20/02/2023
Mya Nandar Federal School ၏
Batch 2 ကျောင်းအပ်နှံခြင်း
ကျောင်းသားတစ်ဦးလျှင် တစ်ကြိမ်သာ ဖြည့်သွင်းရမည်ကို သတိပြုစေချင်ပါသည်။
ကျောင်းတက်ခွင့်ရရှိပါက ကျောင်းအပ် form တွင်ဖြည့်သွင်းသွားသော Telegram Phone number (သို့) Telegram User Name (သို့ ) Mail များသို့ဆက်သွယ်အကြောင်းကြားပါမည်။
ကျောင်းအပ် form ဖြည့်သွင်းရာတွင်လွယ်ကူနိုင်စေရန် သက်ဆိုင်ရာအတန်းအလိုက် ရွေးချယ်နိုင်ရန် စီစဉ်ပေးထားပါသည်။
မိမိ အမှန်တကယ် တက်ရောက်မည့် အတန်းကိုသာ ရွေးချယ်ဖြည့်သွင်းပေးဖို့သတိပြုပါ။
-----------------------
Forms
KG to Grade 11
https://forms.gle/uhu53G8zTM5jg5qe8
-------------------------------
Our Telegram Channel
https://t.me/mndfschool
28/10/2022
#စာသင်ကျောင်းတွေမှာနာမည်ကောင်းထွက်တဲ့ဆရာအများစုမှာတွေ့ရတဲ့လက္ခဏာ (၅)ချက်
ဆရာတစ်ယောက်ကျောင်းမှာ နာမည်ကောင်းထွက်ဖို့ဆိုတာဟာ စာသင်ကောင်းရုံ တပည့်တွေစာမေးပွဲမှာ ရလဒ်ကောင်း နဲ့ အောင်ရုံနဲ့ မရပါဘူး။သူတို့ရဲ့ စာသင်နည်း၊ သဘောထားတွေ အပြင် သူတို့ရဲ့ စိတ်ဓာတ်တွေပေါ်မှာလည်း မူတည်ပါသေးတယ်။ ဆရာတိုင်းဟာ ကိုယ့်တစ်ပည့်တွေကို တော်စေချင် တတ်စေချင်သူတွေချည်းပါ။ ဒါပေမဲ့ ကိုယ်သင်တဲ့ နည်းစနစ်ဟာ ကလေးတွေနဲ့ မကိုက်ညီဘူးဆိုရင် ကလေးရဲ့ ချစ်မြတ်နိုးမှု ကို အပြည့်အဝ ရနိုင်မှာ မဟုတ်သေးပါဘူး။ကိုယ်ဟာ ကလေးတွေ အပေါ်မှာ တကယ်စေတနာထား သင်ပေမဲ့ ထင်သလောက် အောင်မြင်မှု မရတာတွေ ဖြစ်တတ်ပါတယ်။ စာသင်တဲ့ အလုပ်မှာ အောင်မြင်ဖို့ ဆိုတာဟာ ကျွန်တော်တို့ ဆရာတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီအောက်က လက္ခဏာ ၅ရပ်က အောင်မြင်နေတဲ့ ဆရာတွေမှာ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
၁။ #စိတ်အားထက်သန်ခြင်း
ကျွန်တော်တို့ဆရာတွေဟာ ကိုယ်လုပ်နေတဲ့ စာသင်တဲ့ အလုပ်မှာ တကယ်ချစ်မြတ်နိုးမှု မရှိသရွေ့ အောင်မြင်ဖို့ဆိုတာဟာလည်း မဖြစ်နိုင်ပါဘူး။ကိုယ်သင်ရတဲ့ အတန်း ကိုယ်သင်ရတဲ့ ဘာသာရပ် ကိုယ်သင်တဲ့ အကြောင်းအရာပေါ်မှာ ဆရာဟာ လုံးဝ စိတ်ပါဝင်စားမှု ရှိဖို့လို့ပါတယ်။ ဆရာကိုယ်တိုင်က ကိုယ်သင်ရတဲ့ အတန်း ၊ဘာသာရပ် ၊အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု မရှိရင် အရေးမကြီးသလို သဘောထားရင် အသင်ခံရတဲ့ ကလေးတွေဟာလည်း ဆရာ့လို လိုက်လုပ်မှာပါ။ဆရာဟာ ကိုယ်သင်တဲ့ အကြောင်းအရာတိုင်းကို လုံးဝ မြတ်နိုးပြပြီး ဘယ်လို အရေးကြီးကြောင်း ဘယ်လိုအသုံးဝင်ကြောင်း တွေကို ပြောပြနိုင်ရင် ကလေးတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရမှာပါ။ ကိုယ်ကိုယ်တိုင် စိတ်အားထက်သန်မှုကို ကလေးတွေ မြင်အောင်ပြဖို့ လိုတာပါ။ ဒါကိုကလေးတွေ မြင်လာတဲ့အခါမှာ ဆရာလိုပဲ စိတ်အားထက်သန်မှုတွေ ရှိလာပြီး သင်ရတဲ့ အကြောင်းအရာ ဘာသာရပ်တွေကိုပါ စိတ်ဝင်လာမှာ သေချာပါတယ်။
၂။ #တီထွင်နိုင်ခြင်း
