𝗥𝗔𝗜𝗡𝗕𝗢𝗪 Special Education & Learning Centre

  • Home
  • Myanmar
  • Magway
  • 𝗥𝗔𝗜𝗡𝗕𝗢𝗪 Special Education & Learning Centre

𝗥𝗔𝗜𝗡𝗕𝗢𝗪  Special Education & Learning Centre 🌈​"𝑬𝒎𝒑𝒐𝒘𝒆𝒓𝒊𝒏𝒈 𝒆𝒗𝒆𝒓𝒚 𝒄𝒉𝒊𝒍𝒅 𝒕𝒐 𝒔𝒉𝒊𝒏𝒆 𝒃𝒓𝒊𝒈𝒉𝒕 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒐𝒘𝒏 𝒖𝒏𝒊𝒒𝒖𝒆 𝒄𝒐𝒍𝒐𝒓."

🌈ကလေးတွေရဲ့ ကြွက်သားကြီး (gross motor skills)နဲ့ ကြွက်သားငယ် (fine motor skills)ဖွံဖြိုးဖို့အတွက် အိမ်မှာပဲ အလွယ်တကူလုပ်...
15/08/2026

🌈ကလေးတွေရဲ့ ကြွက်သားကြီး (gross motor skills)နဲ့ ကြွက်သားငယ် (fine motor skills)ဖွံဖြိုးဖို့အတွက် အိမ်မှာပဲ အလွယ်တကူလုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းလေးတစ်ခုရှိပါတယ်။အဲဒါကတော့ "အိမ်အလုပ်တွေမှာ ပါဝင်ကူညီစေတာပဲ" ဖြစ်ပါတယ်။

အိမ်အလုပ်တွေ ကူညီလုပ်ကိုင်စေခြင်းဟာ ကျွန်မတို့ရဲ့ Special Needs ကလေးတွေအတွက် motor skills ဖွံ့ဖြိုးမှု အတွက်တင်သာမကဘဲ အာရုံခံစားမှုဆိုင်ရာ တိုးတက်စေခြင်းနဲ့ နေ့စဉ်လူနေမှုဘဝစွမ်းရည်(ADL skills)တွေကိုပါ တိုးတက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

🔶ဟင်းသီးဟင်းရွက်တွေ ကူညီပြီး သင်ပေးခိုင်းတာ၊ကြွက်သွန်ဖြူ အခွံခွါခိုင်းတာတွေဟာ လက်ချောင်းထိပ်ကလေးတွေရဲ့ အားကို သေချာသုံးရတာကြောင့် fine motor skills အတွက်ကောင်းမွန်စေပြီး အထိအတွေ့နဲ့ အနံ့တွေကို ခံစားရတာကြောင့် sensory (အာရုံခံစားမှု)ကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။

🔶အဝတ်အစို/အခြောက်များဖြင့် စားပွဲသုတ်ခြင်း၊မှန်သုတ်ခိုင်းခြင်းတွေကို လုပ်စေခြင်းဖြင့် အဝတ်ရဲ့ အစို/အခြောက်ထိတွေ့ခံစားမှုနဲ့ လက်နဲ့မျက်လုံးအတူတကွလှုပ်ရှားခြင်း (eye-hand-coordination)ကို အထောက်အကူပြုပါတယ်။

🔶ပစ္စည်းလေးတွေကို ကူညီသယ်ခိုင်းတာ၊အမှိုက်လေးတွေ သိမ်းခိုင်းတာ၊သစ်ပင်လေးတွေကို ရေလောင်းခိုင်းတာ စတဲ့အလုပ်လေးတွေဟာလည်း gross motor skills တိုးတက်စေနိုင်ပါတယ်။

❗ကလေးတွေကို အိမ်အလုပ်ခိုင်းတဲ့အခါ "သပ်သပ်ရပ်ရပ်နဲ့ပြီးစီးဖို့ထက် ကလေးကပါဝင်ဆောင်ရွက်ပြီး သင်ယူနိုင်ဖို့က ပိုအရေးကြီးပါတယ်။❗

🧡အိမ်အလုပ်အများစုရဲ့ ထိတွေ့လှုပ်ရှားမှုများဟာ ကလေးရဲ့ စိတ်ကို ငြိမ်သက်စေပြီး အာရုံစူးစိုက်မှု တိုးတက်စေပါတယ်။

🧡ကိုယ်တိုင်ပါဝင်လုပ်ဆောင်လာနိုင်ခြင်းကြောင့် ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်မှုမြင့်တက်လာစေပါတယ်။

🌈မိဘများအနေနဲ့

⏭️ကလေးလုပ်ရမည့် အလုပ်ကို စကားနဲ့အများကြီးပြောတာထက် ရုပ်ပုံလေးများပြပြီး ရှင်းပြပါ။

⏭️လုပ်ရမည့် အလုပ်တွေကို တစ်ဆင့်ချင်းစီခွဲပေးပါ။
ဥပမာ (ရေလောင်းမယ်ဆိုရင် -ရေ‌ပုံးယူပြီးသစ်ပင်တွေရေလောင်းမယ်လို့ တခါတည်းဆက်တိုက်မပြောဘဲ ရေပုံးယူပါ။ပြီးမှ သစ်ပင်တွေရေလောင်းမယ်ဆိုတာကို ပြောပြပါ။)

