24/12/2025
Paul McCartney ရဲ့ "Yesterday"
Yesterday....
ဒီသီချင်း ဖြစ်တည်လာပုံက ထူးခြားတယ်လို့ပဲ ပြောရမယ်။
၁၉၆၅ခုနှစ်ရဲ့ ဇန်နဝါရီလထဲက ညတစ်ညမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ပေါလ် တစ်ယောက် အိပ်ယာကနေ ရုတ်တစ်ရက် လန့်နိုးလာပါတယ်။ သီချင်းသံစဥ်တစ်ခုကို ကြားပြီး လန့်နိုးလာခြင်းပါ။ ချက်ချင်းပဲ ပီယာနိုပေါ်မှာ အကြိမ်ကြိမ်တီးပြီး သံစဥ်ကို မမေ့အောင် မှတ်သားထားလိုက်ပါတယ်။ စတူဒီယိုရောက်တဲ့အခါ စကားလုံးထည့်ဖို့ အိုင်ဒီယာမရှိသေးတာကြောင့် သံစဥ်သီးသန့်ပဲ တီးထားလိုက်ပြီးယာယီအသံသွင်းထားခဲ့ပါတယ်။
လအနည်းအငယ်ကြာပြီးနောက် ပေါ်တူဂီခရီးစဥ်တစ်ခုမှာ "Yesterday" ဆိုတဲ့ စကားလုံးကို ပေါလ် အမှတ်မထင်ပြောမိရင်း ဒီသီချင်းတစ်ပုဒ်လုံး မွေးဖွားဖို့ ဖြစ်လာပါတယ်။ Verse-Verse-Bridge-Verse ဖွဲ့စည်းပုံကို ပေါလ် အသုံးပြုခဲ့ပြီး ဆုံးရှုံးမှု၊ အထီးကျန်မှု၊ အတိတ်ကိုလွမ်းဆွတ်မှုတို့ကို ဖော်ကျူးထားတဲ့ စာသားတွေကြောင့် ရိုးရှင်းပြီး စွဲမက်ဖွယ်ရာတေးသွားတစ်ပုဒ် ဖြစ်လာပါတယ်။
ပေါလ် ကိုယ်တိုင် Acoustic ဂီတာကို တီးခတ်ထားပြီး ဂီတမှူးဂျော့မာတင်က တယောနှစ်လက် ( Viola + Cello ) နဲ့ ပံ့ပိုးတီးခတ်ပေးခဲ့ပါတယ်။
"Yesterday, all my troubles seemed so far away..." ဆိုတဲ့ အဖွင့်စာကြောင်းက ဂီတသမိုင်းရဲ့ အထင်ရှားဆုံး စာကြောင်းတစ်ကြောင်းအဖြစ် မှတ်တမ်းတင်ခံထားရတယ်လို့လည်း သိရပါတယ်။
၁၉၆၅ ခုနှစ်၊ သြဂုတ်လမှာ ထုတ်ဝေခဲ့တဲ့ The Beatles ရဲ့ ပဥ္စမမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Help! ဆိုတဲ့ အဲလ်ဘမ်မှာ ဒီသီချင်းကို ထည့်သွင်းထုတ်ဝေခဲ့ပါတယ်။
ဆိုရရင် "Yesterday"က အိပ်မက်သံစဥ်ကနေ ဖြစ်တည်လာခဲ့တာလို့ပဲ ပြောရမှာပါ။
"Yesterday" သီချင်းဟာ Most Covered Song အဖြစ် Guinness World Record စံချိန်တင်ထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်နေပါတယ်။ Rolling Stone Magazine ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးသီချင်း ၅၀၀ စာရင်းမှာလည်း အဆင့်၁၃ ရခဲ့ပါတယ်။ ၁၉၆၆ခုနှစ် Grammy Awards မှာ "Best Pop Vocal Performance, Male" ဆုကိုလည်း "Yesterday" နဲ့ပဲ ပေါလ် ရရှိခဲ့ပါတယ်။ အမေရိကန်ရေဒီယိုမှာ အကြိမ်ပေါင်း ၇သန်းကျော် ထုတ်လွင့်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။အမေရိကန် Billboard Hot 100 ဇယားမှာလည်း နံပါတ်၁ နေရာထိ ရယူခဲ့ပါသေးတယ်။
