02/01/2026
Happy Mother's Day🤰💐
အမေများနေ့အတွက် ကျွန်မတို့ရဲ့ ကလေးလေးတွေ မျက်မှောင်လေးတွေကုတ်၊ နှုတ်ခမ်းလေးတွေစူပြီး မေမေ့အတွက် အာရုံစိုက် ဖန်တီးနေကြပုံလေးတွေ။ဖန်တီးထားတဲ့ လက်ရာလေးတွေကိုမေမေတို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ 🌸🏫
25/12/2025
🖍️ စာမရေးတတ်သေးလည်း မေမေဖေဖေရဲ့အကူအညီနဲ့ Santa ဖိုးဖိုးဆီ "စာပါး" ကြရအောင်။🎄
ဒီအရွယ် သားသားမီးမီးတို့က စာမရေးတတ်သေးပေမယ့် လိုချင်တာတွေကတော့ စုံလို့ပါပဲ။ 😆
ကားလိုချင်တယ်၊ မုန့်လိုချင်တယ်၊ Blind box ဖောက်ချင်တယ်... စသဖြင့် သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ဆန္ဒလေးတွေကို Santa ဖိုးဖိုးကြီးဆီ ရောက်အောင် ပို့ပေးဖို့က မေမေဖေဖေတို့ တာဝန်ပါပဲ။
မေမေဖေဖေတို့က Santa ရဲ့ PA အဖြစ် ကူညီပေးရင်း သူတို့လေးတွေ ဘာလိုချင်လဲဆိုတာ အဖြေထုတ်ရင်း Christmas မှာအမှတ်တရ အချိန်လေးဖန်တီးကြရအောင်။
🎨 (၁) လိုချင်တာကို ပုံဆွဲပြခိုင်းပါ
"Dear Santa, သားသား ကားလိုချင်တယ်" လို့ စာမရေးတတ်ရင် ကားပုံလေး ဆွဲခိုင်းလိုက်ပါ။ စက်ဝိုင်းမပီ၊ လေးထောင့်မပီ ပုံလေးတွေကမှ ပိုပြီး အနုပညာမြောက်တာနော်။
✂️ (၂) Art and craft
လိုချင်တဲ့ အရုပ်ပုံလေးတွေကို ညှပ်ပြီး စာရွက်ပေါ်မှာ ကော်နဲ့ကပ်ခိုင်းပါ။ "ဒီနှစ်အတွက် Wish List" ဆိုပြီး ခေါင်းစဉ်တပ်ပေးလိုက်ရင် သိပ်လှနေမှာ။
🗣️ (၃) မေမေဖေဖေက "စာရေးသူ" လုပ်ပေးပါ
ကလေးကို မေးခွန်းမေးပြီး သူဖြေတာကို မေမေဖေဖေက လိုက်ရေးပေးပါ။
• "Santa ကို ဘာပြောချင်လဲ"
• "ဒီနှစ် သားသားက ဘယ်လို လိမ္မာခဲ့တာလဲ"
သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အဖြေလေးတွေကို ချရေးထားတာက နောင် နှစ်တွေကြာတဲ့အခါ ပြန်ဖတ်ကြည့်ရင် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ ဖြစ်နေမှာပါ။ 🥰
မေမေဖေဖေတို့ရေ...
