချမ်းရေးကိစ္စရပ်တွေမှာအောင်မြင်မှုမရမှု၊ အီရန်စစ်ခေါင်းဆောင်ကိုသုတ်သင်မှုတို့ကြောင့် သူ့ရဲ့ခေါင်းဆောင်မှုအပေါ် သံသယဝင်ခြင်းခံခဲ့ရပြီး နောက်ဆုံးမှာ ရွေးကောက်ပွဲ ရှုံးနိမ့်ရတဲ့ အခြေအထိဆိုက်သွားပါတယ်။
ပြောချင်တာ ဘိုင်ဒင်က လူအ မဟုတ်ပါဘူး။ လူညံ့မဟုတ်ပါဘူး။ ရှေ့နေဘဝကလာတဲ့သူပါ။ ဇနီးနဲ့ သမီး ကားအက်ဆီးဒန့်ကြောင့် ပြင်းထန်တဲ့လောကဓံရဲ့ ထိုးနှက်ချက်က ရုန်းထလာတဲ့သူပါ။ အထက်လွှတ်တော်မှာ ၆ ကြိမ် အရွေးခံခဲ့ရသူပါ။ ဒုသမ္မတ နှစ်ကြိမ်ဖြစ်ခဲ့သူပါ။ အမေရိကကို စီးပွားရေးအကျပ်အတည်းကနေ အိုဗားမားနဲ့အတူ ဆွဲထုတ်ရာမှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံကောင်းရှိသူပါ။
သူနဲ့ပတ်သက်ပြီး The Diplomatic က ဘိုင်ဒင်ဟာ ပြည်တွင်းရေးရာမူဝါဒပြောင်းလဲမှုနဲ့ တရုတ်ရဲ့အင်အားကြီးထွားလာတဲ့အတွက် အာရှဒေသကိုထိတွေ့မှုတွေ ပြုလုပ်လာလိမ့်မယ်လို့ဆိုထားပါတယ်။
ဒါတွေကို အဓိက မြင်တွေ့ရမယ်လို့ဆိုပါတယ်-
(၁) ပိုမိုစည်းလုံးလာမှု၊ အတိုက်အခံနည်းမှု- ထရမ့်ရဲ့လက်ထက်မှာ သူရဲ့နိုင်ငံခြားရေးမူဝါဒဟာ အံချော်မှုတွေရှိခဲ့ပါတယ်။ အမေရိကန် အကြီးတန်းအရာရှိတွေဟာ အမေရိကန် - တရုတ်ပြိုင်ဆိုင်မှုကို လွတ်လပ်မှုနှင့် အာဏာရှင်စနစ်အကြား ကမ္ဘာလုံးဆိုင်ရာပြိုကွဲပျက်စီးခြင်း အဖြစ်သရုပ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။
ဘိုင်ဒင်ရဲ့ကာလမှာတော့ အဲသလို မတည်ငြိမ်မှုတွေ၊ ရှေ့နောက်မညီဆုံးဖြတ်ချက်တွေကို အဆုံးသတ်နိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။ အနည်းဆုံး လေးနှစ်လောက်တော့ သမ္မတရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်မှုတွေဟာ အစိုးရအဖွဲ့နဲ့ ဟန်ချက်ညီနေမယ်လို့ ဆိုပါတယ်။
(၂) သံခင်းတမန်ခင်းပိုမိုကောင်းမွန်လာမှု- အရှေ့တောင်အာရှဟာ လွတ်လပ်ပွင့်လင်းသော အင်ဒို ပစိဖိတ်မဟာဗျူဟာ၏ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည့်တိုင် ထရမ့်လက်ထက်မှာ ဒေသတွင်းသံတမန်ရေးရာဆက်ဆံမှုကောင်းမွန်ခြင်းမရှိခဲ့ဘူးလို့ The Diplomatic က ဆိုပါတယ်။ အမေရိကကြီးစိုးမှုလျော့ကျလာချိန်မှာ ထရမ့်ဟာ စီးပွားရေးပိတ်ဆို့မှု၊ ကုန်သွယ်ရေးမူဝါဒများပြောင်းလဲမှုတို့ကိုပိုမိုဆောင်ရွက်ခဲ့ခြင်းဖြင့် Soft power လည်း လျော့ကျခဲ့တဉ်လို့ဆိုပါတယ်။
