12/04/2021
ကလေးတွေ ကိုယ့်ကိုကိုယ် အမြင်ကောင်းအောင် လေ့ကျင့်ပျိုးထောင်ပေးနည်း
**** ကလေးတွေ ကိုယ့်ကိုကိုယ်အမြင် ကောင်း အောင် ကျင့်ပေးနည်း****
- ကလေးတွေအပါအဝင် လူတိုင်း ကိုယ့်က်ိုကိုယ် အမြဲ သိစိတ်ကရော မသိစိတ်ကပါ သုံးသပ်နေတတ်တယ်။ သုံးသပ်မှု အနည်းနဲ့ အများတော့ကွာတတ်ပါတယ်။ "ငါဘယ်လိုလူလဲ" "ငါဘယ်လောက်ကောင်းလဲ" ဆိုတာ ကိုယ်ကိုကိုယ် မေးခွန်းထုတ်တတ်တယ်။ အဓိကကတော့ "ငါ့ကိုယ်ငါ ဘယ်လိုမြင်သလဲ" ဆိုတာနဲ့၊ "ငါ့ကိုယ်ငါ ပြန်ပြီး သူငယ်ချင်းမိတ်ဆွေဖွဲ့ရရင် ကြိုက်ပါ့မလား" ဆိုတဲ့ အချက်တွေပါပဲ။
- ကိုယ့်ကိုကိုယ် အမြင်ကောင်းခြင်း ဟာ ကိုယ့်ကိုကိုယ် ယုံကြည်ခြင်းနဲ့ ကွာပါတယ်။
- ကိုယ့်ကိုကိုယ် ယုံကြည်ခြင်း ဆိုတာက တခုခုလုပ်တဲ့ အခါမှာ အောင်မြင်မှုရဖို့ လိုတဲ့ အရည်အချင်းတွေ ကိုယ့်မှာ ရှိတယ်လို့ ယုံကြည်ခြင်းဖြစ်ပါတယ်။
- ကိုယ့်ကိုကိုယ် အမြင်ကောင်းခြင်းကတော့ အချိန်တိုင်းလိုမှာ "ငါကလူကောင်းတယောက်" "ငါ့ကိုယ်ငါ ကြိုက်တယ်" ဆိုတဲ့ အမြင်ရှိနေခြင်းပါပဲ။
- ကိုယ့်ကိုကိုယ် အမြင် "ကောင်း" လာရင် ကလေးက "ငါတော်တယ်" "ငါလုပ်တတ်တယ်" ဆိုတဲ့ စိတ်ဓာတ် က အလိုအလျှောက် ပါလာတတ်သလို၊ အဲဒီ တော်စိတ်၊တတ်စိတ်၊ကိုယ့်ကိုကိုယ် ယုံကြည်စိတ် ရလာအောင် လုပ်ရတာ မခက်ခဲတော့ပါ။
- ကိုယ့်ကိုကိုယ် အမြင် "ကောင်း" တဲ့ ကလေးဟာ
• သူ့ကို သူများတွေက လဲ နှစ်သက်တယ်၊ လက်ခံတယ် လို့ ခံစားနေရတဲ့ ကလေးမျိုးဖြစ်တယ်။
• ကိုယ်လုပ်နေတာ ကို မှန်တယ်၊ အောင်မြင်မယ် လို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့ ကလေးမျိုးဖြစ်တယ်။
• ကိုယ်လုပ်နိုင်တာ အတွက် ကျေနပ်ဂုဏ်ယူတတ်တဲ့ ကလေးမျိုးဖြစ်တယ်။
• သူ့အကြောင်းသူပြောရင် (သို့) တွေးရင် ကောင်းတာတွေကို များများမြင်တတ် ၊တွေးတတ် တဲ့ ကလေးမျိုးဖြစ်တယ်။
• ကိုယ်လုပ်ချင်တဲ့ အရာကို ရဲရင့်စွာ စလုပ်ရဲ၊ ပြီးမြောက်အောင် ဇွဲရှိတတ်တဲ့ ကလေးမျိုး ဖြစ်တယ်။