⏭️ကလေးပါဝင်လုပ်ဆောင်ပေးသမျှကို ချီးကျူးပေးပါ။

🌈ကလေးတစ်ယောက်ချင်းစီဟာ ဖွံ့ဖြိုးမှုပုံစံနဲ့ စိတ်ဝင်စားတဲ့အရာတွေ မတူညီကြတာမို့ မိမိကလေးအတွက် စိတ်ဝင်စားပြီး ပျော်ရွှင်စေနိုင်မယ့် အလုပ်လေးတွေကနေ စပြီး ကြိုးစားကြည့်နိုင်ပါတယ်ရှင်.....။🌈

Tr YiMon
Certified Special Needs Teacher
Rainbow special education & learning centre
မကွေးမြို့။


🌈ခြေဖျားထောက်၍လမ်းလျှောက်ခြင်း(tiptoes walking) လျော့ကျ‌စေရန် အတွက် ဖေဖေမေမေတို့ ကိုယ်တိုင် အိမ်မှာ လေ့ကျင့်ပေးနိုင်မယ့်...
10/08/2026

🌈ခြေဖျားထောက်၍လမ်းလျှောက်ခြင်း(tiptoes walking) လျော့ကျ‌စေရန် အတွက် ဖေဖေမေမေတို့ ကိုယ်တိုင် အိမ်မှာ လေ့ကျင့်ပေးနိုင်မယ့် နည်းလမ်း တချို့ကို မျှဝေပေးလိုက်ပါတယ်ရှင်.....။

🔶‌ကိုယ်တိုင်လေ့ကျင့်ပေးခဲ့တဲ့ နည်းလမ်းလေးတွေဖြစ်တာကြောင့် မိဘများအနေနဲ့ သေချာလေး လေ့ကျင့်ပေးမယ်ဆိုရင် ပိုကောင်းတဲ့ရလဒ်တွေ မြင်ရမယ်လို့ ယုံကြည်ပါတယ်။

🌈"နားလည်ချစ်ခင်မှုအပြည့်နဲ့ ဖွံ့ဖြိုးတိုးတက်စေမယ့်
ကလေးတို့ရဲ့ Rainbow Centre ....🌈

Tr.YiMon
Certified Special Needs Teacher
Rainbow special education & learning centre
မကွေးမြို့။


#𝐌𝐚𝐠𝐰𝐚𝐲

PECSကလေးကလုံးဝစကားမပြောသေးတာ၊စကားပြောနောက်ကျနေတာနဲ့ စကားလုံးအတိုတွေကိုပဲပြောတတ်သေးရင်.......လိုချင်တာတွေကို ထုတ်ဖော်မပြေ...
08/08/2026

PECS
ကလေးကလုံးဝစကားမပြောသေးတာ၊စကားပြောနောက်ကျနေတာနဲ့ စကားလုံးအတိုတွေကိုပဲပြောတတ်သေးရင်.......
လိုချင်တာတွေကို ထုတ်ဖော်မပြောပြတတ်လို့ အမြဲဂျီကျနေရင် PECS (Picture Exchange Communication System)လို့ခေါ်တဲ့ ရုပ်ပုံကတ်ကလေးတွေသုံးပြီးဆက်သွယ်ပြောပြ နိုင်တဲ့နည်းနဲ့ အိမ်မှာ လေ့ကျင့်ပေးလို့ရပါတယ်။

🔶PECSဆိုတာ ဘာလဲ?

PECSကို အရိုးရှင်းဆုံး ရှင်းပြရမယ်ဆိုရင် ရုပ်ပုံကတ်ကလေးတွေကို အသုံးပြုပြီး ဆက်သွယ်ပြောဆိုခြင်းဖြစ်ပါတယ်။၁၉၈၅ ခုနှစ်မှာ စိတ္တဗေဒပညာရှင် Andy Bondy, Ph.D. နှင့် စကားပြောကုသရေးပညာရှင် Lori Frost, MS, CCC-SLP တို့မှ ပူးပေါင်းတီထွင်ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စု၊ Delaware Autism Program (DAP) တွင် အော်တစ်ဇင် (Autism Spectrum Disorder) နှင့် အခြားသော ဖွံ့ဖြိုးမှုနှောင့်နှေးပြီး စကားမပြောနိုင်သေးသော ကလေးများအတွက် စတင်အသုံးပြုခဲ့ကြပါတယ်။

ကလေးက စကားလုံးနဲ့ ထုတ်ဖော်မပြောတတ်သေးပေမယ့် မိမိလိုချင်တဲ့အရာ(ဥပမာ -ရေ၊မုန့်၊အရုပ်)ရဲ့ ရုပ်ပုံကတ်ပြားလေးကိုယူပြီး မိဘရဲ့လက်ထဲကို လာပေးခြင်းဖြင့် ဆက်သွယ်တဲ့ နည်းစနစ်ဖြစ်ပါတယ်။

