18/08/2026
Trigonometry သည် အထက်တန်းသင်္ချာတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုကို ပိုင်ဆိုင်ထားသည့် ဘာသာရပ်တစ်ခုဖြစ်သည်။ အထူးသဖြင့် Grade 10 အဆင့်မှစ၍ Grade 11 အထိ ကြုံတွေ့ရသော Trigonometry ၏ အခြေခံ Definition များနှင့် Concept များ၊ Trigonometric Ratio များ၊ Identity များနှင့် Formula များကို နားလည်အသုံးချနိုင်ခြင်းသည် Grade 12 အတွက် မရှိမဖြစ်လိုအပ်သော အခြေခံတစ်ရပ် ဖြစ်လာသည်။
သို့သော် လက်တွေ့တွင် ကျောင်းသားအများအပြားသည် Trigonometry ကို လေ့လာရာ၌ အခြေခံအကြောင်းအရာများကို သေချာစွာ နားလည်မထားဘဲ Formula များကိုသာ မှတ်သားအသုံးပြုရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရတတ်ပါသည်။ အတန်းကျော်လာခြင်း၊ သင်ယူရမည့် အခြေခံအကြောင်းအရာအချို့ကို ပြည့်စုံစွာ မလေ့လာခဲ့ရခြင်းတို့ကြောင့် Trigonometry ၏ အခြေခံ Concept များ မခိုင်မာဘဲ Grade 12 သို့ ရောက်ရှိလာသည့် ကျောင်းသားများလည်း မနည်းလှပါ။
ထိုသို့သော အခြေအနေတွင် “ဘယ် Formula သုံးရမလဲ” ဟူသော မေးခွန်းထက် “ဒီ Formula က ဘယ်ကနေ ပေါ်လာတာလဲ”၊ “ဘာကြောင့် ဒီလိုဖြစ်တာလဲ” နှင့် “ဘယ်လိုအခြေအနေမှာ အသုံးချရမလဲ” ဟူသော မေးခွန်းများကို နားလည်နိုင်ရန် ပိုမိုအရေးကြီးသည်ဟု ယုံကြည်မိပါသည်။
ထို့ကြောင့် အထက်တန်းကျောင်းသားများအတွက် လိုအပ်သော Trigonometry အခြေခံများကို A မှ Z အထိ စနစ်တကျ ပြန်လည်တည်ဆောက်ပေးနိုင်ရန် ရည်ရွယ်၍ Basic Trigonometry for High School Students စာအုပ်ကို ရေးသားပြုစုဖို့ အကြောင်းဖန်လာပါတော့သည်။
ဤစာအုပ်တွင် Trigonometry ၏ အခြေခံ Definitions နှင့် Concepts များမှစ၍ Identities နှင့် Formula များ၊ ထို Formula များ၏ Derivation များအထိ အဆင့်ဆင့် ရှင်းလင်းဖော်ပြထားသည်။ Formula များကို အလွတ်ကျက်မှတ်ရုံသာမက ထို Formula များ မည်သို့ရရှိလာသည်၊ အဘယ်ကြောင့် မှန်ကန်သည်နှင့် မည်သို့အသုံးချနိုင်သည်တို့ကို နားလည်နိုင်စေရန် အထူးအလေးထားထားပါသည်။
ရည်ရွယ်ချက်မှာ Trigonometry နှင့် ပတ်သက်၍ အထက်တန်းကျောင်းသားတစ်ဦးအနေဖြင့် သိထားသင့်သော အခြေခံအကြောင်းအရာများကို တစ်နေရာတည်းတွင် ပြည့်ပြည့်စုံစုံ လေ့လာနိုင်စေရန် ဖြစ်ပါသည်။ ထို့အပြင် အခြေခံအားနည်းနေသည့် ကျောင်းသားများအတွက် အခြေခံကို ပြန်လည်တည်ဆောက်ပေးနိုင်သကဲ့သို့၊ အခြေခံရှိပြီးသား ကျောင်းသားများနှင့် ဝမ်းစာဖြည့်တင်းလိုသော ဆရာ၊ ဆရာမများအတွက်လည်း မိမိသိထားသည့် အကြောင်းအရာများကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။
ဤစာအုပ်ကို လေ့လာပြီးသည့်အခါ Trigonometry သည် Formula များကိုသာ မှတ်သားအသုံးချရသော ဘာသာရပ်တစ်ခုအဖြစ်မဟုတ်ဘဲ အကြောင်းရင်းနှင့် အဓိပ္ပာယ်ကို နားလည်၍ ဆင်ခြင်အသုံးချနိုင်သော သင်္ချာဘာသာရပ်တစ်ခု အဖြစ် မြင်လာနိုင်ကြမည်ဟု ယုံကြည်မိသည်။
အထက်တန်းကျောင်းသားများ၏ Trigonometry အခြေခံကို ပိုမိုခိုင်မာစေပြီး ခိုင်ခံ့သော အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာစေရန် ဤစာအုပ်က တစ်စိတ်တစ်ပိုင်းတစ်ရပ်အဖြစ် အထောက်အကူပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
စာရေးသူ
ဦးဝေယံဖြိုး
မကြာမီ လာမည် ... မျှော်