- ဘာလို့လဲဆို ကိုယ့်ကိုကိုယ် အမြင် "ကောင်း" တော့ အဲဒီ ကလေးဟာ ကစားနည်းဆိုလဲ အသစ်တွေ စမ်းကြည့်ချင်စိတ်ပိုများတယ်။ သူငယ်ချင်းဆိုလဲ အသစ်ဖွဲ့ဖို့ လွယ်ကူတတ်တယ်။ တခုခုလုပ်ရင်လည်း သူတို့ရဲ့ အားကုန် အစွမ်းကုန် ကြိုးစားလိုကြတယ်။ အမှားလုပ်မိရင်လည်း အထိအခိုက်အရမ်း မများပဲ နောက်တခါပြန်ကြိုးစားဖို့ ဝန်မလေးတတ်ဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် အမြင် "ကောင်း" ခြင်းဟာ အဲ့ဒီကလေးကို အိမ်မှာရော၊ ကျောင်းမှာရော သူငယ်ချင်းတွေကြားမှာ ပါ အထောက်အကူဖြစ်စေပါတယ်။
- ကိုယ့်ကိုကိုယ် အကောင်းမြင်စိတ် နဲ တဲ့ ကလေးကတော့
• ကိုယ့်ကိုကိုယ် အပြစ်မြင်စိတ်များတတ်တယ်။
• သူ့ကိုယ်သူ တခြားကလေးတွေလောက် မကောင်းဘူးလို့ ခံစားနေရတတ်တယ်။
• ရှုံးခဲ့တဲ့ အတွေ့အကြုံတွေကို သာ ပိုသတိိရ ပိုတွေးမိပြီး ၊ အောင်မြင်ခဲ့တဲ့ ကာလတွေကို အမှတ်တမဲ့နဲ့ မေ့လျှော့နေတတ်ကြတယ်။
• ကိုယ်လုပ်လဲ မအောင်မြင်လောက်ပါဘူး၊ မထူးပါဘူးလို့ ကိုယ့် လုပ်ဆောင်နိုင်စွမ်း ကိုကိုယ့်ဘာသာကိုယ် ယုံကြည်ချက် နဲပြီး စလုပ်တာ၊ အလုပ်ပြီးအောင်လုပ်တာ တွေ နဲတတ်တယ်။
• ကိုယ့် အရေအချင်းကိုကိုယ် အမြဲ သံသယ ဝင်နေတတ်တယ်။
- ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ် အကောင်းမြင်စိတ် နဲလို့ ရလာတဲ့ သံသယ စိတ်ကြောင့် ကလေးဟာ အသစ်အဆန်းတွေဆို မလုပ်ချင်တတ်ဘူး။ ကိုယ့်ကို လက်ခံပါ့မလား မသေချာတဲ့ စိတ်ကြောင့် လူအသစ်ဆို မတွေ့ချင်တတ်ဘူး။ သူများက ကိုယ့်ကို ကောင်းကောင်းမဆက်ဆံရင် ပြန်ပြီးမဖြေရှင်းတတ်ဘူး။ အလုပ်သစ်လုပ်ရမှာ၊ ပညာသစ် သင်ရမှာဝန်လေးတတ်သလို၊ အလုပ်ပြီးအောင် လုပ်နိုင်မှုလဲနဲတတ်တယ်။ အမှားတခုလုပ်မိရင် အဲဒီအမှားမှာ သံသရာလည်နေပြီး တခြားအလုပ် တွေ မစဖြစ် မလုပ်ဖြစ်တော့ပဲ ရှေ့ဆက်ဖို့ခက်ခဲနေတတ်ကြတယ်။ ဒါကြောင့် ဒီလို ကိုယ့်ကိုကိုယ် အကောင်းမြင်စိတ် နဲတဲ့ ကလေးတွေဟာ အောင်မြင်မှုရသင့်သလောက် မရပဲရှိတတ်တယ်။
- ဒါပေမယ့် ဘယ်ကလေးမဆို ကိုယ့်ကိုကိုယ် အကောင်းမြင်စိတ် များလာအောင် မိဘတွေက အောက်ပါ အတိုင်း လုပ်ပေးလို့ ရပါတယ်။
- **** နည်းလမ်း****
1. ရင်ခွင်ပိုက်အရွယ်ဆို
a. ကလေးက လုံခြုံမှုရှိနေ တယ်လို့ ခံစားနေရပါစေ။
b. သူ့ကို တခြားသူတွေက ချစ်ကြတယ်လို့ ခံစားနေရပါစေ။
c. သူ့ကို ပတ်ဝန်းကျင်တခုလုံက လက်ခံနေတယ်လို့ ခံစားမှုရနေပါစေ။