ဒီလိုလေ့ကျင့်ပေးတဲ့အပေါ်မှာ မိဘတွေရဲ့ စိုးရိမ်တဲ့မေးခွန်း တစ်ခုက "ပုံတွေနဲ့ပဲ သုံးနေရင် ကလေးက စကားပြောတော့ပါ့မလား" ဆိုတဲ့ မေးခွန်းပါ။

🌈 ဒီမေးခွန်းအတွက်ဖြေရမယ်ဆိုရင် PECSကို သုံးလို့ ကလေးက စကားမပြောတော့ဘဲ နေမှာ မဟုတ်ပါဘူး။PECSကို သုံးတဲ့ အတွက် ကလေးရဲ့ စကားပြောချင်စိတ်ကို ပိုမိုတွန်းအားပေးနိုင်ပါတယ်။

သုတေသနပြုချက်များ အရ PECS ကို စနစ်တကျ လေ့ကျင့်ပေးပါက ကလေးများ၏ ၇၆% မှ ၉၀% အထိ ဟာ အခြေခံ ဆက်သွယ်ရေးစွမ်းရည် (Functional Communication) ကို အောင်မြင်စွာ ရရှိကြတယ်လို့ဆိုပါတယ်။အသက် ၅ နှစ်အောက် စောစီးစွာ လေ့ကျင့်ပေးသော ကလေးငယ်များတွင် အောင်မြင်မှုနှုန်း အမြင့်ဆုံးတွေ့ရပြီး PECS အသုံးပြုနိုင်သော ကလေးများသည် ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံလိုစိတ် ပိုမိုမြင့်တက်လာပြီး မူကြိုနှင့် ကျောင်းသင်ခန်းစာ လှုပ်ရှားမှုများတွင် ပါဝင်နိုင်စွမ်း ၇၀% အထက် တိုးတက်လာကြောင်း လေ့လာမှုများက လည်းဖော်ပြကြပါတယ်။

🌈မိဘတွေ အိမ်မှာ စတင်လေ့ကျင့်ပေးနိုင်မယ့် အခြေခံ((၃)ချက်

⏭️၁။ကလေးအကြိုက်ဆုံးပစ္စည်းနဲ့စတင်ပါ။
ကလေးတကယ်လိုချင်နေတဲ့ မုန့် (or) ကစားစရာပုံကို အရင်ဆုံးသုံးပါ။ကလေးကသူစိတ်မဝင်စားတဲ့အရာဆိုရင် ပုံနဲ့ လဲလှယ်ပြီး လိုက်ပါလုပ်ဆောင်ချင်စိတ်ရှိလာမှာ မဟုတ်ပါဘူး။

⏭️၂။ ပုံပေးတာနဲ့ ချက်ချင်းတုံ့ပြန်ပါ။
ကလေးကပုံကတ်လေး လာပေးပြီဆိုရင် သူလိုချင်တဲ့ပစ္စည်းကို ချက်ချင်းလက်ထဲထည့်ပေးပြီး ချီးကျူးပေးရပါမယ်။
ပုံပေးရင် ကိုယ်လိုချင်တာချက်ချင်းရတယ်ဆိုတဲ့အသိကိုရသွားစေဖို့ပဲဖြစ်ပါတယ်။

⏭️၃။စကားလုံးအသစ်တွေနဲ့ ချဲ့ထွင်ပေးပါ။
ကလေးက ပုံလေးပေးပြီး "မုန့်" လို့ အသံထွက်ပြောတတ်လာရင် "မုန့်စားချင်တယ်" ဆိုပြီး ပိုမိုပြည့်စုံတဲ့စကားလုံးအသစ်လေးတွေနဲ့ ပြန်လည်တုံ့ပြန်ပေးပါ။

❗စတင်လေ့ကျင့်တဲ့အခါ ကလေးကပုံကတ်လေး လာပေးတိုင်း မိဘက သူလိုချင်တဲ့အရာကိုစကားလုံးနဲ့ရှင်းရှင်းလင်းလင်းတွဲပြောပေးရပါမယ်။
ကလေးရဲ့ ဦးနှောက်ထဲမှာ "ပုံရိပ်+အသံ+ပစ္စည်း" သုံးခုစလုံးတွဲမိသွားပြီး တဖြည်းဖြည်းနဲ့ ပုံကတ်ပေးရင်း အသံပါ လိုက်ထွက်လာတတ်ပါတယ်။
နောက်ပိုင်းမှာ တဆင့်ချင်းနဲ့ဝါကျအရှည်တွေကိုပါ တည်ဆောက်တတ်လာပါတယ်။❗

PECSသုံးပြီး ဆက်သွယ်ရတဲ့အခါ ကလေးတွေအနေနဲ့ အော်ဟစ်ငိုယိုစရာမလိုဘဲ မိမိဆန္ဒကို ဖော်ပြခွင့်ရသွားတာကြောင့်သူတို့ရဲ့ စိတ်ဖိစီးမှုတွေနဲ့ ‌စိတ်ဆိုးဒေါသထွက်တဲ့ အချိန်တွေလည်း တဖြေးဖြေး လျော့ကျသွားပါလိမ့်မယ်။

🌈မိဘများအတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ရင်း...
ကျွန်မတို့ရဲ့ ကလေးလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေဖြစ်စေဖို့ဆက်လက်ကြိုးစားကြပါမယ်ရှင်။

