30/04/2026
မနှစ်ကရေးထားတာလေး
ပြန်ဖတ်ချင်ကြမလားလို့ ၊ ပြန်တင်ပေးလိုက်ပါတယ်
🙏 ကဆုန်လပြည့်ဗုဒ္ဓနေ့ 🙏
👉 မင်္ဂလာပါရှင်။ ဒီတစ်ခါမှာတော့ ကဆုန်လပြည့်နေ့ သို့မဟုတ် Vesak day ဖြစ်ပေါ်လာပုံအကြောင်းလေး တင်ပြချင်ပါတယ် ။ မြန်မာနှစ်သစ်ကူး တန်ခူးက လွန်မြောက်တဲ့အခါ လမြတ်ကဆုန် ကို ရောက်ရှိလာပါပြီ ။
👉 ကဆုန်လနဲ့ပတ်သက်ပြီး ရာသီဥတုကိုဖွဲ့ဆိုတဲ့ အခါ ပူလွန်းတဲ့လဖြစ်တာကြောင့် ကဆုန်နယုန် ဆွေ့ဆွေ့ခုန် ရယ်လို့ ဆိုတတ်သလို ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့ လို့လည်းဆိုတတ်ကြပါတယ်။ ရာသီပန်းကတော့ စကားပန်းဖြစ်ပြီး ရာသီပွဲအနေနဲ့ကတော့ ညောင်ရေသွန်းပွဲ ကိုကျင်းပလေ့ရှိကြပါတယ်။
👉 “ပန်းစံကားဝါ ၊ နန်းဘမရာ ကေသီဆင်လို့ ၊ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့် ၊ ခါသဘင်ညောင်ရေသွန်းကြတယ် ၊ လွမ်းစရာ့ပွဲ ။ ( ဦးပြုံးချို ) ဆိုတဲ့ကဗျာလေးကိုလည်း အမှတ်တရဖော်ပြလိုက်ရပါတယ်။
👉 ညောင်ရေသွန်းပွဲတော် ကျင်းပရာကဆုန်လပြည့်နေ့ကတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သမိုင်းမှာ အင်မတန်ထူးမြတ်တဲ့ လပြည့်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓ အခါတော် နေ့ လို့လည်း ခေါ်ဆိုကြပြန်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗျာဒိတ် ၊ ဖွားမြင် ၊ ဗောဓိပင် ၊ စံဝင်နိဗ္ဗာန်နန်း ဆိုတဲ့ စကားနဲ့အညီ ထူးခြားတဲ့ ဖြစ်ရပ် ၄ ခုကို ဖြစ်စေခဲ့တာ ကဆုန်လပြည့်နေ့ တွေချည်း ဖြစ်နေလို့ပါပဲ
👉 အဲဒီဖြစ်ရပ်တွေကတော့ ....
🙏(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကိုကဆုန်လပြည့် နေ့တွင် ခံယူခဲ့ခြင်း
🙏(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်(သောကြာ)နေ့ နေ့တွင် ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားအား ဖွားမြင်တော်မူခဲ့ခြင်း ။ (ဘီစီ(၆၂၃)မေလ)
🙏 (၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူး)နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရား အလောင်းတော် သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့ခြင်း (ဘီစီ(၅၈၈)မေလ)
🙏(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့ ကဆုန်လပြည့်(အင်္ဂါ)နေ့ တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်း။(ဘီစီ(၅၄၃)မေလ)
စတဲ့ ထူးခြားချက် ၄ ချက်နဲ့ ပြည့်စုံတဲ့ ကဆုန်လပြည့်နေ့ ကို ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဗုဒ္ဓနေ့ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
🙏ဒါ့အပြင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ဖို့အတွက် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်က ၁၄ ရက်အထိ(၁၀) ရက်တိုင်တိုင် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
🙏သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး အဆိုကို ၁၉၉၉ ခု စက်တင် ဘာ လ မှာ ကုလသမဂ္ဂထံ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၅၄ ကြိမ်မြောက် ကုသလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်း ခဲ့တဲ့ အဆိုကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံ (၃၄) နိုင်ငံက ထောက်ခံ ခဲ့ကြပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂက ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
🙏နောက်တခါ ကဆုန် ဆိုတာ ကု ဆုန် ဆိုတဲ့ ပုဂံခေတ် စကားကနေဆင်းသက်လာတယ်လို့ မှတ်သား ရဖူးပါတယ်။ ကု ဆိုတာက ရေ လို့အဓိပ္ပါယ်ရပြီး ဆုန် ဆိုတာကတော့ သွန်းလောင်းခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် ကဆုန်လကို ရေသွန်းလောင်းတဲ့ လလို့လည်း ပြောတတ်ကြပါတယ်။
ကဆုန်လ ဟာ အပူချိန်အပြင်းဆုံးလဖြစ်တာကြောင့် သစ်ပင်တွေ ညှိုးခြောက်လေ့ရှိတာကြောင့် မဟာဗောဓိပင်ကို ရည်မှန်းပြီး ညောင်ရေသွန်းလောင်းကြတာလဲ အစဥ်အလာတစ်ခုပါပဲ ။
🙏ကဆုန်လပြည့်နေ့မှာ စတုဒိသာကျွေးခြင်း ၊ ဘေးမဲ့လွှတ်ခြင်းစတဲ့ ကုသိုလ်ကောင်းမှုများလဲ ပြုလုပ်ကြပါတယ်။မြန်မာသာမက ကမ္ဘာက ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ကဆုန်လပြည့်နေ့အကြောင်းကို သိသွားပြီဆိုတော့ ဘာသာရေးအရရော ၊ ဗဟုသုတအနေနဲ့ပါ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ကြဖို့ ဆန္ဒပြုရင်းဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်ရှင်။
“သင်ကြားဖို့ရာသင်ယူပါ”
“STL- Signature of Teaching & Learning”
Please Like and Follow our Page /
- Signature of Teaching and Leaning
- signature of Teaching and Learning
day of Kasone