06/06/2022
အမေရိကန်ပြည်ထောင်စုရှိ ဒါကိုတာမြောက်ပိုင်းတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ တက်စီလာတက္ကသိုလ်တို့အကြား သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း
အမေရိကန်နိုင်ငံရှိ ပြည်နယ့်ဂုဏ်ဆောင် ထိပ်တန်းအစိုးရတက္ကသိုလ်တစ်ခုဖြစ်သော ဒါကိုတာမြောက်ပိုင်းတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာဂျက်ဖရီဟုမ်းနှင့် မြန်မာနိုင်ငံရှိ အမေရိကန်ပညာရေးစနစ်အပေါ် အခြေခံထားသည့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သော တက်စီလာတက္ကသိုလ်၏ ခေတ္တဥက္ကဌ ဦးရဲပြည့်သူတို့မှ သက်ဆိုင်ရာတက္ကသိုလ်များကိုယ်စား သဘောတူ စာချွန်လွှာ (Memorandum of Agreement) အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
သဘောတူစာချွန်လွှာအရ ဒါကိုတာမြောက်ပိုင်းတက္ကသိုလ်သည် မြန်မာ ကျောင်းသား/သူများအား ဒရက်ဒစ်များ၊ သင်တန်းဆင်းလက်မှတ်/ဒီပလိုမာများနှင့် အမှတ်စာရင်းများ ပေးအပ်ခြင်း၊ မြန်မာပညာရှင်များ၊ ကျောင်းသား/သူများနှင့် အမေရိကန်ပညာရှင်များ ဗဟုသုတနှင့် အမြင်ဖလှယ်နိုင်မည့် ဆွေးနွေးပွဲများ စီစဉ်ခြင်းနှင့် သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်းနှင့် အရည်အသွေးအာမခံမှု စိစစ်အကဲဖြတ်ခြင်းများတွင် တက်ဆီလာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
တက်စီလာတက္ကသိုလ်၏ နှစ် ၃၀ ပညာရေး မျှော်မှန်းချက် (Taxila Vision 2050) တစ်ခုဖြစ်သော “နောင်မျိုးဆက်သစ်များအား အရည်အသွေးပြည့်ဝသည့် ပညာရေး ပံ့ပိုးပေးနိုင်”ရေး အမေရိကန်ပြည်ထောင်စုရှိ အခြားသော ထိပ်တန်းတက္ကသိုလ်များနှင့်လည်း ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
~~~~~~~~~~~~~~~
“ဒါကိုတာမြောက်ပိုင်းတက္ကသိုလ်အကြောင်း”
ဒါကိုတာမြောက်ပိုင်းတက္ကသိုလ် (University of North Dakota) သည် မြောက်ဒါကိုတာပြည်နယ်မပေါ်ပေါက်မီ (၆) နှစ်အလို (၁၈၈၃) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြောက်ဒါကိုတာပြည်နယ့်ဂုဏ်ဆောင် ထိပ်တန်းအစိုးရတက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်း (၁၄၀) နီးပါး သမိုင်းကြောင်းရှိပြီဖြစ်သော UND သည် ဧက (၅၅၀) ကျော်ကျယ်ဝန်းသည့် တက္ကသိုလ်ပရဝုဏ်အတွင်းတွင် တည်ရှိပြီး ဘာသာရပ်ဆိုင်ရာ ကောလိပ် (၉) ခုဖြင့် ဖွဲ့စည်းထားပါသည်။ UND ရဲ့ အာကာသသိပ္ပံကောလိပ်တွင် လေ့ကျင့်ရေး လေယာဉ်နှင့် ရဟတ်ယာဉ် အစီးပေါင်း (၁၃၀) ခန့်ရှိပြီး မြောက်အမေရိကတိုက်တွင် လေ့ကျင့်ရေးလေယာဉ်အများဆုံးရှိသော တက္ကသိုလ်ဖြစ်ပါသည်။ UND တွင် ပါမောက္ခ ဆရာ/မပေါင်း (၈၀၀) ကျော်ရှိပြီး ကျောင်းသား/သူ (၁၄,၀၀၀) နီးပါးအား ဘွဲ့ကြို၊ မဟာနှင့် ပါရဂူဘွဲ့ အမျိုးအစားပေါင်း (၂၀၀) ကျော်အား သင်ကြားပို့ချပေးလျက်ရှိပါသည်။ UND အကြောင်းအား www.und.edu တွင် အသေးစိတ် လေ့လာနိုင်ပါသည်။
“တက်စီလာတက္ကသိုလ်အကြောင်း”
(၂၀၁၅) ခုနှစ်တွင် တက်စီလာအင်စတီကျု့အနေဖြင့် စတင်တည်ထောင်ခဲ့ပြီး ကျောင်းသား/သူများဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာ/မများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါမောက္ခများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘွဲ့မဟုတ်သော သင်တန်းများစွာ ပို့ချခဲ့သည့် တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အစိုးရတက္ကသိုလ် (၁၆၀) ကျော်နှင့် တိုင်း/ပြည်နယ်ပညာရေးမှူးရုံးများစွာနှင့် ပူးပေါင်းကာ တက္ကသိုလ် ကျောင်းသား/သူ (၁၆,၀၀၀) ကျော်၊ တက္ကသိုလ်ဆရာ/မ (၇,၅၀၀) ကျော်နှင့် အခြေခံပညာဆရာ/မ (၇၀၀) ဦးကျော်အား သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါသည်။ (၂၀၂၁) ခုနှစ်မှ စတင်ကာ အမေရိကန် ပညာရေးစနစ်ဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးရေးသင်တန်းများ၊ ဘွဲ့ကြိုနှင့် ဘွဲ့လွန်အစီအစဉ်များ ပို့ချပေးနိုင်ရန် တက္ကသိုလ်အဖြစ် အဆင့်မြင့်တင်လျက်ရှိပြီး အမေရိကန်အစိုးရတက္ကသိုလ်များနှင့် သဘောတူစာချွန်လွှာများ ရေးထိုးလျက် ရှိပါသည်။ Taxila အကြောင်းအား www.taxila.edu.mm တွင် အသေးစိတ် လေ့လာနိုင်ပါသည်။