Tr Yi Mon
Certified Special Needs Teacher
Rainbow special education & learning center
မကွေးမြို့။

26/07/2026

🌈ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာ
ဆရာတစ်‌ယောက်‌ယောက်တည်းရဲ့အပေါ်မှာပဲ မှီတည်နေတာမျိုးမဟုတ်ဘဲ မိဘဆရာပူးပေါင်းဆောင်ရွက်မှုတွေကြောင့်သာ တိုးတက်မှုနှုန်းအရှိန်ကို ပိုမိုမြှင့်တင်ပေးနိုင်တာဖြစ်ပါတယ်။

🌈ဒီ ဗီဒီယိုလေးကတော့
Rainbow Centre ရဲ့အိမ်စာတွေကို ကလေးမိဘများမှ ကလေးတို့နဲ့အတူတူပါဝင်လုပ်ဆောင်ပေးမှု မှတ်တမ်းလေးပဲဖြစ်ပါတယ်ရှင်.... ။

Special Needs ကလေးများသင်ကြားရေးအတွက်စုံစမ်းလိုပါက.........

Rainbow special education & learning centre
ရွာသစ်(၁၇)လမ်း၊ပွဲကြိုရပ်(နတ်မောက်လမ်းအနီး)၊
မကွေးမြို့။

📞09787409583 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


#𝐌𝐚𝐠𝐰𝐚𝐲

14/07/2026

🔶မျက်လုံးချင်းအကြည့်မဆုံတတ်
🔶အာရုံပျံ့လွင့်လွယ်တဲ့သားလေးရဲ့ လေ့ကျင့်ချိန်လေး။

စစလာတုန်းက ကြိုးသီတတ်‌ေစဖို့
ဆရာမက လက်နှစ်ဖက်လုံးကို ကိုင်ပြီး သင်ပေးခဲ့ရပေမယ့်

လေ့ကျင့်ချိန်တပတ် ၃ရက်၊ သင်ကြားချိန် တစ်လခွဲလောက်မှာတော့ ဆရာမ ကူစရာမလိုပဲ သေချာကြည့်ပြီး ကိုယ်တိုင်ကြိုးစားပြီး သီတတ်လာပြီပဲ ဖြစ်ပါတယ်။

🌈ကြိုးသီခြင်းဟာ

⏭️concentration,
⏭️eye-hand coordination,
⏭️fine motor,
⏭️problem solving skills စတာတွေလည်း တိုးတက်လာစေပါတယ်။

Tr YiMon
Rainbow special education & learning centre
Magway

ဆန်ဖြင့်စာရေးခြင်းတချို့သော SN ကလေး(တိကျသေချာမှ ကြိုက်တတ်တဲ့ကလေး‌ေတွဟာ )စာအုပ်နဲ့ခဲတံကို အသုံးပြုပြီးစာရေးရတဲ့အခါမှာ မှာ...
25/06/2026

ဆန်ဖြင့်စာရေးခြင်း

တချို့သော SN ကလေး(တိကျသေချာမှ ကြိုက်တတ်တဲ့ကလေး‌ေတွဟာ )စာအုပ်နဲ့ခဲတံကို အသုံးပြုပြီးစာရေးရတဲ့အခါမှာ မှားသွားလို့ ခဏခဏဖျက်ရတာမျိုး၊သူတို့ရဲ့ လက်ရေးကို perfect ဖြစ်တယ်လို့မခံစားရတဲ့အခါမျိုး၊ ဖျက်လိုက်ပြင်လိုက်နဲ့ စာရွက်တွေ နဂိုပုံစံအတိုင်းမဖြစ်တော့တဲ့အခါမျိုးတွေမှာ လက်မခံနိုင်ပဲ စာရေးခြင်းကို ကြောက်စရာတစ်ခုလိုရှောင်လာတတ်ကြပါတယ်။

အဲ့ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ဖြစ်စေ၊ စာရေးခြင်းကိုလက်ခံလာနိုင်ဖို့ဖြစ်စေ ဆန်ကိုအသုံးပြုပြီး စာလုံးလေးတွေကို ပျော်ရွှင်စွာရေးခြင်လာအောင် လေ့ကျင့်ပေးလို့ရပါတယ်။

ဆန်ဖြင့်စာရေးခြင်းဖြင့်

🔶Fine motor
🔶Eye-hand coordination
🔶Tactile Stimulation
🔶Low Pressure Learning

စတဲ့အကျိုးကျေးဇူးတွေကိုလည်းရရှိစေပါတယ်။

Tr YiMon
Certified Special Needs Teacher
Rainbow ( Special Education & Learning Centre)
Magway

📞09787409583

22/06/2026

🔶Online ကနေ တပတ် ၃ရက်အတန်းချိန်ယူထားတဲ့
သားလေးဖြစ်ပါတယ်။

🔶သားသားက စသင်ခါစမှာ နေရာမှာ မထိုင်ဘဲ လျှောက်သွားနေတတ်ပြီး အလုပ်တွေလည်း လုပ်ခိုင်းလို့မရပါဘူး။