ဒီအရွယ်မှာ အရေးကြီးတာက စာလုံးလှဖို့ မဟုတ်ဘဲ သူတို့ရဲ့ စိတ်ကူးလေးတွေကို လွတ်လပ်စွာ ဖော်ပြခွင့်ရဖို့ပါပဲ။ ကလေးဆွဲထားတဲ့ ပန်းချီကားလေးတွေ၊ပုံလေးတွေကို Santa ဖိုးဖိုးကြီး မြင်အောင်လို့ မြင်သာတဲ့နေရာလေးမှာကပ်ထားပေးနော်။ပြီးရင် သားသားမီးမီးတို့ လိုချင်တာတွေအားလုံးကို Santa ကိုယ်စား မေမေဖေဖေတို့က ဝယ်ပေးပါလို့ ကလေးတို့အစား တီချယ်ကပူဆာပေးလိုက်ပါတယ်နော်။😉🎅
#
24/12/2025
May your home be filled with joy and love.🏠❤️
သားသားမီးမီးတို့ရဲ့ အပြုံးလေးတွေကနေတဆင့် အိမ်တိုင်းဆီကို ပျော်ရွှင်ခြင်းတွေ ကူးစက်ပါစေ။
23/12/2025
Santa မလာခင် ဆရာမတို့က အရင်ပြင်ဆင်ထားလိုက်ပြီနော်။ မနက်ဖြန် ပျော်ရွှင်စရာ Christmas Party မှာ တွေ့ကြမယ် ကလေးတို့ရေ... 🔔🎶
21/12/2025
မေမေဖေဖေတို့ရေ စနေ၊ တနင်္ဂနွေ နားရက်ပြီးလို့ တနင်္လာနေ့မနက် ရောက်ပြီဆိုတာနဲ့ ကျောင်းမသွားချင်ဘူး လို့ ဂျီကျတတ်တဲ့ သားသားမီးမီးတွေ အိမ်မှာရှိလား။
လူကြီးတွေတောင် တနင်္လာနေ့ဆို ရုံးတက်ရမှာ ပျင်းရိတတ်ကြသလို ကလေးတွေအတွက်လည်း အိမ်မှာ လွတ်လပ်စွာ ဆော့ကစားပြီးမှ စည်းကမ်းတွေရှိတဲ့ ကျောင်းကို ပြန်သွားရမှာမို့ စိတ်ဖိစီးမှု အနည်းနဲ့အများ ရှိတတ်ကြပါတယ်။
ဒါကြောင့် မနက်ဖြန် ကျောင်းဖွင့်ရက်မှာ ကလေးကို စိတ်ပျော်ရွှင်တက်ကြွစွာနဲ့ ကျောင်းသွားချင်စိတ် ဖြစ်လာအောင် ဒီည အိပ်ရာမဝင်ခင် ဒီမေးခွန်း (၃) ခုကို မေးကြည့်ပေးပါနော်။ 👇
(၁) မနက်ဖြန် ကျောင်းရောက်ရင် ဘယ်သူငယ်ချင်းနဲ့ အရင်ဆုံး ဆော့မလဲ🤼♂️
(ကလေးတွေ ကျောင်းသွားရမှာကို ကြောက်တာက စာလုပ်ရမှာ/ငြိမ်ငြိမ်နေရမှာ ကို တွေးမိလို့ပါ။ ဒီမေးခွန်းက သူတို့ရဲ့ အာရုံကို ကစားရခြင်း နဲ့ သူငယ်ချင်းတွေဆီ လွှဲပြောင်းပေးလိုက်ပါတယ်။ သူငယ်ချင်းနဲ့ ဆော့ရမယ့် ပုံရိပ်ကို တွေးမိပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။)
(၂) ကျောင်းက ဆရာမကို ဘာအကြောင်း ပြန်ပြောပြချင်လဲ👩🏫
(စနေ၊ တနင်္ဂနွေမှာ မိသားစုနဲ့ ဘယ်သွားခဲ့တယ်၊ ဘာကစားခဲ့တယ်ဆိုတာကို ဆရာမကို ပြန်ပြောပြချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်ပေးတာပါ။ ကလေးတွေက ကိုယ့်အကြောင်း ပြောပြရတာကို သဘောကျကြပါတယ်။ ဒီလိုမေးလိုက်ရင် မနက်ဖြန်ကျောင်းသွားပြီး ဆရာမကို စကားပြောဖို့ စိတ်အားထက်သန်သွားတတ်ကြပါတယ်။)
(၃) သားသား/မီးမီး လွယ်အိတ်ထဲမှာ ဘာမုန့်လေး ထည့်ပေးလိုက်ရမလဲ🍪🧃
(ကလေးတွေကို ရွေးချယ်ခွင့် ပေးလိုက်တာက သူတို့ကို လူကြီးလူကောင်းလေးတွေလို ခံစားရစေပါတယ်။ ပြီးတော့ ကျောင်းမုန့်စားချိန်မှာ သူကြိုက်တဲ့မုန့်လေး စားရမယ်ဆိုတဲ့ မျှော်လင့်ချက် က ကျောင်းသွားချင်စိတ်ကို အထောက်အကူပြုပါတယ်။)
ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ ကျောင်းကို ယုံကြည်မှုရှိရှိ သွားချင်စိတ်ဖြစ်ပေါ်လာစေဖို့က ဆရာမတို့အတွက်ရော မေမေဖေဖေတို့အတွက်ပါ အရေးအကြီးဆုံးအရာ ဖြစ်ပါတယ်။
မနက်ဖြန် မနက်ခင်းလေးမှာ မေမေဖေဖေတို့အော်ဟစ်ဆူပူစရာမလိုဘဲ သားသားမီးမီးတို့ အပြုံးလေးတွေနဲ့ ကျောင်းသွားနိုင်ပါစေ။ 💛💛
20/12/2025
ဒီနေ့တော့ သားသားမီးမီးတို့ဖတ်ဖို့ ပုံပြင်လေးတစ်ပုဒ်လက်ဆောင်ပေးလိုက်တယ်နော်။❤️
ဖေဖေမေမေတို့ရေ...