ဘိုင်ဒင်ရဲ့ လက်ထက်မှာတော့ အာရှဒေသနဲ့ပတ်သက်ပြီး သူဟာ အိုဘားမားချမှတ်ခဲ့တဲ့ ပြန်လည်ထိန်းညှိရေးဆိုင်ရာမူဝါဒကို တင်းတင်းကြပ်ကြပ်အကောင်အထည်ဖော်လာလိမ့်မယ်။ အာရှရဲ့ အရေးပါတဲ့ ၊ အလွန့်အလွန်အရေးကြီးတဲ့ အစိတ်အပိုင်း/ကိစ္စရပ်တွေကို ဘိုင်ဒင်က ကိုင်တွယ်ပါလိမ့်မယ်လို့ဆိုပါတယ်။
ပြောရရင် ဘိုင်ဒင်ဟာ ဆော့ဖ်ပါဝါကောင်းသူဆိုတာထင်ရှားပါတယ်။ အရင်တုန်းက ထရမ့်လုပ်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲတွေကလည်း ရပ်သွားမှာ မဟုတ်ပါဘူး။ အထူးသဖြင့် အရှေ့တောင်အာရှကို မသိသလိုနေခဲ့တဲ့ စီးပွားရေးသမားကြီး ထရမ့်လက်ထက်မှာ မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ ဖိအားတွေ အထိုက်အလျောက်နည်းခဲ့ပေမဲ့ အရှေ့တောင်အာရှ၊ အာရှတွေကို စိတ်ဝင်စားတဲ့.... သမ္မတဟောင်း အိုဘားမားရဲ့ မူဝါဒတွေကို အသက်သွင်းလာနိုင်တဲ့ ဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ကျွန်တော်တို့ သတိမပြတ်စောင့်ကြည့်ဖို့ လိုအပ်တာသေချာလှပါတယ်။
တစ်ခုတော့ ရှိတယ်။ အရင် ထရမ့်လက်ထက်က မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေကို ပိတ်ပင်ထားတဲ့ အခွင့်အရေးအချို့လည်း ပြန်ရလာနိုင်ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲဟာလည်း ပျော့ပျောင်းပြီး ပြင်းထန်တဲ့ ရေရှည်ပြိုင်ဆိုင်မှု ဖြစ်လာနိုင်ပါတယ်။
တရုတ်အတွက်တော့ မထူးပါဘူး။ သူတို့ရဲ့ ပြိုင်ဘက်ဟာ ထရမ့်ဖြစ်စေ... ဘိုင်ဒန်ဖြစ်စေ... အဓိက က တော့ အမေရိကန်ပါပဲ။ ထရမ့်အကြောင်းကို သေချာစောင့်ကြည့်နေတာမို့ သိပြီးသားဖြစ်နိုင်သလို ဒု သမ္မတနှစ်ကြိမ်လုပ်ခဲ့ဖူးတဲ့ ဘိုင်ဒင့်အကြောင်းကိုလည်း သူတို့က လေ့လာပြီးသားဖြစ်မှာပါ။ သူတို့ ပြိုင်ပွဲမှာ ကိုယ်တွေရောယောင်မနစ်ဖို့ကြဖို့ပဲ လိုပါတယ်။
အထူးသဖြင့် ဘိုင်ဒင်ဟာ ၂၅-၁၁-၂၀၁၇ ရက်နေ့က ၎င်းရဲ့ ဖေ့ဘုတ်မှာအောက်ပါ အဓိပ္ပါယ်ရတဲ့ စာစုတစ်ခုကိုတင်ခဲ့ပါတယ်။
........နှစ်တိုင်း နိုဝင်ဘာ ၂၅ ရက်ကို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကင်းရှင်းရေးအတွက် နိုင်ငံတကာ နေ့အဖြစ် အမှတ်အသားပြုပါတယ် ။ အမျိုးသမီးတွေ၊ မိန်းကလေးတွေဟာ ကမ္ဘာရဲ့ နေရာတိုင်းမှာ မထင်မှတ်ထားတဲ့ အကြမ်းဖက်မှုဒဏ်ကို ခံစားနေရတယ်ဆိုတာ အရေးကြီးတဲ့ သတိပေးချက်တစ်ခုပဲ ။