🔶သင်ကြားချိန် ၃ပတ်မြောက်မှာတော့ နေရာမှာလည်းတောက်လျှောက်ထိုင်ပေးပြီး အလုပ်လေးတွေလည်း
သေချာလုပ်ပေးလာပြီဖြစ်ပါတယ်။

🔶Videoလေးထဲကဝောာ့အိမ်မှာပြန်လေ့ကျင့်ဖို့မှာထားတဲ့ အိမ်စာ တချို့ကို ပြန်ပို့ပေးထားတာပါ။

19/06/2026

Playdough ကစားခြင်းဖြင့်

⏭️ fine motor
⏭️ eye-hand coordination
⏭️ attention
⏭️ creativity စတဲ့ skillsတွေကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။

emotional regulation လည်းဖြစ်စေတာကြောင့် စိတ်ဆိုးဒေါသထွက်တဲ့အချိန်မှာ အာရုံပြောင်းပေးလို့ရတဲ့ ကစားနည်းတစ်ခုလဲဖြစ်ပါတယ်ရှင်။

🌈Rainbow Special Education & Learning Centre
📞09787409553
🔶ရွာသစ် (၁၇)လမ်း၊ပွဲကြိုရပ်၊မကွေးမြို့။

ကလေးတွေရဲ့ စိတ်ခံစားချက် (Emotion)ကို ဖော်ပြတတ်အောင် မိဘတွေ ဘယ်လိုကူညီပေးနိုင်မလဲ........ဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်ချက်ရ...
11/06/2026

ကလေးတွေရဲ့ စိတ်ခံစားချက် (Emotion)ကို ဖော်ပြတတ်အောင် မိဘတွေ ဘယ်လိုကူညီပေးနိုင်မလဲ........

ဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်ချက်ရှိတဲ့ကလေးငယ်တွေဟာ
သူတို့ရဲ့ စိတ်ခံစားချက်(ဥပမာ- ဝမ်းနည်းတာ၊ဒေါသထွက်တာ၊ကြောက်တာ)ကိုစကားလုံးတွေအနေနဲ့ ထုတ်ဖော်မပြောပြတတ်တဲ့အခါ အော်ဟစ်သောင်းကျန်းတာ၊ငိုတာ၊ပစ္စည်းတွေပစ်ပေါက်တာစတဲ့ အပြုအမူတွေနဲ့ ဖော်ပြတတ်ကြပါတယ်။

ကလေးကအဲ့ဒီလိုပြုမူပြတဲ့အချိန်မှာ မိဘတွေအနေနဲ့
"မငိုနဲ့၊မလုပ်ရဘူး" လို့ ပိတ်ပင်မယ့်အစားသူတို့ရဲ့ စိတ်ခံစားချက်ကို မှန်ကန်စွာ ဖော်ပြတတ်အောင် အခုလို
နည်းလမ်း(၃)ခုနဲ့ ကူညီပေးလို့ရပါတယ်။

⏭️၁။Emoti Cards -ရုပ်ပုံကတ်ပြားများအသုံးပြုပါ။
စကားလုံးနဲ့ပြောပြ၊ရှင်းပြနေတာထက် ရုပ်ပုံကတ်‌ေတွ အသုံးပြုတာကကျွန်မတို့ကလေးတွေအတွက်ပိုပြီး နားလည်ရလွယ်ကူပါတယ်။

✅ဝမ်းနည်းနေတဲ့ပုံ၊ပျော်နေတဲ့ပုံ၊ဒေါသထွက်နေတဲ့ပုံ စတဲ့ Feeling Flash Cardလေးတွေကို အိမ်မှာဆောင်ထားပါ ။(ဘယ်မှာဝယ်ရမလဲမသိရင် chat box မှာလာမေးလို့ရပါတယ်)။

✅ကလေးဂျီကျနေတဲ့အခါ ရုပ်ပုံကတ်ကလေးပြပြီး သူရဲ့စိတ်ခံစားချက်က ဘယ်ပုံလေးနဲ့တူလဲဆိုပြီး ကလေးကို ရွေးချယ်ခိုင်းပါ။
ဒါဟာ သူတို့ရဲ့ ရင်ထဲက ခံစားချက်ကို ဖော်ထုတ်ပြသတတ်ဖို့ သင်ပေးနိုင်တဲ့ ပထမဆုံးနည်းလမ်းဖြစ်ပါတယ်။

⏭️၂။ကလေးရဲ့ စိတ်ခံစားချက်ကို နာမည်တပ်ပေးပါ။

ကလေးက စိတ်ဆိုးဒေါသထွက်ပြီးပစ္စည်းတွေကိုပစ်ပေါက်နေတဲ့အချိန်မှာ
"ပစ္စည်းတွေကို လျှောက်မပစ်ရဘူး" လို့ ပြောနေမယ့်အစား "သား/သမီးက စိတ်ဆိုးလို့ ပစ္စည်းတွေကို ပစ်ပေါက်တာလား၊ဖေဖေ/မေမေက စိတ်ဆိုးနေတာ သိပြီနော်" လို့ဆိုပြီး သူ့ရဲ့စိတ်ခံစားချက်ကို နာမည်တပ်ပေးပါ။