ကလေးတွေဟာ တစ်ခုခုလုပ်လို့ အဆင်မပြေတဲ့အခါ (ဥပမာ - အရုပ်ဆက်မရတာ၊ မုန့်ဖောက်မရတာမျိုး) ငိုယိုပြီး စိတ်တိုတတ်ကြပါတယ်။
ဒီနေ့တင်ပေးလိုက်တဲ့ "🐜 ပုရွက်ဆိတ်ကလေးများ၏ စည်းလုံးခြင်း" ပုံပြင်လေးထဲမှာ
တိုတိုလေးဟာ သကြားခဲကြီးကို မနိုင်တဲ့အခါ
❌ ထိုင်မငိုပါဘူး။
❌ စိတ်ပျက်ပြီး လှည့်မပြန်ပါဘူး။
❌ ဒေါသထွက်မနေပါဘူး။
✅ သူချက်ချင်း နည်းလမ်းရှာ ပါတယ်။ သူ့ဦးမှင်လေးကို လှုပ်ပြီး အကူအညီတောင်းခဲ့ပါတယ်။
ဒါကြောင့် ဒီပုံပြင်လေးပြောပြရင်း ကလေးကို ဒီလိုလေး လည်းသင်ပေးနိုင်ပါတယ်။
"သား/သမီးရေ တစ်ခုခုလုပ်မရရင် ငိုစရာမလိုဘူးနော်။ တိုတိုလေးလိုပဲ ဦးနှောက်ကို အလုပ်ပေးပြီး နည်းလမ်းရှာရအောင်၊ မရရင် ဖေဖေမေမေကို ကူညီပါလို့ ပြောနော်" ဆိုပြီးတော့ပါ။
ကလေးကို အခက်အခဲကြုံရင် ငိုမဲ့အစား နည်းလမ်းရှာတတ်တဲ့ အလေ့အကျင့်လေး ဒီပုံပြင်ကနေ စတင်
ပျိုးထောင်ပေးနိုင်ပါတယ်။
#ပုံပြင် #ကလေးပုံပြင်
18/12/2025
"မေမေက တစ်ယောက်တည်း ငိုနေလို့တဲ့..."