Copyright ကြောင့် "Yesterday" သီချင်းကိုတော့ Telegram Channel မှာ ကြည့်ရှုပေးပါ။
Youtube : https://youtube.com/?si=usRcyB87tL9zgqif
Telegram : https://t.me/musictree2023
#ဂီတသစ်ပင်
25/09/2025
ဒီနေ့မနက်မှာ တွေ့ရတဲ့ ဦးဗစ်တာခင်ညို ကွယ်လွန်သွားခဲ့ပြီဆိုတဲ့ သတင်းကြောင့် များစွာကြေကွဲရပါတယ်။
ကျွန်တော်တို့ ချာတိတ်ဘဝတုန်းက ဆောင်းတွင်းရောက်ပြီဆိုတာနဲ့ ဦးဗစ်တာရဲ့ ဒီဇင်ဘာနံနက်ခင်းကို ဖွင့်ပြီးနားထောင်လိုက်ရမှ ဆောင်းရဲ့ဖီလင်ကို အပြည့်ရတယ်ဗျာ။ ဒီလိုပဲ သစ်ရွက်လေးတွေ ကြွေပြီဆို ဦးဗစ်တာရဲ့ နွေ သီချင်းနဲ့ ဆွေးတော့တာပဲ။
ဟူးးးး ပြန်တွေးမိရင်း စိတ်မကောင်းဖြစ်ရတယ်။
R.I.P ပါ ဦးဗစ်တာရေ
ဒီနှစ်ဆောင်းတော့ ပိုလွမ်း ပိုကြေကွဲ ရတော့မှာပေါ့ဗျာ။
အမှတ်တရအဖြစ် ဦးဗစ်တာ ရဲ့ Live Show 2011 ကို Share ပေးလိုက်တယ်ဗျာ။
Mp3 (320kbps) Link -
https://www.mediafire.com/folder/pan3e5nscopub/ဗစ်တာခင်ညို+(Live+Show+2011)
Youtube - https://youtube.com/?si=usRcyB87tL9zgqif
Telegram - https://t.me/musictree2023
#ဗစ်တာခင်ညို
#ဒီဇင်ဘာနံနက်ခင်း
#နွေ
#ဂီတသစ်ပင်
14/08/2025
ထူးအိမ်သင် (1.7.1963 - 14.8.2004)
ဒီနေ့ကတော့ ကျွန်တော်တို့လို ကိုငှက်ကိုချစ်ရတဲ့သူတွေအတွက် မမေ့နိုင်စရာ၊ လွမ်းဆွတ်ကြေကွဲစရာ ဖြစ်ရတဲ့နေ့တစ်ပေါ့။
ဟုတ်ပါတယ် ကိုငှက် အဆုံးမဲ့မိုးသားထဲကို ထွက်ခွာသွားတာ ၂၁နှစ် ပြည့်တဲ့ နေ့ပေါ့။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေထဲကို ချစ်ခြင်းမေတ္တာနဲ့ တေးသီချင်းတွေ ထာဝရလက်ဆောင်ပေးထားခဲ့လေရဲ့။
အမှတ်တရအနေနဲ့ ကိုငှက်ရဲ့ ပထမဆုံးစီးရီးခွေလေးဖြစ်တဲ့ "နာရီပေါ်က မျက်ရည်စက်များ" ခွေအကြောင်းကို ပြန်လည် လွမ်းဆွတ်လိုက်ကြရအောင်ဗျာ။
ဒီခွေလေးအတွက် ကိုငှက်တစ်ယောက် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ ကိုနိုင်ဇော် ရေးသားခဲ့တဲ့ အမှတ်တရစာစုထဲမှာ အထင်းသားတွေ့နိုင်ပါတယ်။
ဒါကြောင့် ကိုနိုင်ဇော်ရဲ့ အမှတ်တရစာစုလေးကို ပြန်လည် မျှဝေခွင့်ပြုပါဗျာ။
ချစ်ခြင်းများစွာဖြင့်....