ဝမ်းနည်းနေတဲ့အခါ ဝမ်းနည်းနေတာပဲ၊ပျော်နေတဲ့အခါ ပျော်နေတယ် နော်လို့ အဲ့ဒီလိုသူတို့ဖြစ်နေတဲ့ စိတ်ခံစားချက်ကို ပြောပြပေးထားတဲ့အခါ သူတို့ရဲ့ခံစားချက်ကို နားလည်လာပြီး ‌ဖေဖေ/မေမေ တို့ကလည်း လက်ခံပေးတဲ့အခါ စိတ်လုံခြုံမှုကိုခံစားရတဲ့အတွက် စိတ်ပြန်တည်ငြိမ်ဖို့ လွယ်ကူလာပါလိမ့်မယ်။

⏭️၃။ဒေါသထွက်တဲ့အခါ ဖြေလျှော့ရမယ့်နည်းလမ်းလေးတွေကိုပါ သင်ပြထားပေးပါ။

ကလေးစိတ်ဆိုးဒေါသထွက်တဲ့အခါ ပြန်လည်ဖြေလျှော့တတ်စေဖို့ Counting (ရေတွက်တာ)၊အသက်ရှူ/သွင်း ထုတ်တဲ့နည်းလမ်းလေးသုံးပေးတာ၊
ဒေါသထွက်တဲ့အချိန်မှာ သူနေဖို့ သီးသန့်နေရာလေးထားပြီး အဲ့ဒီနေရာမှာနေခိုင်းထားတာ၊ ဒေါသထွက်စေတဲ့ အကြောင်းအရာကနေပြီး တခြားအကြောင်းအရာတစ်ခုကို အာရုံပြောင်းပေးတာ စတဲ့နည်းလမ်းလေးတွေကိုသင်ထားပေးလို့ရပါတယ်။

❗မိဘတွေအနေနဲ့ သတိပြုရန်မှာ.....

🔶အထက်ပါနည်းလမ်း‌‌ေတွကို ကလေးဒေါသထွက်နေတဲ့အချိန်မဟုတ်လည်း လေ့ကျင့်သင်ကြားပေးထားပါ။

🔶ကလေးဒေါသထွက်/စိတ်ဆိုးတဲ့အချိန်မှာ လက်တွေ့အသုံးချပါ။

🔶တကြိမ်တည်းနဲ့ အဆင်မပြေခဲ့လို့ရှိရင်လည်း လက်မလျှော့လိုက်ပါနဲ့ ။ထပ်ခါထပ်ခါလေ့ကျင့်သင်ကြားပေးမယ်ဆိုရင် ကလေးက စိတ်ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲဆိုတာကို သိလာပြီး ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုပါ နားလည်လက်ခံနိုင်တဲ့ ကလေးတွေဖြစ်လာပါလိမ့်မယ်။

🌈ကလေးတွေ စိတ်ဆိုး ဒေါသထွက်နေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ ချစ်ခင်မှု၊ စိတ်ရှည်မှုနဲ့ နားလည်လက်ခံပေးမှုတွေကို ကလေးခံစားမိအောင် ပြသပေးနိုင်ဖို့ အလိုအပ်ဆုံးပါပဲ......။🌈

Tr YiMon
Rainbow Special Education & Learning Centre
Magway

#𝐌𝐚𝐠𝐰𝐚𝐲

"ကလေးကို Special Needs School မှာထားရတာဟာ ရှက်စရာမဟုတ်ပါ"ကျွန်မတို့ဖြတ်သန်းနေရတဲ့ ဒီနေ့ခေတ်လူ့ပတ်ဝန်းကျင်မှာအရင်ကထက်စာရင...
30/05/2026

"ကလေးကို Special Needs School မှာထားရတာဟာ ရှက်စရာမဟုတ်ပါ"

ကျွန်မတို့ဖြတ်သန်းနေရတဲ့ ဒီနေ့ခေတ်လူ့ပတ်ဝန်းကျင်မှာအရင်ကထက်စာရင် ကလေးတွေရဲ့ဖွံ့ဖြိုးမှုဆိုင်ရာလိုအပ်ချက်တွေ(Special Needs)အကြောင်းကိုပိုပြီး သတိပြုမိလာကြတာဟာတကယ်ကိုဝမ်းသာစရာကောင်းတဲ့ အပြောင်းအလဲတစ်ခုပါ။ဒါပေမဲ့ တစ်ဖက်မှာလည်းရင်နာစရာကောင်းနေသေးတဲ့အမှန်တရားတစ်ခုရှိနေပါသေးတယ်။

အဲ့ဒါကတော့ ကိုယ့်ကလေးမှာ ထူးခြားတဲ့လိုအပ်ချက်လေးတွေရှိနေမှန်းသိလိုက်ရတဲ့အခါဒါမှမဟုတ် သာမ‌န်ကျောင်းတွေမှာလိုက်လျောညီထွေဖြစ်ဖို့ ရုန်းကန်နေရလို့Special Needs School (အထူးပညာရေးကျောင်း)တစ်ခုခုကိုပို့ဖို့စဉ်းစားရတဲ့အခါ မိဘတွေရဲ့ရင်ထဲမှာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု၊မျက်နှာငယ်မှုနဲ့ "အပြစ်ရှိတဲ့စိတ်" လိုခံစားချက်တွေ ခံစားရကြရတာ ဖြစ်ပါတယ်။