2. တွားသွားတဲ့ အရွယ်ဆို
a. အသစ် အဆန်း တွေကို အတူတွဲ လုပ်ရင်းသင်ပေးပါ။ လုပ်နေရတာ ကို ပျော်ပါစေ၊ ကျေနပ်နေပါစေ။
b. သူတို့ စလုပ်လာနိုင်တာ (တွားသွားတတ်တာ၊ ပြုံးပြတတ်တာ၊ "က" "ခ" တတ်တာက အစ) တွေကို ဂရုတစိုက် ကြည့်ပေးပါ
c. သူတို့ တတ်လာတဲ့ အသစ်သော အပြုအမူတွေကို လုပ်ခွင့်ပေးပါ။
d. သူတို့ အခုလိုလုပ်တတ်တာကို မိဘ ဘိုးဘွားက ဂုဏ်ယူကြောင်း ကျေနပ်ကြောင်း တနည်းနည်းနဲ့ (ဉပမာ - ပြုံးပြတာ၊ ပြောပြတာ) ပြပါ။
3. ကျောင်းတက်တဲ့အရွယ်က စလို့တော့ သူတို့ ဘာလုပ်လုပ် ဘာသင်သင် သူတို့ရဲ့ ကိုယ့်ကိုကိုယ်အမြင်ကောင်းအောင် လုပ်ပေးဖို့ အခွင့်အရေးကောင်းတွေ ချည်းပါပဲ။
a. သူတို့ မလုပ်တတ်သေးတဲ့ အသစ် အဆန်း တွေကို အတူတွဲ လုပ်ရင်းသင်ပေးပါ။ လုပ်နေရတာ ကို ပျော်ပါစေ၊ ကျေနပ်နေပါစေ။
b. အသစ်တွေ သင်ပေးရင် အရမ်းစိတ်လောပြီး ကလေးအတွက် အရမ်းခက်တာတွေကို မရအရသင်တာမျိုးရှောင်ပါ။ ကလေးအတွက် နဲနဲလေးတော့ ခက်ခဲတယ် ဒါပေမယ့် ကြိုးစားပြီးကျော်လွှားနိုင် တဲ့ ခက်ခဲမှုမျိုးက အကောင်းဆုံးပါ။
c. သူတို့ ကြိုးစားသင်ယူတာ ကို ကျေနပ်စိတ်ဝင် အောင် လုပ်ပါ။ အောင်မြင်ပြီး တကယ်တတ်သွားတာ က နောက် တပိုင်း၊ အခုကြိုးစားပြီးလုပ်ကိုင်နေတာ က ဂုဏ်ယူစရာဆိုတာ ပေါ်လွင်ပါစေ။
d. ကလေးက အောင်မြင်မှုရသွားပြီးဆိုရင်လဲ ချီးကျူးပေးပါ။
e. ကလေးကို ချီးကျူးပေးရာမှာလဲ မှန်မှန်ကန်ကန် သဘာဝကျကျ ချီးကျူးပေးပါ။ ဉပမာ - ကလေးက ဘောလုံးပွဲရှုံးပြီးပြန်လာချိန်မှာ "ငါ့သားသိပ်တော်တယ်"လို့ပြောပြီး အလွန်အကျွံ ချီးကျူးမိရင် ၊ ကလေးအတွက် သိပ် အဓိပ္ပာယ်မရှိဖြစ်ပြီး အရာမရောက်ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ " မင်းရှုံးနေတာ တောင် အနိုင်မခံအရှုံးမပေး စိတ်နဲ့ စိတ်ဓာတ် အရမ်းမကျပဲ ပွဲပြီးတဲ့အထိ ကြိုးစားပြီးကစား တာ အားရတယ်ကွာ။ ဒါမှ ငါ့သား" ဆိုတာမျိုးဆို ကလေးအတွက် အလွန် အကျိုးရှိပါတယ်။ ကလေးလုပ်ခဲ့တဲ့ထဲက ကောင်းကွက်ကို သူမြင်အောင်ပြောခြင်းပါပဲ။ သူ ထပ်ကျိုးစားဖို့ လိုတဲ့ နေရာကို လဲ ဒီလို ကောင်းကွက်ကိုရှာပေးရင်း "ဒီနေ့ ခြေသိပ်မပေါ်လဲ နောက်နေ့ခြေပေါ် အောင် ဘယ်လိုလုပ်မလဲစဉ်းစားကြတာပေါ့" စသည်ဖြင့် လမ်းကြောင်းပေးနိုင်ပါတယ်။