ဂီတသစ်ပင်
Telegram Channel -
https://t.me/musictree2023
#ထူးအိမ်သင်
#နာရီပေါ်ကမျက်ရည်စက်များ
#ဂီတသစ်ပင်
27/08/2023
အမေ ဆုံးပြီးတော့ အဖေက ရေဒီယိုကို အရင်တုန်းကထက် ပိုဖွင့်လာတယ်။ ရေဒီယိုဖွင့်ခြင်းနဲ့ပတ်သတ်ပြီး အဖေ့ကို ကျနော် မသင်္ကာတော့ဘူး ။
အဖေ့အပြုအမူက သာမာန်ထက် လွန်ကဲလာတယ်။ ရှိခဲ့ပြီး နေ့စဉ်လူနေမှုဘဝကို ချိုးဖျက်လာခဲ့တယ်။ အမေနဲ့အတူတူရှိတုန်းကဆိုရင် မနက်ဖွင့် သတင်း နားထောင်၊ နေ့လယ် ခဏပိတ်၊ ညနေသတင်းနားထောင်၊ ည ရေဒီယို အစီအစဉ်သိမ်းချိန်ကျပိတ်၊ များသောအားဖြင့်တော့ အမေက " တော့် ရေဒီယိုကြီးနားမထောင်ရင်လည်း ပိတ်ထားစမ်းပါ " လို့ပြောပြီး ပိတ်ပေးလေ့ရှိတယ်။ အဖေ့ရဲ့ ရေဒီယိုဖွင့်နှုန်းက ဒီလောက်ပဲ။ ဒါပေမယ့် အမေဆုံးပြီးတဲ့အချိန်ကစလို့ အဖေ့ရဲ့ ရေဒီယိုဖွင့်ခြင်းအပြုအမူက အရင်တုန်းကထက်ပိုပြီးတော့ ထူးဆန်းလာတယ်။ မိုးမလင်းသေးဘူး။ မနက်သုံးနာရီလောက်ထဲက အဖေ အိပ်ယာနိုးနေပြီ။ ရေဒီယိုက ဘာအသံမှ မလာသေးရင်လည်း တခြားလိုင်းတွေလျှောက်ဖမ်းပြီး မိတဲ့ လိုင်းက လာတဲ့ အ
သံကိုဖွင့်ထားတယ်။ အသံကြားနေရရင်ကို ပြီးပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ကို ဖွင့်နေခဲ့တယ် ။
ကျနော်ဟာ လူပျိုဘဝ ကြီးကောင်ကြီးမား အရွယ်အထိ အဖေနဲ့အမေကြား အလယ်ကို ဝင်အိပ်တုန်းပဲ။ အမေဆုံးပြီးတော့ အလယ်ဆိုတာမရှိတော့ဘူး။ အလယ်ခေါင်ကို ဝင်အိပ်လို့ မရတော့ဘူး။ အလယ်ဆိုတာ မရှိတော့ပေမယ့် အဖေက ကျနော့်ကို အလယ်လို့ သဘောထားပြီး မင်းအမေ ဘက်သိပ်မတိုးနဲ့လေကွာ သူအိပ်ရတာ ခြင်ထောင်ဘေးရောက်ပြီး သူ့ကို ခြင်တွေထိုးလိမ့်မယ်ဆိုပြီး ပြောလေ့ရှိတယ်။ ယောင်မှားပြောတာလား။ အမေ ရှိတုန်းပဲလို့ အဖေ့စိတ်ထဲမှာ သတ်မှတ်ထားတာကြောင့် တကယ်ပြောတာလားဆိုတာကိုတော့ အဖေ ပဲသိပါလိမ့်မယ်။
အမေမရှိတော့တဲ့ အိပ်ယာထဲမှာ ညတိုင်း အဖေ့ ရေဒီယိုသံတရှဲရှဲက ကျနော့်ကို နှိပ်စက်လေ့ရှိတယ်။ တရှဲရှဲဆိုတာ တခြားကို ပြောတာမဟုတ်ဘူး။
