23/07/2025
ဒီနေ့ခေတ်မှာ ရုပ်ဝတ္ထုရဲ့လွှမ်းမိုးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ မပျော်ရွှင်မှုတွေကြောင့်
ကိုယ်လုပ်နေတဲ့အလုပ် မှန်ရဲ့လား? ကိုယ်လျှောက်နေတဲ့လမ်း မှန်ရဲ့လား?ဆိုတာ မသုံးသပ်နိုင်တော့ဘဲ ဝေဝါးပြီး လမ်းပျောက်နေသူတွေ အရမ်းများတယ်။
လမ်းပျောက်တာကိုမှ ခဏခဏ ပျောက်နေတယ်ဆိုရင်တော့ သတိသာထားပေတော့ ကိုယ့်လူတို့…
ဆိုတော့ဗျာ… ဒီနေ့ကျွန်တော်က ခဏခဏ လမ်းပျောက်တတ်တဲ့သူတွေအတွက် အကြံ(၅)ခုပေးချင်တယ်။
လိုက်လုပ်ဖို့ မလုပ်ဖို့ထက် အရင်ဆုံး အဆုံးထိပြီးအောင် ဖတ်ပေးပါ။
(၁) ကယ်တင်ရှင်ရှာတတ်တဲ့ အကျင့်ကိုဖျောက်ပါ။
ကျွန်တော်တို့တွေက ဒုက္ခနဲ့ကြုံတွေ့လို့ လမ်းတွေပျောက်တဲ့အခါ ကိုယ့်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးပြီး အားကိုးရာ ကယ်တင်ရှင်ကို ရှာတတ်ကြပါတယ်။ လောကမှာ လူရယ်လို့ဖြစ်လာရင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်က ကိုယ်ကိုယ်တိုင်ပဲဖြစ်တာမို့ ကိုယ့်အားကိုယ်ကိုးတတ်ဖို့ လိုပါတယ်။ လူတိုင်းကိုယ်စီမှာ အခက်အခဲကိုယ်စီရှိကြတာမို့ ဘယ်သူ့ကိုမှ အားမကိုးမိအောင် ကြိုးစားနေထိုင်တာကသာ အမှန်ဆုံးပါ။ ဒီတော့ ကယ်တင်ရှင်ကို ရှာဖွေစောင့်မျှော်နေမဲ့အစား ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်နိုးထနိုင်အောင် ကြိုးစားပါ။
(၂) ပြဿနာတွေကို ရှောင်လွှဲဖို့ မကြိုးစားဘဲ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲကြည့်ပါ။
တကယ့်လက်တွေ့ဘဝမှာ ကြုံတွေ့ခံစားနေရတဲ့ အဆင်မပြေမှုတွေ၊ ပြဿနာတွေနဲ့ အခက်အခဲတွေကို ခဏလေး မေ့လိုက်ချင်လို့ဖြစ်ဖြစ်၊ ရင်မဆိုင်ရဲလို့ဖြစ်ဖြစ် ရှောင်ပြေးချင်လာတဲ့အခါ အရက်အလွန်အကျွံသောက်တာမျိုး၊ လောင်းကစားလုပ်တာမျိုး၊ မူးယစ်ဆေးသုံးစွဲတာမျိုး၊ အိပ်ချိန်စားချိန်မမှန်ဘဲ အချိန်ပြည့် အိပ်ရာထဲ လဲလျောင်းနေတာမျိုး၊ ထိုင်ရာကမထ ရုပ်ရှင်တွေဆက်တိုက်ကြည့်ပြီး အချိန်ကို ဖြုန်းတီးပစ်တာမျိုးနဲ့ Social Mediaအလွန်အကျွံသုံးစွဲတာမျိုး လိုမျိုး အရမ်းကို လွဲမှားတဲ့ လုပ်ရပ်တွေကို စိတ်အလိုလိုက်ပြီး လုပ်မိတယ်ဆိုရင် ချက်ချင်းရပ်နိုင်အောင် ကြိုးစားပါ။
(၃) ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေအပေါ်မှာ အပြစ်မြင်စိတ်ကို ဖျောက်ပါ။
ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့အရာတွေလဲ ရှိသလို ကျွန်တော်တို့သွားပြီး ထိန်းချုပ်လို့မရတဲ့အရာတွေလဲ ရှိပါတယ်။ ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေအပေါ် စိတ်နှစ်ပြီး ခံစားလိုက်မယ်ဆိုရင် အလိုလိုနေရင်း စိတ်ဓာတ်ကျတာ၊ တုန်လှုပ်ခြောက်ခြားတာ၊ အပြစ်မြင်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ထိန်းချုပ်ကိုင်တွယ်လို့ မရတာတွေကို အာရုံမစိုက်ပါနဲ့။
(၄) ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ပါ။
အဆင်မပြေမှုတွေနဲ့ပဲ ကြုံရပါများရင် ကိုယ်တိုင်လမ်းပျောက်သွားပြီးတော့မှ တစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားလာရတယ်၊ အထီးကျန်တာတွေ ဖြစ်လာတယ်ပေါ့ဗျာ။
အဲဒါကြောင့် ကိုယ်ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေကို အပြန်အလှန် မျှဝေခံစားပေးနိုင်မဲ့ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုဝင်တွေ ရှိသင့်ပါတယ်။ ရှိအောင်လဲ ဆက်ဆံရေးကောင်းတွေကို တန်ဖိုးထားပြီး တည်ဆောက်ထားပါ။
(၅) စာဖတ်ပါ။
ဓားတွေက သွေးမှထက်သလို ဦးနှောက်ကလည်း တွေးနေမှ ထက်တာပါ။ ကျွန်တော်တို့ တွေးနေသမျှကိစ္စတွေ အားလုံးကို အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို ခွဲခြားသိမြင်ဖို့အတွက် နေ့တိုင်း စာဖတ်တဲ့အလေ့အကျင့်ကို လုပ်သင့်ပါတယ်။ စာအုပ်တွေထဲကနေ စိတ်ခွန်အားတွေ၊ အတွေးအခေါ်ကောင်းတွေ အများကြီးရတာဖြစ်လို့ စာဖတ်တဲ့သူတွေက ဘယ်တော့မှ လမ်းမပျောက်ဘူးဗျ။ ကျွန်တော့်ကိုပဲ ကြည့်လေ…။
အခုကျွန်တော်ပြောခဲ့တဲ့ နည်းလမ်း(၅)ခုကို အဆုံးထိပြီးအောင် ဖတ်ပြီးပြီဆိုရင် လိုက်လုပ်သင့်လား? မလုပ်သင့်ဘူးလားဆိုတာ သိလောက်ရောပေါ့ဗျာ။
ကိုယ့်လိုပဲ ခဏခဏ လမ်းပျောက်တတ်တဲ့ ဘော်ဒါမိတ်ဆွေတွေရှိရင်လဲ Share ပြီးတော့မှ Post ကို မြင်အောင် မျှဝေပေးလိုက်ကြပါ ခင်ဗျာ။
—------
#စာဖတ်ခြင်းဖြင့်_ဘဝကိုမြှင့်တင်ပါ
#ပျော်ရွှင်အောင်မြင်စိတ်ထားအလှဆင်
#မျက်ကွယ်ပြုလို့မရလောက်အောင်ထူးချွန်ပြ