ဒီနေ့ ကျွန်မ ဒီစာကိုရေးရတဲ့ရည်ရွယ်ချက်က တကယ်လို့များ ဖေဖေမေမေတို့အနေနဲ့ကိုယ့်ရဲ့ကလေးကို SNလို့လက်ခံဖို့ခက်ခဲနေခဲ့ရင်၊SNကျောင်း ထားရမှာတွေဝေနေခဲ့ရင်ကလေးအတွက်အချိန်တွေ မနစ်နာရအောင် ရှေ့ဆက်ဖို့ ခွန်အားပေးချင်လို့ပဲဖြစ်ပါတယ်။

"ကလေးကို SN school မှာထားရတာဟာ ရှက်စရာလုံးဝ၊လုံးဝ မဟုတ်ပါဘူး။SN school ထားတယ်ဆိုတာ ကိုယ့်ကလေးရဲ့အနာဂတ်အတွက်အမှန်ကန်ဆုံးနဲ့ အလိုအပ်ဆုံးသော ဆုံးဖြတ်ချက်ကိုရဲရဲဝံ့ဝံ့ချနိုင်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကျွန်မတို့ ပထမဆုံးပြောင်းလဲရမယ့်အမြင်ကတော့ " Special Needs "ဆိုတဲ့စကားလုံးအပေါ်ထားတဲ့သဘောထားပါ။ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကလေးက စကားပြောနောက်ကျတာ၊ငြိမ်ငြိမ်မထိုင်နိုင်တာ၊စာဖတ်ဖို့ခက်ခဲတာ ဒါမှမဟုတ် အော်တစ်ဇင်(Autism),ADHD, Down Syndrome စတဲ့အခြအနေ တစ်ခုခုရှိနေပြီဆိုရင် " မပြည့်စုံဘူး၊ ချို့ယွင်းချက်ရှိတယ်လို့ လွယ်လွယ်လေး သတ်မှတ်ပစ်လိုက်ကြပါတယ်။

တကယ်တော့ Special Needs ဆိုတာချို့ယွင်းချက်
မဟုတ်ပါဘူး။ကွဲပြားခြားနားတဲ့ပုံစံနဲ့လေ့လာသင်ယူတတ်ခြင်းသာဖြစ်ပါတယ်။

❗ကိုယ့်ကလေးကသာမန်ကလေးတွေသွားတဲ့လမ်းကြောင်းအတိုင်းချက်ချင်းလိုက်မလုပ်နိုင်တာဟာကလေးကညံ့နေလို့မဟုတ်ပါဘူး။သူ့ရဲ့သင်ယူနိုင်တဲ့ပုံစံက မတူညီတာကြောင့် ကလေးသင်ယူနိုင်တဲ့ပုံစံနဲ့ သင်ပေးဖို့ပဲလိုအပ်နေတာဖြစ်ပါတယ်။❗

ဒါကို တခြားကလေးတွေလိုမျိုးတန်းတူမသင်ယူနိုင်တာလို့ထင်ပြီးရှက်စရာလို့တွေးနေမယ်ဆိုရင် ကျွန်မတို့ကလေးတွေအတွက်ဆုံးရှုံးမှုတွေပဲဖြစ်နေရပါလိမ့်မယ်။

မိဘအများစုက မိမိကလေးကို SN school ပို့ဖို့ ဝန်လေးနေရတဲ့အကြီးဆုံးအတားအဆီးက စ, သိရချင်းမှာမိမိကိုယ်တိုင်လက်မခံနိုင်တာနဲ့ ပတ်ဝန်းကျင်ရဲ့အမြင်ပါ။ဒါပေမဲ့ ဖေဖေတို့မေမေတို့ ခဏလောက်စဉ်းစားကြည့်ပေးပါ။ကိုယ့်ရဲ့လက်မခံနိုင်တဲ့အတွေး၊ပတ်ဝန်းကျင်ရဲ့ပြောဆိုမှုတွေကိုကြည့်ပြီး ကလေးနဲ့ မကိုက်ညီတဲ့ Regular School ထဲမှာပဲ ဇွတ်အတင်းထားနေမယ်ဆိုရင်

🔶ကလေးကနေ့တိုင်းစိတ်ဒဏ်ရာရနေပါလိမ့်မယ်။သူများတွေလုပ်နိုင်တာကိုမလုပ်နိုင်တဲ့အခါ ကလေးကမိမိကိုယ်ကို ယုံကြည်မှု(self-esteem)ပျောက်ဆုံးသွားပါလိမ့်မယ်။

🔶ကျောင်းသားဦးရေ၂၀/၃၀ရှိတဲ့အတန်းထဲမှာ ဆရာမက တစ်ယောက်ချင်းစီကို ဂရုမစိုက်နိုင်တဲ့အခါ ကိုယ့်ကလေးရဲ့တိုးတက်မှုက နောက်ဆုံးမှာကျန်ခဲ့ပါလိမ့်မယ်။