အဖေက ရေဒီယို မြန်မာပိုင်းအစီအစဉ်သိမ်းပြီး တခြား အစီအစဉ်တွေလာနေလည်း ဖွင့်ထားလို့ပဲ။ နောက်ဆုံး ဘာအသံမှ မလာတော့ပဲ တရှဲရှဲ
မြည်သံ တခုထဲလာလည်းဖွင့်ထားတာပဲ။ ကျနော့်မှာ အံ့ဩရတယ်။ အဖေ ဘာလို့ ဒီ တရှဲရှဲမြည်သံတွေကို နေ့ရောညပါ တောက်လျှောက်ကြီး ဖွင့်ထားရသလဲပေါ့ ။
"အဖေ့ ရေဒီယိုကြီးပိတ်ထားလိုက်ပါလား" လို့ ကျနော်က ပြောရင်လည်း မင်းနားမလည်ပါဘူးကွာလို့ ပြောလေ့ရှိတယ်။ အဲ့အခါကျ ကျနော်က တရှဲရှဲမြည်သံတွေကို ကျနော်က ဘယ်လိုလုပ်နားလည်မှာလဲ အဖေရောနားလည်လို့လားလို့ ဘုတောတိုင်း အဖေက ပြုံးပြီး တနေ့ကျ မင်းနားလည်လာပါလိမ့်မယ်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လေ့ ရှိတယ် ။
အိမ်မှာ အဖေရယ်၊ အမေရယ်၊ ကျနော်ရယ် သုံးယောက်ပဲရှိတယ်။ အမေဆုံးသွားတော့ အဖေနဲ့ ကျနော်နဲ့နှစ်ယောက်ထဲကျန်တယ်။ ထမင်းဟင်းကိုတော့ အဖေ့ ညမ ဝမ်းကွဲတွေက လာလာချက်ပေးတယ်။ အသက် ၈၀
ကျော် အဘိုးကြီးတယောက်နဲ့ လူပျိုဖော်ဝင်ခါစ ကောင်လေးတယောက်၊
လောကကြီးကို စိတ်ကုန်သွားတဲ့ အိုမင်းလူသားတယောက်နဲ့ လောကကြီးထဲ အခုမှ တိုးဝင်မယ့် လူငယ်လေးတယောက်၊ ကျနော်တို့ ဟာ သားအဖ ချင်းဆိုပေမယ့်လည်း အသက်အရွယ်နဲ့အတွေ့အကြုံ၊ ဘဝဖြတ်သန်းမှုအရ မတူကြလေတော့ သဟဇာတ မဖြစ်လေတော့ဘူး။ အမေ ရှိတုန်းကလို စကားတွေ မပြောဖြစ်ကြတော့သလို ထမင်းတောင် လက်ဆုံမစားဖြစ်တော့ဘူး ။
မိုးလင်းတာနဲ့ ကျနော်က အလုပ်ရှိရင် အလုပ်လုပ်တယ်။ အလုပ်မရှိတော့လည်း လဖက်ရည်ဆိုင်ကို နေ့လယ် ထမင်းစားချိန်ထိရောက်အောင်ထိုင်ပြီး ငေးမောနေခဲ့မိတယ်။ ထမင်းစားချိန်ရောက်ပေမယ့်လည်း မပြန်ဖြစ်တာ များတယ်။ ကြုံသလိုစား ကြုံသလိုနေပြီး အိမ်ကို ညဆယ်နာရီဆယ့်တနာရီ တခါတလေ မိုးလင်းမှ ပြန်ဖြစ်တယ်။ အိမ်ထဲမဝင်ရသေးဘူး၊ ခြံစည်းရိုးတံခါးကို ဖွင့်လိုက်ရင်ပဲ ကျနော်မုန်းတဲ့ အဖေ့ရဲ့ ရေဒီယိုသံ တရှဲရှဲက ကျနော့်ကို ဆီးကြို နေခဲ့တယ်။ ဒီ တရှဲရှဲကြီးကို ကြာတော့ ကျနော်မုန်းလာတယ်။ မကြားချင်တော့ဘူး ။