ဒီနေ့မနက် ကလေးလေးတစ်ယောက်ရဲ့ မေးခွန်းကြောင့် ရင်ထဲ နင့်ခနဲ ဖြစ်သွားရတယ်။
"တီချယ်... လူကြီးတွေရော ငိုလို့ရလားဟင်" တဲ့။
သူ့မျက်လုံးလေးတွေထဲမှာ စူးစမ်းမှုတွေ၊ သနားကြင်နာမှုတွေအပြည့်နဲ့ ကျွန်မကို မေးရှာတယ်။ ဘာလို့လဲလို့ ပြန်မေးလိုက်တော့မှ "မေမေက တစ်ယောက်တည်း ငိုနေလို့တဲ့လေ" ဆိုတဲ့ အဖြေလေး ပြန်ကြားရတယ်။
ကျွန်မတို့ လူကြီးတွေက ကလေးတွေရှေ့မှာ အမြဲတမ်း သန်မာချင်ယောင်ဆောင်တတ်ကြတယ်လေ။ "မငိုရဘူးနော်... သားသားက ယောကျာ်းလေးပဲ"၊ "တိတ်.. မီးမီးက လိမ်မာတယ် မငိုရဘူး" ဆိုပြီး သင်ပေးခဲ့ကြတာကိုး။ ဒါပေမဲ့ တကယ်တမ်းကျတော့ လူကြီးတွေမှာလည်း ဝမ်းနည်းစရာတွေ ရှိတာပေါ့။ ပင်ပန်းတဲ့အခါ မျက်ရည်ကျချင်တာပေါ့။
ဒီနေ့တော့ ကလေးလေးကို ခေါင်းလေးပုတ်ပြီး ကျွန်မ အမှန်တိုင်းပဲ ဖြေလိုက်ပါတယ်။
"ရတာပေါ့ သမီးရဲ့... လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ဝမ်းနည်းရင် ငိုလို့ရတယ်။ ငိုပြီးရင်တော့ မျက်ရည်သုတ်ပြီး ပြန်ပြုံးကြရတာပေါ့" လို့။
သားသားမီးမီးတို့ကို သင်ပေးချင်တာက "ငိုတာဟာ အားနည်းတာ မဟုတ်ဘူး၊ ခံစားချက်ရှိတာ" ဆိုတဲ့ အရာလေးပါပဲ။
ဒါကြောင့် မေမေတို့ရေ... ကလေးရှေ့မှာ မတော်တဆ ငိုမိတဲ့အခါ "အမေ ဘာမှမဖြစ်ပါဘူး" လို့ လိမ်မပြောပါနဲ့နော်။ "အမေ နည်းနည်းဝမ်းနည်းနေလို့ပါ၊ ခဏနေရင် သက်သာသွားမှာပါ" လို့ ပြောပြပေးပါ။ ဒါဟာ ကလေးတွေကို Emotional Intelligence မြင့်မားစေတဲ့ လက်တွေ့သင်ခန်းစာပါပဲ။ လူကြီးတွေလည်း ဝမ်းနည်းတတ်တယ်၊ ဒါပေမဲ့ ပြန်ပြီး သန်မာလာအောင် ကြိုးစားလို့ရတယ်ဆိုတာကို ငယ်ငယ်ကတည်းက နားလည်လက်ခံနိုင်အောင် သင်ပေးကြရအောင်လား။ ❤️
#ကလေးပြုစုပျိုးထောင်ရေး #မိဘနှင့်ကလေး #စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
15/12/2025
ကျွန်မတို့ကျောင်းရဲ့သတင်းထောက်လေးများ စနေ၊တနင်္ဂနွေ အိမ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဆရာမတို့က မမေးရပါဘူး။ အခန်းထဲဝင်လာတာနဲ့ အိတ်တောင်မချသေးဘူး။
👧 'တီချယ်... မနေ့က မေမေက ဖေဖေ့ကိုစိတ်ဆိုးတာ' ဆိုတာက စလို့...
"မေမေက ဖုန်းရှေ့မှာကနေလို့ ဖေဖေက ပြောတယ် မေမေ ရူးနေပြီတဲ့" (TikTok ရိုက်တာကို ပြောတာပါ 🤣)ဆိုတာအထိ...
အတင်းတုပ်တာလည်း မဟုတ်ဘူး၊ တိုင်တာလည်း မဟုတ်ဘူးနော်။ သူတို့လေးတွေရှေ့ ဖုံးကွယ်ထားလို့ကို မရကြတာပါ။ 🤣
ဒါကြောင့် မေမေဖေဖေတို့ရေ... Weekend မှာ သတိထားနေထိုင်ကြပါလို့ သတင်းကောင်းပါးလိုက်ပါရစေရှင်။ ကလေးတို့သတင်းဌာနက အချိန်မရွေး ထုတ်လွှင့်သွားနိုင်ပါတယ်နော်။