🔶ကလေးရဲ့အခြေအ‌ေနကို နားမလည်တဲ့အခါ"စာမလုပ်တဲ့ကလေး၊အာရုံမစိုက်တဲ့ကလေးဆိုပြီး " သတ်မှတ်ခံရတတ်ပါတယ်။

SN School တွေမှာတော့ကိုယ့်ကလေးရဲ့လက်ရှိစွမ်းဆောင်ရည်၊အားနည်းချက် ၊အားသာချက်တွေကိုဆရာ/ဆရာမတွေကသေချာဆန်းစစ်ပြီးသူ့တစ်‌ေယာက်တည်းအတွက်ပဲသီးသန့်ဖြစ်မယ့်သင်ရိုးညွှန်းတမ်း(IEP)ကိုရေးဆွဲပြီးသင်ကြားပေးပါတယ်။

ကလေးကစကားမပြောနိုင်သေးရင်စကားပြောနိုင်မဲ့နည်းလမ်းကိုအရင်သင်တယ်၊ကလေးကခဲတံမကိုင်နိုင်သေးရင်ကြွက်သားသန်မာအောင်အရင်လေ့ကျင့်ပေးပါတယ်။ကလေးရဲ့သင်ယူနိုင်တဲ့နည်းလမ်း၊သင်ယူနိုင်တဲ့အရှိန်အတိုင်းသွားတာကြောင့် ကလေးမှာသင်ကြားရတာ စိတ်ဖိစီးမှုမရှိပါဘူး။

မိဘတချို့က" ငါ့ကလေးကို သာမန်ကျောင်းမှာထားမှ သာမန်ကလေးတွေအတိုင်းအတုမြင်အတတ်သင်ပြီးလိုက်လုပ်လာမှာပါလို့ထင်ကြပါတယ်။ဒါဟာလည်း တဝက်ပဲမှန်ပါတယ်။
ကလေးရဲ့အခြေအနေက mild (အနည်းငယ်ပဲလိုအပ်ချက်ရှိတာ)ဆိုရင်တော့ သာမန်ကျောင်းမှာ Inclusion စနစ်နဲ့ထားလို့ရနိုင်ပါတယ်။ဒါပေမယ့် ကလေးရဲ့အခြေအနေက moderate ကနေ severe ဖြစ်နေမယ်ဆို သာမန်ကျောင်းစနစ်က ကလေးကို ကူညီရာမရောက်နိုင်ပါဘူး။

ကလေးတစ်ယောက်ရဲ့ဦးနှောက်ဟာ အသက်၆နှစ်အောက်မှာအလျင်မြန်ဆုံးဖွံ့ဖြိုးတာဖြစ်လို့ ဒီအရွယ်မှာလိုအပ်တဲ့ Intervention တွေကို SN school, SN center တွေမှာစနစ်တကျပေးနိုင်ခဲ့မယ်ဆိုရင် ကလေးရဲ့အခြေအနေက အများကြီးတိုးတက်လာပြီးကလေးက လူ့အဖွဲ့အစည်းထဲမှာ တစ်ကိုယ်ရည်ရပ်တည်နိုင်တဲ့အထိပြောင်းလဲသွားနိုင်ပါတယ်။

SN school ဆိုတာကလေးရဲ့စစ်မှန်တဲ့ စွမ်းရည်တွေကိုဖော်ထုတ်ပေးမယ့် စတင်ရာနေရာလေးဖြစ်ပါတယ်။
ပတ်ဝန်းကျင်လူတွေ ဘာာပြောပြောမမှုပါနဲ့။သူတို့က ခဏပဲပြောပြီးမေ့သွားကြမယ့်သူတွေပါ။ကလေးရဲ့ဘဝတစ်ခုလုံးကိုတာဝန်ယူပေးမှာကလည်း သူတို့မဟုတ်ပါဘူး။ကိုယ့်ကလေးရဲ့ဘဝကို တကယ်ကာကွယ်စောင့်ရှောက်ပေးနိုင်တာက ဖေဖေနဲ့မေမေတို့ နှစ်ယောက်ပါပဲ။

ကိုယ့်ကလေးရဲ့မျက်နှာလေးကိုပဲကြည့်ပါ။ကိုယ့်ကလေးရဲ့ ‌ပျော်ရွှင်တဲ့အပြုံးလေး၊တ‌စ်နေ့တခြားတိုးတက်လာမယ့်ခြေလှမ်းလေးတွေကပဲ ဖေဖေမေမေတို့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ကြောင်းသက်သေပြပါလိမ့်မယ်။

အရှေ့က ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့
စီနီယာ ဖေဖေ‌ေမမေတို့ရှိရင်လည်း commentမှာ အားပေးစကားလေးတွေပြောပေးခဲ့လို့ရပါတယ်။

မိဘများအားလုံးသောကတွေကင်းဝေပြီးခွန်အားအပြည့်နဲ့ ကလေးတို့လက်ကိုတွဲနိုင်ကြပါစေရှင်.....။

Tr.YiMon


Address

ရွာသစ်(၁၇)လမ်း ၊ပွဲကြိုရပ်။
Magway

Website

Alerts

Be the first to know and let us send you an email when 𝗥𝗔𝗜𝗡𝗕𝗢𝗪 Special Education & Learning Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category