အဖေကတော့ မိုးလင်းရင် ငှက်ပျောသီးတလုံးနဲ့ နိူ့မှုန့်တခွက်သောက်ပြီး ကုလားထိုင်ပေါ်ကနေ လမ်းမထက်က လူတွေကို ငေးတော့တာပဲ။ ဘေးမှာ အသံမျိုးစုံလာနေတဲ့ ရေဒီယိုကို အဖော်ပြုလို့ပေါ့။ ငေးရင်းငိုက်မြည်းလာတဲ့ အခါ တရေးတမောအိပ်လေ့ရှိတယ်။ နေ့လယ်စာကိုတော့ သူ့ညီမ၀မ်းကွဲ လာခူးခပ်ကျွေးတာကိုထိုင်စားပြီး ကုလားထိုင်ပေါ်ကနေ လမ်းမကို ပြန်ငေးပြန်တယ်။ ငေးရင်းအိပ်ပြန်တယ်။ ရေဒီယိုက တရှဲရှဲအသံက
အဖေ့ကို ချော့သိပ်နေတာလားပဲ။ အိပ်ယာနိုးရင် ရေချိုးတယ်။ ထမင်းစားတယ်။ အိပ်ယာခင်းတယ်။ ရေဒီယိုနားထောင်ရင်းနဲ့အိပ်တယ်။ တထပ်ထဲကျတဲ့ပုံစံတူ နေ့ရက်များစွာကို ထပ်ကျော့နေထိုင်ရင်း အဖေ ဟာ
အမေ မရှိတော့တဲ့ ၆ နှစ်လုံးလုံး ရေဒီယိုတလုံးကိုသာ အဖော်အဖြစ်အသုံးပြုရင်း ဘဝကို နေထိုင်သွားခဲ့တယ်။
အဖေ ဘာလို့ ရေဒီယိုကိုနားမထောင်ပဲ တရှဲရှဲမည်သံတွေကို နားထောင်ခဲ့လဲဆိုတာ လတ်တလောနှစ်တွေရောက်တော့မှပဲ ကျနော်နားလည်ပါတော့တယ်။ အဖေဟာ ၆ နှစ်တိတိ တောင့်ခံနိုင်ခဲ့တယ်။ ကျနော်က ၆ နှစ်ထိ
တောင့်မခံနိုင်ခဲ့ဘူး။ ၂ နှစ်လောက်နဲ့တင် ထမင်းအိုးကို ရေခဲသေတ္တာထဲထည့်ပြီး တည်မိခဲ့သလို အိမ်သာကို ဘေစင်အမှတ်နဲ့ ရေဆေးခဲ့မိတယ်။
ဆေးလိပ်ကို နှုတ်ခမ်းမှာတပ်ပြီး ဆေးလိပ်ပျောက်လို့လိုက်ရှာခဲ့တယ်။ နားကြပ်တပ်သီချင်းနားထောင်ရင်း ဖုန်းပျောက်လို့ မကြာခဏ ပြန်ပြန်ရှာနေရတယ်။ အိမ်သော့ကို သော့ခလောက်ထဲထိုးထည့်ပြီး ညာကိုလှည့်ဖွင့်
ရမှာလား ဘယ်ကိုလှည့်ဖွင့်ရမှာလားဆိုတာ အကြာကြီးစဉ်းစားနေရပြန်တယ်။ လူစည်ကားတဲ့နေရာတွေ လျှောက်သွားတယ်။ လူအုပ်တွေကြား တိုး