ကျောင်းသားတွေဟာ ပျင်းဖို့ကောင်းတဲ့ သင်ခန်းစာတွေကို ဂိမ်းတွေအဖြစ်၊ကာလာစုံသင်ထောက်ကူတွေနဲ့ စိတ်ဝင်စားအောင် ပြောင်းလဲ သင်ပေးနိုင်တဲ့ ဆရာတွေကို တအားချစ်ကြပါတယ်။ကလေးတွေကို တတ်မြောက်မှု စစ်ဆေးဖို့ မေးခွန်းမေးရာမှာတောင် တီထွင်နိုင်တဲ့ဆရာက ကလေးတွေ မေးခွန်းဖြေနေရတယ်လို့ မထင်ဘဲ ပါဝင်ဆွေးနွေးနေရတယ်၊ ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ ကစားနေရတယ်လို့ ထင်အောင် တီထွင်နိုင်ကြပါတယ်။ဆရာတစ်ယောက်က သင်ခန်းစာ တစ်ခုကို ရိုးရိုးရှင်းရှင်းနဲ့ ကလေးနားလည်အောင် သင်နိုင်ရင် အဲ့ဆရာကို စာသင်တော်တယ်လို့ ပြောနိုင်ပေမဲ့ ကလေးတွေက စာသင်တာ အရမ်းတော်တယ်လို့ မသတ်မှတ်သေးပါဘူး။ ဒါကြောင့် ဆရာတွေဟာ ကိုယ်သင်မဲ့ သင်ခန်းစာအတွက် ကလေးနားလည်ဖို့နဲ့ စိတ်ဝင်စားဖို့သင်နည်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။
၃။ #လိုက်လျောညီထွေရှိခြင်း
အောင်မြင်နေတဲ့ ဆရာတော်တော်များများဟာ ကလေးတွေကို နားလည်ပေးနိုင်တယ်။ ကလေးတွေနဲ့တရင်းတနှီးရှိတယ်။ ကလေးတွေနဲ့ တသားတည်းရှိပြီး ကလေးတွေ ဘက်ကနေတွေးပေးနိုင်တာကို တွေ့ရမှာပါ။ ကိုယ်သင်တဲ့ အကြောင်းအရာကို ကလေး နားလည်နိုင်၊မနိုင်ကို တွေးသိနိုင်ရုံမက ကလေးရဲ့ စိတ်အခြေအနေ ကလေးရဲ့ ပြဿနာတွေကိုပါ နားလည်ပြီး ကလေးနဲ့ လိုက်လျောညီထွေရှိတာကို တွေ့ရမှာပါ။
၄။ #ပေါင်းစပ်နိုင်ခြင်း
ပညာသင်တယ်ဆိုတာ ကလေးတွေ နောင်တစ်ချိန် လူ့ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ချော့ချော့မွေ့မွေ့နေနိုင်ဖို့ကို ရည်ရွယ်တာဖြစ်တယ်။ ဒါကြောင့် သင်ယူရတဲ့ အကြောင်းအရာတွေဟာပတ်ဝန်းကျင်က အကြောင်းအရာတွေနဲ့ ပတ်သက်နေပါတယ်။ ဒါကြောင့် ဆရာဟာ မိမိသင်တဲ့ အကြောင်းအရာတွေဟာ ကလေးတွေရဲ့ ပတ်ဝန်ကျင်မှာ အသုံးဝင်ကြောင်း၊ အရေးပါကြောင်း သိလာစေရန် သင်ခန်းစာနဲ့ ပတ်ဝန်ကျင်ကို ပေါင်းစွမ်းနိုင်စွမ်း ရှိရပါတယ်။ ဒီလို ပေါင်းစပ်ပေးနိုင်တာဟာ ကလေးရဲ့ စိတ်ဝင်စားမှုကို ရရှိရုံမက ကလေးတွေ သင်ခန်းစာကို မှတ်မိလွယ်တဲ့အတွက် အောင်မြင်တဲ့ ဆရာဖြစ်ဖို့ အထောက်အကူဖြစ်ပါတယ်။
၅။ #ချိတ်ဆက်နိုင်ခြင်း
အောင်မြင်တဲ့ ဆရာတွေဟာ သင်ခန်းစာတွေကို ကလေးတွေရဲ့ သင်ပြီးသား အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ ကလေးတွေရဲ့ ရှိပြီးသား အသိသညာကို လစ်လျူရှုထားလို့မရပါဘူး။ ရှိပြီးသား အသိသညာ နဲ့ ချိတ်ဆက်ပေးနိုင်မှသာ ကလေးသင်ကြားပြီးခဲ့တဲ့ အကြောင်းအရာကို ပြန်ဖော်ထုတ်ပေးရုံသာမက သင်ကြားနေတဲ့ သင်ခန်းစာကို နားလည်ပြီး ခိုင်မြဲ နေစေပါတယ်။ရှိပြီးသား အသိသညာနဲ့ ချိတ်ဆက်ရာမှာ သင်ခန်းစာဟောင်းကို မိမိအာဘော်နဲ့ ပြန်လည် သုံးသပ်သင်ကြားပေးခြင်းဖြင့် အခြေခံအားနည်းတဲ့ ကလေးတွေကိုပါ ဆွဲခေါ်ရာ ရောက်ပါတယ်။
ဒီအချက်တွေဟာ အခြေခံကျောင်းမှာ အောင်မြင်နေတဲ့ ဆရာအများစုမှာ တွေ့ရတဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ ဒါတွေအပြင် ဒီပြင်လက္ခဏာရပ်တွေလည်း ရှိနိုင်ပါသေးတယ်။
ဆရာ၊ဆရာမများ အားလုံး မိမိရဲ့ စာသင်တဲ့ အလုပ်ပေါ်မှာ အောင်မြင်မှု ရရှိပြီး အောင်မြင်မှုကို ဆက်လက် ထိန်းထားနိုင်ဖို့ ရည်ရွယ်လျက်..........
Teacher Goals in Myanmar
Aung Htoo Thit