ဒါပေမယ့် ဒါက တစ်ရက်စာအတွက် ပြဿနာတစ်ခုတင် မဟုတ်ဘူး ။ အမေရိကန်ပြည်ထောင်စုရဲ့ နေ့စဉ်နေ့တိုင်း အမျိုးသမီးသုံးဦးဟာ သူတို့ရဲ့လက်တွဲဖော်တွေကြောင့် သေဆုံးနေရပါတယ် ။ အမေရိကန်အမျိုးသမီး ၅ ယောက်မှာ တစ်ယောက်ဟာ မုဒိမ်းကျင့် ခံနေရပါတယ် ။ ကမ္ဘာ ရဲ့ အခြား အစိတ်အပိုင်းများမှာ ဒီလို အနိုင်အထက်ပြုမှုတွေကြောင့် မိန်းကလေးများကျောင်းတက်ခွင့်ဆုံးရှုံးကာ စောစီးစွာ အိမ်ထောင်ပြုမှုတွေ ဖြစ်ပွားနေပါတယ်။ အရေးယူခံရမှုလုံးဝမရှိဘဲ အမျိုးသမီးတွေကို သတ်ဖြတ်မှုတွေ ၊ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေဖြစ်ပေါ်နေပါတယ် ။ ဥပမာ အခု မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ အမျိုးသမီးတွေ မုဒိမ်းကျင့်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေ ခံနေရပါတယ် ။ ကမ္ဘာ့ခေါင်းဆောင်တွေ နောက်ပြန်မလှည့်သင့်ဘူး.
အာဏာကို အလွဲသုံးစားလုပ်တာ ဆိုးရွားတယ် ။ လိင်အကြမ်းဖက်မှုကို ပုံစံမျိုးစုံနဲ့ ရှုတ်ချပြီး ခွဲခြားဆက်ဆံမှု ၊ မညီမျှမှု ၊ ညှဉ်းပန်းနှိပ်စက်မှုတို့ရဲ့ ယဉ်ကျေးမှုတွေကို ပြောင်းလဲပစ်မှသာ ဖြစ်ပါလိမ့်မယ် ။ ဒီနေ့ အမျိုးသမီးအားလုံးရဲ့ အခွင့်အရေးကို ပြန်လည်အတည်ပြုပြီး အသက်အန္တရာယ်ကင်းရှင်းအောင် ဦးဆောင်ပြီး သူတို့ရဲ့ အလားအလာအပြည့်အဝရရှိနိုင်ဖို့ ကျွန်တော်တို့ ပြန်လည်ကြိုးပမ်းရပါမယ်........
ဒီစာသားများကို ဖတ်ရှုခြင်းဖြင့် ထရမ့်လက်ထက်က မြန်မာဆိုတာတောင် လုံးဝမသိခဲ့တဲ့ အခြေအနေကနေ ဘိုင်ဒင့်လက်ထက်မှာတော့ မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ အာရှနိုင်ငံများဆီ.... မျက်စေ့ဒေါက်ထောက် ကြည့်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်...။ ကောင်းတဲ့အချက်က အဲလို မျက်စေ့ဒေါက်ထောက်ကြည့်ခြင်းအားဖြင့်လည်း ကျွန်တော်တို့ နိုင်ငံရဲ့ ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုလာနိုင်ဖွယ်လည်းရှိပါတယ်။
( ဘိုင်ဒင့်ရဲ့ မူရင်းပိုစ့်ရဲ့ Screen Shot နဲ့ မူရင်း ပို့စ်ရဲ့ လင့်ခ်ကို ဖော်ပြလိုက်ပါတယ်...
https://web.facebook.com/joebiden/posts/10154826525396104?_rdc=1&_rdr )
ကောင်းပါပြီ...