ဝင်မိတယ်။ ပလက်ဖေါင်းပေါ်က လဖက်ရည်ဆိုင်လေးတွေမှာထိုင်ပြီး တရွေ့ရွေ့သွားနေတဲ့ လူအုပ်ကြီးကိုငေးမိတယ်။ အိမ်ရှေ့မှာတော့ တီဗီကို ၂၄ နာရီ ပတ်လည်လုံးဖွင့်ထားခဲ့မိတုန်းပဲ။အိမ်တအိမ်ထဲမှာ လူသားတယောက်တည်း နေ နေတယ်လို့ အထင်ခံရမှာက အကြောက်ဆုံးခံစားချက်ဖြစ်လာတယ်။ ကျနော်ဟာ ငယ်ရွယ်သူ တယောက်ဖြစ်ပြီး အသက်၈၀ကျော် အဘိုးကြီးလို ၆ နှစ်အထိ တောင့်မခံနိုင်ခဲ့ဘူး။ ပျော့ညံ့ခဲ့တယ်။ တယောက်တည်းဆိုတဲ့အသိက အသွားမြေ့နေတဲ့ ဓါးတချောင်းလို ရင်ဝကနေ တအိအိ ထိုးသွင်းဝင်ရောက်လာတယ် ။
အဖေ ဘာလို့ ရေဒီယိုက လာတဲ့ တရှဲရှဲမြည်သံကို နေ့စဉ်ဓူဝ နားထောင်နေရသလဲဆိုတာကို ထိုစဉ်ကာလက ကျနော်နားမလည်ခဲ့ရိုး အမှန်ပါ။ဒါပေမယ့် လတ်တလော နှစ်တွေမှာ အဖေ့လို ဘဝမျိုး ကျနော်ရောက်ရှိနေ
ထိုင်လာဖြစ်ခဲ့တော့ အဖေ့လို ရေဒီယိုကိုအချိန်ပြည့်မဖွင့်ထားမိပေမယ့်လည်း တီဗီကိုတော့ ၂၄ နာရီဖွင့်ထားဖြစ်ခဲ့တယ်။ အဖေဘာလို့ ရေဒီယို
ကို အချိန်ပြည့် ဖွင့်ထားခဲ့သလဲဆိုတာကို အခုမှပဲ အပြည့်အဝနားလည်ပေတော့တယ်။ ကျနော့် အိမ်ကို အလည်လာတဲ့သူတိုင်းက ဘာလို့ တီဗီကို
မကြည့်ပဲ ဖွင့်ထားရတာလဲဆိုပြီး မေးတိုင်း အိမ်မှာ မိသားစုအဖော်ရှိလားပဲ ကျနော်ပြန်ပြန်မေးမိခဲ့တယ်။ လူဟာ တယောက်တည်းလည်း ရပ်တည်နေထိုင်လို့ ဖြစ်တယ်ဆိုပေမယ့် တကယ်တမ်းကျ ကျနော်တို့ဟာ တယောက်တည်း နေဖို့ကို သိပ်ကြောက်ကြတယ်။ အိမ်မှာ တစုံတယောက်ယောက်ရှိနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် သိပ်လုပ်တတ်ကြတယ်။ ကိုယ့်ကိုကိုယ် ငါ ဟာ တယောက်တည်းမဟုတ်ဘူးဆိုပြီး ပြန်ပြန်လိမ်ညာတတ်ကြတယ်။
လတ်တလော တယောက်တည်းရှိနေတဲ့ နှစ်တွေမှာ ကျနော်ဟာ တီဗီကို အချိန်ပြည့်ဖွင့်ထားမိသလို အဖေ့ကိုသတိရတိုင်းလည်း The Shawshank Redemptionကို ပြန် ပြန်ကြည့်ဖြစ်ခဲ့တယ်။ ပြန်ကြည့်တိုင်းလည်း ရုပ်ရှင်ထဲက Brooks ကိုမြင်တိုင်း အဖေ့ကိုပဲ ပြန်မြင်မိသလို နားထဲမှာလည်း ကျနော်မုန်းတဲ့အဖေ့ ရေဒီယိုသံတရှဲရှဲကိုပါ ပြန်ပြန် ကြားနေဖြစ်ခဲ့မိတော့တယ် ။