f. မိဘတွေ အနေနဲ့ အိမ်မှာ နေရင်း သူ့ရှေ့မှာ နေ့တဓူဝ အိမ်အလုပ်တွေ လုပ်တဲ့ အခါမှာတောင် အရမ်း ညီးညူနေတာမျိုးတွေရှောင်ပြီး ကျေကျေနပ်နပ် လုပ်ကိုင်လေ့ရှိရင် ကလေးတွေက လဲ သူလုပ်ရမယ့် အချိန်မှာ အဲ့ဒီလိုပဲ လုပ်ရတာကျေနပ်နေပါလိမ့်မယ်။ မိဘက အလုပ်ကို သပ်သပ်ရပ်ရပ် လုပ်ပြပြီး ကောင်းကောင်းပြီးသွားတာကို ဂုဏ်ယူလေ့ရှိရင် ကလေးကလဲဒီလိုပဲခံစားရပါလိမ့်မယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ စံပြလူသား၊ အိုင်ဒယ် ၊ ရိုးမော်ဒယ် ဖြစ်ပါစေ။
g. ကလေးရဲ့ ကောင်းကွက်တွေ ကို များများနဲ့ မကြာမကြာထောက်ပြ ချီးကျူးပါ။ ကောင်းတဲ့ အရည်အချင်းတွေ ပိုကောင်းအောင် လုပ်ခွင့်တွေပေးပါ။ ဒါဆို သူတို့ရဲ့ ကိုယ်ကိုကိုယ် အမြင်ကလဲ ပိုပိုကောင်းလာတတ်ပါတယ်။
h. ကလေးကို အလွန်အကျွန် ဝေဖန်ခြင်း ၊ ရှုံ့ချခြင်း ရှောင်ကျဉ်ပါ။ ကလေးက သူများဝေဖန်တာ ကြားရတာများလေ ကိုယ့်ကိုကိုယ် အမြင်ပြောင်းနိုင်လေပါပဲ။ ကလေးအနေနဲ့ ပြင်စရာရှိရင် ပြင်သင့်တာကို မိဘကိုယ်တိုင်က လုပ်ပြခြင်းက အကျိုးပိုရှိပါတယ်။ ပြင်စရာ ရှိချိန်မှာ စိတ်ရှည်ရှည်ထားပြီး ဝေဖန်ရှုံ့ချခြင်း ကင်းရင် ကလေးရဲ့ ကိုယ့်ကိုကိုယ် အမြင်လဲ မထိခိုက်ပဲ အောင်မြင်နိုင်ပါတယ်။ ဉပမာ - ကလေးက အိမ်စာမပြီးတာကို "နင် က အပြင်းထူလွန်းတယ်" လို့ ပြောမိတယ်ဆိုရင် ကလေးရဲ့ ကိုယ့်ကိုကိုယ် အမြင်ကို ထိခိုက်သွားစေနိုင်တယ်။ သို့သော် "သားရေ - မနေ့က အိမ်စာမပြီးဘူးဆို။ ဘာဖြစ်လဲ? အရမ်းခက်လိုလား။ အကို့ကို မေးလေ။ မေ့သွားလို့လား။အမေ သတိပေးပေးရမလား။ ဒီလို ထပ်ဖြစ်ရင်တော့ မကောင်းဘူးနော်" စသည်ဖြင့် ပြဿနာကိုလဲ ပြောပြ၊ အဖြေရှာရာမှာလဲ ကူညီ၊ အလွန်အကျွန်ဝေဖန်ခြင်းလဲ ကင်းရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
i. ကလေးတွေကို အိမ်အလုပ်မှာ ကူလုပ်ပေးခွင့်ပြုထားပါ။ ကိုယ်လုပ်တဲ့ အလုပ်တခုဟာ သူတပါးအပေါ်မှာ ကောင်းတဲ့ အကျိုးသက်ရောက်စေကြောင်းသိလာတဲ့ ကလေးဟာ ကိုယ့်ကိုကိုယ်လဲ အမြင်တွေ ပိုကောင်းလာပါလိမ့်မယ်။