အထက်ဖော်ပြပါအချက်များကို ကိုးကားတွက်ဆပြီး ကျွန်တော်တို့ အောက်ပါအချက်များကိုတွက်ဆသုံးသပ်ကြည့်ရအောင်ပါ-
(၁) ကုန်သွယ်ရေးစစ်ပွဲဟာ ဟောဟောဒိုင်းဒိုင်းမဟုတ်ဘဲ တအိအိနဲ့ အချိန်ကြာကြာဆက်ဖြစ်လာဖွယ်ရှိပါတယ်။
(ဒီနေရာမှာ ကျွန်တော်တို့က တရုတ်နာပါစေ... အမေရိကနာပါစေဆိုပြီး ဆုတောင်းလို့မဖြစ်ပါဘူး။ သူတို့ ကမ္ဘာ့နိုင်ငံကြီးတွေ ဟန်ချက်ညီဖို့ လိုပါတယ်။ သူတို့က ဦးနဲ့ပဲ့ကနေ လှော်နေကြတာပါ။ ကျွန်တော်တို့က လှေကြုံစီးတာပဲ။ သူတို့ချင်းချလို့လှေမှောက်ရင် ကျွန်တော်တို့က အရင်နစ်ပါလိမ့်မယ်)
(၂)ဘိုင်ဒင်ဟာ အိုဘားမားရဲ့ “pivot” သို့မဟုတ် “rebalance” မူဝါဒကို လုံးဝကိုင်စွဲပြီး အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံများထံ ဩဇာဖြန့်ကျက်ဖို့ဆောင်ရွက်လာဖွယ်ရှိပါတယ်။
(၃)ဒေါ်နယ်ထရမ့်လက်ထက်ကလိုပဲ ကုလသမဂ္ဂနဲ့ပတ်သက်တဲ့မူဝါဒ အချို့ကိုဆက်လက်ကိုင်စွဲဖို့မျှော်လင့်ရပါ တယ်။ မူဝါဒအချို့ကို ပြောင်းလဲမယ်ဆိုရင်တော့ မြန်မာအရေးကို ဘေးတီးချင်တဲ့နိုင်ငံများအတွက် အကွက်ကောင်းဆိုက်နိုင်တာမို့ ဒါကို အထူးသတိထားရမယ့် သဘောရှိပါတယ်။
(၄) ဘယ်လိုပဲဖြစ်ဖြစ်အနောက်တံခါးပြဿနာမှာ အမေရိက ပိုပြီးပါဝင်လာနိုင်တဲ့ အခြေအနေရှိလာတာကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။
(၅)အမေရိကမှာနေတဲ့ မြန်မာများအတွက်တော့ ထရမ့်လက်ထက်ကထက်ပိုပြီး အသက်ရှူချောင်ဖွယ်ရှိပါတယ်။
ကဲ... Hard power ကနေ Soft power ကို ရုတ်တရက်ကူးပြောင်းပြီး အရှေ့တောင်အာရှနိုင်ငံများဆီ ချဉ်းကပ်လာဖွယ်ရှိတဲ့ ဂျိုးဘိုင်ဒင်လက်ထက် အမေရိကရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပြည်တွင်းရေးရာမူဝါဒများကို ဆက်လက်စောင့်ကြည့်ကြပါစို့လားဗျာ။
အောင်ဇော်မိုး
ည ၁၁၁၇ နာရီ၊ ၉ နိုဝင်ဘာ ၂၀၂၀ တနင်္လာ
ကိုးကား
General Assembly, Adopting Draft Upholding International Criminal Court’s Goal to End Impunity, Calls for Cooperation in Arresting Fugitives, GA/12280, 2 NOVEMBER 2020
What Would a Biden Administration Mean for Southeast Asia? By Sebastian Strangio, The Diplomat, November 03, 2020
Joe Biden’s page